အပိုင်း (၃)

1.7K 91 5
                                    

နောက်တစ်နေ့ မနက် မေထူးအိပ်ရာကနေ ထ,လာသည့်အချိန်တွင် ထုံးစံအတိုင်း အမေကတော့ မီးဖိုထဲမှာအလုပ်ရှုပ်နေပြီဖြစ်သည်။ မေထူးလည်း ရေပုံးကိုကောက်ကိုင်ပြီး အရှေ့ဘက်အိမ်ရှိလက်နှိပ်ရေတွင်းဆီထွက်ခဲ့လိုက်သည်။

ရေပုံးတစ်ပုံးက မေထူးမျက်နှာသစ်ပြီးသွားသည်နှင့် ရေသိပ်မကျန်တော့သည်မို့ ကျန်ရေကိုသွန်ပစ်ပြီး အဖေတို့နိုးလာရင် အဆင်သင့်ဖြစ်ဖို့ရန်အတွက် မေထူးနောက်ထပ်ရေတစ်ပုံးသွားခပ်ထားဖြစ်သည်။

"မေထူး... အမေစျေးရောင်းသွားတော့မယ်။ ခင်ထူးတို့နိုးလာရင် မောင်နှမတတွေစျေးတန်းထဲ လိုက်ခဲ့ကြ"

ဒါကတော့ အမေမနက်ခင်းပိုင်းကောက်ညှင်းပဲကြော်အရောင်းထွက်ရင် မှာနေကျလိုပင်။ အိမ်မှာအဖေက မနက်စာမစားတော့ အမေကမနက်စာကိုထမင်းမချက်တော့ပဲ မေထူးတို့ကိုလက်ဖက်ရည်နဲ့အီကြာကွေးဖြစ်ဖြစ် မဟုတ်လျှင်လည်း အကိုကြီးတေဇာထူးအကြိုက်မုန့်လုံးရေပေါ်ဖြစ်ဖြစ် ဝယ်ကျွေးတတ်သည်။

"မြင်းရေလည်း စောစောခပ်ထားဦး မေထူး။
နေပူမှခပ်ရင် ငါ့သမီးရေနှိပ်ရတာ ပင်ပန်းနေမယ်..."

အိမ်ပေါက်ဝကိုရောက်နှင့်နေပြီးမှ နောက်ပြန်လှည့်ကာ မှာသည့်အမေ့စကားကို မေထူးခေါင်းမညိမ့်ပြမိသေးပေ။

မနက်အစောမှာ မေထူးတစ်ယောက်ထဲနိုးနှင့်နေသည်မို့ စိတ်ရှိတိုင်းဆို TVဖွင့်ကြည့်ချင်ပေမယ့်လည်း အိမ်နေရာကျဥ်းလွန်းသည်ကြောင့် မေထူးသာTVဖွင့်လိုက်လျှင် အိပ်နေသည့်အဖေကချက်ချင်းနိုးလာမှာပင်။

ပြီးလျှင် အဖေကမေထူးကို...
"TVကြည့်နေတာ မိုးလင်းပြီလား" ဟု အစချီပြီး ဆူတော့မည်။

ထို့ကြောင့် TVမကြည့်တော့ပဲ အိမ်ရှေ့အိမ်က အမလိုပင် အိမ်ဝိုင်းထဲမှာ တံမြက်စည်းလှဲဖြစ်သည်။ စားဖို့သောက်ဖို့အတွက် ရုန်းကန်ရတဲ့အမေသည် အိမ်သန့်ရှင်းရေးကို ဂရုမပြုနိုင်။ မေထူးဆိုတာကလည်း မနက်၊နေ့၊ည အချိန်တိုင်းကို ကျောင်းပြီးကျူရှင် သွားတတ်နေရသည်မို့ အိမ်သန့်ရှင်းရေးမလုပ်ဖြစ်။

လောကဓံဟာ (၈)ပါး မ,ကပါ။ (Completed)Where stories live. Discover now