ရေလိုအေး၍ ပန်းလိုမွှေးစေ

By akyinnamon

88.1K 11.3K 830

တဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန... More

အမှာစာ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
ဇာတ်သိမ်းပိုင်း
အမွာစာ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
ဇာတ်သိမ်းပိုင်း

အပိုင်း ၇

3.7K 628 84
By akyinnamon

ဆိုင်ကယ်မောင်းရင် လေထဲမှာ ပျံနေရသလို လွတ်လပ်တဲ့အရသာကို ခံစားရတယ်လို့ နေလင်းထက် ပြောခဲ့ဖူးတယ်။ အဲ့ဒါကြောင့် သူ ဆိုင်ကယ်စီးရတာကို အရမ်းသဘောကျတာတဲ့။ အခု ကျွန်တော်ရောက်နေတဲ့ ဟိုတယ်ဝင်းကြီးက တောင်မြင့်လိုမျိုး နေရာဖြစ်နေလို့ ညနေ၀င်ချိန်တိုင်း အိပ်တန်းပြန်ဖို့ ပျံသန်းလာတဲ့ ငှက်လေးတွေကို မြင်ရတယ်။ မှိုင်းပျပျမြင်နေရတဲ့ တောင်ခြေကမြို့မြင်ကွင်းကိုလည်း မြင်နေရတယ်။ နေ၀င်ရီတရိုးအချိန် မီးပွင့်လင်းတွေတဖြည်းဖြည်း လင်းလာချိန်လိုမျိုးဟာ သိပ်လှတာပဲ။

"ရည်းစားဟောင်းကို လွမ်းနေပြီလား ညီ"

ကျွန်တော့်ပခုံးကို လာဖက်ရင်း တရင်းတနှီးမေးတဲ့ အစ်ကို့ကို ကျွန်တော် ခေါင်းခါပြလိုက်တယ်။ တန်ဖိုးထားရလွန်းလို့လားမသိဘူး။ ရည်းစားဟောင်းလို့ နေလင်းထက်ကို ကျွန်တော်နာမည်မတပ်ရက်ဘူး။

အစ်ကိုအမြဲသုံးနေကြ နိုင်ငံခြားဖြစ်ရေမွှေးနံ့သင်းသင်းကို ရလိုက်တယ်။ အစ်ကိုက အသက် ၃၀ ကျော်အရွယ်မို့ ကျွန်တော်ထက် ဆယ်နှစ်ကျော်ကွာပေမယ့် ရုပ်ရည်ကြောင့်ရော၊ အပြင်အဆင်ကြောင့်ပါ မသိသာဘူး။ နက်မှောင်နေတဲ့ ဆံပင်တွေကို ဆီလိမ်းသပ်တင်ထားလို့ ခပ်ရှင်းရှင်းနဖူးပြင်၊ ခွေကျနေတဲ့ ဆံနွယ်တစ်ချို့နဲ့ ရှင်းသန့်နေတဲ့ အစ်ကို့မျက်နှာကြောင့် အတွင်းရေးမှူးမဟုတ်ဘဲ ဟိုတယ်ပိုင်ရှင်ပါလို့ပြောရင်တောင် လူတိုင်းယုံနိုင်လောက်တယ်။

"ညီ့ကို အစ်ကိုမေးချင်နေတာကြာပြီ.."

"ဗျာ.. ဟုတ်ကဲ့"

"ညီ့လက်က တက်တူးက.."

"သြော်.. ဒါလား.. တက္ကသိုလ်မှာတုန်းက ကျွန်တော်ထိုးခဲ့တာ"

ကျွန်တော့်လက်ကို ကျွန်တော် ပြန်ငုံ့ကြည့်ဖြစ်သွားတယ်။ ဆယ်တန်းကျောင်းသားဘဝမှာ နေလင်းထက်နဲ့ ကျွန်တော်တို့နှစ်ယောက် တက်တူးဆင်တူထိုးမယ်လို့ ကတိထားခဲ့ကြဖူးတယ်။ သူကအရင် One Heart ဆိုတဲ့ စာတမ်းလေးနဲ့ သော့ပုံလေးကို ထိုးခဲ့ဖူးတယ်။ အဲ့ဒီ့အချိန်က လူကြီးတွေဆူမှာကြောက်လို့ ကျွန်တော် မထိုးရဲခဲ့ဘူး။ သူနဲ့ ဝေးရချိန် တက္ကသိုလ်မြေကိုရောက်မှ One Love ဆိုတဲ့ စာတမ်းလေးအောက်က အသည်းပုံသော့ခလောက် တက်တူးပုံလေး ကျွန်တော် ထိုးဖြစ်ခဲ့တာ။ သူနဲ့ပြန်ဆုံရမယ့်အချိန်ကို ကျွန်တော်မျှော်လင့်တယ်။

"ဒီမှာ အဆင်ပြေရဲ့လား ညီ"

"ဟုတ်ကဲ့"

"အဆောင်ကရော.."

"အဲဒါ ကျွန်တော်ပြောမလို့အစ်ကို.. ကျွန်တော်ရတဲ့အဆောင်က အရာရှိဆောင်ဖြစ်နေတယ်"

"အဲ့ဒါဘာဖြစ်လဲ ကလေးရ"

"ကျွန်တော် မနေတတ်ဘူး အစ်ကို.. တခြားရိုးရိုးဝန်ထမ်းတွေအဆောင်မှာပဲ.."

"ဘာမှခေါင်းရှုပ်မခံနဲ့ ညီ.. ဒီနေရာမှာ အစ်ကို့စကားတစ်ခွန်းပဲ.. ညီ့ကို ဒီဟိုတယ်မှာ အလုပ်ဝင်တာနဲ့ အစစအရာရာ အစ်ကိုစောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့ဖူးတာပဲ"

"ဒါပေမဲ့"

"ဟော.. ကြည့်.. အစ်ကို့ကို မင်း အစ်ကိုရင်းတစ်ယောက်လို သဘောထားပါလို့ ဘယ်နှခါပြောရမလဲ.. အခု ညနေဂျူတီဝင်ရဦးမယ် မဟုတ်လား.. သွားတော့ သွားတော့.... အစ်ကိုလည်း သွားဦးမယ်.. သူဌေးက လူရှာခိုင်းထားတယ်ကွာ.. တကယ်ပဲ"

အကောင်းစားလက်ပတ်နာရီကို ငုံ့ကြည့်ရင်းအစ်ကိုက ရယ်ကျဲကျဲနဲ့ပြောတယ်။ သူဌေးလူရှာခိုင်းတယ်ဆိုတာ အရင် စားသောက်ဆိုင်ကိုလာတုန်းက ပါလာတတ်တဲ့ မိန်းကလေးလှလှလေးတွေကို ရည်ညွှန်းပြောတာလား။ ရွှေရာင်လွှမ်းတဲ့ အစ်ကိုတို့ အသိုင်းအဝိုင်းအကြောင်းကို ကျွန်တော် သိပ်နားမလည်ဘူး။ ဒါပေမဲ့ အစ်ကို့ကိုတော့ ကျွန်တော်ယုံတယ်။

တက္ကသိုလ်ကျောင်းသားဘဝကို ခဝါချပြီး လက်တွေ့ဘဝထဲကို ခြေစုံပစ်ဝင်ခဲ့ချိန်မှာ အစ်ကိုနဲ့ကျွန်တော် ဆုံဖြစ်ခဲ့တယ်။ ကျောင်းကထွက်ပြီး ပိုင်ထူး ဆက်သွယ်ပေးခဲ့တဲ့ စားသောက်ဆိုင်မှာ ရိုးရိုးစားပွဲထိုးနေရာကနေ အလုပ်စဝင်ချိန်ပေါ့။ တက္ကသိုလ်ကျောင်းသားဆိုတဲ့ ဂုဏ်ကြောင့်ရော၊ အင်္ဂလိပ်လိုပါ ပြောနိုင်လို့ပါ ကျွန်တော့်ကို စားသောက်ဆိုင်မန်နေဂျာက သဘောကျတယ်။ အချိန်တိုအတွင်းမှာပဲ ရိုးရိုး၀န်ထမ်းစားပွဲထိုးနေရာကနေ ရာထူးတက်ပြီး ကြီးကြပ်သူနေရာကို ရောက်ခဲ့တယ်။ အရေးကြီးဧည့်သည်တွေ၊ အရာရှိအရာခံဝိုင်းတွေကို ဧည့်ခံရတဲ့နေရာမှာ ကျွန်တော်ပဲ တာဝန်ယူရတာ။ ဒီလိုနဲ့ ကျွန်တော် အစ်ကိုမောင်နဲ့ ဆုံဖြစ်ခဲ့တယ်။

အစ်ကိုက ဒီမြို့ရဲ့ အခမ်းနားဆုံးဟိုတယ်ကြီးပိုင်ရှင်ရဲ့ အတွင်းရေးမှူး။ အစ်ကို့သူဌေးရော၊ အစ်ကိုရော ကျွန်တော်တို့စားသောက်ဆိုင်ကို မကြာမကြာရောက်လာတတ်တယ်။ နယ်မြို့နဲ့ တက္ကသိုလ်မြေလောက်သာရောက်ဖူးတဲ့ ကျွန်တော့်အတွက်တော့ အစ်ကိုတို့ကမ္ဘာဟာ ရွှေရောင်လဲ့နေတဲ့ သီးခြားနေရာတစ်ခုလိုပါပဲ။ အစ်ကိုတို့ဝိုင်းက တစ်ညစာအတွက်မှာသောက်တဲ့အရက်ဖိုးဟာ ကျွန်တော့တစ်လစာထက် အများကြီးပိုနေတယ်။ သီးသန့်ခန်းကိုဌားပြီးမှ သောက်စားကြတဲ့ အစ်ကိုတို့အုပ်စုကို ဧည့်ခံတာဝန်ယူရတဲ့ ကျွန်တော်ဟာ အစ်ကိုနဲ့ရင်းနှီးပြီးရင်း ပိုရင်းနှီးလာခဲ့ကြတယ်။

အစ်ကိုက မေးတော့ ကျွန်တော့်ဘဝအကြောင်း တစ်စွန်းတစ်စ ပြောဖြစ်ခဲ့တယ်။ မိသားစုနဲ့ အဆက်ပြတ်ပြီး မေတ္တာငတ်နေတဲ့ကျွန်တော့်အတွက် သူ့ကို မိသားစုလို သဘောထားပါတဲ့။ နောက်ပိုင်း အစ်ကို့သူဌေးမပါဘဲ ကျွန်တော်တို့ စားသောက်ဆိုင်ကို အစ်ကို တစ်ယောက်တည်း ရောက်လာတတ်တယ်။ "ညီ့ကို သတိရနေတာ" ဆိုတဲ့ စကားတွေ အစ်ကို မကြာခဏ ပြောလာတတ်တယ်။ အစ်ကို့ကို ကျွန်တော်ခင်ပေမယ့် အစ်ကိုတစ်ယောက်လိုပဲ သဘောထားကြောင်း ပြောပြီး ငြင်းဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ နှလုံးသားက One Heart ဆိုတဲ့ စကားလုံးပိုင်ရှင်ရဲ့ သော့လေးနဲ့ဖွင့်မှ ပွင့်နိုင်မယ့် သီးသန့်နေရာ။

တစ်နေ့တော့ ကျွန်တော် အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်က အလုပ်ထွက်ပြီး ဟိုတယ်မှာ အလုပ်ဝင်ဖို့ အစ်ကိုတိုက်တွန်းလာတယ်။

"မင်းရုပ်ရည်နဲ့ ပညာအရည်အချင်းနဲ့ ဧည့်ကြိုကောင်တာမှာ ကောင်းကောင်းလုပ်လို့ရတယ်၊ ဒီနေရာမှာ အလကားအချိန်ကုန်ခံမနေနဲ့ ညီ.. တိုးတက်ဖို့လမ်းမရှိဘူး.. အစ်ကိုသူဌေးဟိုတယ်က ဒီမြို့မှာ အကောင်းဆုံးပဲ..မင်း အင်္ဂလိပ်လိုလည်း ကောင်းကောင်းပြောတတ်တာပဲ၊ အစ်ကိုတို့ဆီမှာလုပ်ရင် လခက အသားတင်၊ စားစရိတ် နေစရိတ်ငြိမ်းပဲ ညီရ၊ အကြာကြီးမလုပ်ချင်တောင် အတွေ့အကြုံရရင်ပြောင်းပေါ့၊ ဒီဟိုတယ်မှာ အလုပ်လုပ်ဖူးတယ်ဆိုရင် မင်းကိုဘယ်နေရာကမဆို လက်ခံမှာပဲ "

အစ်ကို ညာနေတာ မဟုတ်ဘူး။ အစ်ကို့သူဌေးဟိုတယ်ဟာ ဒီမြို့မှာ အကြီးကျယ်ဆုံး၊ နာမည်အရှိဆုံး ဟိုတယ်ကြီးတစ်ခု။ ရေကူးကန်တွေ၊ ဂေါက်ကွင်းတွေ၊ အစည်းအဝေးအတွက် ဧည့်ခန်းမကျယ်ကြီးတွေနဲ့လေ။ အတွေ့အကြုံမရှိ၊ ဘာသင်တန်းမှတောင် မတက်သေးတဲ့ ကျွန်တော့်လိုလူတစ်ယောက်အတွက် အစ်ကို့ကမ်းလှမ်းချက်က မြင့်မားလွန်းနေတော့ ကျွန်တော် မယုံရဲဘူး။

အစ်ကိုက သူဌေးအတွင်းရေးမှူးမို့လို့ ဟိုတယ်မန်နေဂျာတွေထက်တောင် အဆင့်မြင့်နေပြီး သူ တစ်ခွန်းဆိုရင်ပြီးတယ် တဲ့။ ကျွန်တော် အိမ်ကထွက်လာတာကိုသိလို့ သူ တတ်နိုင်သလောက် ကူညီပေးမယ်တဲ့။ ဘဝတိုးတက်ဖို့ဆိုတာဟာ ကျွန်တော် အရမ်းမျှော်လင့်နေတဲ့အရာ။ နောက်ပြီး ကျွန်တော် အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်က သိပ်မကြာခင် ပိတ်တော့မှာမို့ အစ်ကို့ကမ်းလှမ်းချက်ကို မငြင်းနိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒီဟိုတယ်မှာ ကျွန်တော် အလုပ်ဝင်ဖြစ်ခဲ့တယ်။

ဟိုတယ်ဝင်းကြီးက အကျယ်ကြီးမို့လို့ ဒီနေရာကိုရောက်ပြီး တစ်ပတ်ကျော်တာတောင် ဝင်းတစ်ခုလုံးစုံအောင် ကျွန်တော် မရောက်ဖူးသေးဘူး။ အိပ်တန်းပြန်ငှက်တွေကို မြင်နေရတဲ့ ဒီနေရာလေးကို အရမ်းသဘောကျလို့ မကြာမကြာ လာဖြစ်တယ်။ အစ်ကို့ကို နှုတ်ဆက်ပြီး ကျွန်တော့်အဆောင်ရှိရာကို ပြန်လာခဲ့တယ်။ ဖြစ်နိုင်ရင် အခန်းတစ်ခန်းမှာ ဝန်ထမ်း သုံး လေးယောက်ပေါင်းနေရတဲ့ အဲ့ဒီ့အဆောင်တွေမှာပဲ ကျွန်တော် နေချင်တယ်။ အစ်ကို့ကို နားလည်အောင် ပြောရမယ်။ တစ်ယောက်တည်းသီးသန့်နေရတာမျိုး ကျွန်တော်မကြိုက်ဘူး။ တက္ကသိုလ်ပထမနှစ် အဆောင်မှာနေချိန်ကလို သူဌေးသားပုံစံ သီးသီးသန့်သန့်ကြီးကို ကျွန်တော် စိတ်ကုန်တယ်။ နောက်ပြီး တခြားဝန်ထမ်းတွေရှေ့မှာ အခွင့်ထူးခံလိုပုံစံမျိုး ကျွန်တော် မနေချင်ဘူး။ အလုပ်ကြိုးစား၊ လခရပြီး နေဖို့စားဖို့အဆင်ပြေနေရင် တော်ပြီလေ။ ကျွန်တော် ဒီလိုလာတာ အလုပ်လုပ်ဖို့နဲ့ ရှေ့ဘဝအနာဂတ်အတွက် ပြင်ဆင်ဖို့မဟုတ်လား။

ဗီရိုထဲက ယူနီဖောင်းကိုထုတ်ပြီး အဝတ်အစားလဲလိုက်တယ်။ ဒီဟိုတယ်မှာ ယူနီဖောင်းကအစ လျှော်ပြီးသား၊ မီးပူတိုက်ပြီးသားအဆင်သင့်ကို ကျွန်တော်တို့ ဝတ်ရတာ။ ကျွန်တော့်နာမည်ပါတဲ့ ရွှေရောင်ချိတ်လေးကို ရင်ဘတ်မှာတပ်ရင်း မှန်ထဲကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

ဧည့်ကြိုကောင်တာကို ကျွန်တော်ရောက်တော့ နိုင်ငံခြားသားတစ်ယောက်ကို တွေ့ရတယ်။ ကိုမျိုးသန့်က ဧည့်သည်မှတ်ပုံတင်ဖို့ ပက်စ်ပို့တောင်းပြီး ဖောင်ဖြည့်ခိုင်းနေတယ်။ ဘာလုပ်ရမလဲမသိလို့ ကျွန်တော်ကတော့ ဘေးနားမှာ အူကြောင်ကြောင်ပဲရပ်နေဖြစ်တယ်။ အလုပ်သစ်မို့လား၊ လူသစ်မို့လားမသိဘူး။ ကျွန်တော် တခြားဝန်ထမ်းတွေနဲ့ သိပ်မခင်သေးဘူး။ သူတို့ကလည်း သိပ်ပြီးဖော်ဖော်ရွေရွေမရှိသလိုပဲ။ ကျွန်တော့်ကို စကားပြောတာ၊ အလုပ်အကြောင်း ဂရုတစိုက်သင်ပေးတာမျိုးတွေ အခုထိ မရှိဘူး။ ဒီလိုပဲ ဂျူတီချိန်မှာ ဘာလုပ်ရမှန်းမသိဘဲမိုးတိုးမတ်တတ် အချိန်ကုန်တာများတယ်။

"ကျွန်တော် အခန်းလိုက်ပို့ပေးလိုက်ရမလား"

"မလိုဘူး"

လူခေါ်ခလုတ်ကို တစ်ချက်ဖိရင်း ကိုမျိုးသန့် ခပ်ပြတ်ပြတ်ဖြေတယ်။ သိပ်မကြာဘူး။ ကိုကျော်အေးရောက်လာပြီး ဧည့်သည်ရဲ့လက်ဆွဲသေတ္တာကိုယူပြီး ထွက်သွားတယ်။ ကျွန်တော် အူကြောင်ကြောင် ဆက်ရပ်နေမိတုန်းပဲ။ ကိုမျိုးသန့်ဆီက ရယ်သံလိုလို လှောင်သံလိုလို ထွက်လာတယ်။

"ဟိန်းသက်"

"ဗျာ.."

"မင်း အဲ့လူဆီမှာ ညသွားအိပ်ပါလား၊ ဒေါ်လာရာတန်တွေရမှာ ဟက် ဟက်"

ကျွန်တော့်မျက်နှာကို ရေနွေးနဲ့ပက်ခံလိုက်ရသလို ပူခနဲပဲ။ စော်ကားခံရမှန်းနားလည်ပေမယ့် တုန့်ပြန်ဖို့တော့ မဝံ့ရဲဘူး။ နောက်နေတာပါဆိုတဲ့ ပေါပေါပဲပဲစကားတွေနောက်မှာ ဒီလိုပြောခံရတာ ကျွန်တော် ရောက်လာချိန်ကတည်းကပဲ။ အလုပ်သစ်၊ လူသစ်ဖြစ်လို့ သည်းခံဆိုတဲ့အတွေးနဲ့ပဲ မြိုသိပ်နေရတယ်။ ဒီလို သည်းမခံနိုင်လို့ အလုပ်ထွက်မယ်ဆိုရင် ကျွန်တော် ဘယ်သွားနေမလဲ။ ဘယ်လိုစားရမလဲ။ အိမ်ပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာ အခါတစ်သိန်းလောက် ကျွန်တော်နားလည်တယ်လေ။ အစ်ကို့ကိုလည်း ပြန်မတိုင်ချင်ဘူး။ နဂိုကတည်းကမှ သူဌေးရဲ့အတွင်းရေးမှူးက တန်းခန့်လိုက်လို့အလုပ်ရတယ်ဆိုပြီး တခြားဝန်ထမ်းတွေက ကျွန်တော့်ကိုရှောင်ဖယ်ဖယ် ဆက်ဆံနေကြတာမဟုတ်လား။

"ဟိုမှာ.. အစ်ကိုမောင်က မင်းအတွက်တဲ့.. လာပို့ထားတယ်"

ကိုမျိုးသန့်မေးငေါ့ပြတဲ့ ကောင်တာထောင့်နားက မုန့်ထုပ်တွေ။ ပြုံးချင်သလိုလို မဲ့ချင်သလိုလို ကိုမျိုးသန့်မျက်နှာကို ကျွန်တော် မကြည့်ရဲတော့ဘူး။ အစ်ကို့ကို နောက် ဒါမျိုးမလုပ်ဖို့ တောင်းပန်ရမယ်။

"ကိုမျိုးစားပါလား.. အများကြီးပဲ"

"မစားပါရစေနဲ့.. ပါကင်လေးတွေရဲ့အစာကို မထိရဲပါဘူး"

ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်ပြီး ကိုမျိုးသန့် ကွန်ပျူတာရှိရာလှည့်သွားတယ်။ မေးလ်စစ်နေတဲ့ သူ့နောက်နားက ကျော်ကြည့်တော့လည်း ကြိုက်ပုံမရဘဲ ကိုယ်နဲ့ကွယ်လိုက်လို့ ကျွန်တော့်မူလနေရာမှာပဲ ဆက်ရပ်နေဖြစ်တယ်။ စားပွဲထိုးလုပ်ခဲ့တုန်းက လုပ်ဖော်ကိုင်ဖက်တွေ တရုန်းရုန်းနဲ့ ပျော်ခဲ့ရတဲ့အချိန်တွေကို သတိရလိုက်တာ။ အခုတော့ ယူနီဖောင်းခန့်ခန့်ကြီး၀တ်ပြီး အသက်ရှူကျပ်နေသလိုပဲ။

"ဟိန်းသက်..မနက်ဖြန်အလုပ်ဆင်းစရာမလိုဘူး"

"ဗျာ..ဘာဖြစ်လို့လဲ"

"ငါတို့ဟိုတယ်မှာ ၀န်ထမ်းတွေအတွက်တစ်နှစ်တစ်ခါ ပါတီလုပ်ပေးတယ်"

"ဗျာ.. ဟုတ်ကဲ့"

"မနက်ဖြန် အဲ့ဒီ့ Staff Party ရှိတယ်.. နောက်ပြီး တစ်လတစ်ခါ အတော်ဆုံးဝန်ထမ်းတွေကို ဆုပေးတာမျိုးလည်းရှိတယ်.. အရွေးခံရရင် တစ်လစာအပိုရတာ"

"ပျော်စရာကြီးဗျာ"

ကျွန်တော် ဝမ်းသာသွားတယ်။ တစ်ခေါက်တစ်ခါတော့ အဲ့ဒီ့ဆုကို ရအောင် ကျွန်တော်ကြိုးစားဦးမယ်။ လခတစ်လစာအပိုဆိုတာ ကျွန်တော်တို့အတွက် မနည်းဘူးလေ။ ဘာပဲဖြစ်ဖြစ် အစ်ကိုမောင့်ကို ကျေးဇူးတင်ရမယ်။ ဟိုတယ်မှာ အလုပ်လုပ်ရတာ လစာအပြင် ဧည့်သည်တွေပေးတဲ့ အပိုဆုဘောက်ကြေးတွေလည်းရတယ်။ နိုင်ငံခြားငွေတစ်ဒေါ်လာဆိုရင်တောင် မြန်မာငွေနဲ့ပြန်လဲရင် အများကြီးရတာ မဟုတ်လား။ တစ်ချို့ဧည့်သည်တွေဆိုရင် ငါးဒေါ်လာလောက်ကို ဘာမှတန်ဖိုးမရှိသလို ပေးပစ်ခဲ့တာ။ ကျွန်တော် ပိုက်ဆံစုချင်တယ်။ ပြီးရင် ရန်ကုန်သွားပြီး ဟိုတယ်သင်တန်းတွေတက်ချင်တယ်။

ဒီလိုဆိုတော့လည်း ဒီဟိုတယ်မှာ အလုပ်ရတာ ကျွန်တော်ကံကောင်းတယ်လို့ တွေးမိတယ်။ ဝန်ထမ်းအချင်းချင်း ပြဿနာအသေးအဖွဲလေးတွေကို လျစ်လျူရှုနိုင်ရင် ပြီးတာပဲမဟုတ်လား။ သူ့ဂျူတီချိန်ပြီးတော့ ကိုမျိုးသန့် အဆောင်ပြန်သွားတယ်။ ဧည့်ကြိုကောင်တာမှာ ကျွန်တော်တစ်ယောက်တည်းကျန်ခဲ့ပေမယ့် ရောက်စကလို စိတ်တော့မပူတော့ဘူး။ ညဂျူတီချိန်က နေ့ဂျူတီထက်အများကြီးသက်သာတယ်။ တစ်ခါတလေ ဧည့်သည်အဝင်နောက်ကျတာမျိုး၊ မနက်အစောကြီး check out လုပ်မယ့်ဧည့်သည်တွေရှိမှ အလုပ်ရှုပ်တာမျိုးလေ။ ဆိုဖာတွေပေါ်ခြေဆန့်ရင်း တရေးတမောပါ အိပ်လို့ရတယ်။

နောက်တစ်နေ့ အလုပ်မဆင်းရပေမယ့် ပါတီပွဲတော့ ကျွန်တော် မသွားဖြစ်ဘူး။ ကျွန်တော်က ဒီကိုရောက်လာတာ တစ်လတောင်မပြည့်သေးတဲ့ ဝန်ထမ်းသစ်မဟုတ်လား။ တခြားဝန်ထမ်းတွေနဲ့လည်း သိပ်မခင်သေးတော့ သွားရင်လည်း တစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်နေဦးမယ်။ အဲ့ဒီ့အစား အဆောင်ခန်းထဲမှာပဲ စိတ်အေးလက်အေး နားချင်တယ်။

ဒေါက် ဒေါက်

အခန်းတံခါးခေါက်သံကို ကြားလိုက်ရတော့ ကျွန်တော် အံ့သြသွားတယ်။ ကျွန်တော်တစ်ယောက်တည်းနေတဲ့ အခန်းကိုလာလည်မယ့်သူက ..

"အစ်ကို"

"ညီ.. ပါတီမသွားဘူးလား"

"ဟင့်အင်း အစ်ကို.. မသွားချင်လို့"

"ဒါဆို အစ်ကိုနဲ့လိုက်ခဲ့၊ တစ်နေရာရာမှာ သွားဖြိုရအောင်"

လက်ထဲက ဝိုင်ပုလင်းကိုမြှောက်ပြတော့ ကျွန်တော် တွေသွားတယ်။

"လိုက်ခဲ့ပါ ညီရာ.. အစ်ကိုလည်း ဆူဆူညံညံတွေမကြိုက်ဘူး၊ တစ်ယောက်တည်းသောက်ရမှာ စိတ်ပျက်စရာကြီး..."

"မလိုက်တော့ဘူးအစ်ကို.. မနက်ဖြန်အလုပ်ဆင်းရဦးမှာ"

"ဘာဖြစ်လဲကွာ..ဂျူတီက ညပိုင်းမှမဟုတ်လား.. ဘာလဲ.. ညီက မသောက်တတ်လို့လား"

ကျွန်တော် သိပ်သောက်တတ်တာပေါ့။ အဖေဆုံးပြီးချိန်ကတည်းက တက္ကသိုလ်ကသူငယ်ချင်းတွေနဲ့ပေါင်းပြီး တံခါးပိတ် မိုးအလင်းသောက်ခဲ့ကြတာ။ ကျွန်တော့်အတွက် အရက်ဆိုတာ အစိမ်းသက်သက် မဟုတ်ဘူးလေ။ တော်ရုံလည်း မမူးတတ်ဘူး။ အရက်ကြမ်းတွေ ကိုင်ခဲ့တဲ့အထိ ကျွန်တော်တို့လက်ရဲခဲ့တာ။

"လာပါ.. အစ်ကိုတို့စကားပြောကြရအောင်.. ညီရာ... ဒီရောက်လာပြီးမှ သူစိမ်းဆန်နေလိုက်တာ.. အစ်ကို့ကို မခင်တော့ဘူးလား"

အစ်ကိုက စိတ်မကောင်းသလို မျက်နှာပျက်တော့ ကျွန်တော် မငြင်းချင်တော့ဘူး။ အရင်က အစ်ကိုနဲ့ ကျွန်တော် ပိုပြီး ရင်းရင်းနှီးနှီးရှိခဲ့တယ်။ တခြားသူတွေကို တစ်ခါမှမပြောဖြစ်ဖူးတဲ့ မိသားစုပြဿနာတွေကိုတောင် အစ်ကို့ကို ကျွန်တော် ရင်ဖွင့်ဖြစ်ခဲ့သေးတာပဲ။ ဒီရောက်ပြီးမှ ကျွန်တော် အစ်ကို့ကို ရှိန်နေတာ။ ဘာပဲဖြစ်ဖြစ် အစ်ကိုက ဒီနေရာမှာ သြဇာအာဏာရှိတဲ့လူတစ်ယောက်လေ။ ကျွန်တော်က ရိုးရိုးဝန်ထမ်းပဲမဟုတ်လား။

မြို့ငယ်လေးမှာ ဘောလုံးကွင်းလောက်ပဲမြင်ဖူးခဲ့တဲ့ ကျွန်တော့်လို နယ်ကကောင်လေးတစ်ယောက်အတွက် မြက်ခင်းစိမ်းစိမ်းနဲ့ တမျှော်တခေါ်ကျယ်လွန်းလှတဲ့ ဂေါက်ကွင်းကြီးပါ တွဲထားနိုင်တဲ့ ဟိုတယ်ကြီးရဲ့ ခမ်းနားမှုက အံ့မခန်းပါပဲ။ တစ်နေရာကတစ်နေရာကို လမ်းလျှာက်သွားဖို့ ဝေးလွန်းနေလို့ ဂေါက်ကွင်းသုံး လျှပ်စစ်ကားလေးတွေနဲ့ သွားရတာမျိုး။ လျှပ်စစ်ကားလေးကို အစ်ကိုကိုယ်တိုင်မောင်းတယ်။ ဝန်ထမ်းတွေအတွက် ပါတီပွဲလုပ်နေတဲ့ ရေကူးကန်နဲ့ ဆန့်ကျင်ဖက် ဂေါက်ကွင်းရှိတဲ့နေရာကို ကျွန်တော်တို့ ဦးတည်လာခဲ့ကြတယ်။ သီချင်းသံတွေ၊ စကားသံတွေဟာ တဖြည်းဖြည်းနဲ့ဝေးလာပြီး မြက်ခင်းပြင်ကြီးနဲ့ မီးရောင်လက်နေတဲ့ တောင်ခြေ မြို့မြင်ကွင်းကို မြင်လာရတယ်။ မှောင်ရိပ်သန်းနေပေမယ့် နေဝင်သွားတဲ့ မိုးကုပ်စက်ဝိုင်းနေရာက ကောင်းကင်ပြင်က လင်းနေသေးတယ်။

"ညီ အိမ်နဲ့အဆက်အသွယ်ရလား"

"ဟင့်အင်း"

"ညီက မဆက်သွယ်တာလား"

"ဟုတ်တယ်"

"သူတို့ကရော.. ညီ့ကို မဆက်သွယ်ကြဘူးလား"

"ကျွန်တော်က တစ်ကောင်ကြွက်ပါ အစ်ကိုရာ.. ဘယ်သူမှ ကျွန်တော့်အတွက် စိတ်မပူဘူး"

"အေးကွာ.. လူကြီးတွေကခက်တယ်..အခု အစ်ကိုရှိနေတာပဲ.. ဘာမှအားမငယ်နဲ့"

ရယ်စရာတွေပြောတတ်ပြီး စကားသွက်တဲ့အစ်ကိုက ဒီညနေတော့ စကားသိပ်မပြောဘူး။ တစ်ခါသုံး စက္ကူခွက်ထဲငှဲ့ထည့်ပေးတဲ့ ဝိုင်တစ်ခွက်ကို ကျွန်တော်လှမ်းယူပြီး ခပ်ဖြည်းဖြည်းပဲ သောက်ဖြစ်တယ်။ အစ်ကိုက စကား သိပ်မပြောဘဲ တိတ်ဆိတ်နေတာ တစ်မျိုးဖြစ်နေသလိုပဲ။

"ဒီဟိုတယ် ဖွင့်တာကြာပြီလား အစ်ကို"

"ဒါလား.. မကြာသေးဘူး ညီရ.. အရင်က.."

မှောင်ရိပ်သန်းလာသလို လေတိုက်နှုန်းလည်း မြန်လာသလိုပဲ။ ကျွန်တော့် မျက်တောင်တွေကို ပုတ်ခတ်ရင်း လက်ထဲက ဝိုင်ခွက်ကို ငုံ့ကြည့်လိုက်တယ်။ ဘာဖြစ်တာလဲ။ တစ်မျိုးပဲ။

"သိလား ညီ.. အဲ့ဒီ့အချိန်တုန်းက ဒီနေရာမှာ ဂေါက်ကွင်းကြီးမရှိသေးဘူး.. "

ကျွန်တော့်ဘေးက အစ်ကိုက ဒီဟိုတယ်ကြီးဖြစ်လာပုံကို တဖွဲ့တနွဲ့ပြောနေလေရဲ့။ ဒါပေမဲ့ ကျွန်တော့်နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေတယ်။ ခေါင်းထဲမှာ တရိပ်ရိပ်ဖြစ်လာတယ်။ မူးတာထက်ဆိုးတဲ့ ခံစားချက်ကြီး။ ရီဝေဝေဆိုတာထက် လူနဲ့စိတ် မကပ်နိုင်တော့သလို တစ်ကိုယ်လုံးလေးလံနေတာ။

"ညီ.. ရလား.. ဟား.. မူးနေပြီလား ညီရ"

အစ်ကို့အသံတွေက တလုံးတထွေးကြီးနဲ့ နားထောင်ရတာ အဆင်မပြေဘူး။ မဖြစ်နိုင်တာ။ အရက်တစ်ခွက်သောက်တာနဲ့ ကျွန်တော်က မူးမယ့်သူမဟုတ်ဘူး။ အခု ဘာဖြစ်နေတာလဲ။ အသိစိတ်က ကပ်လိုက်ခွာလိုက်။ ကျွန်တော့်ကို အစ်ကိုက ဆွဲထူတယ်။ နောက် ဘာမှမသိတော့ဘူး။ တစ်ချက်အသိပြန်ရတဲ့အချိန် ကားပေါ်ကနေ ကျွန်တော့်ကို အစ်ကိုတွဲချနေတာ။ နေဦး။ ဒါ.. ဒါ .. ဒါ ကျွန်တော့်အခန်းမဟုတ်ဘူး။ အစ်ကိုဘာလုပ်နေတာလဲ။ စကားပြောဖို့ကြိုးစားပေမယ့် မရဘူး။ ကျွန်တော့်ရင်ဘတ်ပေါ်ကို ဘီလူးတစ်ကောင် တက်ခွပြီး ဖိ ထားသလို အသက်ရှူ မဝဘူး။

နောက်တော့..

ကျွန်တော် ဘာမှမသိတော့ဘူး။

ပြန်ပြီး အသိစိတ်ကပ်ချိန်မှာ မိုးလင်းနေပြီ။ ကျွန်တော်ဟာ အစ်ကို့အခန်းထဲက အိပ်ရာပေါ်မှာပက်လက်။ ဘာအဝတ်အစားမှမပါတဲ့အပြင် တစ်ကိုယ်လုံး စူးအောင့်နေအောင်ကိုနာတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို မေးစရာမလိုအောင် ကျွန်တော့်ကိုယ်ခန္ဓာက မခံမရပ်နိုင်အောင် နာကျင်မှုကသက်သေ။ မျက်ရည်တွေစိမ့်ထွက်လာတဲ့အထိ နာတယ်။ လှုပ်လို့မရအောင်နာတယ်။

ဘာလို့လဲ။ ဘာလို့ ကျွန်တော့်ကို ဒီလိုလုပ်လိုက်ရတာလဲ။ ကျွန်တော့်မျက်စိရှေ့မှာမြင်နေရတဲ့ လူဟာ ကျွန်တော်သိထား ခင်ထားခဲ့တဲ့လူတစ်ယောက်မဟုတ်တော့ဘူး။ ဒေါသရယ်၊ ရှက်တာရယ်၊ ဝမ်းနည်းတာရယ်၊ ခံရခက်တာရယ်။ လုံးဝမထင်ထားတဲ့အခြေအနေ။ ကျွန်တော် ရွံလိုက်တာ။

"အစ်ကိုက ညီ့ကိုချစ်လို့ပါ"

ခပ်ပေါပေါရုပ်ရှင်တွေထဲကလို ဘာအဓိပ္ပါယ်မှမရှိတဲ့ စကားတစ်ခွန်းကို ကျွန်တော့်ကိုပြောတယ်။ ဘာမှသိပ်မထူးဆန်းတဲ့ အဖြစ်အပျက်လိုမျိုး ကျွန်တော့်ရှေ့မှာ အေးသက်သာထိုင်နေသူကို ကျွန်တော် ကြောက်လည်းကြောက်၊ မုန်းလည်းမုန်းတယ်။

"မင်း ဘယ်သူ့ကိုမှ မပြောနဲ့နော် ညီ.. ဒါမျိုးတွေက လူသိရင် မင်းပဲကဲ့ရဲ့ခံရမှာ၊ အစ်ကိုတို့တွဲရအောင်.. ဘယ်သူမှတော့ မသိစေနဲ့ပေါ့..."

ကြောက်စရာအပြုံးတွေနဲ့ ခြိမ်းခြောက်တဲ့စကားသံမမြည်တဲ့ ချော့မော့သံတွေ။ ကျားသတ္တဝါတွေအကြောင်း ကျွန်တော်ကြားဖူးတယ်။ သားကောင်ကို ကိုက်ဖြတ်စားပြီးရင်တောင် အကြွင်းအကျန်တွေကို သူ ဆာလာတိုင်း နောက်တစ်ခေါက်ထပ်လာစားတယ်။ နောက်ဆုံးအရိုးအရင်းပဲကျန်တဲ့အထိ။ ဒီလူလည်း သားကောင်ဖြစ်တဲ့ ကျွန်တော့်ကို သူ့အပိုင်ဖြစ်အောင် သိမ်းသွင်းနေတာ။ ကျွန်တော့်ကို ဒီတစ်ခါတည်းအတွက် သူ ရည်ရွယ်ထားတာ မဟုတ်မှန်း သူ့စကားတွေက နားလည်စေတယ်။

"အစ်ကိုက ညီ့ကို တကယ်ချစ်တာ.. စားသောက်ဆိုင်မှာ စ တွေ့ကတည်းကချစ်တာ.. ဒီမှာ ညီ့ကို ဘယ်သူမှ လက်ဖျားနဲ့မထိစေရဘူး.. "

"ကျွန်တော်နာတယ်"

မျက်ရည်တွေကြားက ပြောမိတာ ဒီတစ်ခွန်းပဲ။ သူက ရယ်တယ်။

"ပထမဆုံးတစ်ခေါက်မို့ပါ ဟဲ ဟဲ"

ငယ်ငယ်က ဆုံခဲ့ဖူးတဲ့ အမှောင်ထဲက စီးကရက်မီးရဲရဲနဲ့ လူရဲ့အရိပ်ကိုမြင်တယ်။ မလှုပ်မရှားနိုင်အောင် အကူအကွယ်မဲ့တဲ့ ဒီခံစားချက်ဆိုးဆိုးက အသစ်တစ်ဖန် ကျွန်တော့်ဆီရောက်လာပြန်ပြီ။ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး မလှုပ်ရဲလောက်အောင် နာနေတယ်။ ကျွန်တော့်ဘဝမှာ ဒီအခြေအနေထိ ရောက်ခဲ့တာ ဒီတစ်ခေါက် ပထမဆုံးအကြိမ်ပဲ။ ကျွန်တော် ဘာဖြစ်သွားပြီလဲ။ မစဥ်းစားချင်ဘူး။

ကျွန်တော် ဒီလူ့ကို ယုံခဲ့မိတာလေ။ အားကိုးခဲ့မိတာ။ မိသားစုလိုပဲ သဘောထား ညီရာ ဆိုတဲ့ ပျားရည်ဆမ်းထားတဲ့ အဆိပ်စကားလုံးတွေနောက်မှု မြှုပ်နှံထားတဲ့ လူမဆန်တဲ့ရည်ရွယ်ချက်ကို မမြင်ခဲ့မိဘူး။

"ကျွန်တော့်ဝိုင်ခွက်ထဲ အစ်ကို ဘာထည့်လိုက်လဲ"

"ဘာမှမထည့်ပါဘူး.. ညီက မသောက်နိုင်တာ"

"မဟုတ်ဘူး.. ကျွန်တော် အရက်သောက်နိုင်တယ်၊ တစ်ခါမှဒီလိုမဖြစ်ဖူးဘူး"

"မသောက်တာကြာရင်ဖြစ်တတ်ပါတယ် .. ဟဲ ဟဲ.. ... ညီ့အတွက်က ပထမဆုံးမဟုတ်လား.. အစ်ကို အစကတည်းက ထင်ထားတယ်.. ဟဲ ဟဲ"

ဘာလို့တစ်ချိန်လုံးအကြောင်းပြချက်မရှိဘဲ ရယ်နေရတာလဲ။ သိပ်ကျေနပ်နေတဲ့ မျက်နှာ။ ဒါပေမဲ့ ထွေထူးစိတ်ပူနေတာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော်ဟာ သူ့လက်ခုပ်ထဲကရေဆိုတာကို ဒီလူ ကောင်းကောင်းနားလည်တယ်။

ကိုမျိုးသန့်ရဲ့ ပါကင်လေးတွေရဲ့ ဆိုတဲ့စကားကို ကျွန်တော် အခုမှနားလည်တယ်။ ကျွန်တော်က ဘယ်နှစ်ယောက်မြောက်လဲ။ ကျွန်တော့်ရဲ့ အသုံးမကျတဲ့မျက်ရည်တွေက အခုအချိန်မှာ ဘာအသုံးဝင်မှာလဲ။ ဘာမှသေချာ မတွေးနိုင်လောက်အောင် နာတာပဲ ကျွန်တော်သိတယ်။ ဘယ်လောက်ငိုငို ခန္ဓာကိုယ်အောက်ပိုင်းက နာတာက မသက်သာဘူး။ ကျွန်တော့်ပေါင်မှာ၊ ခြေထောက်မှာ ပေရေနေတဲ့သွေးစီးကြောင်းတွေ။ ရေချိုးခန်းရောက်အောင် ကျွန်တော် လမ်းမလျှောက်နိုင်ဘူး။ အဲ့ဒီ့နေရာကို ဓါးနဲ့ထိုးခွဲထားသလိုကို စူးပြီးနာနေတယ်။

ဒဏ်ရာကြောင့် တစ်ပတ်လောက် ကျွန်တော် အလူးအလဲခံလိုက်ရတယ်။ အိမ်သာတက်တိုင်း မျက်ရည်ပေါက်ပေါက်ကျရပြီး သွေးအမြဲဆင်းနေပေမယ့် ဆရာဝန်ဆီ မသွားရဲဘူး။ တခြား ဘယ်သူ့ကိုမှ အကူအညီမတောင်းရဲဘူး။ ဒီလူဟာ ဘယ်သူမှအကူအညီမတောင်းရဲတဲ့၊ တောင်းနိုင်တဲ့အခြေအနေမရှိတဲ့ ကျွန်တော့်ကိုမှ စနစ်တကျ ရွေးခဲ့ပုံရတယ်။

"ဟိန်းသက်.. မင်းအတွက်တဲ့.."

ကိုမျိုးသက်ရဲ့ ပြုံးစစမျက်နှာကို ကျွန်တော် မမြင်ချင်ဘူး။ ဧည့်ကြိုကောင်တာမှာရောက်နေတဲ့ မုန့်တွေဟာ မစင်တွေလိုပဲ သိပ်ရွံဖို့ကောင်းတယ်။ ဒီနေရာမှာ သူဌေးပြီးရင် သူဟာ အာဏာအရှိဆုံးပဲဆိုတာ နားလည်သလို ကျွန်တော့်အတွက် ဟန်ဆောင်ကောင်းပြနေတာတွေဟာ သူ့ဆန္ဒပြည့်ဖို့တစ်ခုတည်းအတွက်ဆိုတာပါ ရှင်းနေပြီမဟုတ်လား။

"ဟိန်းသက်.. သူဌေးလာမယ်၊ အစ်ကိုမောင် မင်းကိုခေါ်နေတယ်၊ အခန်းသွားကူရှင်းပေးလိုက်ဦး"

"ကျွန်တော် အခန်းရှင်းပေးရမယ် ဟုတ်လား ကိုမျိုး"

"အေး.. မြန်မြန်သွား"

ဧည့်ကြိုကောင်တာကလူကို အခန်းရှင်းဖို့ ခေါ်ခံရတယ်ဆိုကတည်းက ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ ထူးပြီးမေးနေစရာ မလိုဘူးမဟုတ်လား။ ကျွန်တော် ရှက်လည်းရှက်တယ်။ ကြောက်လည်းကြောက်တယ်။ အဲ့ဒီ့လူနဲ့မျက်နှာချင်း မဆိုင်ချင်ဘူး။

"သွားလေ.. ဘာငိုင်နေတာလဲ"

သူဌေးလာရင် တည်းခိုလေ့ရှိတဲ့ သစ်ပင်ရိပ်ကြားက အဆောင်ရှိရာကို ကျွန်တော် သွားရပြန်တယ်။ ကျွန်တော့်အလာကို စောင့်နေတဲ့ အဲ့ဒီ့လူက ကျွန်တော်တို့ကြားမှာ ဘာမှမဖြစ်ခဲ့သလို အပြုံးနဲ့ကြိုနေတယ်။ စကားချိုချိုတွေပြောရင်း ဘာအနှစ်သာရမှ မပါတဲ့ ချစ်တယ်ဆိုတဲ့ စကားကို ထပ်ခါထပ်ခါ သုံးပြန်တယ်။ မှန်အနက်တွေ ကာရံထားတာ ဘန်ဂလိုတွေဟာ အထဲမှာဖြစ်သမျှကို ဘယ်သူမှမမြင်အောင် ဖုံးကွယ်နိုင်စွမ်းရှိနေသလား။ ကျွန်တော့်အတွက်တော့ သိက္ခာ၊ မာန၊ ဒေါသတွေ ဘာမှမကျန်တော့သလိုပဲ။

"ဟင့်အင်း.. ဟင့်အင်း.."

ကျွန်တော်အတင်းငြင်းတယ်။ တစ်ပတ်လောက် သေမလိုခံစားရတဲ့ ဒဏ်ရာတွေက ပျောက်သေးတာမှမဟုတ်တာ။ ကျွန်တော်လက်မခံတော့ တခြားနည်းနဲ့ ဆန္ဒဖြေဖို့ကြိုးစားတယ်။ ချွေးပြန်နေတဲ့ ဒီလူ့မျက်နှာကို အော့အံချင်တဲ့အထိ ကျွန်တော်ရွံတယ်။ သူ့လက်နဲ့ထိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း လက်မခံချင်နိုင်လောက်အောင် ဒေါသဖြစ်တယ်။ ကျွန်တော် ဒီနေရာကနေ ထွက်ပြေးမှဖြစ်မယ်။

Continue Reading

You'll Also Like

40.3K 1.5K 20
ခ်ယ္ရီကႀကဳိး - Lundi Tiger
171K 9.7K 32
OC BOY×BOY ဒါကတော့ သွယ့်ရဲ့ဒုတိယမြောက် OC Ficလေးပါ။ ဒီတစ်အုပ်ကိုတော့ အရင်တစ်ခုနဲ့ မတူအောင် ပုံစံတစ်မျိုးလေး ရေးသားထားပါတယ်။ ဖတ်ကြည့်ပေးပါဦးလို့
83.7K 4.4K 20
"Play boyတစ်​​ယောက်​က အချစ်​စစ်​ကို မ​တွေ့ရဘူးတဲ့လား နှိုင်းး ငါမင်းကိုတကယ်​ချစ်​တာ" "မင်းလိုplay boyတ​ယောက်​နှုတ်​က ထွက်​လာတဲ့ ချစ်​တယ်​ဆိုတာကို ငါ...
75.3K 3K 34
အချစ်ဆိုတာကို ကျွန်တော်မယုံဘူး လက်တွေ့ဆန်တဲ့ ငွေကိုသာယုံကြည်တာ အချစ်ကလက်တွေ့မဆန်ဘူးအကို... နှင်းခါးဝိုင် သံသရာတဲ့ အစမရှိသလို အဆုံးလဲမရှိဘူး။ ကိုယ်ရဲ့...