ဒီနေ့ မိုင်းနဲ့ အွန်လိုင်းမှာ Video call ပြောဖြစ်ကြသည်။ နှစ်ယောက်သား laptopရှေ့မှာ ထိုင်နေကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ထိုင်ကြည့်နေကြ၏။ မိုင်းက ဘာစကားမှ စ,မပြောဘဲ ဖုန်းခေါ်ပြီးထဲက ဒီအတိုင်း မျက်နှာတည်တည်နဲ့ ဆန်းကို ကြည့်နေတာပါ။
ဆန်းကလည်း မိုင်းအခြေအနေကို အကဲခတ်နေမိပါသည်။ ဟိုသုံးယောက် အုပ်စုဆီကနေ သတင်းတွေက ရထားပြီးသားပင်။ သူ့ရဲ့ ပြဿနာတွေကို မိုင်းက သိသွားခဲ့ပြီတဲ့လေ။ ဒါပေမယ့် အခုကျတော့ ဘာမှ မပြောသေးပေ။
"မင်း ငါ့ကို စိတ်ဆိုးနေတာလား မိုင်း ..."
"ဖြစ်သင့်တာပဲလေ ..."
အခုချိန်လောက်ဆိုရင် ဟိုသုံးယောက်ဆီကနေ ဆန်းလည်း သိနေလောက်ပြီလို့ မိုင်းထင်ထားပါသည်။ ဒါကြောင့် စကားတွေရဲ့ အဓိပ္ပာယ်ကို အလိုလို နားလည်နေခဲ့၏။
"မင်း ဒီလိုတွေ ဖြစ်နေတာကို ငါ့ကို ပြောပြသင့်တယ် ...ငါတို့က ဘယ်လိုပတ်သက်မှုတွေလဲ ဆန်း ...ငါ့မှာ ဒီလောက်လေးတောင် သိခွင့်တွေ မရှိရတော့ဘူးလား ..."
"မဟုတ်ဘူးလေကွာ ...ငါက မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ပါ ..."
"မင်းက ငါ့အတွက် ဝန်ပိုတစ်ခု မဟုတ်ဘူး ဆန်း ...မင်းက ငါ့ရဲ့ အရာရာပဲ ...မင်း ခံစားနေရတာက ငါခံစားနေရသလိုပဲ ...မင်း နာကျင်ရတာက ငါနာကျင်နေရသလိုပဲ ..."
မိုင်း သူ့ကို ဘယ်လောက်ထိ ချစ်သလဲ သူသိသည်။ ပြီးတော့ မိုင်းရဲ့ တဇွတ်ထိုး လုပ်တတ်တဲ့ စိတ်တွေကိုလည်း သူသိသည်။
"မင်း အဖေကို ခြိမ်းခြောက်တယ်ဆို ..."
"ဟိုသုံးယောက်ထဲက ဘယ်သူပြောပြတာလဲ ဒါကို ..."
ဆန်းကို ကောင်းသစ်လွင် ပြောပြတာပါ။
"မလိုအပ်တာဆိုရင် သတင်းပို့မြန်တဲ့ ဟာတွေ ...ငါ့ဆန်း ဒုက္ခရောက်နေတာကျတော့ သတင်းမပို့ဘူး ...ကြည်သာ,သာ ငါ့ကိုမပြောပြရင် ဘယ်အချိန်ထိ ငါက မသိဘဲ နေနေရမှာလဲ ...ကျောင်းပြီးလို့ ပြန်လာရင် မင်းအရိုးနဲ့ အရေပဲ ငါမြင်ရတော့မှာ ..."
"ဟာ ..."
ပြောချလိုက်တဲ့ စကားက အဆုံးထိ။ ဆန်း ရယ်ချင်သွားရ၏။
"ဘာ ဟာလဲ ...မဟာနဲ့ ...ငါမင်းကို အနားမှာရှိရင် ကောင်းကောင်း အပြစ်ပေးမိမှာ သိလား ..."
"ဘယ်လိုပေးမှာလဲ ..."
"သိချင်လို့လား ..."
မျက်နှာအမူအရာက ကောက်ကျစ်စဉ်းလဲချင်နေတဲ့ အနေအထားမျိုးနဲ့ မေးလာလေသည်။
"အိပ်ယာထဲကနေ မထနိုင်အောင် ..."
မိုင်းရဲ့ ပြောလက်စ စကားကို ဖြတ်ပြောလိုက်တဲ့ဆန်း။
"ဘာ မထနိုင်အောင်လဲ ...နောက်တစ်ခါ ငါ့အလှည့်လို့ မင်းပြောထားတယ်လေ ..."
"အဲ့ဒါလိမ်တာ ...ငါပြောတာကို မင်းက ယုံနေတာလား ..."
"ထင်တော့ ထင်သားပဲ ...မင်းဒီလောက် သဘောမကောင်းနိုင်ဘူး ဆိုတာ ..."
"ဟုတ်တယ် ငါက သဘောမကောင်းဘူး အူပုပ်စိတ်ပုပ် ...ဒါပေမယ့် မင်းလိုတော့ မပွင့်မလင်း လုပ်မနေဘူး ...ငါအမြဲ မင်းနဲ့ဆို ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ် ...မင်းသာ ငါ့ကို ထိမ်ချန်ထားတာတွေ ထုတ်မပြောဘဲ တိတ်တိတ်လေး ဖြေရှင်းတာတွေ လုပ်နေတာ ..."
"အစထဲက ငါ့ရဲ့ ရှင်သန်ရပ်တည်မှုအတွက် ငါ့ကိစ္စ ငါရှင်းမယ်လို့ ပြောထားပြီးသားပဲလေ ..."
"အဲ့ဒါက သာမန်ရိုးကျ ကိစ္စတွေကို ပြောတာလေ ...အခုဟာက ငါ့အဖေကြောင့် ဖြစ်နေရတာ ...မင်း ငါ့ကို ပြောပြသင့်တာပေါ့ ...
သူများတွေ ဆီကနေ တဆင့် ငါက နောက်ဆုံးမှ သိရတော့ ကိုယ့်ချစ်သူ တစ်ယောက်လုံးကိုတောင် မကာကွယ်ပေးနိုင်တဲ့ အသုံးမကျတဲ့ကောင်ကြီး လုံးလုံးကို ဖြစ်ရော ..."
"ငါ့ကြောင့် ထပ်ခါထပ်ခါ မင်းအဖေနဲ့ ပြဿနာတွေ ဖြစ်နေရတာမျိုးကို ငါက မလိုချင်လို့ပါ ...မင်းသိသွားရင် ဒီလိုတွေ လျောက်လုပ်မယ် ဆိုတာကို သိနေပြီးသား ...အခုတောင် ဆေးစွဲအောင် လုပ်မယ် ဘာညာနဲ့ မင်း ရူးမိုက်တာတွေ လုပ်မလို့လေ ..."
"ငါ တကယ်လုပ်မှာ... ဖေဖေသာ အလျော့မပေးရင် ..."
"သားအရင်း တစ်ယောက်လုံး ဒီလိုဖြစ်မှာကို ဘယ်အဖေက လက်ခံနိုင်မှာလဲ ...မင်းအဖေအတွက်လည်း ထည့်စဉ်းစားပေးဦး ...အဲ့ဒါ မင်းအဖေအရင်းနော် မိုင်း..."
"မင်း ယောက္ခထီးကို စိတ်ပူမနေနဲ့ သဏ္ဍာန်ဆန်း ...မင်းအတွက်ပဲ မင်းပူ ...သူက မင်းကို လုံးဝ အလွတ်ပေးသေးတာ မဟုတ်ဘူး...အခုတောင် ငါမနည်း တောင်းပန်ထားရတာ ...
ကျောင်းပြီးလို့ ပြန်လာရင် မင်းနဲ့ လုံးဝမဆက်သွယ်ပါဘူးဆိုပြီးတော့ အလိမ်အညာတွေနဲ့ ငါပြောထားရတယ် ...ငါတော်တော် မကောင်းတာပါ ...အဖေကို လိမ်ညာတာတွေ တော်တော်များများနေပြီ ..."
"ကိုယ့်ကိုယ်ကိုယ်တော့ သိသေးသားပဲ ..."
နှုတ်ခမ်းလေး မဲ့လိုက်တဲ့ ဆန်း။
"ပြီးတော့ ပြောရဦးမယ် ..."
"ဘာလဲ ..."
"မင်းကို ငါ့အဖေ ပထဆုံး ခေါ်တွေ့တုန်းက ဘာလို့ ငါ့ကိုလက်လွှတ်မယ်လို့ ကတိပေးရတာလဲ ..."
ဆန်းကို ချက်ချင်းပြန်မဖြေဘဲ သူ့ကိုကြည့်နေသေးသည်။ နောက်မှ ...
"ငါအဲ့ဒီ့တုန်းက မင်းအဖေရဲ့ ခြိမ်းခြောက်စကား တွေကြောင့် တော်တော်လေး တုန်လှုပ်သွားတယ် မိုင်း ...မင်းကို ဒုက္ခဆင်းရဲတွေကြားမှာ ငါနဲ့အတူတူ ခေါ်ထားဖို့ ဖြစ်နိုင်ပါ့မလားလို့ ငါတွေးမိခဲ့တယ် ..."
ဒါကြောင့် သူနဲ့နောက်ဆုံး တွေ့ခဲ့တဲ့ နေ့တွင် ဆင်းဆင်းရဲရဲ ဘဝမှာ အတူနေနိုင်လားလို့ မေးခဲ့တာပဲဖြစ်မည်။ ဒါတွေကြောင့် ဒီကောင်လေး တုန်လှုပ်နေခဲ့သည်တဲ့လား။
"မင်း မဟုတ်တဲ့ အတိုင်းပဲ ဆန်းရယ် ...ဘာလို့ ဒီလောက်တောင် တုန်လှုပ်သွားရတာလဲ ...မင်းငါ့အတွက် အဲ့ဒီ့လောက်တောင် တွေးပူနေခဲ့တာလား ...ပြီးတော့ ပင်ပန်းဒုက္ခ အရောက်ခံပြီး ငါ့အဖေကိုလည်း မကြောက်မရွံ့ စိမ်ခေါ်လိုက်သေးတယ် ...မင်း အဲ့ဒီ့လောက်တောင်မှ ငါ့ကို ချစ်ရလား ..."
"အဲ့ဒီ့လောက်ထိ ချစ်မိနေတဲ့ငါ့ကို မင်း ချီးမွမ်းသင့်တယ် မဟုတ်ဘူးလား ...ဘာလို့ ဆူပူနေသေးတာလဲ ..."
"ဆူပူတယ်ဆိုတာက ငါ့ကို ရင်ပူအောင် လုပ်လို့လေ ...မင်းကိုငါက ဒီအတိုင်းလေး မထိမခိုက်ဘဲ အလြှပထားတဲ့ အရုပ်ကလေးလို ရှိနေစေချင်တာ ...ဒီလိုမျိုး ပြဿနာအရပ်ရပ်နဲ့ ဒုက္ခတွေကြားမှာ ရှိနေတာမျိုးကို ငါမလိုချင်ဘူး ...
ကြုံလာသမျှကို ငါပဲ ရင်ဆိုင်ချင်တာ ..."
"ငါက အရုပ်မှ မဟုတ်တာ ...ပြီးတော့ မိန်းခလေးတစ်ယောက်လည်း မဟုတ်ဘူး ...မင်းငါ့ကို ယုယုယယ အလှထိုင်ကြည့်နေလို့ ဘယ်ရမလဲ ...ငါလည်း ယောင်္ကျားလေးပဲ ရင်ဆိုင်သင့်တာကို ရင်ဆိုင်ရမှာပေါ့ ..."
"အရမ်းတွေ ယောင်္ကျားဆန်ချင်နေတာလား ..."
"ယောင်္ကျားလေးက ယောင်္ကျားဆန်တာ ဘာမှားနေလို့လဲ ..."
"မင်းမမှားဘူး ...ငါမှားတာ ...ငါက ချစ်သူတစ်ယောက်ကို ယောင်္ကျားဖြစ်ခြင်း မိန်းမဖြစ်ခြင်းတွေ ထည့်မတွက်မိလိုက်ဘူး ...ငါသိပ်ချစ်တဲ့ လူသားတစ်ယောက်ကို အထိခိုက် မခံနိုင်ရုံဘဲ... အတ္တတွေ ကြီးခဲ့မိတာ ..."
မိုင်းရဲ့ သတ်မှတ်မှုကြောင့် ဆန်းရဲ့ ရင်ထဲမှာ စိမ့်စမ်းရေလေးတွေ စီးဆင်းသွားသလိုပင်။ ဒီတစ်ယောက်ဟာ အပြောတော့ ကောင်း၏။ ဒါပေမယ့် တကယ်လည်း လက်တွေ့ဆန်တဲ့သူ။
"ငါလေ မင်းကို ယူပြီးရင် ဘယ်သူမှ မထိရ မကိုင်ရ ဆိုပြီးတော့ သံကွန်ချာထဲ ထည့်ထားမိမလားဘဲ ..."
"ဘယ်သူက မင်းကို ယူမယ်လို့ ပြောမိလို့လဲ ..."
"မယူဘူးဆိုတော့ ဘာလဲ အပျော်တွဲတာလား ငါ့ကို ...မရဘူးနော် သဏ္ဍာန်ဆန်း ...မင်းလက်သီးနဲ့ အထိုးခံရမယ် ...ငါကိုပဲ လက်ထပ်ရမယ် မင်း ..."
"ငါ့သဘောပဲ ..."
ဆန်းက မိုင်းကို စ၍ မခံချင်အောင် ပြောနေလေရဲ့။ တကယ်က ဒီလူ့ကိုမှ မယူရင် ဘယ်လူကို သူလက်ထပ်မှာတဲ့လဲ။ မိုင်းက သူ့အတွက်လည်း အရာရာ ဖြစ်နေတာမို့။
"အဲ့ဒါ ငါ့စကားလုံး ..."
"ဘာဖြစ်လဲ ငါယူသုံးတာ ..."
"အေးပေါ့ အေးပေါ့ ...လင်မယားတွေဆိုတော့လည်း မင်းယောင်္ကျားရဲ့ စကားလုံးတွေက မင်းအပိုင်ပဲပေါ့ ...ယူပါ ယူပါ ...မင်းသဘော ..."
"ခွေးကောင် ..."
"အဲ့ဒီ့ခွေးလေးက မင်းယောင်္ကျားနော် ...မင်းက ခွေးလေးနဲ့ အတူတူ ဟိုဟာ ဖြစ်ခဲ့တာပေါ့ ဒါဆို ...အဟက် ..."
"အရိုင်းကောင် ...မင်းအပေါက် ပိတ်ထားလိုက်တော့ ..."
"ဘာဖြစ်လဲ မဟုတ်လို့လား ..."
မိုင်းက ဆန်းကို အနိုင်ရအောင် ပြန်၍ စနောက်နေပြန်ပါသည်။ စကားတတ်တဲ့ ဒီတစ်ယောက်ကို ဆန်း,မနိုင်ခဲ့ပါ။
"ဆန်း ငါမင်းကို တအားလွမ်းတာပဲကွာ ...အရမ်း အရမ်း အရမ်း ...သဏ္ဍာန်ဆန်းရဲ့စိတ်နဲ့ မိုးလင်းပြီး ...သဏ္ဍာန်ဆန်းရဲ့ စိတ်နဲ့ပဲ မိုးချုပ်နေရတယ်..."
"ငါလည်း လွမ်းပါတယ် ..."
"ဒီလောက်ပဲလား ...ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ လွမ်းခြင်းအတိုင်းအတာကို သေချာပြောပြလေ ..."
"ငါက ကဗျာဆရာ မဟုတ်ဘူး ...လွမ်းခြင်း အဖြာဖြာကို မင်းလို တီတီတာတာ ချွဲတာမျိုးတွေလည်း ငါမလုပ်တတ်ဘူး ...လွမ်းရင် လွမ်းတယ် ဒါပဲ... အဲ့ဒါက ရင်ထဲက တကယ်လာတာ ..."
"အပြောအဆိုလေးက ညက်ညောနေတာပဲ နော်...စကားကို ဘာလို့ အဲ့ဒီ့လောက်ထိ ချစ်စရာကောင်းအောင် ပြောနေရတာလဲ ...ငါ့မှာ မင်းမှမင်း ဖြစ်ပြီးတော့ နောက်တစ်ယောက်နဲ့တောင် မဖောက်ပြန်နိုင်တော့ဘူး ...အရမ်း ချစ်စရာကောင်းနေလို့ ချစ်သူက ..."
စကားက ရွဲ့ပြောသလိုလို အတည်လိုလို။ ဒါပေမယ့် ချစ်စရာကောင်းတယ်လို့ မြင်တာကတော့ အမှန်ပင်။
"တော်စမ်းပါ မင်းစကားတတ်တိုင်း ပေါက်ကရ လေးဆယ်တွေ ပြောမနေနဲ့ ...အဲ့ဒီ့မှာ နေရင်းနဲ့ မနေနိုင်လို့ တစ်ယောက်ယောက်နဲ့ အိပ်မယ်ဆိုလည်း မင်းသဘောပဲ ..."
"ဟမ် ဘယ်လို ..."
ဒီဘက်မှာ မဟုတ်တာ လုပ်ထားပြီးပြီမို့ မိုင်းမှာ ဆန်းရဲ့စကားကြောင့် လိပ်ပြာမလုံ ဖြစ်သွားရသည်။ ဟိုသုံးယောက်ကို ဝဏ္ဏအောင်ကောင်မလေး ကိစ္စအား မပြောပြခိုင်းထားပါ။ ဆန်းများ သိသွားလေမလားလို့ ပျာသွားမိ၏။
လက်စားချေ လက်တုံ့ပြန်တာမျိုးတွေ မလုပ်ဖို့ တားမြစ်ထားခြင်းကို သူကျူးလွန်ခဲ့သည်ပဲ။
ဒါကြောင့် ဆန်းသိမှာကို သူကြောက်နေရပါသည်။
"ငါနားလည် ပေးနိုင်တယ်လို့ ပြောတာ ...ယောင်္ကျားလေးပဲ စိတ်ဆန္ဒကို မထိန်းနိုင်တဲ့အခါ မင်းအဲ့ဒီ့မှာ အပျော်ရှာလို့ ရတယ်လို့ ..."
"မင်း ဘယ်လို ချစ်သူလဲ ...ငါ့ကို နည်းနည်းလေးမှ သဝန်မတိုဘူးလား ..."
"ငါက ယောင်္ကျားလေး အချင်းချင်းမို့လို့ နားလည်ပေးနိုင်တယ်လို့ ပြောချင်တာလေ ..."
"အချင်းချင်းမို့ နားလည်တယ်ဆိုတော့ ...ဘာလဲ... မင်းလည်း ငါ့နောက်ကွယ်မှာ အပျော်ရှာနေတာပဲလား ..."
"ဖြစ်နိုင်စရာလား ...ငါ အဲ့လိုလူမဟုတ်ဘူး ..."
"ငါလည်း မင်းလိုပဲပေါ့ ...မင်းကို ဒီလောက်ချစ်တဲ့ကောင်က ဘယ်တစ်ယောက်နဲ့ ထပ်ပြီး ဖောက်ပြန်နိုင်မှာတဲ့လဲ ...အရေးမပါတာက ..."
"ငါပြောတာက ယောင်္ကျားလေး သဘာဝ ..."
"သဘာဝတွေ ဘာတွေ ပြောမနေနဲ့ ...ငါဆန္ဒရှိလာရင်တောင်မှ မင်းကိုပဲ တွေးမိမှာ ..."
စကားဆိုတာ ပြောတိုင်းတော့ မကောင်းပါ။ ဒီစကားကြောင့် သဏ္ဍာန်ဆန်း မျက်နှာဟာ ရဲခနဲ။ ဒါကို မိုင်းကလည်း သတိထားမိပုံပင်။
"ဘာဖြစ်နေတာလဲ အဲ့ဒါက ...ရှက်သွားတာလား..."
"မဟုတ်ပါဘူး ...ပူလို့ ...ဒီနေရာမှာက အဲကွန်းမရှိဘူး ..."
"သေချာလို့လား ...အခုက ဆောင်းတွင်းကြီးလေ ...ညဘက်ဆို အေးနေတာပဲကို ...ပြီးတော့ မင်းဝတ်ထားတာလည်း ဆွယ်တာလက်ရှည်ကြီးနဲ့ ..."
မိုင်းက ပြောပြီး ရယ်နေပါလေသည်။ အရှက်သည်းနေတဲ့ ဒီတစ်ယောက်ကို စနောက်ရတာ ပျော်စရာကောင်းပါ၏။ ပြီးတော့ သူရှက်နေတာ လေးကလည်း အလွန်ချစ်စရာ ကောင်းနေတာမို့။
"ချစ်ဖို့ကောင်းတယ် မင်း ..."
"အင်း လူတိုင်းကတော့ အဲ့လိုပဲ ခဏခဏ ပြောကြတယ် ငါ့ကို ..."
"အံမယ် လာသေးတယ် ..."
"မဟုတ်လို့လား ငါက ချစ်စရာကောင်းပြီး ချောလည်း ချောသေးတယ် ..."
"အသားလေး ဖြူနေလို့ပါ ...မဟုတ်ရင် အဲ့လောက် မဟုတ်ဘူး ..."
"ဘာ ...ဒီမှာ ငါ့ကို သေချာကြည့် အနီးကပ်..."
screen အရှေ့ကို မျက်နှာကြီး အတင်းတိုးကပ်၍ မိုင်းကိုပြနေသေးသည်။
"မျက်ခုံး မျက်လုံး နှာခေါင်း နှုတ်ခမ်း အကုန်ကြည့်ကောင်းတယ် ငါက ..."
သူရည်ညွှန်း ပြသနေသမျှကို မိုင်းက ပြုံး၍ကြည့်နေပြီး ...
"အနီးကပ် ပြစရာမလိုပါဘူးကွာ ...မင်းအစိတ်အပိုင်းတွေ အကုန်လုံးကို ငါအလွတ်ရတယ် ...အကုန်လုံးက ငါ့အပိုင်တွေကြီးပဲ ...
မင်းက တကယ့်အချောလေးပါ ...ဒါပေမယ့် ငါ့အတွက်ပဲ ချောပေးရင် ရပြီ ...သူများတွေ မျက်စိထဲမှာ မင်းချောနေဖို့ မလိုဘူး ..."
မျက်နှာက တစ်ခုထဲပါ။ သူ့ဘက်က ကြည့်ရင်တစ်မျိုး။ သူများတွေ ကြည့်ရင် နောက်တစ်မျိုး ဖြစ်အောင်တော့ ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။
မလိုအပ်တာတွေကို ကြံဖန် အူတိုတတ်တဲ့ နေရာမှာ မိုင်းတို့က ထိပ်ဆုံးက။ မိုင်းက သူ့လက်နဲ့ screenကို လှမ်းထိလိုက်ပြီး ပြောလိုက်၏။
"ငါ့ရဲ့ ဂျယ်လီလေးတွေကို လွမ်းတယ် ..."
ပြောရင်းနဲ့ သူ့နှုတ်ခမ်းကို သပ်လိုက်ပါသေးသည်။ ဘာကို ဆိုလိုမှန်း ဆန်းကလည်း သဘောပေါက်ပါ၏။
"အဲ့ဒီ့မှာ ဝယ်စားလိုက် ..."
"မင်းလောက်မှ မချိုတာ ...ငါက ငါ့ရဲ့ကိုယ်ပိုင်ဂျယ်လီလေးကိုပဲ စားချင်တာ ..."
ကိုယ်ပိုင်ဂျယ်လီတဲ့။ ဆန်း ရယ်မိသွားရသည်။ ဒီတစ်ယောက်ဟာ ချွဲတတ်လွန်းပါ၏။
"Goodnight မိုင်း ..."
"ဟင် အိပ်တော့မလို့လား ..."
"အင်း မနက်စောစောကျရင် ငါအလုပ်တွေ ရှိသေးတယ် ...မင်းဆီမှာက မနက်ဆိုပေမယ့် ငါ့ဆီမှာက ညနက်နေပြီလေ ..."
"အင်းပါ ဒါဆိုလည်း အိပ်တော့ ...ကောင်းကောင်း အနားယူ အစားလည်း ပုံမှန်စား ...ဟိုကောင်တွေကိုလည်း ငါမှာထားတယ် ...မင်းကို အားဖြစ်မယ့် အစားအသောက် ကောင်းကောင်းတွေ နေ့တိုင်းဝယ်ကျွေးဖို့ ...သူတို့ ဆိုင်မှာလိုက်ကျွေးဖို့ လာခေါ်ရင် လိုက်သွားနော် ပေတေပြီး မနေနဲ့ ...ငါပြောတာကြားလား ...နေမကောင်း မဖြစ်စေနဲ့နော် ဆန်း ..."
"အေးပါကွာ ...မင်းလည်း ဂရုစိုက် ..."
"ငါ့ကို မပူနဲ့ ဒီမှာက ငါတစ်ယောက်ထဲ မဟုတ်ဘူး ...ငါ့ကို ဂရုစိုက်မယ့်သူတွေ တပုံကြီး ...မင်းကိုပဲ ငါက စိတ်ပူနေရတာ ...အနေဆင်းရဲ အစားဆင်းရဲနဲ့ ..."
ခဏ ကျောင်းလာတက်တယ် ဆိုပေမယ့် ဒီမှာက သူ့ကို စောင့်ရှောက်ဖို့ အိမ်တော်ထိန်းတွေနဲ့ ဖေဖေ့လူယုံ နှစ်ယောက်လည်း ရှိသေးသည်။ သခင်လေးကတော့ ရောက်လေရာ အရပ်မှာ ဘယ်တုန်းကမှ ပင်ပန်းခြင်း မရှိခဲ့ပါ။
နှစ်ယောက်သား နှုတ်ဆက်ပြီးနောက် အွန်လိုင်းပိတ်လိုက်ရပါသည်။ အလွမ်းတွေနဲ့ ညတာဟာ ရှည်မြဲ ရှည်ဆဲ။ ချစ်သူတွေက ခွဲခွာနေရတဲ့ အခါမျိုးမှာ ပို၍ လွမ်းနာ ကျတတ်ကြပါသလား ...။
**** ***** ***** ***** *****
ကလပ်တစ်ခုထဲက စားပွဲဝိုင်း တစ်ခုတွင် ဝဏ္ဏအောင်တို့ အုပ်စုရှိနေပါသည်။ အားလုံးပေါင်း လေးယောက်ပါ။
"ဘယ်လိုလဲ ငါခိုင်းတာ စုံစမ်းပြီးပြီလား ..."
ဝဏ္ဏအောင်က သူ့သူငယ်ချင်းတွေကို မေးလိုက်ပါသည်။
"အေး ပြီးပြီ ..."
"ဘာတဲ့လဲ ..."
"အတည်တကျ တွဲနေတဲ့ ရည်းစားဆိုပြီးတော့ မရှိဘူး ...ဒါပေမယ့် အံ့ဩစရာကောင်းတဲ့ သတင်းတစ်ခုတော့ ရလာခဲ့တယ် ..."
"ဘာလဲ အဲ့ဒါက ..."
"ဆီဇာနေရဇ္ဇ ဒီမှာ ကျောင်းတက်နေတုန်းက သူတို့ကျောင်းမှာ ယောင်္ကျားလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးတယ်တဲ့ ...ဒါပေမယ့် အဲ့ဒါကလည်း အတည်တကျတော့ မဟုတ်ဘူး ...ကောလဟလလိုလို ဘာလိုလိုမျိုး ..."
"ယောင်္ကျားလေးနဲ့တဲ့လား ..."
ဝဏ္ဏအောင် အတွေးတွေထဲ အံ့ဩသင့်စရာတော့ ဝင်သွားရသည်။ ဆီဇာနေရဇ္ဇလိုလူက ယောင်္ကျားလေးတစ်ယောက်နဲ့ သတင်းထွက်ခဲ့သည်တဲ့လား။
"အဲ့ဒီ့တစ်ယောက်က ဘယ်သူလဲဆိုတာ သိခဲ့ရလား ..."
"လူတော့ မသိဘူး ...နာမည်တော့ သိခဲ့ရတယ် ...သဏ္ဍာန်ဆန်း ဆိုလားပဲ ...ဟုတ်တယ် သဏ္ဍာန်ဆန်း တဲ့ ..."
အခုမှပဲ ဝဏ္ဏအောင် မျက်နှာက တခုခုကို အဖြေသိသွားရလို့ ကျေနပ်သွားသလိုမျိုး ပြုံးနေပါသည်။
"အဟား ဟား ...ဆီဇာနေရဇ္ဇ ..ဆီဇာနေရဇ္ဇ ..မင်းတကယ်ပဲ ...အဲ့ဒီ့တစ်ယောက်နဲ့ ဖြစ်နေတာပဲ ...ဒါကြောင့် အဖိုးတန်ရတနာလို့ ပြောတာကိုး ..."
"ဘယ်တစ်ယောက်လဲ ..."
"အဲ့ဒီ့တစ်ယောက်ပေါ့ ဟိုတစ်ခါ ဘားမှာ ငါပြဿနာ ရှာလိုက်လို့ ထောင်ထဲရောက်သွားတဲ့ တစ်ယောက်လေ သဏ္ဍာန်ဆန်းဆိုတာ ..."
နာမည်က ဆန်းပြီး မှတ်မိလွယ်နေတာမို့ ဝဏ္ဏအောင်ကလည်း ချက်ချင်း တန်းခနဲ သိလိုက်တာပါ။
"ဒါကြောင့်မို့လို့ ဒီကောင်က အဲ့ဒီ့တစ်ယောက်ကို ထိရင် သွေးဆူနေတာလား ..."
"အေးပေါ့ သူ့ကောင်လေးကို ငါက ပြဿနာရှာလိုက်မိတာကိုး ...အဟား ..."
"ဒါဆို မင်း ဘာဆက်လုပ်မှာလဲ ဝဏ္ဏအောင် ..."
"ငါ ဆီဇာနေရဇ္ဇရဲ့ အသဲနှလုံးကို တစစီ ဆွဲထုတ်ချင်တယ် ..."
"မင်းက အဲ့ဒီ့တစ်ယောက်ကို ပြန်လုပ်မလို့လား ..."
"ဒါပေါ့ ဆီဇာနေရဇ္ဇရဲ့ တကယ့် အသဲနှလုံးက အဲ့ဒီ့ သဏ္ဍာန်ဆန်းဆိုတဲ့ တစ်ယောက်ပဲ ..."
"မင်း ငါတို့ကို နေရာရှာခိုင်းတာက ဘာလုပ်ဖို့လဲ... ဘာအစီအစဉ်တွေ ဆွဲထားလို့လဲ ...ဝဏ္ဏအောင် ..."
ဝဏ္ဏအောင် ခိုင်း၍သာ လိုက်လုပ်နေရတာပါ။ အခုထိ သူတို့အကုန်လုံး အစီအစဉ် အသေးစိတ်ကို မသိကြသေးပေ။
"ငါ အဲ့ဒီ့ တစ်ယောက်ကို ပြန်ပေးဆွဲပြီး ဆီဇာနေရဇ္ဇ ရူးသွားမှာကို မြင်ချင်တယ် ..."
"ပြန်ပေးဆွဲမလို့လား ...ဟေ့ကောင် ဒါက ဖြစ်ပါ့မလားဟ ..."
"ဘာလို့မဖြစ်ရမှာလဲ ..."
"လူတစ်ယောက်လုံးကို ပြန်ပေးဆွဲမှာလေကွာ ...ပြဿနာတွေက သေးသေးလေး တက်မှာ မဟုတ်ဘူးနော် ...မင်းခေါ်သွားတယ်ဆိုတာသာ သိရင် ဆီဇာနေရဇ္ဇကလည်း ငြိမ်နေမှာ မဟုတ်ဘူး ...ရဲတွေပါ ပါလာရင် မင်းအဖမ်းခံရနိုင်တယ် ..."
"ငါ အဖမ်းမခံနိုင်ဘူး... ဒီတစ်ခါလည်း ငါလွတ်အောင်ရှောင်နေဦးမှာပဲ ...အဲ့ဒါကြောင့် အလွယ်တကူ ခြေရာခံလိုက်လာလို့ မရတဲ့ နယ်ဘက်က နေရာကို မင်းတို့ကို ရှာခိုင်းထားတာပေါ့ ..."
"မင်းသူ့ကို ဖမ်းခေါ်ရုံပဲတော့ မဖြစ်နိုင်ဘူး...ဘာလုပ်ဦးမှာလဲ ..."
"မသိဘူး အခြေအနေ အရပဲ ..."
ဝဏ္ဏအောင် မျက်နှာမှာ အချိုမချဉ် အပြုံးက နေရာယူနေပါသည်။ သူ ကြံစည်ထားတာတွေက အများကြီးပင်။
"မင်း သူ့ကို သတ်တော့ မသတ်ပစ်ဘူး မဟုတ်လား ..."
"အခြေအနေ အရပဲလို့ ငါပြောနေတယ်လေ ..."
ဒါက ဘယ်လို အဖြေမျိုးလဲ။ လုပ်ချင် လုပ်မယ်လို့ ဆိုလိုချင်တာပဲ မဟုတ်လား။
"မင်း သေချာစဉ်းစားဦးနော် ဝဏ္ဏအောင် ...မင်း သွားထိမယ့်သူက ဆီဇာနေရဇ္ဇနော် ..."
"အဲ့ဒါ ဘာဖြစ်လဲ ..."
"သူက KS groupရဲ့ သခင်လေးလေ...ပြဿနာက မီးခိုးကြွက်လျောက် လိုက်ကုန်မှာ ..."
"ဘာလဲ မင်းတို့က ကြောက်လို့လား ...ကြောက်ရင် ရှောင်နေလိုက်ကြ ...ငါတစ်ယောက်ထဲ လူငှားပြီး ဒီကိစ္စတွေကို ဆက်လုပ်လို့ရတယ် ...ပိုက်ဆံပေးရင် ဘာမဆို ဖြစ်တယ် ..."
ဝဏ္ဏအောင် ဆိုသည်ကလည်း နယ်နယ်ရရတော့ မဟုတ်။ သူ့မှာလည်း သူ့ချမ်းသာမှု backgroundက တောင့်တဲ့သူပင်။
"အေး တစ်ခုတော့ ရှိတယ်နော် ...မင်းတို့ ရှောင်မယ်ဆိုရင် ငါ့ကိုတော့ ဖော်ကောင်လုပ်ဖို့ မစဉ်းစားကြနဲ့ ...ငါ့သူငယ်ချင်းတွေဆိုရင် ငါ့အတွက် နှုတ်ပိတ်ပြီး အေးဆေးနေကြ... မဟုတ်ရင် မင်းတို့နဲ့ငါ ကမ္ဘာ့ရန်တွေ ဖြစ်ကုန်လိမ့်မယ် ..."
ရှောင်တော့ ရှောင်ကြမှာပါ။ ဘာလို့ဆို ဒါက သူတို့အတွက် အန္တရာယ်များနိုင်၏။ အခန့်မသင့်ရင် ပြဿနာအရှုပ်ထဲ ပါမိပြီး ထောင်နန်းစံရနိုင်သည်။ ပြီးတော့ သူတို့က ဝဏ္ဏအောင်တို့ ဆီဇာနေရဇ္ဇတို့လို background တောင့်လွန်းတဲ့ သူတွေလည်း မဟုတ်။
ဒါက မူးယစ်ဆေးဝါးသုံးတဲ့ ကိစ္စထက် ပြဿနာပိုများနိုင်ပါသည်။ သူတို့ ဖော်ကောင်လည်း မလုပ်ဝံ့ကြ။ ဝဏ္ဏအောင်အကြောင်း သူတို့သိ၏။
ဒီကောင်က ယုတ်မာတတ်တဲ့ နေရာမှာ နှစ်ယောက်မရှိသူ။
**** ***** ***** ***** *****
အချိန်က ညလယ်ခန့်။ သဏ္ဍာန်ဆန်း ရှိနေတဲ့ နေရာက လမ်းမတစ်ခုပေါ်မှာ ဖြစ်သည်။ အလုပ်က ဆင်းလာပြီး ဂေဟာကို ပြန်နေတာပဲဖြစ်၏။
ဂေဟာက မြို့လယ်ကောင်မှာ မဟုတ်ဘဲ မြေကွက်အကျယ်ကြီးတွေ တော်တော်များများ ရှိတဲ့ မြို့စွန်မကျတကျ နေရာမှာပါ။ လမ်းမတလျောက်မှာ လမ်းမီးတိုင်တွေ ရှိပေမယ့် လူကတော့ အနည်းငယ်ပြတ်သည်သာ။
အချိန်နဲ့ နေရာက လူပြတ်မယ်ဆိုလည်း ပြတ်လောက်စရာပင်။ ဒါပေမယ့် ဒီလမ်း ဒီနေရာကို အချိန်တိုင်း သွားလာနေကြမို့ ဆန်းအတွက်က ဘာမှမဖြစ်။ ဆန်းက သူ့စက်ဘီးလေးကို စီးရင်း နားကြပ်နဲ့ ဖုန်းပြောနေတာပါ။ သူနဲ့ ဖုန်းပြောနေသူက သူ့ချစ်သူ မိုင်းပင်။
"အင်း ငါ အလုပ်ပြီးပြီ ...အခု ဂေဟာကို ပြန်နေတာ ..."
"အခုမှလား ...ငါက အခန်းတောင် ပြန်ရောက်နေပြီ ထင်နေတာ ...အဲ့ဒါကြောင့် မှန်းပြီး ဖုန်းခေါ်လိုက်တာ ..."
"ဟုတ်တယ် ဒီနေ့က နည်းနည်းနောက်ကျတယ် ...ကာစတန်မာတွေ မပြတ်သေးတော့ ခဏစောင့်ရင်းနဲ့ အချိန်နည်းနည်း ကြာသွားတာလေ ..."
"အင်း ...အိမ်ကို အချိန်မှန်ပြန်စမ်းပါ ...ငါစိတ်ပူတယ် ..."
"တခါတလေ ဒီလိုပဲပေါ့ကွာ ...အလုပ်ဆိုတာကတော့ တသတ်မှတ်ထဲ ဘယ်ရှိမလဲ ..."
"ဟိုသုံးယောက်ရော မင်းဆီလာကြသေးလား ..."
"လာတယ်လေ နေ့တိုင်းပဲ ...တခါတလေ သုံးယောက်လုံးလာတယ် ...တခါတလေ တစ်ယောက်ချင်းလာကြတယ် ...လာတိုင်း ငါ့ကို နင်းကန်ဝယ်ကျွေးနေကြတာ ...ကြာရင် ငါဝက်ဖြစ်တော့မယ် ..."
"ဖြစ်ပါစေ ဝက်ဖြစ်လည်း ငါချစ်တယ် ..."
စက်ဘီးနင်းနေရင်းနဲ့ ဆန်းရယ်နေရပါသည်။ မိုင်းစကားတွေကြောင့် မောပန်းနွမ်းနယ်နေတာတွေပင် ဘယ်ဆီရောက်ကုန်သလဲ မသိတော့။
"အင်း မင်းအခု ဘာလုပ်နေတာလဲ ဆန်း...ငါလေတိုးသံတွေ ကြားနေရတယ် ဖုန်းထဲကနေ..."
"ငါလား စက်ဘီးစီးနေတာလေ ..."
"ဪ ...ဂရုစိုက်စီးဦးနော် ..."
"အင်းပါ ..."
ခဲရောင်ဗင်ကား တစ်စီးက သူအရှေ့တွင် ရှိနေခဲ့ပါသည်။ ကားက မောင်းနေတာတော့ မဟုတ်။ လမ်းဘေးမှာ ချရပ်ထားတာဖြစ်ပြီး ကားအနားမှာ ယောင်္ကျားသုံးယောက်လည်း ရှိနေပါ၏။
သူတို့က တစ်ယောက်ယောက်ကို စောင့်နေသလိုမျိုး သဏ္ဍာန်ဆန်း လာနေတဲ့ဘက်ကို မျှော်ကြည့်နေလေရဲ့။
ပြီးတော့ ဒီနေရာက ဂေဟာကို ရောက်ဖို့သိပ်မလိုတော့တဲ့ အကွာအဝေးတစ်ခုပါ။ ဒီလိုနေရာမှာ ဒီလူတွေက ဘာကို စောင့်ဆိုင်းနေကြသည်လဲ။
သူ့ကိုမြင်လိုက်တော့မှ သူရှိရာဆီသို့ လမ်းလျောက်လာကြလေသည်။ အခြေအနေက မသင်္ကာစရာတော့ ကောင်းနေပါ၏။
"မိုင်း လူသုံးယောက် ငါ့ဆီကို လာနေကြတယ် ..."
"ဟမ် ဘယ်ကလူတွေလဲ ..."
"ငါလည်း မသိဘူး ဒါပေမယ့် ငါ့ကိုလှမ်းကြည့်ပြီး ငါ့ဆီကို တည့်တည့် လျောက်လာနေကြသလိုပဲ ..."
"မင်း ကြည့်ရတာ မသင်္ကာရင် စက်ဘီးကို အရှိန်တင်လိုက် လမ်းကြောင်းပြောင်း..."
မိုင်း ပြောတဲ့အတိုင်း ဆန်းက အရှိန်တင်၍ လမ်းကြောင်းကို ပြောင်းပြန်လှည့်လိုက်ပါ၏။ လမ်းလျောက်လာနေတဲ့ သုံးယောက်က သူ့အနောက်ကို ပြေးလိုက်လာကြသည်။ စက်ဘီးနဲ့ ခြေထောက်မို့ ဆန်းက ပို၍ဝေးဝေးရောက်ပါသည်။ ဒါပေမယ့် ရပ်ထားတဲ့ ကားထဲတွင် လူတစ်ယောက်က ရှိနေပုံရသည်။ ဆန်း ထွက်သွားတဲ့ ဘက်သို့ ကားက လိုက်လာခဲ့လေ၏။
သူ့အနောက်ကနေ လိုက်လာတဲ့ ကားကို သဏ္ဍာန်ဆန်းက မမြင်။ မသိခဲ့ပေ။
"ဆန်း အဆင်ပြေလား ...ဟိုလူတွေရော ..."
"ကျန်ခဲ့ပြီ ..."
မိုင်း အခုမှ စိတ်လျော့မိရသည်။ ဒါပေမယ့် ...
"ကျွီ ..."
"ဘုန်း ..."
ဖုန်းထဲကနေ ဆူညံသံတွေကို မိုင်းကြားလိုက်ရပါသည်။ ခဲရောင်ဗင်ကားက ဆန်းရဲ့ စက်ဘီးရှေ့မှာ အရှိန်နဲ့ ပိတ်ကာ၍ ရပ်ပစ်လိုက်တာမို့။
အလွန်နီးကပ်နေကာ စက်ဘီးစီးလာတဲ့ ဆန်းလည်း အရှိန်မထိန်းနိုင်ဘဲ ပစ်လဲကျသွားရပါသည်။
"ဆန်း ဆန်း ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ ..."
မိုင်းရဲ့ အမေးကို ဆန်း မဖြေနိုင်။ စက်ဘီးတခြား လူကတခြား ဖုန်းကလည်း တစ်နေရာဆီမှာ။
အနောက်ကနေ ပြေးလိုက်လာတဲ့ သုံးယောက်ကလည်း သူ့ကို မိသွားကြပြီး သူ့ကိုဝိုင်းထားလိုက်ကြပါ၏။
"ခင်ဗျားတို့ ဘယ်သူတွေလဲ ..."
"အဲ့ဒါ အခု မင်းသိစရာမလိုဘူး... ဟိုရောက်ရင် သိရလိမ့်မယ် ..."
"ဟေ့ ..."
တစ်ယောက်နဲ့ တစ်ယောက် အချက်ပြ၍ ဆန်းကို ဝိုင်းဝန်းဖမ်းချုပ်နိုင်ဖို့ တိုးဝင်လာကြ၏။ ဆန်းလည်း အတတ်နိုင်ဆုံး လွတ်မြောက်အောင် ကြိုးစားပေမယ့် မလွယ်ကူခဲ့ပါ။ သုံးယောက်တစ်ယောက် လက်ထဲမှာ သူမကြာခင်မှာပဲ ဖမ်းမိသွားရသည်။
ပြီးတော့ သူတို့ထဲက တစ်ယောက်က ဆန်းရဲ့ နှာခေါင်းကို အဝတ်စတစ်ခုနဲ့ လာအုပ်လိုက်လေ၏။ ဒါကဘာလဲ ဆိုတာကို ဆန်းချက်ချင်း ရိပ်မိလိုက်ပေမယ့် မမှီတော့။ လူသုံးယောက် လက်ထဲမှာ ရုန်းကန်ရင်းနဲ့ပဲ တဖြေးဖြေး သူသတိလစ်သွားခဲ့၏။ ဒါက မေ့ဆေးတမျိုးပါပဲ။
"ဆန်း ဆန်း ဟေ့ကောင် သဏ္ဍာန်ဆန်း ...မင်းဘာဖြစ်တာလဲ ငါ့ကို ပြောဦး ...ဆန်းရေ ..."
သူဘယ်လောက်ပဲ အော်ခေါ်နေပါစေ။ သဏ္ဍာန်ဆန်းက မကြားနိုင်တော့ပေ။ ဗင်ကားပေါ် ဆွဲတင်သွားခဲ့ပြီး အဲ့ဒီ့နေရာနဲ့ အဝေးဆုံးဆီသို့ ခေါ်ဆောင် ခံလိုက်ရပါလေ၏။
လမ်းမကြီးထက်မှာ ဒီအဖြစ်အပျက်ကို ဘယ်သူကမှ မမြင်လိုက်ကြပေ။ လမ်းမီးတိုင်လေး တစ်ခုအောက်မှာ စက်ဘီးတစ်စီး၊ ကျောပိုးအိတ်ငယ် တစ်ခု၊ ဖုန်းတစ်လုံးက နေရာမကျ ပျံ့ကျဲလျက်။
ပြီးတော့ သဏ္ဍာန်ဆန်း အမည်ကို အခါခါ ခေါ်တွင်နေတဲ့ အသံပိုင်ရှင်တစ်ယောက်။
သူသည်လည်း စိုးရိမ်ပူပန်မှုပေါင်းများစွာနဲ့ အရူးမီးဝိုင်း ဖြစ်လို့ နေပါတော့သည်။
**** ***** ***** ***** *****