အပိုင်း(၁၃)

640 24 0
                                    

ကုတင်ထက်မှာ အပူပင်ကင်းစွာ အိပ်ပျော်နေသကဲ့သို့လဲလျောင်းနေသောဖေဖေ့ကိုကြည့်ကာ စွမ်းထက်စိတ်ထဲကပြောနေမိသည်။

"ဖေဖေနောက်နေတာနေမှာပါ၊ ဆေးရုံကလူတွေနဲ့ပေါင်းပြီး နောက်နေတာနေမှာပါ"
ဖေဖေ့လက်ကလေးကို ကိုင်ကာ လှုပ်နှိုးဖို့လုပ်လိုက်တော့၊ အနွေးဓါတ်လေးရှိနေသေးသော်လည်း သွေးခုန်နှုန်းမရှိတော့တာ ခံစားလိုက်ရသည်။

ဖေဖေ့တပည့်စီနီယာအစ်ကိုက စွမ်း၏ပုခုံးကိုတစ်ချက် လက်ဖြင့်ဖျစ်ကာ

"ဆရာကြီးက အပြင်အစည်းအဝေးက ပြန်လာပြီး အခန်းထဲခဏဝင်နားနေတာ၊ roundလှည့်မယ့် အချိန်ထိထွက်မလာလို့ ဝင်ကြည့်တော့ သတိကလစ်နေပြီ၊ အစ်ကိုတို့လည်း အစွမ်းကုန်ကြိုးစားပေမယ့် စိတ်မကောင်းပါဘူး ကိုစွမ်းရယ်"

လာပြောနေသောစကားများသည် နားထဲမှာ ကြားတစ်ချက်မကြားတစ်ချက်၊ မနက်ကအထိ ကျန်းကျန်းမာမာရှိနေကာ မေမေနှင့်သူ့ကိုပင် စနောက်ကာ ဆေးရုံသို့ ထွက်သွားသော ဖေဖေသည် ခုတော့ ဆေးရုံကုတင်ထက်မှာ
မနိုးသောအိပ်ခြင်းနဲ့ အိပ်နေပြီတဲ့လား။

‌ဆရာဝန်တစ်ယောက်မို့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဖြစ်စဉ်များသည် သာမာန် လူတစ်ယောက်ကြုံတွေ့ဖူးတာထက် များစွာကြုံခဲ့ဖူးသည်။ သို့သော် ထိုအတွေ့အကြုံများသည်လည်း ယခုသူကြုံတွေ့နေရသော အဖြစ်အပျက်အတွက် အထောက်အကူဖြစ်မနေခဲ့ပါ။

တစ်နေ့ ဒီလမ်းကိုလူတိုင်းသွားကြမည်ဖြစ်သော်လည်း ဖေဖေနဲ့မေမေ၏ နောက်ဆုံးအချိန်များတွင် သူကဘေးမှာရှိနေပေးပြီး ဝေဒနာတွေသက်သာရန်အစွမ်းကုန်ပြုစုပေးမည်ဟုတွေးခဲ့သော အတွေးများက လက်တွေ့နှင့် အကွာကြီးကွာနေသည်။

ဒါဟာ အိပ်မက်ဆိုးတစ်ခု ဖြစ်လိုက်ချင်သည်၊ တစ်ယောက်ယောက်က လာနိုးလိုက်ဖို့၊ အလွန်အမင်း သူတောင့်တနေမိသည်။

ဆို့နစ်နေသောစိတ်ကြောင့် အသက်ပင်ဝဝရှုလို့မရ လည်ပင်းတွင် တစ်ယောက်ယောက်က ညှစ်ထားသကဲ့သို့ တင်းကြပ်နေသည်၊ ဝမ်းနည်းမှုသည် မျက်ရည်အဖြစ် ကျလို့မရဘဲ မျက်သားများသာကျိန်းစပ်နီမြန်းလာသည်။

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now