မိုးက ခပ်ဖွဲဖွဲ ရွာနေသည်။ မနက်လင်းသော်ငြား အရှေ့အရပ်မှ သူရိန်နေမင်းသည် တိမ်ညိုတိမ်လိပ်တို့ကြောင့် ကောင်းစွာအလင်းသာခွင့်မရ။ ကျေးငှက်တို့၏ ကျီကျီကျာကျာ တေးသံသည်လည်း ဤမနက်ခင်းတွင် ကင်းမဲ့သည်။ ထိုအစား ဆူဆူညံညံ ဖုန်းခေါ်သံတစ်ခုက နှစ်ခြိုက်စွာ အိပ်မောကျနေသော သူ့အား လှုပ်နှိုးလိုက်သည့်နှယ်။
မျက်လုံးမဖွင့်ဘဲ လက်က ဟိုစမ်းသည်စမ်းလုပ်မိတော့ မိမိဦးခေါင်းအောက်မှ လက်တစ်ဖက်ကို အရင်ဆုံး စမ်းမိသည်။ ဤတော့မှ မိမိအနောက်တွင် ကိုလင်းအိပ်နေသည်ကို သတိချပ်မိပြီး ဖုန်းသံကြောင့် နိုးမလာစေရန် အိပ်ရာမှ အမြန်ထလိုက်သည်။
ဖုန်းမြည်သံက သူ့ဖုန်းဆီမှမဟုတ်။ ကိုလင်း၏ဖုန်းဆီမှဖြစ်သည်။ ခေါ်ဆိုသူကို ကြည့်လိုက်တော့ မေမေဟုတွေ့ရသည်။
ကိုင်ရကောင်းနိုး စဉ်းစားနေချိန်တွင် ကိုလင်းက ထိုအသံကြောင့် မျက်မှောင်ကြုတ်ကာ အနည်းငယ်လူးလွန့်လာသည်။
အိပ်မောကျသူအား နိုးလာမည်ကို စိုးတာကြောင့် ဖုန်းမြည်သံတိတ်စေရန် ရည်ရွယ်၍ သူ ကိုင်လိုက်မိသည်။
"သား... သားအခုဘယ်မှာလဲ"
တုန်ရီလှိုက်မောနေသော အသံကို ကြားရသောအခါ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။
"ဟို..."
"သားမဟုတ်ဘူးလား၊ သားကိုဖုန်းပေးလိုက်ပါ"
သူ့အသံကို ကြားသည်နှင့် ကိုလင်းမဟုတ်ကြောင်းအတပ်သိကာ ဖုန်းလွှဲပေးရန် ပြောလာတော့ ထူးဆန်သလို အံ့မဟော် ခံစားလိုက်ရသည်။ သို့သော်လည်း ကြာကြာမစဉ်းစားနိုင်အား။ ထိုအချိန်တွင်ပင် ကိုလင်းက နိုးလာသောကြောင့်ပင်။
သူ ဖုန်းကိုင်ထားတာမြင်တော့ ချက်ချင်းထထိုင်ကာ လက်ထဲမှ ဖုန်းကို ဆတ်ခနဲ ဆွဲယူကြည့်သည်။ ကိုလင်း၏ ထိုလုပ်ရပ်ကြောင့် အံ့မဟော်စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။
မဟုတ်ပါဘူး... ဘာလို့အဲ့လိုလုပ်ရတာလဲ။
ဘယ်သူဆက်တာလဲလို့တောင် သူ့ကို စကားပလ္လင်လေးဘာလေးမခံဘဲနဲ့လေ။
"ဪ... မေမေဆက်တာပဲ"
ဖုန်းကို ကြည့်ပြီးမှ ပြောလာသော ထိုစကား၏ အသံအနေအထားက 'တော်သေးတာပေါ့'ဟု ကောက်ချက်ချ၍ ရနိုင်သည်။
"ဟဲလို မေမေ"
ဘယ်သူ့ဖုန်းကို ကိုင်မှာစိုးရိမ်နေတာလဲ။
ကျူးရင့်သာလား။ အခုချိန်အထိ အဲ့အမျိုးသမီးနဲ့ပတ်သက်ရင် ဘာလို့ရှင်းရှင်းလင်းလင်းမဖြစ်နိုင်သေးတာလဲ။
အတွေးတွေနှင့်အတူ အံ့မဟော် မျက်မှောင်ကြုတ်ရင်းသာ ကြည့်နေမိသည်။
"............"
"မေမေ ဘာဖြစ်လို့လဲ"
"............"
"ဗျာ..."
တစ်ဖက်က ဘာပြောလိုက်သည်မသိ။ ကိုလင်း၏ မျက်လုံးများ မူလထက် ကျယ်သွားကာ အာမေဋိတ်သံတစ်ခု ထွက်လာသည်။
"မေမေ စိတ်အေးအေးထားနော်... သားအခု လာခဲ့မယ်... အခုလာခဲ့မယ်"
ပြောရင်းဆိုရင်း ကိုလင်းက ဝုန်းခနဲ ချက်ချင်းထသွားသည်။
"သားတောင်းပန်ပါတယ်"
ထိုစကားနှင့်အတူ ကိုလင်းမျက်နှာက အပျက်ပျက်အယွင်းယွင်း။
သူ့အား ရှိသည်ဟုတောင် ကိုလင်းက သတိထားမိဟန်မတူတော့ပေ။ ဖုန်းချပြီးတာနှင့် စကားတစ်ခွန်းတစ်ပါဒမှ မပြောဘဲ ကားသော့ကို ကောက်ယူသည်။
ကိုလင်းအမေက ဘာတွေပြောလိုက်လို့ အခုလိုပျာယာခတ်သွားရတာလဲ။ သူ့ကိုတောင် မေ့သွားသည်အထိ...။
"ကိုလင်း"
သူ ခေါ်လိုက်တော့မှ ပြူးပြူးပျာပျာနှင့် လှည့်ကြည့်လာသည်။
"ဘယ်ကိုလဲ..."
သူ့အသံတွင် စိတ်လှုပ်ရှားမှုတို့ ရောစွက်နေမည်ထင်ပါ၏။
"ပြန်တာတော့ မဟုတ်ဘူးမလား"
ကိုလင်းအဖြေအား မကြားရခင် တံတွေးတစ်ချက် မြိုချမိသည်။
"ဆေးရုံကို သွားမလို့... ညီမလေးကို ဆေးရုံတင်ရတယ်တဲ့... မနေ့ကတည်းက နေမကောင်းဖြစ်နေတာ"
ပြန်ဖြေလာတဲ့ ကိုလင်းအသံဟာ တုန်ရီနေသည်။ ရုတ်တရက် အခြေအနေအား သူ လုံးစေ့ပတ်စေ့ နားမလည်သော်ငြား ပြန်တာမဟုတ်ဘူးဆို၍ စိတ်အေးသွားသလိုတော့ ခံစားလိုက်ရသည်။
"အရေးကြီးလို့ ငါ အခုသွားမှဖြစ်မယ်... ပြီးရင် ဖုန်းဆက်လိုက်မယ်နော်"
ပြောပြီးတာနှင့် ချက်ချင်းဆိုသလို ကိုလင်းက လှည့်ထွက်ရန် ဟန်ပြင်သည်။
"ပြန်လာမယ်မလား"
သေချာစေရန်အတွက် ထပ်ပြီး အလျင်စလို မေးလိုက်မိပြန်သည်။
ဒီမကောင်းတဲ့ ခံစားချက်ကြီးက ဘာလို့ရနေတာလဲ? သွားမယ့်လာမယ့်လူ စိတ်မဖြောင့်ရအောင်။
ကိုလင်းက ခဏတုံ့ဆိုင်းသွားပြီးမှ ခေါင်းတစ်ချက် ညိတ်ပြသည်။ ထို့နောက် အခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားတော့သည်။ အခန်းတံခါးကိုတော့ မပိတ်ခဲ့ပါ။
ပြန်လာမယ်တဲ့...
ဒီလောက်ဆို တော်ပါပြီ။
°°°°°°°
ကြမ်းပြင်ပေါ်တွင် လင်းသန့်မောင်သည် ဒူးထောက်လျက်...
ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဆုံဖူးသော အစိမ်းသက်သက် ဝမ်းနည်းခြင်းနှင့် သူဟာ ငိုကြွေးနေရသည်။ သူ့နှလုံးအိမ်သည် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးနှက်ခံနေရသလို နာကျင်လွန်းလှသည်။
သူ့နားထဲတွင် ဒေါသတကြီး အော်ဟစ်နေသံများကို ကြားနေရသည်။ ထို့အပြင် ဝမ်းနည်းငိုညည်းသံများ၊ ပြစ်တင်ဆဲဆိုသံများကိုလည်း ကြားနေရသည်။
သူကတော့ ထိုအသံများကို လစ်လျူရှူ၍ ဖြူလျော်နေသော ညီမလေး၏ မျက်နှာလေးကိုသာ မျက်ရည်များကြားထဲမှ ယူကြုံးမရစွာ ကြည့်နေမိသည်။
ဆိုဖွယ်ရာစကားတို့မရှိတော့။
ကြည့်နေရင်းပင် ပိတ်စဖြူတစ်ခုက ညီမလေး၏ ငြိမ်သက်နေသော ခန္ဓာကိုယ်အား အလုံးစုံ လွှမ်းခြုံပစ်လိုက်သည်။
ထိုအခိုက် စီခနဲ စူးစူးဝါးဝါး ထွက်လာသော မေမေ့ငိုသံနှင့်အတူ အရာအားလုံးက အနည်းငယ်ခန့် ဗရုတ်သုတ်ခနိုင်သွားသည်။
မေမေသည် ညီမလေးအား သူမ၏ ခန္ဓာကိုယ်ဖြင့် ဖိအုပ်ထားသည်။ မေ့မေ့ပုံစံသည် မိမိ၏ ကြက်သားပေါက်ကလေးအား မိမိထံမှ ဘယ်သူမှ လုမယူနိုင်အောင် လုံခြုံစွာ ဝပ်၍ ကာကွယ်နေသော ကြက်မိခင်ကြီးသဖွယ်။
"မလုပ်ကြပါနဲ့... ကျွန်မသမီးလေး နိုးလာမှာ"
ခေါင်းကိုတွင်တွင်ခါ၍ ပဋာမြေလူးသကဲ့သို့ ပူဆွေးနေသော မေမေ့အား အနီးရှိ လူတွေက ဖြောင်းဖျ၍ တရားချနေကြသည်။ မည်သူတွေဖြစ်သည်ကိုတော့ သူ မသဲကွဲသော်လည်း အခန်းတွင်းရှိ လူအားလုံး၏ မျက်နှာတွင် ကိုယ်စီစိတ်မကောင်းဖြစ်နေကြဟန်ရှိသည်ကိုတော့ မြင်နေရသည်။
ညိုးသူတို့က ညှိုးနေကြသည်။
ငိုသူတို့က ငိုနေကြသည်။
ကိုကို တောင်းပန်ပါတယ် ခူးခူး...
စိတ်ထဲမှာ ရေရွတ်နေမိတာ အကြိမ်ကြိမ်အခါခါ။
ထိုစကားက ယခုအချိန်တွင် အရာမရောက်နိုင်တာ သိသည်။ ထိုစကားဖြင့် ဘာကိုမှ အဖက်ဆယ်မရနိုင်မှန်းလည်း သိသည်။ မည်သူမျှ မကြားနိုင်သည်ကိုလည်း သိသည်။ သို့သော်လည်း သူသည် ထိုစကားကိုသာ အထပ်ထပ်အခါခါ မရေမတွက်နိုင်အောင် ပြောနေမိသည်။
ညီမလေးကို အိမ်မှာ တစ်ယောက်တည်း ချန်မထားခဲ့သင့်ဘူး...
နောင်တတို့ဖြင့် သူ့မှာ မလှုပ်နိုင်မယှက်နိုင်။
မေမေတို့ ခရီးမှ ပြန်ရောက်လာချိန်တွင် ခရီးရောက်မဆိုက် ညီမလေး၏ အဖြစ်ဆိုးကို တွေ့ခဲ့ရခြင်း။ ဆေးရုံကို ချက်ချင်းပို့ခဲ့သော်လည်း အချိန်နှောင်းပြီဖြစ်၍ ညီမလေးအား လက်လျှော့လိုက်ရသည်။
နေမကောင်းနေတာကို သိရက်နဲ့...
ညီမလေးရဲ့ရောဂါအကြောင်းကို သိရက်နဲ့...
အောက်စီဂျင်ဘူးအနားမှာ ညီမလေး ဘယ်နှစ်နာရီလောက် လဲလျောင်းခဲ့ရသလဲ။
မဟုတ်သေး... အဲဒီအောက်စီဂျင်ဘူးနားအထိ ရောက်အောင်သွားဖို့ကို ဘယ်လောက်တောင်များ သူ့ညီမလေး ကြိုးစားခဲ့ရသလဲ။ အမှောင်ထဲမှာ တစ်ယောက်တည်း ရုန်းကန်ရင်း သေမင်းကို ဘယ်လောက်အထိ တောင့်ခံခဲ့သလဲ။
ငါသာရှိရင်...
ငါသာ ညက အိမ်မှာ ရှိနေရင်...
ဒီလိုဖြစ်မှာမဟုတ်ဘူး။
ငါ့အမှားတွေပဲ...
ငါ့ကြောင့်...
ညီမလေး အခုလို ဖြစ်ရတာ ငါ့ကြောင့်။
ညီမလေးအစား... ငါသာ သေသင့်တာ...။
°°°°°°°
ညီမလေး၏ အသုဘသည် မည်သို့မည်ပုံ ပြီးဆုံးသွားသည်မသိ။ သူငယ်ချင်းများနှင့် ပရဟိတအသင်းမှ မိတ်ဆွေများ၏ အကူအညီဖြင့် အဆင်ပြေပြေ ပြီးစီးသွားသည်။ အရေးကြုံတော့ ဟန်သာရော သူငယ်ချင်းတွေပါ အားလုံးရောက်လာကာ ကိစ္စအဝဝကို ဆောင်ရွက်ပေးကြသည်။ သူကတော့ ညီမလေးအား မီးသင်္ဂြိုဟ်ပြီးသည့်နေ့ကတည်းက အသိမဲ့နေသည့် လူတစ်ဦးလို ဖြစ်နေခဲ့သည်။
သူ့မိဘတွေကတော့ နေ့စဉ်ရက်ဆက် တငိုငို တရီရီနှင့် ပူဆွေးနေရသည်။ ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာသူမို့ ပိုးမွေးသလို အရိပ်တကြည့်ကြည့်နှင့် မွေးခဲ့ရသည့် သမီးထွေးလေး။ ဘုရားဖူးခရီးမှ ရခဲ့သမျှ ကုသိုလ်များအား သမီးလေးအသက်နှင့် အလဲအလှယ် လုပ်လို့ရလျှင် သိပ်ကောင်းမည်ဟု မေမေမှ တဖွဖွပြောသည်။ ပြောတိုင်းလည်း ငိုသည်။
ဖေဖေကတော့ အံတကြိတ်ကြိတ်နှင့် ယူကြုံးမရ။ သားဖြစ်သည့် သူ့မျက်နှာကိုတောင် စေ့စေ့မကြည့်တော့ပေ။ 'သမီး အခုလိုဖြစ်ရတာ မင်းအသုံးမကျလို့'ဟုဆိုကာ သူ့ရင်ကိုခွဲသည်။
ဖေဖေပြောတာ ဟုတ်ပါသည်။ တကယ်ဆို သူတို့မောင်နှမနှစ်ဦးအား ထားခဲ့ကာ ဖေဖေတို့ ဘုရားဖူးထွက်သည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်။ တစ်နှစ်တစ်ခေါက်တော့ သွားနေကျပင်။ ယခုတစ်ကြိမ်ကျမှ ညီမလေးက နေမကောင်းဖြစ်ခြင်း။ ဖုန်းရတာနဲ့ စိတ်မချလို့ အဆင်ပြေရာနည်းဖြင့် ရောက်ရာအရပ်ကနေ ချက်ချင်းပြန်လာခဲ့ကြပေမဲ့ အဖြစ်ဆိုးက ရောက်ရောက်ခြင်း ရင်ဝကို ဆောင့်ကန်သလို။
သားဖြစ်သည့် သူက အိမ်မှာမရှိ။ နေမကောင်းနေတဲ့ ညီမကို တစ်ယောက်တည်းထားခဲ့ပြီး အိပ်မပျော်နေတဲ့ ယောင်္ကျားတစ်ယောက်ဆီ ချော့သိပ်ရအောင် သွားခဲ့သည်တဲ့။ ဖေဖေစိတ်ဆိုးတာထက် သူ့လုပ်ရပ်က ပို၍ဉာဏ်မဲ့လွန်းလှသည်။
သူ့ကိုယ်သူလည်း ခွင့်မလွှတ်နိုင်ပါ။ တစ်စုံတစ်ယောက်မှ ရုတ်တရက် အပြီးပိုင်ခွဲခွာခြင်းအား တစ်ကြိမ်တစ်ခါမျှ မကြုံဖူးတာကြောင့် အလူးအလဲခံစားရသည်။ မြင်လေရာ တစ်အိမ်လုံးမှာ ညီမလေး၏ အရိပ်တွေသာ။
တစ်ဦးတည်းသာရှိတဲ့ ဒီညီမလေးကို သူဘယ်လောက်ချစ်ရသလဲ။ မိမိထက်အငယ်ကို လိုချင်လွန်း၍ ရူးနေသူ သူ့အား မေမေမှ ညီမလေးအား မွေးပေးကာ လက်ဆောင်ပေးခဲ့ခြင်း။ ဆရာဝန်အလုပ်အား ရွေးချယ်ခဲ့ခြင်းမှာလည်း ဝါသနာထက် ညီမလေး၏ ကျန်းမာရေးအတွက်သာ။ အခုတော့ အားလုံး ဖရိုဖရဲတွေ ဖြစ်ခဲ့ရလေပြီ။
"သားနဲ့ အံ့မဟော်အကြောင်းကို မေမေတို့ လူကြီးတွေအားလုံးသိပြီးပြီ"
တစ်နေ့တွင် မေမေက အေးအေးဆေးဆေးနှင့် စကားစလာခဲ့သည်။
"ဗျာ..."
"မေမေ့သားကို မေမေက လူလိမ္မာလို့ ထင်ခဲ့တာ၊ အခုတော့..."
မေမေက ဆက်ပြီးပြောမထွက်သလို မြိုသိပ်လိုက်ဟန်ပေါ်သည်။
"မေမေ... သား"
မေမေက သူ့အား ဘာမှပြန်မပြောဖို့ လက်ကာပြသည်။
"ဆိုတော့... မေမေတို့ သဘောထားကို သားကို အသိပေးမယ်"
သူ တောင်းပန်တိုးလျှိုးသော အကြည့်တို့ဖြင့် မေမေ့ကို ကြည့်နေမိသည်။
"မေမေတို့ လက်မခံဘူး"
စောဒကတက်စရာ စကားတို့ ကင်းမဲ့သည်။ ခွင့်ပေးပါဟု ပူဆာရန်လည်း အားနာသည်။ သူ့အဖြစ်သည် နောက်ကျောမှ ဓားနှင့်အထောက်ခံထားရသလို မျက်နှာချင်းဆိုင်မှလည်း သေနတ်နှင့်အချိန်ခံထားရသလိုမျိုး။ မလှုပ်သာ မယှက်သာ ထောက်ချောက်ထဲတွင် ပိတ်မိနေသည်။
"သား ဘယ်လိုစိတ်နဲ့များ အခုလို လုပ်ရတာလဲ! မေမေနားမလည်နိုင်တော့ဘူး၊ သမီးကျူးအတွက် သား နည်းနည်းလေးမှ မစဉ်းစားပေးဘူးလား၊ သားမှာ အမှားအမှန်ခွဲခြားနိုင်တဲ့ စဉ်းစားဉာဏ်မရှိတော့တာလား"
မေမေက ပြောရင်း မျက်ရည်ကျလာပြန်သည်။
"ဒီခေတ်ကြီးမှာ ဒီလိုကိစ္စတွေက မဆန်းပေမဲ့ သားတို့က မတူဘူး၊ အံ့မဟော်နဲ့ကျူးရင့်သာက မောင်နှမ၊ သားအခု ပတ်သက်နေတာ မိသားစုတစ်ခုထဲက သွေးသားရင်းချာနှစ်ယောက်ကို၊ ဟိုကောင်လေးက ငယ်သေးလို့ ဒါတွေမတွေးတတ်ဘူးပဲထားဦး... သားက တွေးရမယ်လေ၊ ဒါမဖြစ်သင့်တဲ့ကိစ္စဆိုတာ သားသိရမယ်လေ"
"သား သိပါတယ် မေမေ..."
"သိရဲ့သားနဲ့ ဘာလို့များ... ဘာလို့များ ဆက်တိုးခဲ့ရတာလဲ လင်းသန့်မောင်ရဲ့ ဟင်... နင်ရူးနေသလား"
မေမေက ပါးစပ်ကပြောရင်း ထိန်းချုပ်ထားသည်တို့ ပွင့်အံကျလာကာ လက်ကလည်း သူ့ကျောကို ရိုက်၍ ချုံးပွဲချငိုချတော့သည်။
"နင့်အသက်ဘယ်လောက်ရှိပြီလဲ၊ နင်ဘယ်လိုအသိုင်းအဝိုင်းမှာ ရှင်သန်နေသလဲ၊ ကလေးတွေနဲ့ ပြိုင်ရူးလို့မရတာ နင့်ကိုယ်နင် သိရင် နင်ထိန်းရမှာပေါ့"
မေမေ့လက်ဖဝါးမှ ကျရောက်လာသော ကရုဏာဒေါသော ရိုက်ချက်တို့ကို သူ ငြိမ်ငြိမ်သက်သက်ဖြင့်သာ ခံယူနေလိုက်သည်။ စကားတစ်ခွန်းမှလည်း မဆိုချင်တော့။
"မေမေလေ... မွေးကတည်းက သား ဘာတွေ အမှားလုပ်ခဲ့လုပ်ခဲ့ တစ်ခါလေးတောင်မှ စိတ်မပျက်ခဲ့ဖူးဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ သားကို ပထမဆုံးအကြိမ်အဖြစ် အရမ်းစိတ်ပျက်မိတယ်"
"တောင်းပန်ပါတယ် မေမေ"
မေမေက သူ မျက်ရည်သုတ်ပေးရန် ဟန်ပြင်တော့ အသုတ်မခံ။ သူ့လက်ကို ပုတ်ချသည်။
"ခန့်သာတို့နဲ့ ဆွေးနွေးပြီးပြီ၊ ဟိုဘက်ကလည်း မေမေတို့ထက်ပိုပြီးခါးခါးသီးသီးကို လက်မခံဘူး၊ကျူးရင့်သာနဲ့ မင်းနဲ့ ချစ်သူတွေဆိုတာ တိုင်းသိပြည်သိ၊ သူ့သမီးတင်မက သူတို့တစ်မိသားစုလုံးပါ နာမည်ပျက်မယ့်ကိစ္စကို ဘယ်နည်းနဲ့မှ မောင်ခန့်က အဖြစ်ခံမှာမဟုတ်ဘူး၊ သူတို့သားကို နိုင်ငံခြားကို ကျောင်းတက်ဖို့ လွှတ်မယ်တဲ့"
သူ့ရင်ထဲမှ တစ်စုံတစ်ရာအား ဆွဲနှုတ်ယူခံလိုက်ရသလို။ ဟာခနဲ ဖြစ်သွားသော စိတ်အစုံနှင့်အတူ မျက်ရည်တစ်စက် ပေါက်ခနဲကျသွားသည်။
"အဲ့တော့ သားဘက်က ဆုံးဖြတ်ဖို့ပဲ ရှိတော့တယ်၊ အံ့မဟော်ကို ဆွဲထားမလား... ဒါမှမဟုတ် သူ့လမ်းသူ သွားခွင့်ပြုမလား"
"............"
မေမေ့စကားသံက သူ့နားထဲတွင် ပဲ့တင်ထပ်ကာ ကြားနေရသည်။
ဆွဲထားမလား... ဒါမှမဟုတ် သွားခွင့်ပြုမလား။
"ဒါပေမဲ့ တစ်ခုတော့ သားသိထားရမယ်"
မေမေက နေရာမှ ထလိုက်ကာ...
"ဒုတိယအကြိမ်လည်း မိသားစုအစား အဲ့ဒီကောင်လေးကိုပဲ ထပ်ရွေးဦးမယ်ဆိုရင် မေမေတို့ကို မိဘအဖြစ် သား သတ်မှတ်စရာမလိုတော့ဘူး၊ မေမေတို့ သားကို ပထမအကြိမ်ပဲ ခွင့်လွှတ်နိုင်မယ်"
ထွက်ခွာသွားသည့် မေမေ့ခြေသံကို ကြားရသည်။
သူ မျက်လုံးကို မှိတ်၍ အသက်ကိုသာ ပြင်းပြင်းရှူနေမိသည်။
ပါးပြင်ပေါ်တွင် မျက်ရည်မြစ်တစ်စင်းက ပူခနဲ။
ဒီလောက်ဆို ရပ်သင့်ပြီ။
ပြိုလဲပြဖို့တောင် မဟန်တော့။
ငိုပွဲချဖို့တောင် မတန်တော့။
ငါတို့ တကယ်ဝေးကြရပြီ... ဝေးရပြီ။
°°°°°°°