"အစ်ကိုလေး နာမည်နဲ့ စာအိတ်တစ်ခု ရောက်နေပါတယ် အစ်ကိုလေး ..."
ဝဏ္ဏအောင် တစ်ယောက် အပြင်သွားရာကနေ အိမ်ပြန်ရောက်တော့ အိမ်အလုပ်သမားဆီမှ အသိပေးစကားကို ကြားလိုက်ရပါသည်။
"အင်း ဘယ်မှာလဲ ...ဘယ်သူက ပို့တာလဲ ..."
"အဲ့ဒါတော့ မသိပါဘူး အစ်ကိုလေး ...စာအိတ်ကတော့ အစ်ကိုလေး အခန်းထဲက စားပွဲပေါ်မှာပါ ..."
"ငါ့ဆီကို ဘယ်သူက စာအိတ် တကူးတက လှမ်းပို့လာတာလဲ ..."
တစ်ယောက်ထဲ ရေရွတ်ပြီး အပေါ်ထပ်ကို တက်လာမိ၏။ အခန်းထဲရောက်တော့ ရေအရင်ချိုးဖြစ်သည်။ ပြီးတော့ ဝိုင်တခွက်နဲ့ အနားယူနေမိလေရဲ့။ နောက်တော့မှ စာအိတ်ကိစ္စကို သတိရမိပြီး သွားယူလိုက်လေသည်။ စာအိတ်ပေါ်မှာ ကောင်းသစ်လွင် နာမည်ကို တွေ့လိုက်ရပါ၏။
"ဒီကောင်က ငါ့ဆီကို ဘာလို့ ပို့တာလဲ ...စာတတန် ပေတတန်နဲ့ ..."
ဝိုင်ကို အရသာခံပြီး အနည်းငယ် မော့လိုက်သည်။ ပြီးတော့ ဝိုက်ခွက်ကို စားပွဲအစွန်း တနေရာမှာ ခဏလှမ်းတင် ထားလိုက်လေသည်။ စာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့နောက် မြင်လိုက်ရသော အရာတွေက လူကို ပျာသွားစေ၏။
"ဘာတွေလဲ ဒါက ..."
ဓာတ်ပုံတွေ ဖြစ်နေ၏။ ဆီဇာနေရဇ္ဇနဲ့ သူ့ချစ်သူ ကောင်မလေးတို့ ကလပ်တစ်ခုမှာ ပွေ့ဖက်နေတာကို ရိုက်ထားတဲ့ ပုံတွေပါ။ ပြီးတော့ အိပ်ရာထဲမှာ အတူ အိပ်နေကြတဲ့ ပုံတွေလည်း ပါဝင်နေ၏။ ဒေါသဟာ ရေချိန်အမြင့်ဆုံးမှာ။
"တောက် ...ဆီဇာနေရဇ္ဇ ..."
USမှာ ဆီဇာနေရဇ္ဇ ကျောင်းသွားတတ်နေသည်လို့ သူသတင်းရထားပြီးသားပင်။ နေထိုင်ရာ တူကြပေမယ့် ဒီနှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ မတော်တဆတော့ မဖြစ်နိုင်ပေ။ ဆီဇာနေရဇ္ဇရဲ့ အကြံအစည်တွေ ဖြစ်နေနိုင်ပါသည်။ ဒါကြောင့်လည်း ကောင်းသစ်လွင်ဆီကနေ သူ့ဆီကို ရည်ရွယ်ချက်ရှိရှိ ပို့ပေးလိုက်တာပါ။
ဓာတ်ပုံတစ်ခုရဲ့ အနောက်ဘက်မှာ ရေးထားတဲ့ စာအချို့ကိုလည်း သူတွေ့လိုက်ရပါသည်။
"ဓာတ်ပုံလေးတွေ မြင်ပြီဆိုရင် ဒီဖုန်းနံပါတ်ကို ဆက်လိုက် ...မင်း ဖုန်းဆက်လာမယ့် အချိန်ကို ငါစောင့်နေမယ် ...ဆီဇာနေရဇ္ဇ ..."
ဖုန်းနံပါတ်ဟာ ပြည်ပနံပါတ်တစ်ခု။ တမင် အကြံအစည်နဲ့ ရန်စလိုက်ပြီ ဖြစ်ကြောင်း သံသယဝင်စရာပင် မရှိ။ ဝဏ္ဏအောင် ချက်ချင်း ဖုန်းခေါ်လိုက်ပါသည်။
"ဟဲလို ..."
အသံကို ကြားလိုက်ရုံနဲ့ ဆီဇာနေရဇ္ဇရဲ့ မျက်နှာကို ပြေးမြင်မိသွားတဲ့အထိ။ တလောကလုံး ဘယ်သူပဲ လာယှဉ်ယှဉ် အနိုင်ယူပစ်မယ်ဆိုတဲ့ ထီမထင် မျက်နှာဘေးမျိုး။
"ဆီဇာနေရဇ္ဇ ...မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ ..."
သူ့စကားကြားတော့ ဆီဇာနေရဇ္ဇလည်း သူဘယ်သူ ဘယ်ဝါဖြစ်ကြောင်း သိနိုင်ပါမည်။
"အိုးဟိုး ဝဏ္ဏအောင်ပဲ ...အဟက် ..."
"မင်း ငါ့ကောင်မလေးနဲ့ ဘာလုပ်တာလဲ ..."
"ဘာလုပ်တာလဲဆိုတာ အသေးစိတ် ပြောပြရဦးမှာလား ...ပုံတွေ ကြည့်ရုံနဲ့ မင်းသိနိုင်မယ်လို့ ငါက ထင်ထားတာ ..."
တဖက်က ဆီဇာနေရဇ္ဇသည် သူ့ကို လှောင်ပြောင်နေပါသေးသည်။
"ငါစိတ်မကောင်းပါဘူး ဝဏ္ဏအောင် ...မင်းချစ်သူက အရင်လာပြီး ဆွဲဆောင်လို့ ငါလည်း ပါသွားမိတာ ..."
ဆီဇာနေရဇ္ဇဟာ စကားပြောလိုက်တိုင်း ရယ်မောသံ စွက်နေလျက်။ ဝဏ္ဏအောင်မှာတော့ ဒေါသစွက်နေတာမို့ အသံကမာ၍ ကျယ်၏။
"မင်း တမင်လုပ်တာ ငါ့ကို ...မင်း ..."
"သိပ်သေချာတာပေါ့ ...ငါက အကြောင်းမရှိဘဲနဲ့တော့ တွေ့ကရာ မိန်းမတွေနဲ့ ဘယ်အိပ်မလဲ ...ငါလိုလူကလေ ..."
"မင်းငါ့ကို သက်သက် ရန်စလိုက်တာပဲ ဆီဇာနေရဇ္ဇ ...မင်းက ရန်စကို အသစ်ထပ်ပြင်လိုက်တာ ..."
"နိုး နိုး ...ရန်စကို အသစ်ပြန်ပြင်တာ ဘယ်ဟုတ်မလဲ ...မင်းငါ့ကို အရင်ရန်စသွားတဲ့ ကိစ္စကို ငါမကျေနပ်လို့ ပြန်လုပ်တာပဲလေ ...ဒါက ငါအရင်စတာမှ မဟုတ်တာ ...မင်းအရင်လေ ..."
ဝဏ္ဏအောင် ပြန်တွေးမိသွားသည်။ သူအရင်စခဲ့တာတဲ့လား။ ဒါက ကြာသွားပြီပဲ။ အမှုတောင် အပြီးပြတ်နေခဲ့ပြီ။ အခုထိ ဒီတစ်ယောက်က တေးထားတုန်းတဲ့လား။ ဆီဇာနေရဇ္ဇတို့ အငြိုးကြီးတာ သိပေမယ့် ဒါကတော့ ပိုနေသလိုပင်။
ဘာမဟုတ်တာလေး တစ်ခုအတွက် ဒီလောက်ထိ အငြိုးအတေး ကြီးစရာ လိုအပ်နေလို့လား။
သူတို့အုပ်စုရဲ့ သူငယ်ချင်းဆိုတာကို ပါးပါးလေး ဒုက္ခပေးခဲ့မိတာကိုလေ ...။
"ဒီလောက် ကြာနေပြီးမှ မင်းက အခုထိ ငါ့ကို လက်တုံ့ပြန်ဖို့ စောင့်နေသေးတာလား ..."
"ဒါပေါ့ ...မင်းကိုငါ ထောင်ထဲထိထည့်ဖို့ လုပ်နေတာပဲ ...ဒါပေမယ့် ပထမတစ်ခေါက်မှာ မင်း နည်းနည်း အကွက်ချတော်သွားလို့ လွတ်သွားတာ ...ငါမင်းကို လပေါင်းများစွာ မြေလှန်ရှာနေတယ်ဆိုတာရော မင်းသိရဲ့လား ..."
မသိဘဲ နေမလား။ ဝဏ္ဏအောင် သိပါ၏။ ဒီမှာလည်း သူ့လူတွေ ရှိနေသေးတာမို့။ ဒါကြောင့်လည်း အချိန်အကြာကြီး ပြန်မလာဖြစ်တာပါ။ ဆီဇာနေရဇ္ဇ မရှိတော့ဘူးလို့ သတင်းရတော့မှ သူပြန်လာဖြစ်ပါ၏။ ကြောက်လို့ ရှောင်မိတာလား၊ ရွံလို့ရှောင်မိတာလား။ ဒါကတော့ သူပဲ အသိဆုံး။
"မင်းတို့အုပ်စုရဲ့ သူငယ်ချင်းဆိုတာလေးကို ပါးပါးလေး ရန်စမိရုံနဲ့ ငါ့ကောင်မလေးကို ဒီလိုပြန်လုပ်ရတယ်တဲ့လား ...မင်း အရူးပဲ ..."
"သူက ငါ့အတွက် အရမ်းတန်ဖိုးကြီးတဲ့သူ ...မင်းက ဒီလိုမျိုး ငါ့ရဲ့ တန်ဖိုးကြီးရတနာတစ်ပါးကို ထောင်ထဲထည့်ပြီး ဒုက္ခရောက်စေသွားတာလေ ...ငါလုံးဝ မကျေနပ်ဘူး ဝဏ္ဏအောင် ...မင်းရဲ့ တန်ဖိုးကြီး ရတနာကိုလည်း စွန်းထင်းအောင် ငါပြန်လုပ်ရမှ ကျေနပ်မှာ ..."
တဖက်က သူငယ်ချင်း။ တဖက်က ချစ်သူ။ ဒီလို မတူညီတဲ့ ပတ်သက်မှုတွေက တန်ဖိုးချင်း ညီမျှနေလို့လား။ ဆီဇာနေရဇ္ဇ ဘာကို ဆိုလိုချင်နေသည်လဲ။ သူ့သူငယ်ချင်းက သူ့အတွက် ဘာလဲ။
"သာမန် သူငယ်ချင်းတစ်ယောက် ဖြစ်ရုံနဲ့တော့ မင်းဒီလောက်ထိ အငြိုးတကြီး ဖြစ်နေမယ်လို့ ငါမထင်ဘူး ...မင်းနဲ့ အဲ့ဒီ့တစ်ယောက်က ဘာတွေလဲ ..."
"ဒါက မင်းကို ပြောပြဖို့ မလိုဘူးထင်တယ် ...အဲ့ဒီ့လောက်ထိ မင်းကိုငါ အဖက်မလုပ်ချင်ဘူး ..."
"ဆီဇာနေရဇ္ဇ ..."
ဝဏ္ဏအောင် ထအော်လိုက်တာက အံကြိတ်သံနှင့်။
"မင်းက ပြဿနာရှာသွားပြီးတော့ ကြွက်လိုမျိုး တွင်းအောင်နေတာကိုး ...အခုမှ အညှာကို ထိမိတော့ တပ်ပျက်ပြီး သွေးဆူသွားပြီ မဟုတ်လား ...ငါ့တုန်းကလည်း ဘယ်လို ခံစားခဲ့ရလဲဆိုတာ မင်းသိလောက်ပြီပေါ့ ...ဒီတော့ ငါတို့ ရန်စတွေက နှစ်ဖက်လုံး ညီမျှပြီး ကျေပြီလို့ထင်တယ် ..."
"မင်းဒီလိုမျိုး အနိုင်နဲ့ ပိုင်းသွားလို့ မရဘူး ဆီဇာနေရဇ္ဇ ..."
"အနိုင်နဲ့ ပိုင်းတာမှ မဟုတ်တာ ...ငါက ဘက်ညီသွားအောင်လို့ မျှခြေကို ညှိပေးလိုက်တာ ...ဪ ပြီးတော့လေ ...မင်းကိုငါ အကြံတစ်ခု ပေးမယ် ဝဏ္ဏအောင် ..."
လုပ်ချင်ရာ လုပ်ပြီးမှ အကြံတဲ့။ ဆီဇာနေရဇ္ဇဆိုတဲ့ကောင်က လူကို ဘယ်လို စိတ်တိုအောင် လုပ်ရမလဲဆိုတာ ကောင်းကောင်းသိပုံရ၏။
"မင်းနောက်ကွယ်မှာ တခြားတစ်ယောက်နဲ့ ဖောက်ပြန်တတ်တဲ့ မိန်းခလေးမျိုးကို လက်မထပ်သင့်ဘူး...ငါက စေတနာနဲ့ အကြံပေးတာနော် ...မင်းက ဒါကိုတောင် လက်ခံပေးနိုင်ပါတယ်ဆိုပြီး လက်ထပ်ဖို့ ဆက်လုပ်မယ်ဆိုရင်တော့ မင်းသဘောပေါ့ ...မင်းတို့ မင်္ဂလာပွဲကျရင် ငါ့ကိုပါဖိတ်လိုက်...မင်းရဲ့ နွားဖြစ်မှုအတွက် ငါအသိအမှတ်လာပြုပေးချင်လို့ပါ ...အဟား ဟား ..."
ပြောချင်ရာ ပြော၍ ဖုန်းကို အရင်ချပစ်လိုက်သူက ဆီဇာနေရဇ္ဇ။ ဝဏ္ဏအောင်ကတော့ ပြောသွားခဲ့တဲ့ စကားတွေအတွက် ပေါက်ကွဲမှု လယ်ဗယ် ပိုမြင့်လာခဲ့ရလေသည်။
"ဟာ ကွာ ..."
"ဒုန်း ..."
"ခွမ်း ..."
စားပွဲကို အားနဲ့ ထုချလိုက်ပြီး စားပွဲပေါ်က လက်လှမ်းမှီသမျှ အရာတွေကို အကုန်တိုက်ချပစ်လိုက်ပါ၏။ ဝိုင်ခွက်ကျကွဲသံနဲ့ အတူ ဝိုင်ရဲ့စွန်းထင်းမှုတွေက နေရာအနှံ့ ပြန့်ကျဲလျက်။
သူ့ရင်ထဲက စွန်းထင်းမှုတွေကလည်း ထို့အတူပင်။ ချစ်သူက သစ္စာဖောက်သွားတာက တကြောင်း။ အဲ့ဒီ့သူက ဆီဇာနေရဇ္ဇ ဖြစ်နေတာက တကြောင်း။ ကျောင်းတော်က ရန်စတွေနဲ့ မငြိမ်းနိုင်တဲ့ မီးစတွေက ကျန်ရစ်နေကြဆဲ။
အဲ့ဒါတွေအပြင် ဆီဇာနေရဇ္ဇရဲ့ စကားလုံးတွေကလည်း မီးတောက်ကို ပို၍တောက်လောင် စေလေသည်။
"တောက် ...ဆီဇာနေရဇ္ဇ ...မင်း အရမ်းလွန်သွားပြီ ..."
မကျေမနပ်နဲ့ တောက်တစ်ချက်ခတ်၍ တစုံတရာကို ငြိမ်ပြီး ခဏတွေးနေသေးသည်။ ပြီးမှ သူငယ်ချင်းတစ်ယောက်ဆီကို သူဖုန်းလှမ်းခေါ်လိုက်လေသည်။
"ဟဲလို ..."
"... ... ... ... ..."
"အေး ငါ ..."
"... ... ... ... ..."
"မင်းတို့ငါ့ကို တစ်ခုစုံစမ်းပေးကြစမ်း ..."
"... ... ... ... ..."
"ဆီဇာနေရဇ္ဇ ဆိုတဲ့ကောင်မှာ တွဲနေတဲ့ ရည်းစား ရှိမရှိ ..."
"... ... ... ... ..."
"ပြန်မမေးနဲ့ ငါခိုင်းသလိုလုပ် ...အဲ့ဒီ့ကောင်မှာ တွဲနေတဲ့ ရည်းစားရှိရင် သူ့အကြောင်း အကုန်စုံစမ်းလာခဲ့ ...ငါပြောတာ ကြားလား ..."
"... ... ... ... ..."
"ပြီးရင် လူနေအိမ်ခြေတွေနဲ့ လုံးဝမနီးတဲ့ နေရာတစ်ခုကို ငါ့ကိုရှာပေး ...ဒီမြို့ထဲမှာ မဟုတ်ဘူး နယ်ဘက်မှာဆို ပိုကောင်းတယ် ..."
"... ... ... ... ..."
"ဆေးသုံးဖို့ အတွက်လေးနဲ့ ငါက အဲ့လောက်ထိကြီး အစီအစဉ်တွေ ဆွဲနေမလား ..."
"... ... ... ... ..."
"အင်း ပျော်စရာကောင်းတာ တစ်ခုခု လုပ်မလို့ ...ဒါပေမယ့် ဒါက အန္တရာယ်များတယ် ...ငါတို့ သေချာမလုပ်ရင် ချက်ချင်းမိသွားနိုင်တယ် ...ခြေရာခံလို့မရအောင် နောက်ကြောင်းတွေပါ ရှင်းထုတ်ခဲ့မှ ရမယ် ..."
"... ... ... ... ..."
ဝဏ္ဏအောင်က ဖုန်းကို ချပစ်လိုက်ပြီး ...
"မင်းမှာ ရည်းစားမရှိခဲ့ရင် မင်းရဲ့ အဖိုးတန် သူငယ်ချင်းကောင်းအုပ်စုကိုပဲ ငါရွေးချယ်လိုက်တာပေါ့ ...ငါ ဘယ်လို လက်တုံ့ပြန်မလဲဆိုတာ မင်းစောင့်ကြည့်လိုက် ဆီဇာနေရဇ္ဇ ...
မင်းငါ့ကို အနိုင်ရပြီလို့ ထင်ရင် မင်းမှားပြီ ...ပွဲက အခုမှစမှာ ..."
ကြိမ်းဝါးသံက အခန်းထဲမှာ သူတစ်ယောက်ထဲ ကြားရုံသာ။ အပျက်အဆီးတွေ ကြားမှာ ရပ်နေရင်းနဲ့ တစုံတရာကို ဖျက်ဆီးဖို့ တွေးနေတဲ့ လူသားတစ်ယောက်။ အဲ့ဒါက ဝဏ္ဏအောင် ပါပဲ။
**** ***** ***** ***** *****
အမှန်တရားတွေဟာ ကြာကြာဖုံးကွယ် ထားလို့ မရနိုင်ဘူးတဲ့။ ဒီစကားက မှန်ပါ၏။ ဆန်းရဲ့ ဒုက္ခတွေကို မကြာခင်မှာပဲ မိုင်းတစ်ယောက် သိသွားခဲ့ပါသည်။ မိုင်းရဲ့ ဆီသို့ သတင်းပို့လာသူကတော့ ကြည်သာပဲ ဖြစ်သည်။ အွန်လိုင်းမှာ ဆုံပြီး စကားပြောဖြစ်ကြရင်းနဲ့ ဆန်းအကြောင်းတွေကို သိခဲ့ရတာပါ။
"မိုင်း မင်းကို သဏ္ဍာန်ဆန်း ဘာပြောသေးလဲ သူ့အကြောင်း ..."
"ဘာကို ဘာပြောရမှာလဲ ..."
"မင်းတို့ စကားပြောဖြစ်ကြရဲ့လား ..."
"ပြောဖြစ်တာပေါ့ကွ ငါတို့က ချစ်သူတွေပဲ ..."
"ချစ်သူတွေဆိုရင် ဆန်း အခုလို ဒုက္ခရောက်နေတာကို မင်းကူညီသင့်တယ်လေ ..."
"ဟမ် ဆန်းလေး ဘာဖြစ်လို့လဲ ...သူ ဘာတွေ ဖြစ်နေလို့လဲ ..."
"ဖြစ်တာတော့ စုံနေတာပဲဟေ့ ...သူအရင်က ဒီလောက်တောင် ကံမဆိုးပါဘူးကွာ ...ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ မပိုလျှံပေမယ့်အဆင်ပြေပြေ နေနိုင်သေးတယ် ...အခုက ..."
"အခုက ဘာဖြစ်နေလို့လဲ ...သူငါ့ကို ဘာတခုမှကို မပြောပြတာ ..."
"ငါထင်တော့ ထင်တယ် ...မင်းသိရင် သူ့ကို ဒီလိုမျိုး အဖြစ်ခံမှာ မဟုတ်ဘူးဆိုတာ ...
သဏ္ဍာန်ဆန်းကို ကြည့်ရတာ ငါဖြင့် ပင်ပန်းလိုက်တာကွာ ... company တွေမှာ လခစားလေး ဝင်လုပ်ပြန်တော့လည်း မကြာဘူး အဖြုတ်ခံရပြန်ရော ...တစ်နေ့ တစ်နေ့ လုပ်လိုက်ရတဲ့ အချိန်ပိုင်း အလုပ်တွေကလည်း ဆက်တိုက် မနားဘူး ...အခန်းလည်း ငှားမနေနိုင်ဘူး ထင်တယ် ...ကျောတစ်နေရာစာ ရဖို့အတွက် ဂေဟာမှူးကို ခွင့်တောင်းပြီး သူမိဘမဲ့ဂေဟာမှာ ပြန်နေနေရတယ် ..."
"ဘယ်လိုဖြစ်ရတာလဲ ...ဒီလောက်ထိတောင်မှ ..."
"မသိဘူးလေ ...အရင်ကဆို အချိန်ပိုင်း အလုပ်လေးတွေ လုပ်နေတာတောင် အဆင်ပြေသေးတယ် ...အခုဆို အချိန်ပိုင်း အလုပ်တောင်မှ မမြဲတော့ဘူး ...တော်ကြာ ထွက်ရပြန်ပြီ ...တော်ကြာပြောင်းရပြန်ပြီ ...ဆန်းအကြောင်း ငါလည်း သိပါတယ်ကွာ ...သူက အလုပ်ကို လေးစားပါတယ် ...ကောင်းကောင်းလည်း အလုပ်လုပ်တယ် ...ဒါနဲ့များ ဘာလို့ ခဏခဏ အလုပ်တွေမမြဲသလဲ မသိဘူး ..."
မိုင်းက ကြည်သာဆီကနေ သတင်းကြားလိုက်ရပြီးထဲက သံသယအချို့ ဝင်လာခဲ့ရသည်။ သူ့သူငယ်ချင်းသုံးယောက်ကို အတင်းပြဿနာရှာပြီး မေးကြည့်တော့မှ သူ့အဖေ ဦးဆီဇာမင်းထင်ကြောင့်မှန်း သိလိုက်ရပါ၏။
"ဆန်း ဒီလိုတွေ ဖြစ်နေတာကို ငါ့ကို ပြောပြသင့်တယ် ...မင်းတို့ကောင်တွေကွာ ..."
"ဆန်းက မပြောဖို့ အတင်းတားနေတာကိုးကွ ..."
"သူတားလည်း မင်းတို့ငါ့ကို ပြောပြရမယ်လေ ...မင်းတို့က ငါ့သူငယ်ချင်း အရင်းကြီးတွေပဲ ...ဆန်း ခံစားနေရတာက ငါခံစားနေရသလိုပဲ ...ဒါကို မင်းတို့ သိသင့်တယ် ..."
သုံးယောက်သား အပြစ်ရှိသလို ဖြစ်နေကြသည်။ သူတို့ သဏ္ဍာန်ဆန်းစကားကို နားထောင်လိုက်တာ အမှားကြီး တစ်ခုလိုပင်။ မိုင်းရဲ့ ဆူပူမှုတွေအောက်မှာ သုံးယောက်လုံး မလှုပ်ဝံ့။
"အခု နင်သိပြီဆိုတော့ သူ့ကို ဘယ်လိုလုပ်ပေးမှာလဲ ..."
"ငါတို့လည်း ကူညီဖို့ ကြိုးစားခဲ့ကြသေးတယ် ...မအောင်မြင်ဘူး ...မင်းအဖေရဲ့ အရှိန်အဝါက တကယ်မသေးတာ ...ငါတို့ အာခံဖို့ ကြိုးစားတိုင်း ရှုံးနေရတယ် ..."
လင်းရဝေလို အစီအစဉ်ချ တော်တဲ့သူ ဆီကနေတောင်မှ ဒီလိုစကားတွေ ထွက်လာရတဲ့အထိပင်။
"ငါ ဖေဖေ့ကို ပြောမယ် ..."
"ဖြစ်ပါ့မလား မိုင်း ..."
"မဖြစ်လည်း ရအောင်လုပ်မယ် ...ငါဆန်းကို ဒီလိုမျိုး ဖြစ်ချင်ရာဖြစ်တော့ ပစ်မထားနိုင်ဘူး ..."
မိုင်းက အမြဲတမ်း ဆန်းနဲ့ပတ်သက်လာရင် သွေးဆူလွယ်တတ်၏။ မရ ရအောင်လုပ်မယ် ဆိုတာမျိုး၊ မဖြစ် ဖြစ်အောင် လုပ်မယ်ဆိုတာမျိုး။ ဆန်း တခုခု ဖြစ်တာနဲ့ ဖခင်ဖြစ်သူကိုပင် ခြိမ်းခြောက်ဖို့ ကြိုးစားတတ်တဲ့သူ။
**** ***** ***** ***** *****
ဖခင်ဖြစ်သူကြောင့် ဆိုတာကို သိသိချင်း ညတွင်းချင်း ဖုန်းခေါ်ပြီး ပြောသော မိုင်းပါ။
"ဖေဖေ ဒီလိုမျိုး ကတိဖျက်တတ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး ..."
"မင်း ဘာကို ပြောချင်တာလဲ ..."
"ဖေဖေ စီစဉ်တဲ့အတိုင်း ကျွန်တော်အားလုံး လက်ခံခဲ့တယ် ...အကုန်လုံး ကျွန်တော်လုပ်ခဲ့တယ် ...ဒါပေမယ့် ကျွန်တော့်ကို အဝေးပို့လိုက်ပြီးမှ ဆန်းကို ဒုက္ခပေးတာ ဖေဖေ မတရားဘူး...ဖေဖေ ကတိဖျက်တာပဲ ..."
"ကတိက ငါအရင်ဖျက်ခဲ့တာ မဟုတ်ဘူး ...မင်းရဲ့ ဆန်းက ဖျက်ခဲ့တာ ..."
"ဗျာ ..."
"မင်းနိုင်ငံခြားသွားတာနဲ့ လမ်းခွဲပေးပါ့မယ်လို့ ငါ့ကို ကတိပေးခဲ့ပြီးမှ သူက အဲ့ဒီ့ကတိကို မတည်နိုင်တော့ပါဘူးတဲ့ ...ငါ သူ့ကို ဒုက္ခပေးမယ်ဆိုရင်တောင်မှ သူကမင်းကို လက်မလွှတ်ပါဘူးတဲ့ ...ဒီကလေး တအား ရူးမိုက်လွန်းတယ် ..."
ဖေဖေနဲ့ ဆန်းရဲ့ ကြားထဲမှာ ဒီလိုကိစ္စတွေ ရှိခဲ့ခြင်းကို သူလုံးဝမသိခဲ့။ အံ့ဩရတာတွေလည်း ရှိသွား၏။
"အဲ့ဒါကြောင့် ဖေဖေသူ့ကို ဒုက္ခတွေ လိုက်ပေးနေတာလား ..."
"သူက ခေါင်းမာနေတာပဲလေ ...ပြီးတော့ မင်း ...မင်းကို သူနဲ့မတွေ့ဖို့ ပြောထားတာကို ငါ့လူတွေ မသိအောင် ခိုးတွေ့ခဲ့ကြတယ်လေ ...ဒီတော့ ကတိအရင်ဖျက်သူက ဘယ်သူတွေလဲ ..."
"ဖေဖေ ကျွန်တော်တို့ အကြောင်းကို သိနေခဲ့တာလား ..."
"ငါသိလို့ သဏ္ဍာန်ဆန်းဆိုတဲ့ ကောင်လေးကို ခေါ်ပြီး သတိပေးခဲ့တာပေါ့ ...မင်းအနားကနေ ထွက်သွားဖို့ ..."
သဏ္ဍာန်ဆန်းဆိုတဲ့ ကောင်လေးက ကတိကျတော့ ဖျက်ခဲ့ပေမယ့် သူနဲ့ဆုံပြီး ဒီလိုပြဿနာတြွေဖစ်ခဲ့တာရော၊ အခုလို ဒုက္ခရောက်နေတာကိုပါ သားဖြစ်သူ ဆီဇာနေရဇ္ဇကို ပေးမသိခဲ့ဘူး ထင်ပါရဲ့။ ဘာလို့များလဲ။ ဘာကြောင့်လဲ။
"ကျွန်တော် မှားခဲ့တယ် ...ဒါကို ကျွန်တော်ဝန်ခံတယ် ...ဒါပေမယ့် ဖေဖေ ...သူ့ကို ဒီလိုမျိုး ဒုက္ခတွေ ဆက်မပေးပါနဲ့တော့ ...ရပ်ပေးပါ ...သူက အစထဲက ရှင်သန်နေထိုင်ဖို့ ခက်ခဲနေတဲ့သူ တစ်ယောက်...ကျွန်တော့်အကူအညီတွေကို ဘာတစ်ခုမှ မယူဘဲနဲ့ သူ့ခြေထောက်ပေါ် သူရပ်တည်ချင်တဲ့ သူတစ်ယောက် ...သူ့ဘဝက ခက်ခဲနေတာကို ဖေဖေ ထပ်ပြီးတော့ ခက်ခဲအောင် မလုပ်ပါနဲ့လား ...ကျွန်တော် တောင်းဆိုပါတယ် ..."
"တောင်းဆိုတာတွေ လုပ်မနေနဲ့ ...မင်းတို့ ငါ့အမိန့်ကို နာခံရမှာ ...လမ်းခွဲဖို့ ငါပြောနေတာကို လုပ်ကိုလုပ်ရမှာ..."
"ကျွန်တော် ဖေဖေ့အစီအစဉ်အတိုင်း လိုက်လုပ်နေတာပဲလေ ...KS groupကိုလည်း ဖေဖေမျှော်လင့်ထားသလိုမျိုး ကျွန်တော်ဆက်ခံပေးဦးမှာပဲ ...ဘာတွေ ထပ်လိုနေသေးလဲ ဖေဖေ ..."
"ဆီဇာနေရဇ္ဇ မင်းကိုငါ မွေးထားတာ ...မင်းအကြောင်း ငါမသိဘူးလို့များ ထင်နေသလား ...မင်းပြန်လာရင်လည်း အဲ့ဒီ့ကောင်လေးနဲ့ ငါမသိအောင် ခိုးတွေ့နေဦးမှာပဲ ...ပထမတစ်ခါဆိုတာ ရှိလာမှတော့ ဒုတိယတစ်ခါ ဆိုတာလည်း ရှိလာဦးမှာပဲ ...ငါက မင်းကို ဘယ်လိုယုံကြည်ရမှာလဲ ..."
"ကျောင်းပြီးလို့ ကျွန်တော် ပြန်လာရင် သူနဲ့ထပ်မတွေ့တော့ပါဘူး ...ကျွန်တော် ကတိပေးပါတယ် ဖေဖေ ..."
"မင်းရဲ့ ကတိတွေကို ငါ ယုံသင့်ရဲ့လား...ကတိမဟုတ်ဘဲနဲ့ ငါလက်တွေ့ပဲ လုပ်မယ် ...ဒီကောင်လေး ဒုက္ခတွေကြားမှာ ကြောက်ရွံ့ပြီး နောက်ဆုတ်သွားတဲ့အထိ ..."
"ဖေဖေ ..."
မိုင်းရဲ့ အော်သံက ပြတ်ပြတ်သားသား။
"ကျွန်တော် တောင်းဆိုလို့ မရရင် ...ထင်ရာစိုင်းမိလိမ့်မယ် ဖေဖေ... KS groupရဲ့ အမွေဆက်ခံသူက နိုင်ငံခြားမှာ ကျောင်းတက်ရင်း မူးယစ်ဆေး စွဲနေပါတယ် ဆိုတဲ့ သတင်းစကားတွေ အဲ့ဒီ့နိုင်ငံတွင်းထိ ရောက်သွားအောင် ကျွန်တော် လုပ်ရလိမ့်မယ် ..."
"မင်းငါ့ကို ခြိမ်းခြောက်နေတာလား ဆီဇာနေရဇ္ဇ..."
"သတိပေးတာပါ ဖေဖေ ..."
"မင်းက မင်းကိုယ်မင်းရော KS groupကြီးနဲ့ ငါ့ကိုပါ ပြန်ဒုက္ခပေးမယ်လို့ ပြောနေတာလား ...မင်းရဲ့ကောင်လေးကို ငါက ထိမိလိုက်လို့လေ ..."
"သူ့ကို မထိခိုက်ဖို့ ဖေဖေ့ကို ကျွန်တော် တောင်းဆိုရုံပါပဲ ..."
သဏ္ဍာန်ဆန်းဆိုတဲ့ ကောင်လေးကို ထိလို့ သူ့ကိုယ်သူ မူးယစ်ဆေးစွဲအောင် လုပ်ပစ်မယ်လို့ ဖခင်ကို ခြိမ်းခြောက်နေသော သား။ သူ့ရဲ့သား ဆီဇာနေရဇ္ဇက တကယ်ကို လွယ်ကူမနေခဲ့။
ဒီလောက်ထိ ထင်ရာစိုင်းရန် အစီအစဉ် ရှိထားတဲ့ ပုံပင်။
"ဟား ဟား ဟား ..."
ဦးဆီဇာမင်းထင် စိတ်ပျက်စွာ အော်ရယ်လိုက်မိပါသည်။ ဒီကလေးက သူမွေးထားတဲ့ သားလား။ ဆီဇာနေရဇ္ဇတို့ ဒီလောက်ထိ ဆိုးသွမ်းပြီး ပြဿနာရှာတတ်လိမ့်မယ်လို့ ထင်မထားမိခဲ့ပေ။
"ဆီဇာနေရဇ္ဇ ...ဆီဇာနေရဇ္ဇ ...မင်း အတော်လေးကို မွှန်နေတာပဲ ...ဒီတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် ပျက်စီးဖို့ ကြိုးစားဦးမှာတဲ့လား ..."
သဏ္ဍာန်ဆန်းဆိုတဲ့ ကောင်လေးက သူ့ရဲ့သားကို ဘယ်၍ ဘယ်မျှအထိ ဆွဲဆောင်ထားသည်လဲ။ သူမှသူ ဖြစ်နေအောင် ဘယ်လို မှော်အစွမ်းတွေ ရှိနေလို့လဲ။ ဆီဇာနေရဇ္ဇလိုလူကို ဒီလောက်ထိ အဆုံးသတ် သွားရလောက်အောင် သဏ္ဍာန်ဆန်းက ထူးခြားနေသည်လား။
"သူ့အတွက်နဲ့ ကျွန်တော် ပျက်စီးရမယ်ဆိုလည်း ကျွန်တော် လုပ်နိုင်တယ် ...ဖေဖေ့ကိုတော့ ကျွန်တော် အားနာမိပါတယ် ..."
ဒီအဖေကို အားနာဖို့တော့ သူသိသေးသည်ပဲ။
"ကောင်းပြီလေ မင်းကငါ့ကို ဒီလိုမျိုး ခြိမ်းခြောက်နေမှတော့ ငါလက်ခံရတော့မှာပေါ့ ...ဆီဇာမင်းထင်ဆိုတဲ့ ငါကလည်း KS groupကြီးနဲ့ သားအရင်း တစ်ယောက်လုံးကို မစွန့်ပစ်နိုင်သေးမှတော့ မင်းကိုငါက ကြောက်ရတော့မှာပေါ့ ..."
မတတ်သာလို့ လက်ခံလိုက်ရတာမျိုး။
"ဒါပေမယ့် တစ်ခုတော့ ရှိတယ် ...အဲ့ဒီ့ကလေးကို ငါလွှတ်ပေးလိုက်တဲ့အတွက် ...မင်းကတိကို လုံးဝ ထပ်ဖျက်လို့မရတော့ဘူးနော် ...မင်းကတိ ဖျက်မယ်ဆိုရင် သဏ္ဍာန်ဆန်းဆီကို ဒုက္ခအစစ်အမှန်တွေ ငါပို့ပေးလိုက်မှာပဲ ...အဲ့ဒီ့အခါကျရင်တော့ ထိခိုက်မှုက ကြီးနိုင်လိမ့်မယ် ..."
"ကျွန်တော် ကတိပေးပါတယ် ဖေဖေ ...ကျွန်တော်ပြန်လာရင် ဆန်းနဲ့ လုံးဝ ထပ်မတွေ့တော့ပါဘူး ..."
KS groupကို အမွေဆက်ခံပြီးတဲ့ အထိပါပဲ။ သူဒီအထိပဲ ကတိကို တည်နိုင်ပါလိမ့်မည်။ ဖေဖေ့ကို ထပ်ပြီး လိမ်ညာမိတဲ့အတွက် စိတ်ထဲကနေ အကြိမ်ကြိမ်ဦးညွှတ်၍ တောင်းပန်တိုးလျှိုးနေမိပါ၏။
"တောင်းပန်ပါတယ် ဖေဖေ... ကျွန်တော် ဆန်းလေးကို အထိခိုက် မခံနိုင်လို့ပါ ..."
ဆန်း ငါမင်းကြောင့် အဖေကိုတောင် ခြိမ်းခြောက်နေမိပြီ။ လိမ်ညာမှုတွေလည်း လုပ်မိခဲ့ပြီ။ ငါ အမှားတွေ အပြစ်တွေ အများကြီး ကျူးလွန်နေမိပြီ။ ငါ သေဆုံးသွားရင်တောင် ကောင်းကင်ဘုံကို ရောက်နိုင်ပါဦးမလား ဆန်းရယ် ...။
**** ***** ***** ***** *****