(Part - 19)
"ဆန်း ...အိပ်ရာနိုးပြီလား ...အနာသက်သာလားဟင် ...ဘယ်လိုနေသေးလဲ ..."
မနက်ပိုင်း သဏ္ဍာန်ဆန်း အိပ်ရာထနေကျ အချိန်မှာ အတိအကျ အခန်းတံခါး လာခေါက်သော မိုင်း။ နိုးပြီဖြစ်ကြောင်း အသံပြု၍ တံခါးလေး ဟပေးမိရုံ ရှိသေးသည်။ သူက အခန်းထဲထိကို ဝင်လာပါရော။ လူကိုတကိုယ်လုံး သိမ်းကြုံးကြည့်ပြီး သက်သာလား သက်သာလား မေးနေတာက အခါတစ်ရာမက။
"ဆန်း ...မင်းမျက်နှာ သစ်တော့မှာမို့လား ...မင်းအတွက် သွားတိုက်ဆေး ငါညှစ်ပေးမယ် ..."
ရေချိုးခန်းထဲထိ လိုက်လာပြီး ဝင်ပါသေးသည်။
"မလိုဘူး ငါ့ဘာသာ လုပ်နိုင်တယ် ...မင်းထွက် ..."
ဆန်း သူ့ကို အတင်းတွန်းထုတ်နေလည်း မရမက သွားတိုက်ဆေးနဲ့ သွားပွတ်တံကို ပြင်သွားပေးသေးသည်။ လက်ကောက်ဝတ် အဆစ်လွဲတာလေးကို လက်ကျိုးသွားလို့ ကျောက်ပတ်တီးကိုင်ထားတယ်များ ထင်မှတ်နေသလားမသိ။ အသေးအဖွဲကအစ လိုက်လုပ်ပေးနေပြန်သည်။
"ဆန်း ...မင်း toilet ဝင်နေတာလား ...မင်းလက်နဲ့အဆင်ပြေပါ့မလား ...ဘောင်းဘီဇစ်ဖြုတ်ဖို့ ငါကူပေးရဦးမလား ..."
ရေချိုးခန်းနဲ့ toiletကို တွဲထားတဲ့ အခန်းရှေ့မှာ တကြော်ကြော် ခေါ်နေတဲ့ မိုင်းကြောင့် အပေါ့သွားခြင်း ကိစ္စကိုတောင် ဖြောင့်အောင် မလုပ်နိုင်သော သဏ္ဍာန်ဆန်း။
"မင်းဘာဖြစ်နေတာလဲ ဟေ့ကောင်...ငါဒီမှာ ငါ့ကိစ္စကို ဖြောင့်အောင် လုပ်ပါရစေကွာ ...သွားပါတော့ဟ ..."
အသံကုန်အော်ဟစ်ပြီး မောင်းထုတ်နေလည်းပဲ ထွက်မသွားသေးဘဲ ထပ်၍ပြောနေသေးသည်။
"ဆန်း ...ငါမင်းအိပ်ယာတွေ သိမ်းပေးထားတယ်နော် ..."
ဒီလိုမျိုး တစ်ခုပြီး တစ်ခုလုပ်နေပြီး တဆန်းထဲ ဆန်းနေကာ အခန်းထဲမှာ ယောက်ယက်တွေ လာခတ်နေလေရဲ့။
"မင်းအခန်းထဲက ထွက်တော့ ငါအဝတ်အစားလဲမလို့ ..."
အင်္ကျီကို ချွတ်ဖို့ ခါးအနားစကို ကိုင်ထားရင်းနဲ့ ဆန်းပြောလိုက်သည်။ မိုင်းကတော့ နောက်ပြန်လှည့်မသွားတဲ့ အပြင် ရှေ့တိုးလာခဲ့ကာ ...
"လာ ငါလဲပေးမယ် ..."
ဆန်းရဲ့ အင်္ကျီခါးစပ်အနားစကို လာကိုင်ပြီး လှန်တင်ပစ်လိုက်တာ ဆိုးခနဲဆတ်ခနဲ။ ဖြူဖွေးနေတဲ့ ဗိုက်သားရှပ်ရှပ်လေးက တဝက်လောက် ပေါ်သွားခဲ့သည်။ ပြီးတော့ အဲ့ဒီ့မြင်ကွင်းကို မိုင်းက ငေးကြည့်နေသေးသည်။
"ဟာ ဘာလုပ်တာလဲ ..."
အတင်းအသဲအသန် သူ့အင်္ကျီစကို ဆွဲဖုံး၍ မိုင်းကို မျက်မှောင်ကြုတ် ကြည့်လာသော ဆန်း။
"ဘာလို့ သူမ်ားအက်ႌကို လာလွန္တာလဲ ...သြား ထြက္သြား ..."
"အက်ႌလွန္မိတာ ဘာဖြစ်သွားနိုင်လို့လဲ ယောင်္ကျားလေး အချင်းချင်းပဲကို..."
မျက်မှောင်ကြုတ် မျက်နှာနီပြီး စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ကို တွန်းထုတ်နေတဲ့ ဆန်းကို မိုင်းက ပြန်အော်လိုက်လေသည်။
"အချင်းချင်းက အချင်းချင်းပဲ ဒါပေမယ့် မင်းက ... ကျွတ်စ် ..."
ဆုပ်တချက်သပ်၍ ပြောရခက်နေတဲ့ ဆန်းကိုကြည့်ပြီး မိုင်းကရယ်လျက်။
"ဘာလဲ ငါက မင်းကို ကြိုက်နေတဲ့ ကောင်မို့လို့ ခန္ဓာကိုယ်အတွင်းပိုင်းကို မမြင်စေချင်ဘူးပေါ့ ဒီလိုလား ...အဟား ဟား ..."
"ဟုတ်တယ်လေ ...ငါကမင်းရှေ့မှာ အဝတ်အစားမပါဘဲ နေစရာလား... မြှူစွယ်နေသလို ဖြစ်နေမှာပေါ့ ..."
"ဘာ ဘာဖြစ်တယ် ...မြှူစွယ် အဟား ဟား ..."
ဆန်းပြောသမျှက သူ့ကို ဟာသတွေ ပြောနေသလိုပါပဲ သဘောတကျ အော်ရယ်နေတာ မပြီးတော့ပေ။
"မင်းမှာ ငါရင်ခုန်အောင် ပြုစားနိုင်တဲ့ ကောက်ကြောင်းတွေ ရှိနေလို့လား ...ပြောပါဦး... ငါ စိတ်ရိုင်းတွေ ဝင်လာ ရလောက်အောင် မင်းမှာဘာတွေ ရှိနေလို့လဲ ...ဝမ်းဗိုက်ကြွက်သားတွေတောင် ဘာတစ်ခုမှ မရှိတာကို အဟက် ..."
မိုင်းရဲ့ ခပ်လှောင်လှောင် အပြုံးတချက်က အမြင်ကတ်ချင်စရာ ကောင်းနေပါသည်။
"ငါကလေ Sလိုင်းရှိတဲ့ ကောင်မလေးတွေရဲ့ ဘော်ဒီလှလှလေးတွေကိုပဲ စိတ်ဝင်စားတာ သိလား ...မင်းလို ..."
မိုင်းရဲ့ စကားသံတို့က တိခနဲ ရပ်သွားရသည်။ အကြောင်းက ဆန်းသည် သူ့ရဲ့အင်္ကျီကို ဆတ်ခနဲ ဆွဲချွတ် ပစ်လိုက်တာကြောင့်။ ပြီးတော့ မိုင်းရဲ့ ရှေ့တည့်တည့်ကို တလှမ်းချင်း တိုးကပ်လာခဲ့လေသည်။
အခန်းနံရံမှာ မိုင်းကျောပြင် ကပ်သွားတဲ့အထိ တိုးကပ်လာခဲ့ပြီး ဆန်းက နံရံကိုလက်နဲ့ထောက်ထားလိုက်၏။ နံရံမှာ ဆန်း ထောက်ထားတဲ့ လက်က သူ့ရဲ့ လည်ပင်းအနီးမှာပဲ ဖြစ်သည်။ မျက်နှာနှစ်ခုကိုလည်း တမင်နီးကပ်အောင် တိုးထားသေးသည်။
"ငါက မင်းအတွက် ဆွဲဆောင်မှု မရှိဘူးပေါ့..."
မျက်ဝန်းကို မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောနေတဲ့ သဏ္ဍန်ဆန်း။ ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေမှာ မိုင်းတစ်ယောက် ဆွံ့အစွာဖြင့်။
ငြိမ်သက်နေတဲ့ မိုင်းရဲ့ လက်တစ်ဖက်ကို ဆွဲယူလိုက်ပြီး ကိုယ်တပိုင်း ဗလာကျင်း ဖြစ်နေတဲ့ သူ့ရင်ဘတ်ကနေ ဝမ်းဗိုက်အထိကို သူကိုယ်တိုင် လက်ချင်းထပ်ကိုင်၍ ပွတ်သပ်စေလိုက်သည်။
"မိန်းခလေးတွေရဲ့ ဘော်ဒီတွေကိုပဲ စိတ်ဝင်စားတာပေါ့ ဟုတ်လား..."
"ဟင် မင်း ..."
အံ့ဩလွန်းသွားလို့ ထွက်လာတဲ့ အသံနဲ့အတူ မျက်ဝန်းတွေကပါ အလိုက်သင့် ကျယ်သွား၏။ သူ့ရင်ထဲကို orchestra (သံစုံတီးဝိုင်း)တစ်ခုလုံး ဘယ်ကနေ ဘယ်လို ဝင်ရောက်သွားသလဲမသိ။ အသံကပါ လိုက်၍ တုန်ချင်သွားရသည်။
"သဏ္ဍာန်ဆန်း မင်း ဒါဘာလုပ်တာလဲ ..."
"ဘာလုပ်တယ်ထင်လဲ ..."
ဆန်းရဲ့ အမူအရာက အရွဲ့တိုက်နေတဲ့ ပုံစံမျိုး။
"ငါမင်းကို မြှူစွယ်ကြည့်တာလေ ...မင်းပဲ ဘာကြွက်သားမှ မရှိတဲ့ ဒီကောင်ကို စိတ်မဝင်စားဘူးဆို ... မိန်းခလေးတွေရဲ့ ကောက်ကြောင်းလှလှလေးတွေကိုပဲ စိတ်ဝင်စားတာဆို ...
ဒါနဲ့များ အခု ဘယ်လိုဖြစ်ရတာလဲကွာ ...ချွေးစေးတွေတောင် ထွက်ပြီး ကတုန်ကယင်နဲ့ပါလား ...အဟက် ..."
ဆန်းက နှုတ်ခမ်းထောင့်စွန်းလေး တဖက်ထဲတက်သွားတဲ့ လှောင်ပြုံးတချက်နဲ့ အဆုံးသတ်လိုက်ပြီး ကိုယ်ချင်းခွာရပ်လိုက်လေ၏။
မိုင်း သဘောပေါက်လိုက်ပါသည်။ ဆန်းက သူ့ခန္ဓာကိုယ်ကို အလှောင်ခံလိုက်ရတာကြောင့် ပြန်၍ အရွဲ့တိုက်တာပဲဖြစ်သည်။
"ငါက မင်းကိုကြိုက်တာ မင်းခန္ဓာကိုယ်ကို ကြိုက်တာ မဟုတ်ဘူး ..."
အရှက်ပြေတော့ ပြောလိုက်မိပါသည်။ ဒါပေမယ့် ဒါကလည်း ပါးစပ်ထဲကနေ တွေ့ကရာ ပြောထွက်မိတာမျိုးတော့ မဟုတ်ပါ။ သူတကယ်ပဲ ဆန်းကိုကြိုက်ပေမယ့် sexကိစ္စထိတော့ တွေးမထားသေးပေ။ အဆင့်ကျော်ခြင်းဟာ အခက်အခဲတွေကို ရှိလာစေနိုင်မယ် မဟုတ်လား။
"အဲ့တော့ ဘာလဲ ငါက မင်းကို လူကြီးလူကောင်းဆန်တဲ့ ယောင်္ကျားကောင်းလို့ သတ်မှတ်ပေးရမှာလား ..."
ဆန်းက ရွဲ့ပြောနေရင်းနဲ့ အင်္ကျီနောက်တစ်ထည်ကို လဲဝတ်နေလေသည်။
"ဘာလဲ မင်းက ငါ့ကို ယောင်္ကျားကောင်းမဖြစ်စေချင်ဘူးလား ...ဒါဆိုလည်း ရတယ်လေ လူဆိုးလေး လုပ်ပေးရမလား ပြော ..."
"ပြန်ရွဲ့ပစ်မယ်ဆိုပြီးတော့ ရှေ့တိုးမလာခဲ့နဲ့နော်... ငါက ဖြတ်ကန်လိုက်မှာ မင်းကို ..."
ရှေ့တိုးပြီး ပြန်စနောက်မလို့ပဲ ရှိသေးသည်။ ဆန်းရဲ့စကားကြောင့် လူက ရှေ့မတိုးဖြစ်တော့။ ကြောက်တာတော့မဟုတ်။ ဒဏ်ရာရထားတဲ့သူကို အင်အားမသုံးချင်တာမို့။
"သွားထွက်တော့ ငါဘောင်းဘီလဲမလို့ ..."
"အင်းပါ ငါသွားပါ့မယ် ..."
ဒီတခါတော့ အသာတကြည် အပြင်ထွက်သွားရန် ပြင်လိုက်ပါသည်။ ဒါပေမယ့် အခန်းဝကနေ ရပ်ပြီး လှမ်းပြောတာက ...
"ငါ့ကို ဒီလိုမျိုး နောက်တခါ ထပ်ပြီးမမြှူစွယ်နဲ့တော့ သဏ္ဍာန်ဆန်း ...ဒုတိယတခါဆိုရင် ငါ့ကိုယ်ငါ အာမ မခံတော့ဘူး ...မင်းကိုငါ အဓမ္မကျင့်မိလိမ့်မယ် ..."
"လုပ်ကြည့်လိုက်လေ ...မင်းမုဒိန်းမှုနဲ့ ထောင်ထဲဝင်ချင်ရင်ပေါ့ ...ငါက ငြိမ်ခံနေမယ်ထင်လို့လား ..."
သဏ္ဍာန်ဆန်းတို့ တကယ်လုပ်မယ်ဆိုတာ အသိအသာကြီးပါ။ ဘယ်သောအခါမှ လျော့တွက်လို့မရတဲ့ ဒီသတ္တဝါလေးသည် မိုင်းရဲ့ဘဝမှာတော့ တွက်ရအခက်ဆုံး ပုစ္ဆာတစ်ပုဒ်ပါပဲ။
အဖြေရဖို့က အတော်လေး မနီးစပ်။ တွက်နည်းရဲ့ လျှို့ဝှက်ချက်က ဘာများ ဖြစ်နေနိုင်မလဲ။
တွေးရင်း တွေးရင်းနဲ့ ရူးရသလို ...
ကြည့်ရင်း ကြည့်ရင်းနဲ့လည်း ပိုသဘောကျလာရသည်။
သေချာပါတယ်။ ငါသူ့ကို ချစ်နေမိပြီ ထင်ပါရဲ့။
**** ***** ***** ***** *****
ကျောင်းသွားတော့လည်း လက်က စက်ဘီးစီးလို့ မရသေးတာမို့ မိုင်းရဲ့ကားနဲ့သာ ပါသွားဖြစ်သည်။ မပါလို့လည်း မရ။ ဇွတ်တရွတ်သမားက အတင်း ကားထဲ ထိုးသိပ်ထည့်ပြီး ခေါ်လာတာမို့။ ပြီးတော့ အရင်ကလောက်လည်း မိုင်းရဲ့ကားကို စီးရန် မငြင်းဆန်ဖြစ်တော့။
သူလည်း ဂရုစိုက်ခံရခြင်းမှာ သာယာနေပြီလားလို့ ခပ်ကြောင်ကြောင် အတွေးတွေ ဝင်လာရ၏။
"ဘာလုပ်ပြန်ပြီလဲကွာ လွှတ်စမ်းပါ ..."
ပုခုံးကို လာသိုင်းဖက်နေသည့် မိုင်းရဲ့လက်တွေကို သူက ပုတ်ခါချပစ်လိုက်သည်။
"လူတွေကြည့်နေတယ်ကွ ..."
"အဲ့ဒါဘာဖြစ်လဲ ..."
ကားပေါ်ကနေ နှစ်ယောက်အတူ ဆင်းလာကြထဲက ကျောင်းသားတွေရဲ့ အကြည့်တွေက သူတို့ဆီမှာသာ အများဆုံး။ ဆီဇာနေရဇ္ဇက နာမည်ကျော်မို့ လိုက်ကြည့်တာ မဆန်းပေမယ့် သဏ္ဍာန်ဆန်းလို ကောင်လေးနဲ့ နှစ်ယောက်အတူ ကျောင်းလာတဲ့ မြင်ကွင်းကတော့ ဆန်းနေသည် မဟုတ်လား။
"မသိဘူး လာမဖက်နဲ့ ..."
ပြောပြီး တစ်ယောက်ထဲ ရှေ့ကိုခြေလှမ်းကျောသွားတဲ့ ဆန်းနောက်ကို မိုင်းကလည်း အမှီလိုက်၏။ ပြီးတော့ ထပ်၍ ပုခုံးဖက်ပြန်သည်။
"ဘာဖြစ်နေတာလဲ မင်း ... သေမလို့ လိုက်ဖက်နေတာလား..."
"ဟင့်အင်း ချစ်လို့ လိုက်ဖက်နေတာ ..."
"တောက် ..."
ဆန်းက တောက်တချက်ခေါက်၍ သူ့ဝမ်းဗိုက်ကို အားသုံးပြီး လက်ပြန် ရိုက်ချပစ်လိုက်ပါသည်။
"အ ..."
အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားတာတော့ အမှန်ပင်။ သူ့ငြီးငြူသံကြားတော့ ဆန်းက တချက်ပဲ ငဲ့ကြည့်ပြီး သူ့အတန်းရှိရာကို ဆက်သွားလိုက်ပြီ ဖြစ်သည်။ အနောက်ကို တစ်ချက်လေးမှ ထပ်မံမကြည့်တော့ပါ။
မိုင်းလည်း ဆက်မလိုက်ဖြစ်တော့ဘဲ ရပ်ပြီးကြည့်နေမိလေသည်။
"လမ်းလျောက် သွားတာလေးကလည်း ဘယ်လိုလေးမှန်းကို မသိဘူး ..."
တစ်ယောက်ထဲပြောပြီး တစ်ယောက်ထဲ ပြုံးနေမိစဉ် စကားသံတစ်ခုကို သူကြားလိုက်ရပါသည်။
"သဏ္ဍာန်ဆန်းတောင် စာရင်း ပေးလိုက်ပြီးပြီပဲ ..."
သဏ္ဍာန်ဆန်းဆိုတဲ့ အမည်ကြားတာနဲ့ လူကအလိုလို လိုက်ရှာကြည့်မိပြီးသား။
"ကြည်သာ ..."
ကော်ရစ်တာ ထောင့်ချိုးအကွေ့က notice board အရှေ့တွင် ရပ်နေတဲ့ ကြည်သာ့ကို သူမြင်သွားသည်။ ကြည်သာက ဘုတ်ပေါ်က အချက်အလက်တွေကို ကြည့်နေတာပဲဖြစ်သည်။ ဒီ notice boardက မေဂျာရဲ့ activityတွေကို တရားဝင် ကြေငြာထားပေးတဲ့ နေရာပါ။
"ဘာတွေကြည့်နေတာလဲ ..."
"အော် ...မိုင်း ..."
ဆန်းနဲ့ ပတ်သက်ပြီးတော့ မကြာခဏ တွေ့ဖြစ်နေကြ၍ အနည်းငယ် ရင်းနှီးနေပြီမို့ သူ့ကိုကြည်သာက မိုင်းလို့ပဲ ခေါ်ပါသည်။
"ဒီမှာလေ trip ကိုလိုက်ကြမယ့် ကျောင်းသားတွေစာရင်း ထွက်လာလို့ ကြည့်နေတာ ..."
"ဆန်းပါ လိုက်မလို့လား ..."
"အင်းလေ ငါရောပဲ ..."
စောစောက နာမည်ကြားလိုက်ရတာမို့ သေချာအောင် စာရင်းကို ကြည့်လိုက်တော့ အောက်ဆုံးမှာ သဏ္ဍာန်ဆန်းနာမည်က အထင်းသား။
"အတန်းတက်ဖို့ သွားဦးမယ်ကွာ ...ဆန်းရော ကျောင်းရောက်ပြီလား မသိဘူး ...စာရင်းပါတာ သူ့ကိုပြောပြရဦးမယ် ..."
"အင်း သူအခုပဲ ငါနဲ့အတူတူ ကျောင်းကိုလာတာ ..."
"ဟုတ်လား ...ဘယ်မှာဆုံလာကြတာလဲ ..."
"ငါ မနေ့က အပန်းဖြေအိမ်မှာ အိပ်တာလေ ...အဲ့ဒါကြောင့် ဒီမနက် ကျောင်းအတူ လာဖြစ်တာ..."
"အော် ..."
ကြည်သာက ဘာမှထပ်ပြီး မစပ်စုချေ။ ပြောရင် ပြောပြသလောက်သာ နားထောင်ပါ၏။
"အဲ့ဒါဆို ငါသွားပြီနော် မိုင်း ..."
"အေး အေး ..."
ကြည်သာ ထွက်သွားပြီးနောက် မိုင်းက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါသည်။ ချက်ချင်းပဲ သူတို့အုပ်စုရဲ့ group chat ထဲမှာ message တွေ ဝင်ပို့လိုက်ပါတော့၏။
(မိုင်းတို့အုပ်စု group chat ထဲမှာပြောတဲ့ စကားတွေကို စာနဲ့မရေးပြတော့ပါဘူးနော်။ ပုံထဲမှာပဲ ကြည့်လိုက်ကြပါတော့ readerတို့ရေ။ အဲ့ဒါ သူတို့အုပ်စုရဲ့ group chat လေးပါ။🤗)
**** ***** ***** ***** *****
(D Day - မေဂျာမှ ခရီးထွက်ကြမည့်ရက်)
သစ်တောတွေ တောင်တန်းတွေရှိတဲ့ နယ်မြို့လေးဘက်ကို ကားနဲ့မသွားကြဘဲ ရထားစီးပြီးသွားကြမှာဖြစ်သည်။ ရထားနဲ့သွားခြင်းက အချိန်ပိုကြာမှာ ဖြစ်ပေမယ့်လည်း လေကောင်းလေသန့်နဲ့ ရှု့ခင်းလှလှတွေကို ခံစားရမှာမို့ ရွေးချယ်လိုက်ကြတာပါ။
ရထားထွက်ခါနီး ဘူတာရုံရောက်တော့မှ ထင်မှတ်မထားတဲ့ လူတွေပါလာခဲ့လေသည်။ သဏ္ဍာန်ဆန်းတင်မက တခြားကျောင်းသားတွေလည်း အံ့ဩနေကြလျက်။ စာရင်းမှာ မပါဝင်ခဲ့တဲ့ သူတွေ ဖြစ်နေလို့ မဟုတ်ပါ။ နာမည်ကျော် ကျောင်းသားအုပ်စု ရုတ်တရက် ခရီးမှာ ပါလာခဲ့တာမို့။
"မင်းတို့က ဘယ်ကဘယ်လို ပါလာတာလဲ ..."
အေးအေးလူလူ သာသာယာယာ ခရီးလေးထွက်ရတော့မယ်လို့ တွေးပြီး ကြည်နူးရုံ ရှိသေးသည်။ အနှောင့်အယှက်တွေက ပါလာခဲ့လေပြီ။
"ဒီလိုပဲပေါ့ ငါတို့မေဂျာက ထွက်မယ့်ခရီးမို့လို့ လိုက်တာလေ ..."
"စာရင်းထဲမှာ မင်းတို့မပါဘူးလေ ..."
"ဟုတ်တယ် ...မိုင်းတို့က အနီးကပ်မှ သူတို့လည်း လိုက်ချင်တယ် ပြောလို့စာရင်းထဲမှာ မပါသွားတာ ..."
စီနီယာကိုစိုင်းက ဝင်၍ရှင်းပြနေလေသည်။ စီနီယာတွေက အစထဲက ဒီအုပ်စုကို လိုက်စေချင်နေကြမှန်း ဆန်းသိထားပါသည်။ မိုင်းတို့အုပ်စု အနီးကပ်မှ ခရီးကို ပါဖြစ်လည်း ရအောင်စီစဉ်ပေးမယ့် စီနီယာတွေပါ။
မနေ့ညက ဆီဇာနေရဇ္ဇရော ကျန်တဲ့သုံးယောက်ပါ ရောက်မလာတာမို့ တခုခုပဲလို့ တွေးတော့ တွေးမိလိုက်သေးသည်။ မနက် အိမ်ကနေ သူထွက်လာတဲ့အထိ ဘယ်သူမှ မရှိနေ။ ခရီးထွက်တာ ဘယ်သူမှ မသိတာ ကောင်းသားပဲဟု ထင်မိသေး၏။
အခုကျတော့ သူတို့ပျောက်နေတာက ခရီးကိုလိုက်ပါဖို့ အစီအစဉ် ရှိနေတာကြောင့်တဲ့လား။ သေလိုက်ပါတော့ သဏ္ဍာန်ဆန်းရာ။
**** ***** ***** ***** *****
(မေဂျာတစ်ခုမှာရှိတဲ့ ကျောင်းသားအရေအတွက်ဟာ အကြမ်းဖျင်း ထောင်နဲ့ချီပြီး ရှိပါတယ်။ ခရီးကို လိုက်ဖြစ်တဲ့ အရေအတွက်ဟာ အကြမ်းဖျင်းတစ်ရာကျော် အနေနဲ့ပဲ ထည့်ရေးလိုက်ပါတယ်။)
ကျောင်းသားတွေက တစ်ရာကျော်ခန့်လိုက်ပါလာခဲ့ပြီး ရထားအတွဲ လေးတွဲလုံးက သူတို့ မေဂျာက လူတွေကြီးပဲ ဖြစ်သည်။ ဟယ်ရီပေါ်တာ စီးရီးထဲကလို ဟော့ဂဝပ် မှော်ကျောင်းကြီးကို သွားကြမယ့် ကျောင်းသားတွေလိုပါပဲ။
လူတွေအများကြီးနဲ့မို့ စကားပြောသံ စနောက်သံ သီချင်းဆိုနေကြသံတွေဟာ ဆူညံလို့နေသည်။
မြို့ပြအရပ်အဝန်းထဲကနေ ထွက်လာကြတော့ အပြင်ဘက် ရှု့ခင်းတွေဟာ လူနေအိမ်ခြေတွေနည်းလာပြီး တောင်ကုန်း တောင်တန်းတွေ ကွင်းပြင်တွေ သစ်ပင်စိမ်းစိမ်းတွေပိုများလာခဲ့၏။
လေကောင်းလေသန့်လေး ရှုရင်း ရထားအပြင်ဘက်က စိမ်းစိမ်းစိုစို မြင်ကွင်းတွေကို လိုက်ငေးကြည့်နေမိတဲ့ သဏ္ဍာန်ဆန်း။ သူ့ဘေးမှာ ကြည်သာရှိနေပြီး သူ့အရှေ့မှာက မိုင်း။ မိုင်းရဲ့ဘေးမှာက လင်းရဝေ။
နှစ်ယောက်တွဲခုံတွေက မျက်နှာချင်းဆိုင်ဖြစ်သည်။ သူတို့ရဲ့ဘေးမှာက သစ်လွင်အမြွှာနှစ်ယောက်နဲ့ စီနီယာကိုစိုင်း။ ပြီးတော့ တခြားစီနီယာတစ်ယောက်။ သူတို့လည်း အချင်းချင်း စကားတွေပြောပြီး ဆူညံနေလေရဲ့။
ကြည်သာနဲ့ လင်းရဝေကလည်း စကားတွေဖောင်ဖွဲ့နေပြီး ဆန်းနဲ့ မိုင်းကတော့ ငြိမ်နေကြ၏။
အပြင်ဘက်ရှု့ခင်းတွေကို ဆန်းက ငေးမောနေတာဖြစ်ပြီး မိုင်းကတော့ သူ့ကို ငေးမောကြည့်နေတာပါ။
လေပြေတိုးမှုကြောင့် ဆံပင်ဖျားလေးတွေ တလွင့်လွင့် ဖြစ်နေတာကအစ။ မျက်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း တခါတခါပြုံးယောင် သမ်းသွားတာလေးကအဆုံး။ အားလုံးကို သူလိုက်ငေးကြည့်နေမိပါသည်။
ချစ်တာမို့လို့ မျက်စိထဲ လှနေတာလား။ နဂိုထဲက ချောပြီးသားမို့လို့ မျက်စိထဲ လှနေတာလား။ ဘာမှန်းတော့ သေချာမသိပေမယ့် သဏ္ဍာန်ဆန်းဟာ မိုင်းရဲ့မျက်ဝန်းတွေ ထဲမှာတော့ တကယ့်အလှလေး။
"ဆန်း ..."
မိုင်းက နာမည်ခေါ်လိုက်ပြီး ဒူးချင်းပါ တိုက်လိုက်သေးသည်။ ခြေတံရှည် နှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေတာမို့ ဒူးတွေက မထိတထိ အနေအထားမှာ။
"ဘာလဲ ..."
"မင်း ဘာတွေသယ်လာလဲ ..."
စကားမရှိ စကားရှာတယ်ဆိုတာ ဒါမျိုး။ ခရီးထွက်လာပါတယ် ဆိုမှတော့ ခရီးအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေပဲ သယ်လာမှာပေါ့လေ။
"ဘာလုပ်မလို့ မေးတာလဲ ..."
"အားနေလို့"ဟု ပြောလိုက်ချင်ပေမယ့် ပါးစပ်က မထွက်ပါ။
"Trekking ခရီးတွေ ဘာတွေ သွားရင် မလိုအပ်တဲ့ အသုံးအဆောင်တွေကို မသယ်ရဘူး ခရီးအတွက် ဝန်လေးတယ် ...ဝန်ပေါ့တာလေးတွေ ဖြစ်ဖို့ပိုအရေးကြီးတယ် ...တောင်ထိပ်ထိ ကိုယ့်အိတ်ကိုယ်သယ်ပြီး တက်ကြရမှာ ဆိုတော့ မလိုအပ်တာတွေ မပါတာကောင်းတယ် ...အဲ့ဒါကြောင့် မေးကြည့်တာ ..."
ဒီတော့မှ စေတနာနဲ့ မေးတဲ့စကားမို့ ဆန်းလည်း ကောင်းကောင်း စကားပြန်ပြောပါ၏။
"အဝတ်အစားသုံးစုံရယ် အနွေးထည်ရယ် လက်နှိပ်ဓာတ်မီး၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ မျက်နှာသုတ်ပဝါ၊ ပြီးတော့ ..."
"နေဦး နေဦး ...အဲ့ဒီ့အတိုအထွာ အသေးအမွှားတွေ မပြောနဲ့လေ ဒါက ဘယ်ခရီးထွက်ထွက် ပါကိုပါရမှာပဲ ..."
"ငါယူလာတာလည်း အဲ့ဒါတွေပဲလေ ..."
"ဟမ် ဒါပဲလား ..."
"အင်း ..."
သူတို့နှစ်ယောက် ပြောနေတာကို ဘေးကနှစ်ယောက်ကလည်း နားထောင်နေကြသည်။
"မင်းတခါမှ Trekking ခရီးမသွားဖူးဘူးလား ဆန်း ..."
"ဟင့်အင်း အခုမှ ဒါပထမဆုံး ...မင်းတို့ရော..."
ရှင်းရှင်းပြောရရင် ပိုက်ဆံရော အချိန်ရော မရှိတာမို့ မသွားဖြစ်တာပါ။ အခုကျတော့ အရင်လို အချိန်ပိုင်း အလုပ်တွေ အများကြီး မလုပ်ရတော့ဘဲ လစာနဲ့အလုပ်ရှိနေတာမို့ အချိန်ရော ငွေပါ အနည်းငယ်ရှိနေပါ၏။
"ငါတို့အုပ်စုက တစ်နှစ်ကို တစ်ခါလောက်တော့ သွားဖြစ်တယ် ..."
"ငါလည်း ပြီးခဲ့တဲ့ 2နှစ်တုန်း သွားဖူးတယ် ..."
ကြည်သာနဲ့ လင်းရဝေက ဝင်ဖြေလိုက်လေသည်။
"အဓိကအရေးကြီးတာက ဖိနပ်ပဲ ...မင်းယူလာတဲ့ ရှူးဖိနပ်က လမ်းလျောက်လို့ကောင်းရမယ် ...ငါတို့ အခုသွားမှာက လမ်းတွေအကြာကြီး လျောက်ရမှာမျိုး မင်းယူလာတဲ့ ဖိနပ်က သက်သောင့်သက်သာ မဖြစ်ရင် ခြေထောက်တွေ ပေါက်ပြဲကုန်လိမ့်မယ် ...ပြီးတော့ ခြေညှပ်ဖိနပ် အပါးတစ်ရံလည်း လိုတယ် ..."
ဆန်းက သူ့နားထင်ကို ကုတ်ခြစ်နေပြီး ပြန်ဖြေ၏။
"ညှပ်ဖိနပ်က မပါလာဘူး... ရှူးဖိနပ်ကလည်း အသစ်ဝယ်လာတာမျိုး မဟုတ်ဘူး ...ငါကျောင်းတက်ရင် စီးတဲ့ဖိနပ်ကိုပဲ ယူလာခဲ့တာ..."
"သေလိုက်ပါတော့ အဓိကကိုမှ မပါလာတာပဲ ...မြို့ပေါ်မှာ စီးနေကျ ဖိနပ်တွေကို တောထဲမှာ ဘယ်လို သွားစီးလို့ရမလဲကွ ... မတူဘူးလေ မြေနေရာ လမ်းခရီး အနေအထားက ..."
မိုင်းက သူ့နဖူး သူပြန်ရိုက်နေလေရဲ့။ ဘေးကနှစ်ယောက်ကလည်း ရယ်နေကြ၏။
"စီနီယာ ဘူတာဆိုက်ရင် မြို့ထဲဈေးဘက်ကို ခဏသွားလို့ရမလား ...ခဏလေးပဲ မကြာဘူး ..."
မိုင်းက စီနီယာတွေကို လှမ်းမေးနေသည်။
"အင်း ရပါတယ် ...မင်းက ဘာသွားဝယ်မလို့လဲ ..."
"ဆန်းအတွက် ဖိနပ်သွားဝယ်ပေးမလို့ ..."
"ဆန်း ...သဏ္ဍာန်ဆန်းလား..."
"ဘာလို့လဲ သူ့ဖိနပ်က ..."
ဘေးဘက်က စီနီယာကိုစိုင်းနဲ့ သစ်လွင်အမြွှာနှစ်ယောက်က သူတို့ကို လှမ်းမေးလာခဲ့သည်။
"Trekking အတွက် အဆင်မပြေမယ့် ဖိနပ်ပဲပါလာလို့ အသစ်သွားဝယ်ပေးမလို့ ..."
"အော် အဲ့လိုလား..."
"ဟိုရောက်ရင် ငါကြည့်စီစဉ်ပေးမယ် ..."
မိုင်းက ဆန်းကိုကြည့်ပြီး ပြောလိုက်လေသည်။ ဆန်းက ခေါင်းလေးငြိမ့်လို့ပါပဲ။ ဒီတခါတော့ အသာတကြည် ခေါင်းလေးတညိတ်ညိတ်နဲ့ နာခံနေလေရဲ့။
"ဆန်း မင်းဘာမှ မပူနဲ့နော် ...မင်းအဖေ မိုင်းက အားလုံးလုပ်ပေးလိမ့်မယ် ...သူက ဆရာကြီး ..."
ကောင်းသစ်လွင်က တဖက်အခြမ်းကနေ လှမ်းစနေသေးသည်။ ပြီးတော့ သူ့အသံက အာပြဲနှင့်။
အနီးအနားက ကျောင်းသားတွေက ကြားတဲ့သူ ကြားသွားကြပြီး ရယ်နေကြတာ ဆူညံလို့ပါပဲ။
မိုင်းဆန်းလည်း အတူတူ လိုက်ရယ်နေမိကြပါသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်မိတော့ ပြုံးဖြစ်သွားသေး၏။
အနည်းငယ် ပျော်စရာတော့ ကောင်းလာသလိုပင်။
ဒီလိုမျိုး ဂရုတစိုက် အလေးထား ခံရခြင်းကလည်း အပြင်ဘက် သဘာဝရှု့ခင်းတွေကို ငေးကြည့်ဖို့ရာ မေ့စေခဲ့သည်။ လတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရှုဖို့ထက် မိုင်းရဲ့ မျက်နှာကိုသာ ပြုံး၍ ကြည့်နေခဲ့မိသည်။
နှလုံးသားဟာ ဒီလိုမျိုးလေး လိုက်ရောညီထွေစွာဖြင့် ...။
**** ***** ***** ***** *****