"မငိုပါနဲ့တော့ဟာ.... စိတ်တိုနေသေးရင် ငါ့ကိုရိုက်.. နင် ဟော်မုန်းဆေးတွေသောက်နေတယ် မဟုတ်လား.. အဲ့ဒါကြောင့် ဒီလို စိတ်အတက်အကျဖြစ်နေတာ.. ဘာမှမဖြစ်ဘူး.. နင် စိတ်ပြေမယ်ဆိုရင် ငါ့ကိုရိုက်.."
အတင်းထိုးပေးနေတဲ့ လက်မောင်းတွေ။ မျက်ရည်တွေကို သုတ်ပေးဖို့ပြင်တော့ ကျွန်တော့်နားမှာရှိနေတဲ့ ကောင်လေးရဲ့ လက်ကို အတင်းရိုက်ဖယ်ပစ်လိုက်တယ်။ ကောင်လေးကတော့ ကျွန်တော့်ဒေါသတွေကို ဂရုမစိုက်သလို ပြုံးပြုံးလေးပဲ။
"နင် မျက်ရည်ကျတာကို ငါမှ မမြင်ချင်တာ"
လို့ အေးအေးဆေးဆေး ပြောတယ်။ ကျွန်တော့်ထက် အသက်ငယ်တဲ့ မျက်နှာသွယ်သွယ်နဲ့ကောင်လေးက ကျွန်တော့်ဘေးမှာ ဆောင့်ကြောင့်ထိုင်နေတယ်။ အိပ်ရေးပျက်ထားတဲ့ မျက်လုံးတွေက ချိုင့်ဝင်နေတယ်။ ဆံပင်တိုတိုက ဖရိုဖရဲ။ အလုပ်က ပြန်ရောက်ရောက်ချင်းမို့ ယူနီဖောင်းတောင် မလဲရသေးဘူး။ ကျွန်တော် ငိုနေတာတွေ့တာနဲ့ အတင်းလိုက်ချော့နေတာ။
"ဒီမှာကြည့်.. နင်ခိုင်းလို့ ငါ လုပ်ထားတာ"
အင်္ကျီလက်တစ်ဖက်ကို ဖယ်ပြတယ်။ One Heart ဆိုတဲ့ တက်တူးလေး။ ကျွန်တော့်နောက်ကို အတင်းလိုက်နေတဲ့ ဒီကလေးကို စိတ်ပျက်သွားအောင် ငါ့ကိုတကယ်ချစ်ရင် တက်တူးထိုးလာခဲ့လို့ ပြောလိုက်မိတာ။ ကျွန်တော် မှားသွားတယ်။ ကျွန်တော့်အပေါ် တကယ်ချစ်တာကို သက်သေပြဖို့ အနာခံပြီး လုပ်လာတဲ့ မိုက်ရူးရဲလေး။ သူက ကျွန်တော့်ကို လိုက်နေတာကြာပြီ။ အဖွားတို့ဆီကပြန်လာပြီး တည်းခိုခန်းမှာရှိနေချိန် ကျွန်တော့်နားကို အတင်းကပ်လာတယ်။ ပြိုယဲ့ချင်နေတဲ့ ကျွန်တော့်ဘဝထဲကို ခြေစုံပစ်ဝင်လာတယ်။ ထိခိုက်လွယ်တဲ့အချိန်မို့လား၊ အချစ်ငတ်နေတဲ့ အချိန်မို့လားမသိဘူး။ အရင်လို ခါးခါးသီးသီး သူ့ကို ကျွန်တော် မငြင်းဖြစ်ခဲ့ဘူး။
"ငါ နင့်ကိုတကယ်ချစ်တာ.."
"မဟုတ်ဘူး.. နင် ငါ့ကို မိန်းကလေးထင်လို့ချစ်တာ"
အတင်းငြင်းတော့ သူက ပြုံးတယ်။
"နင်က မိန်းကလေးလား ယောက်ျားလေးလားဆိုတာ နင့်အတွက်ပဲ အရေးကြီးတာ.. ငါ့အတွက် အရေးမကြီးဘူး.. ဒါပေမဲ့ ဒီဟော်မုန်းဆေးတွေသောက်ပြီးတိုင်း နင် စိတ်ခံစားလွယ်တာ ငါ သိတယ်.. ငါ.. ငါ စိတ်မကောင်းဘူး.. နင် အရမ်းပင်ပန်းမှာပဲ"
တိုးတိတ်တိတ်ပြောနေတဲ့ ဒီကောင်လေးကို ကျွန်တော် သနားတယ်။ မိသားစုပြဿနာတွေကြောင့် အခုအချိန်မှာ ကျွန်တော်ဆိုတာ စနက်တံဖြုတ်ထားတဲ့ ဗုံးတစ်လုံးလိုပဲ နည်းနည်းလေးမှ အထိအခိုက်မခံနိုင်သူတစ်ယောက်လို ဖြစ်နေတယ်။ နောက်ပြီး တကယ့်မိန်းကလေးဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီး ထိုင်းကမှာရတဲ့ ဟော်မုန်းဆေးတွေ ကျွန်တော် သောက်နေတယ်။ ဟန်ဆောင်ပြင်ဆင် ဝတ်စားနေရတာမျိုးမဟုတ်ဘဲ တကယ့်မိန်းကလေးတစ်ယောက်လို ပုံစံပြောင်းနေချင်တယ်။ ဒီ့အတွက် ဟော်မုန်းဆေးတွေက မရှိမဖြစ်လေ။ အသံပြောင်းအောင်၊ အမွှေးအမျှင်တွေ နည်းသထက်နည်းလာအောင်၊ ခြေဆစ် လက်ဆစ်တွေ သေးသွယ်လာအောင် ဒီဟော်မုန်းဆေးတွေကို သောက်မှရမှာ။
"နင် သွားအိပ်တော့"
ကောင်လေးကို အတင်းတွန်းထုတ်လိုက်တယ်။ ၂၄ နာရီဖွင့်တဲ့ ဆိုင်တွေမှာ တစ်ညလုံးကောင်တာမှာ နေရတဲ့ သူ ပင်ပန်းနေမှာပဲ။ သူ့လစာတစ်ခုတည်းနဲ့ ကျွန်တော်တို့နှစ်ယောက် စားဖို့နေဖို့ မလောက်နိုင်ဘူး။ အဖွားပေးတဲ့ ဆွဲကြိုးလေးကိုရောင်းပြီး ဒီအိမ်ခန်းလေးကို ငှားဖြစ်ခဲ့တယ်။ ကျွန်တော် အလုပ်ရှာချင်ပေမယ့် သူပဲလုပ်မယ်ဆိုတဲ့ ဒီကောင်လေးကြောင့်ခက်တယ်။ နောက်ပြီး စိတ်ထိခိုက်လွယ်လွန်းနေတဲ့အချိန် အလုပ်တစ်ခုခုမှာ မြဲပါ့မလားဆိုပြီး ကျွန်တော့်ကိုယ်ကျွန်တော်လည်း စိုးရိမ်တယ်။ ဆယ်ပေပတ်လည် အခန်းကျဥ်းလေးဟာ ကျွန်တော့်ဘဝလိုပဲ မှောင်ရိပ်သည်းနေတယ်။
"ငါတို့ ဘုရားသွားရအောင် အသက်"
"နင် တစ်ညလုံးမအိပ်ရသေးဘူး မဟုတ်လား.. သွားအိပ်စမ်းပါ"
"ဘာမှမဖြစ်ဘူး.. လာ"
ကျွန်တော့်လက်ကို ဆွဲထူနေတဲ့သူ။ တကယ့် မိန်းမလှလေးတွေ ပေါတဲ့ကမ္ဘာမှာ ဘာလို့များ ကျွန်တော့်ကိုမှ ချစ်နေရတာလဲ။ ကျွန်တော်နဲ့နေရရင် တော်ပြီဆိုတဲ့ မိုက်ရူးရဲကောင်လေးကို ကျွန်တော့်ကို ထားခဲ့အောင် ဘယ်လိုမောင်းထုတ်ရမလဲ။
"အလှပြင်ပါဦး အသက်ရယ်.. ဒီရုပ်နဲ့တော့ မဖြစ်သေးဘူး.."
မှန်ထဲမှာရိုးတိုးရိပ်တိတ်မြင်နေရတဲ့ မျက်လုံးတွေမို့မောက်နေတဲ့ မျက်နှာ။ ဆံပင်ရှည်ထားချင်လို့ မညှပ်ဖြစ်တော့ခဲ့တာကြာပြီ။ ကျွန်တော့်ဆံပင်တွေ အခုဆို ခါးလယ်လောက်ထိ ရှည်နေပြီ။ နဂိုပိန်သေးပြီး ဖြူနုတဲ့ ကျွန်တော့်အတွက် မိန်းကလေးပုံပြောင်းရတာ မခက်ခဲပါဘူး။ ဒါပေမဲ့ စိတ်ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်မယ့် ဆေးမျိုး မရှိသေးဘူး။ စိတ်မလုံခြုံတာကို ပြောင်းလဲနိုင်မယ့် ဆေးဆိုတာ မရှိသေးဘူး။ ငါ့ကို အခြောက်လို့ ဘယ်သူ ပြောလိုက်မလဲ။ ငါ့ကို လှောင်သလိုမျက်လုံးတွေနဲ့ ကြည့်သွားတာလား။ ငါ့ကို အထင်သေးနေပြီလား။ အပြင်ထွက်တိုင်း ဒီလို မလုံခြုံတဲ့ ခံစားချက်ဆိုးတွေကို ဖွက်ထားဖို့ ခက်တယ်။
ဘုရားသွားဖို့ အတင်းတိုက်တွန်းနေတဲ့ ကောင်လေးကြောင့် သနပ်ခါးဗူးလေးကိုရေစွတ်ပြီး မျက်နှာပေါ်မှာ ခပ်သွက်သွက်ဖိလိမ်းလိုက်တယ်။ မိတ်ကပ်တို့ဖတ်ကိုသုံးပြီး ပါးကွက်ကို အထင်းကြီးမဖြစ်အောင် သတိထားညှိလိုက်တယ်။ ပုလဲတုနားဆွဲကိုတပ်ပြီး ပန်းရောင်ဖျော့နှုတ်ခမ်းနီကို စိုးပြီးချိန်မှာတောင် နွမ်းနေတဲ့မျက်လုံးတွေဟာ အရောင်တောက်မလာပါဘူး။ ကိုင်းပြာမျက်မှန်လေးကိုတပ်ပြီး အဝတ်အစားလဲဖြစ်တယ်။ မီးခိုးပြာရောင် ထဘီစကတ်လေးဟာ ချပ်ချပ်ရပ်ရပ် ကိုယ်ခန္ဓာနဲ့လိုက်ဖက်နေဆဲပါပဲ။ ဒါပေမဲ့..
"ဒါလေးရော အသက်"
လှမ်းပေးနေတဲ့ လိပ်ပြာကလစ်လေး.. အံ့သြသွားတာကိုကြည့်ပြီး ကောင်လေးက စစ်ပွဲအောင်တဲ့ စစ်သူကြီးတစ်ယောက်လို မိန့်မိန့်ကြီးပြုံးနေလေရဲ့။
"နင် ဆိုင်ကိုလာတိုင်း လှမ်းကြည့်နေတာ ငါ သိတာပေါ့"
"အပိုတွေ သုံးပြန်ပြီ.."
"ဒီတစ်ခါပါပဲဟာ"
သူအလုပ်လုပ်တဲ့ဆိုင်မှာ စားသောက်စရာတွေအပြင် အသုံးအဆောင်ပစ္စည်းတစ်ချို့ရတယ်။ မိန်းကလေးအသုံးအဆောင်များတယ်။ ကလစ်လေးတွေ၊ ခေါင်းစည်းကြိုးလေးတွ။ ဒီ လိပ်ပြာကလစ်လေးကို ကျွန်တော် ငေးနေမိတာ ဟိုးအရင်အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီးတော့ပါ။ မိုးမိုးဆီမှာ တွေ့ခဲ့ဖူးတဲ့ ကလစ်လေးနဲ့ ဆင်တူတယ်လေ။
မိုးမိုးနဲ့ ကိုစာဥ မမီးမီးလုပ်တမ်း ကစားရချိန်တွေကို သတိရတယ်။ အဲ့ဒီ့အချိန်က ပျော်ရွှင်မှုမျိုးကို အခု မိန်းမတစ်ယောက်လို ဝတ်စားနေပါရဲ့နဲ့ ပြန်မရနိုင်တော့သလိုပဲ။ ငယ်ငယ်တုန်းက မိန်းကလေးလိုဝတ်လို့ အရိုက်ခံရရင်တောင် ငိုတုန်းခဏပဲ။ နောက်တစ်ခါ မမီးမီးပုံစံမျိုး ကစားဖို့ မျှော်လင့်နေတာပါပဲ။ အခုတော့ အားလုံးစွန့်ပစ်ခံဘဝနဲ့ မိန်းကလေးလိုဝတ်လို့ ရိုက်မယ့်သူ မရှိတော့ဘူး။ အသားမနာတော့ပေမယ့် စိတ်ထဲက နာနေလို့လားမသိဘူး ဘယ်လိုမှ မပျော်နိုင်တော့ဘူး။
"အသက်နော်.. ပိုက်ဆံထုပ်ကြီး ကောက်ရရင်ပြောဦး"
ကျွန်တော့်လက်ကို အတင်းဆုပ်ထားတဲ့ လက်တစ်ဖက်ကိုလွှဲပြီး ရယ်မောပြောနေတဲ့ကောင်လေး။ အိမ်ခမ်းကျဥ်းလေးထဲက ထွက်လာရင်ပဲ အမြဲ ခေါင်းငုံ့လမ်းလျှာက်တတ်သူမို့ လိုက်နောက်နေတာလေ။ လောကကြီးကို ခေါင်းမော့ကြည့်ဖို့ သတ္တိတွေ မရှိတော့တဲ့ ကျွန်တော့်အတွက် ခေါင်းငုံ့ရင်းလမ်းလျှောက်တတ်တာ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပြီ။
ဘုရားမရောက်ခင် လမ်းဘေးက တို့ဟူးသုတ်သည်ကြီးကိုမြင်တော့ ခြေစုံရပ်ဖြစ်တယ်။ လမ်းဘေးမြောင်းပေါ် ခွ ပြီးချထားတဲ့ စားပွဲရှည်တန်းပေါ်မှာ စုံစီနဖာချထားတဲ့ တို့ဟူးဖတ်တွေ၊ အကြော်တွေ၊ အချဥ်တွေ။ စားမလား လို့ မေးနေသူကို ခေါင်းညိတ်ပြရင်း ခုံပုလေးမှာ ဝင်ထိုင်ဖြစ်တယ်။ ပါးလှပ်လှပ် ပိုက်ဆံအိတ်ထဲက အရွက်နွမ်းလေးတွေအကြောင်း မတွေးချင်တော့ဘူး။ ဒီနေ့တော့ စိတ်ထင်တာလေးတွေ လုပ်ချင်တယ်။
"အရသာ မတူဘူး"
"ဟင်.. မကောင်းဘူးလား သမီး.. ဘာထပ်ထည့်မလဲ"
"ရတယ် အဒေါ်.."
ကြက်သွန်ကြော်ဆီသတ်တစ်ဇွန်းထပ်ထည့်ပေးဖို့ပြင်နေတဲ့ တို့ဟူးသုတ်အဒေါ်ကြီးကို အားနာမိတာတော့ အမှန်။ နေလင်းထက်နဲ့ မုန်းစားကျောင်းဆင်းချိန်တိုင်း အတူထိုင်စားခဲ့တဲ့ အရသာကို ဦးနှောက်ထဲစွဲနေအောင် မှတ်မိနေတာ ဘာလို့လဲ။ ထပ်တူညီတဲ့အရာတွေဟာ အချိန်ကာလတစ်ခု ပိုင်းခြားသွားရုံနဲ့ လိုက်မမီအောင် ကွဲပြားခြားနားသွားတတ်တယ်တဲ့လား။
မလုံမခြုံ တာလပတ်ကာထားတဲ့ ဆိုင်လေးထဲကို အမျိုးသမီးတစ်ယောက် ဝင်လာပြီး ကျွန်တော့်ဘေးမှာ ထိုင်တယ်။ တို့ဟူးသုတ်တစ်ပွဲမှာပြီး ရေနွေးကြမ်းတစ်ခွက်ငှဲ့သောက်တယ်။
"ဘယ်နှလရှိပြီလဲ သမီး"
"ခြောက်လကျော်ပြီအဒေါ်"
"ဟယ်.. ဒါဆို မွေးဖို့ သိပ်မလိုတော့ဘူးပေါ့.. သားလေးလား သမီးလေးလား"
လာစားတဲ့ကိုယ်ဝန်သည် အစ်မကြီးနဲ့ ဆိုင်ရှင်တို့အပြန်အလှန်ပြောနေတာကို ကြားနေရတယ်။ ဖောင်းမို့နေတဲ့ အမျိုးသမီးရဲ့ ဝမ်းဗိုက်နေရာကို မရဲတရဲ ခိုးကြည့်ပြီးတော့ မျက်လွှာချဖြစ်တယ်။ ကံကောင်းလိုက်တာလို့ တွေးမိတယ်။ အားကျစိတ်ပြီးရင် သိမ်ငယ်စိတ်တွေ ဝင်မလာအောင် ဘယ်လိုကြိုးစားရမလဲ မသိဘူး။
"ငါတို့ ခဏလမ်းခွဲရအောင်.."
ဘုရားပေါ်ရောက်ရောက်ချင်း ပြောဖြစ်ခဲ့တဲ့ စကားဟာ လမ်းခွဲစကားဖြစ်နေတယ်။ ဆည်းလည်းသံလေးတွေနဲ့ ငြိမ်းချမ်းနေတဲ့ ဘုရားပေါ်မှာ ရင်ထဲမီးတောက်နေတဲ့ ခံစားချက်မျိုးကို မနှစ်မြို့လိုက်တာ။ ကောင်လေးကတော့ ကျွန်တော် စိတ်ဆိုးတုန်းပြောတာလို့ ထင်နေသေးတယ်။ ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော်တကယ်ပြောနေတာ။ သူဟာ ကျွန်တော့်အပေါ် သည်းခံကောင်းပေးနေသူ တစ်ယောက်ဖြစ်နေလို့လည်း ကျွန်တော် သူ့ကို သနားတယ်။ အားနာတယ်။ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်မယ်ဆိုရင် အိမ်ထောင်ပြုမယ်။ သားသမီးလေးတွေ မွေးဖွားလာဖို့ မျှော်လင့်မယ်။ ကျွန်တော်တို့ကရော ဘယ်လောက်ထိ မျှော်လင့်ခွင့်ရှိမလဲ။ ဘယ်လောက်ထိ ချစ်ပိုင်ခွင့်ရှိမလဲ။
"ခဏပဲဟာ.. ငါတို့ ခဏလောက်ပဲ ခွဲနေရအောင်"
ကျွန်တော့်ရင်ထဲက လောလောလတ်လတ် စိတ်ဒဏ်ရာတွေ မကျက်သေးချိန် သူ ကျွန်တော့်ဘေးမှာရှိနေဖို့ မကောင်းဘူး။ ငိုငိုရယ်ရယ်နဲ့ အခန်းထဲပိတ်လှောင်ပြီး ကျွန်တော့်ဘဝကို မဖြတ်သန်းချင်သလို မူမမှန်သေးတဲ့ စိတ်အနေအထားနဲ့ ကျွန်တော့်ကို ချစ်ပါတယ်ဆိုတဲ့ အဲ့ဒီ့ကောင်လေးကို ဆက်ပြီးဒုက္ခမပေးချင်တော့ဘူး။
သူငယ်ချင်း မိန်းကလေးတစ်ယောက်အိမ်မှာ ကပ်နေရင်း အလုပ်ရှာဖို့ ကြိုးစားတယ်။ ရန်ကုန်မြေဟာ မစိမ်းတော့ပေမယ့် သူစိမ်းဆန်နေဆဲပဲ။ ဒါပေမဲ့ ဘယ်လောက်ခက်ခဲနေပါစေ အရှုံးမပေးဖြစ်ခဲ့ဘူး။ တစ်ဘဝလုံးစာ တစ်ယောက်တည်း ရုန်းကန်နေရမယ်ဆိုရင်တောင် ကျွန်တော့်စိတ်နဲ့ကျွန်တော့်ကိုယ်ပဲ ဖြစ်ချင်တော့တယ်။
"ငါ.. ငါ အလုပ်ရပြီ"
သူငယ်ချင်းကို ဝမ်းသာအားရ ပြေးပြောဖြစ်တယ်။ ကလပ်တစ်ခုရဲ့ ဧည့်ကြိုကောင်တာမှာ အလုပ်ရခဲ့တာကြောင့် လခအနေနဲ့လည်း မနည်းဘူးလေ။ ကျောချစရာ အဆောင်တစ်နေရာအတွက် ကျွန်တော် တတ်နိုင်ပြီပေါ့။
"နင် အဆောင်ပြောင်းတော့မယ်ပေါ့"
"အေး.."
"ဟိုကလေးတော့ ငိုနေတော့မှာပဲ"
အခန်းထဲကိုပြေးဝင်လာတဲ့ ပိန်ပိန်သေးသေး ကလေးလေးကို လှမ်းကြည့်ရင်း ကျွန်တော်ကိုယ်တိုင်လည်း စိတ်မကောင်းဘူး။ အရုပ်ကားလေးကို တွန်းဆော့နေရင်း ဝရူး ဝရူးဆိုပြီး အသံထွက်နေတဲ့ ဒီကလေးလေးကို ကျွန်တော်လည်း သံယောဇဥ်ဖြစ်နေပြီ။ သူက ကျန်းမာရေးသိပ်မကောင်းတော့ ဒီမှာနေခဲ့တဲ့အချိန်တိုင်း ကျွန်တော် သူ့ကို ထိန်းပိုးချီရင်း ပူးပူးကပ်ကပ်နေခဲ့တာ မဟုတ်လား။
"အသက်.."
"အင်း.."
"ငါ.. ငါ နင့်ကောင်လေးကို တွေ့ခဲ့တယ်"
"ဟုတ်လား"
"သူ.. သူ က"
တွေဝေနေတဲ့ သူငယ်ချင်းက ပြောရမလား မပြောရဘူးလား မဆုံးဖြတ်နိုင်သေးသလို ထစ်အနေတယ်။
"ကောင်မလေးတစ်ယောက်နဲ့လား"
"အေး.. သူတို့ဟိုတယ်ထဲဝင်သွားတာ ငါတွေ့လိုက်တယ်.. တကယ်ဟာ.. ဒီကောင်လေး"
"သူလည်း ငယ်သေးတာပဲ"
ဘာမှမဖြစ်သလို ဖြေလိုက်ပေမယ့် ကျွန်တော် ဝမ်းနည်းတယ်။ ဒီလိုမျိုး ဖြစ်လာနိုင်တယ်ဆိုပြီး အကြိမ်ကြိမ်တွေးထားတာတောင် တကယ်တမ်းရင်ဆိုင်ရတော့ ရင်ဘတ်တစ်ခြမ်းက စူးအောင့်နေတုန်းပဲ။ ချစ်ပါတယ်လို့ အထပ်ထပ်ပြောခဲ့ပြီး ကျွန်တော့်ဘဝထဲ အတင်းတိုးဝင်လာခဲ့သူက အခုတော့လည်း နောက်တစ်ယောက်နဲ့တဲ့လား။
အတူနေခဲ့ဖူးတဲ့ ဗိုလ်ကြီးကို သတိရတယ်။ ချစ်သူရည်းစားထားရင် တစ်ယောက်ဆိုတစ်ယောက်ပဲ ဖြစ်ရမယ်လို့ ကျွန်တော့်အယူအဆကို ပြောခဲ့တုန်းက ငါတို့လိုဟာတွေက ဝေစားမျှစားနိုင်မှ မြဲတာဟဲ့ ဆိုပြီး ပြောခဲ့ဖူးတယ်။ ကိုယ်နဲ့တွဲနေချိန်မှာလည်း ဟိုတွဲ ဒီတွဲတွေကို နားလည်ပေးမှရမယ်တဲ့။ မိန်းကလေးစစ်စစ်တစ်ယောက်လို ငါမှငါ ဆိုပြီး မျှော်လင့်ခွင့်မရှိဘူးလို့ ပြောခဲ့ဖူးတယ်။
ကျွန်တော်ကတော့ လက်မခံနိုင်ဘူး။ ကိုယ့်ကိုချစ်ပါတယ်ဆိုပြီး အမျိုးမျိုးကျိန်တွယ်တိုင်တည်ခဲ့ဖူးသူက အခြားတစ်ယောက်ရင်ခွင်ထဲမှာ ပျော်ပြီးပြန်လာတာကို လက်ကမ်းမကြိုနိုင်ဘူးလေ။ ဘယ်လောက်ပဲ နာကျင်ရပါစေ ကျွန်တော့်ဘဝထဲကို သူ့ကိုပြန်လာခွင့် မပေးနိုင်တော့ဘူး။
ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးချင်တော့လောက်အောင် ကျွန်တော့်နှလုံးသားက ဒဏ်ရာအထပ်ထပ်နဲ့ ဆွေးမြည့်နေပြီ။ ဒီအချိန်မှာ ကျွန်တော့်နှလုံးသားတံခါးကို လာခေါက်သူက ကျွန်တော့် ညီမလေး။
သူ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို အကြောင်းပြုပြီး ကျွန်တော် ညီမလေးနဲ့ ပြန်ဆုံဖြစ်ခဲ့တယ်။