"စွမ်းရဲ့ ဘယ်ဖက်ပါးပေါ်က ပါးချိုင့်သေးသေးလေး ဖြစ်ချင်လိုက်တာ"
ညဖက် စာလုပ်ရင်းက အရူးထကာ စာအုပ်ထဲတွင် ချရေးလိုက်ပြီး ခိုင်တစ်ယောက်ပြုံးနေမိသည်။စွမ်းရဲ့ အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်နေတာလေးခိုးကြည့်ရတာ.......
စာသင်ချိန် လက်ညှိုးနဲ့ လက်ခလယ် ကြား ဘောပင်ညှပ်၍ လှည့်တတ်တာလေးရယ်၊ ပီကေ ဝါးနေချိန် ထင်းကနဲ ပေါ်လာတတ်တဲ့ မေးရိုးလေးရယ်
အို အားလုံးကို ခိုင် နှစ်သက်နေတော့တာပါပဲ။ အားလုံးထဲမှာမှ စွမ်းပြုံးလိုက်ရင် ပေါ်လာတက်တဲ့ ဘယ်ဖက်ပါးပေါ်ရှိ ပါးချိုင့်လေးကိုသာ......"သမီး မအိပ်သေးဘူးလား၊" မေမေက အခန်းမီးလင်းတာတွေ့ပြီး ဝင်လာတာမို့ ခိုင် စာအုပ်ကို မြန်မြန် ပိတ်လိုက်ခါ
"အိပ်တော့မလို့မေမေ"
မေမေက ခိုင့်ခေါင်းလေးအား ပွတ်ပေးကာ "စာတွေ လိုက်နိုင်ရဲ့လား၊ အင်္ဂလိပ်လိုပြောင်းသင်ရတော့၊ ဒီနှစ်က ဆယ်တန်းထက် စာလုပ်ရတာပိုခက်တယ်၊ မလိုက်နိုင်တဲ့ ဘာသာရှိရင် ဖေဖေနဲ့မေမေ့ကိုပြော ဂိုက်ခေါ်ပေးမယ် အားမနာနဲ့ ကြားလား"
ခိုင် မေမေအခန်းပြင်ကို ပြန်ထွက်သွားမှ၊ သက်ပြင်းလေးချလိုက်ရင်း၊ ခုနကစာမလုပ်ပဲ စွမ်းအကြောင်း စဉ်းစားနေမိတာကို အပြစ်ရှိသလို ခံစားလိုက်ရသည်။
အိမ်မှာက ဖေဖေ့ဝန်ထမ်း လစာလေးနဲ့ပဲရပ်တည်တာမို့၊ ခိုင်အတန်းကြီးလာတာနဲ့အမျှ ပို၍ကြပ်တည်းလာသည်။
ခိုင့်ကျူရှင်လခတွေ ၊ ကျူရှင်ကဝယ်ခိုင်းလို့ဝယ်ရတဲ့ အထူးထုတ်စာအုပ်ဖိုးတွေဟာ၊ တစ်လတစ်လ မနည်းမှန်းသိနေသည်။ မပြေလည်တဲ့ကြားက သားသမီးပညာရေးအတွက် ပင်ပန်းသော်လည်း အပြုံးမပျက်သည့် ဖေဖေနဲ့ မေမေ့ကို ခိုင်သနားမိသည်။
"ဖေဖေနဲ့မေမေအတွက် ခိုင် အားကိုးရတဲ့သားသမီးဖြစ်အောင် ကြိုးစားပါ့မယ်"လို့ စိတ်ထဲကသာ ကတိတွေပေးနေမိသည်။"တန် ဒန် ဒန့်ဒန် တန်၊ ဒီမှာကြည့်စမ်း ဘာလေးလဲလို့" နှုတ်ခမ်းနီထောင့်ထက် နည်းနည်းပိုကြီးသော မီးခိုးရောင် အတောင့်လေး တစ်ခုကို နိုးနိုးက သူ့အိတ်ထဲက ထုတ်ကာပြနေသည်။ မိဆုက တစ်ချက်ငဲ့ကြည့်ပြီး "ဪ အဲ့တာ မသီ ဆီမှာရှိတယ်"ဆိုခါ စယပြန်လုပ်နေသည်။
YOU ARE READING
ကျွန်မရဲ့ သစ်ရွက်လေး
Romanceသစ်ရွက်လှုပ်တာမြင်ရင်တောင် ရီတတ်တဲ့၊ စိတ်ကစားတဲ့ အရွယ်၊ ငယ်ငယ်တုန်းက ကျွန်မမှာလဲ သစ်ရွက်ကလေး တစ်ရွက်ရှိခဲ့ဖူးတယ်။