ညနေပိုင်း အတန်းပြီးတော့ အိမ်ပြန်ဖို့ ခြေလှမ်းတွေက ဘက်ထရီနည်းနေတဲ့ အရုပ်ကြီးလိုပင်။ ဖြေးဖြေးလေး တရွေ့ရွေ့နှင့်။ စက်ဘီးကိုလည်း မစီးဖြစ်။ လက်ကနေပဲ တွန်းလာခဲ့တဲ့ သဏ္ဍာန်ဆန်း။
ရင်ဆိုင်နေရတာတွေကို ဖြေရှင်းဖို့ သူ့မှာ တွေးစရာတွေ များနေပါသည်။ နေဖို့ အဆောင်ရှာရမည်။ ဝင်ငွေအတွက် အလုပ်ထပ်ရှာရဦးမည်။ လူတွေဟာ စားဝတ်နေရေး ခက်ခဲလာရင် ပင်ပန်းလာကြတယ်။ စိတ်ရော ကိုယ်ပါ မပျော်ရွှင်နိုင်တော့ဘူးတဲ့။ ဒီစကားက မှန်၏။ အခု သူ မပျော်ပါ။
စိတ်ဓာတ်ကျ အားငယ်နေတာမျိုးတော့ မဟုတ်။ စားဝတ်နေရေး ဆိုတဲ့ ကိစ္စက အရွယ်ရောက်၍ မိဘမဲ့ကျောင်းကနေ ထွက်လာပြီးထဲက သူရင်ဆိုင်လာရတာ ဖြစ်သည်။ သူများတွေလို သုံးဖြုန်းပျော်ပါးဖို့ ဝေးစွ။ ထမင်းငတ်ခဲ့ဖူးတဲ့ရက်တွေ ရှိသလို ဘူတာရုံတွေမှာ အိပ်ခဲ့ဖူးတဲ့ ရက်တွေလည်း ရှိခဲ့ဖူးသည်။ ဒါက သူပထမဆုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ထွက်လာခဲ့စဉ်က ကြုံခဲ့ဖူးတဲ့ အဆိုးဝါးဆုံး အချိန်တွေပါ။
အခုကြုံတွေ့နေရတဲ့ အခြေအနေက အဆုံးထိတော့ မဟုတ်သေး။ ရွေးစရာ တစ်ခုခုတော့ ရှိနေနိုင်ပါသေးသည်။
"သဏ္ဍာန်ဆန်း ဟေ့ကောင် ..."
သူ့နာမည်ကို လှမ်းခေါ်ပြီး အနားကို ရောက်လာတဲ့ ကြည်သာ။ ဆန်းကို ကြည်သာက ပုခုံးလှမ်းဖက်လိုက်ပြီး ...
"မောလိုက်တာ ငါမင်းကို လိုက်ရှာနေတာဟ ...အတန်းပြီးတာနဲ့ ပျောက်သွားတာ မြန်လိုက်တာ ..."
"ငါသွားစရာလေးတွေ ရှိနေလို့ပါကွာ ...မင်းက ဘာလို့ ငါ့ကို လိုက်ရှာနေတာလဲ ..."
"မင်းသွားစရာတွေ ဆိုတာက အဆောင်ရှာဖို့နဲ့ အချိန်ပိုင်း အလုပ်သစ် ရှာဖို့လား ..."
ကြည်သာ့ကို ဟိုရက်တွေက ပြောထားတာမို့ သူလည်း သိနေပါသည်။ ဆေးမှုကြောင့် အဆောင်ကနေလည်း ပြောင်းရမှာ ဖြစ်သလို သူ လုပ်နေတဲ့ အချိန်ပိုင်း အလုပ်နှစ်ခု ကနေလည်း ပြုတ်သွားခဲ့ရပါပြီ။
"အေး ဟုတ်တယ် ...အလုပ်သစ်ကလည်း ချက်ချင်း ရဖို့ ခက်တယ် ...နေဖို့နေရာ ရှာရတာကလည်း ပိုတောင် မလွယ်ဘူး ..."
"ငါမင်းအတွက် သတင်းကောင်းယူလာတယ် ..."
"ဘာလဲ ..."
"မင်းအတွက် အလုပ်ရော နေစရာ နေရာရော ရမယ်ဆို စိတ်ဝင်စားလား ..."
"ဘာအလုပ်လဲ ..."
"အပန်းဖြေအိမ်ယာ တစ်ခုမှာ အိမ်ထိန်းသိမ်းပေးတဲ့ သဘောမျိုး နေပေးရမှာကွ ...တနေကုန်ရှိပြီး အလုပ် လုပ်စရာမလိုဘူး ...
မင်းကျောင်းက ပြန်လာတော့မှ အိမ်သန့်ရှင်းရေးနဲ့ အိမ်ကို ထိန်းသိမ်းတဲ့ တာဝန် ဒီလောက်ပဲ လုပ်ပေးရမှာ ..."
"အိမ်ပိုင်ရှင်တွေကရော အဲ့မှာ မနေကြဘူးလား ..."
"အေး မရှိဘူးတဲ့ ...တစ်ပတ် တခါပဲ သူတို့က လာကြတာတဲ့ ...လာလည်း အနည်းဆုံး နာရီပိုင်းပဲ နေကြတာ ...အကြာဆုံးကတော့ တစ်ည တလေပဲ အိပ်ကြတာတဲ့ ..."
"မင်းက အဲ့အလုပ်ကို ဘယ်က သိလာတာလဲ ..."
"ငါ့သူငယ်ချင်းရဲ့ အသိတစ်ယောက် အိမ်ပါ ..."
ကြည်သာ့မှာ တစ်ချက်တော့ မလုံမလဲ ဖြစ်နေတဲ့ အမူအရာ ရှိနေပါသည်။ ဒါကို ဆန်းက မရိပ်မိပေ။ စိတ်ရှုပ်နေတာမို့ အာရုံမစိုက်မိတာလည်း ဖြစ်နိုင်ပါ၏။
"သူတို့က အိမ်ထိန်းသိမ်းဖို့ လူလိုနေတယ်ဆိုလို့ ငါလည်း မင်းအတွက် မေးလာခဲ့ပေးတာ ...ပြီးတော့ မင်းရမယ့် ပိုက်ဆံက အချိန်ပိုင်းကြေး မဟုတ်ဘူးနော် လစာနဲ့ ..."
"ဘာ လစာနဲ့ ..."
သဏ္ဍာန်ဆန်းပုံစံက အတော်လေး စိတ်ဝင်စားသွားတဲ့ပုံပါ။ ကျောင်းတက်နေရတဲ့ သူ့အတွက် အချိန်ပိုင်းမဟုတ်တဲ့ လစာကို ရမယ့်အပြင် နေစရာ နေရာပါ အဆင်သင့်။ ဒီလိုအလုပ်ကို ဘယ်သူက သဘောမကျဘဲ နေမလဲ။
"အေး ..."
"လစာကရော ဘယ်လောက်လဲ ..."
"(....)သိန်း "
လစာက အရမ်းကြီး မြင့်မားလွန်း နေတာမျိုးလည်းမဟုတ်။ အရမ်းကြီး နည်းနေတာမျိုးလည်း မဟုတ်။ ပုံမှန်ထက်တော့ မက်လောက်စရာ လစာတစ်ခုပင်။
"နေစရာရော ဒီလောက်လစာရော ဆိုရင် တော်တော်လေးကို မဆင်ပြေနေပြီ ...ဒါတောင် လုပ်မယ့်သူ မရှိလို့ လူရှာနေတာတဲ့လား ...မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လား ..."
ဆန်းက ရေငတ်တုန်း ရေတွင်းထဲ ကျနေပေမယ့် ချက်ချင်းတော့ အငမ်းမရ ဖြစ်မနေပါ။ သေချာအောင် မေးနေသေး၏။
"ဟုတ်ပါတယ်ဆိုမှကွ ...အပန်းဖြေ အိမ်ယာဝင်းတွေဆိုတော့ သိတဲ့အတိုင်းပဲ အရမ်းကျယ်ပြီး အိမ်တွေက ကြီးတယ်လေ ...အဲ့ဒါကြောင့် တချို့တွေက ပင်ပန်းမှာ စိုးတာရော လူရှင်းတဲ့ နေရာမှာ တစ်ယောက်ထဲ မနေနိုင်ကြတာရော ...အဲ့ဒါတွေကြောင့် လုပ်မယ့်သူက ရှားနေတာဟ ..."
ကြည်သာက အရှည်ကြီးတွေ ရှင်းပြနေလေသည်။ မသိရင် သူက ပွဲစားခပဲ ရထားသလိုလို။
"မဆိုးပါဘူး အလုပ်က ...ပင်ပန်းတာတွေ ငါလုပ်နိုင်တယ် ...လူတွေနဲ့ ဝေးတယ်ဆိုတော့ ငါ့အတွက်လည်း ပိုအဆင်ပြေတယ် ...လုပ်မယ်ကွာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ...လစာနဲ့ အလုပ်ရော နေစရာရော ရမှာ ..."
"အေး ဒါပေမယ့် တစ်ခုပဲ မင်းလုပ်ရမှာက စာချုပ်နဲ့နော် ..."
"ဘာစာချုပ်လဲ ..."
"ခြောက်လစာချုပ် ..."
"ဘာလဲ ခြောက်လစာချုပ် ..."
"သူတို့က လူခဏခဏ ပြောင်းရတာမျိုး မကြိုက်ဘူးကွ ...အဲ့ဒါကြောင့် ခြောက်လ လောက်တော့ ပြည့်အောင် လုပ်မှရမယ်တဲ့ ...မင်းထွက်ချင်ရင်တောင် လမပြည့်မချင်း ထွက်လို့မရဘူး ...လုပ်မယ်ဆိုရင် လစာက သုံးလစာ တခါထဲ ကြိုထုတ်ပေးဦးမှာ ..."
စာချုပ်နဲ့ဆိုတော့ ဆန်းက တစ်ချက်တော့ တွေဝေသွားပေမယ့် ...
"လုပ်မယ်ကွာ အဲ့ဒီ့သုံးလစာရရင် ဒီနှစ်ဝက် ကျောင်းလခ အကြွေးကျန်တာတွေ သွင်းလို့ရပြီ ..."
နောက်ဆုံးတော့လည်း စားဝတ်နေရေးက သူ့ရဲ့တွေဝေမှုတွေကို အနိုင်ရသွားခဲ့သည်။
အလုပ်ရော နေစရာပါ ရဖို့လမ်း တွေ့သွားတော့ ဆန်းတစ်ယောက် အခုမှ အသက်ရှုချောင်သွားပြီး ခြေလှမ်းတွေကလည်း ပေါ့ပါးလို့။
ကြည်သာနဲ့ နှစ်ယောက်သား ကျောင်းဝင်းထဲက လမ်းတွေအတိုင်း လျောက်လာခဲ့ကြ၏။ တနေရာရောက်တော့ Hello interview အဖွဲ့နဲ့ သွားဆုံလေသည်။ ဟုတ်ပါသည်။ ဒီနေ့က သောကြာနေ့ပင် မဟုတ်ပါလား။
"မင်္ဂလာပါ ဂျူနီယာလေးတို့ရေ ..."
MC စီနီယာမမက သူတို့နှစ်ယောက်ကို interview ဖို့ တည့်တည့်ကြီးကို ရောက်လာလေသည်။ တခြားသွားလာ နေတဲ့ ကျောင်းသားတွေ ရှိပေမယ့်လည်း စက်ဘီး တစ်စီးနဲ့ သဏ္ဍာန်ဆန်းဆီသို့သာ တန်းတန်းမတ်မတ် ရောက်လာတာမျိုး။ သူတို့ အနည်းငယ် မှတ်မိပုံရပါ၏။
"ဒီဂျူနီယာလေးကို မှတ်မိနေတယ်နော် အစ်မတို့က ..."
စီနီယာမမက ပြုံးရယ်ပြီး ပြောနေလေသည်။
"ဗျာ ..."
"ဟိုတစ်ခါ ကျောင်းရဲ့ နာမည်ကျော် ကျောင်းသားတွေကို မသိပါဘူးဆိုတဲ့ တစ်ယောက်မို့လား ..."
"အော် ဟုတ် ..."
နှစ်လကျော် သုံးလနီးပါးပင် ရှိတော့မည်။ အခုထိ အဲ့ဒီ့အဖြေနဲ့ သဏ္ဍာန်ဆန်းကို မှတ်မိနေသေးတာက တော်ရုံ အမှတ်ရမှုတော့ မဟုတ်။ သဏ္ဍာန်ဆန်းတို့ အမှတ်မထင် လုပ်ခဲ့မိတာက အမှတ်ရစရာ လူထူးဆန်းလေး ဖြစ်နေစေခဲ့လျက်။
"ဒီအခါမှာရော အစ်မတို့ရဲ့ မေးခွန်းကို ဘယ်လို ထူးခြားတာလေး ဖြေမလဲ သိချင်တယ်ကွာ ..."
"ဟုတ် ..."
စီနီယာမမရဲ့ ဦးတည်မေးမြန်းနေခြင်းက ကြည်သာ့ကို မဟုတ်။ သဏ္ဍာန်ဆန်း တစ်ယောက်ထဲကိုသာ။
"မေးခွန်းကတော့ ...မကြာသေးခင်ကမှ ထောက်ခံသူ60%နဲ့ အတည်ပြု ပြဌာန်းလိုက်တဲ့ လိင်တူချင်း လက်ထပ်ခွင့် ဥပဒေကို ဘယ်လို မြင်ပါသလဲတဲ့ ..."
"ကောင်းပါတယ် ...ဒီဥပဒေက လူ့အခွင့်အရေး တစ်ခုပါပဲ ...
ကျွန်တော်တို့ ပြောပြောနေတဲ့ လူအခွင့်အရေးကြီးက LGBTတွေ အတွက်ကျတော့ မရသင့်ဘူးဆိုတာမျိုးက မဖြစ်သင့်ဘူး မဟုတ်လား ...
လူ့အခွင့်အရေး အခြေခံမူ ၅ချက်ထဲမှာ လွတ်လပ်ခြင်း၊ တန်းတူရည်တူ ဆက်ဆံခြင်း၊ လူ့သိက္ခာကို အလေးထားခြင်း၊ အပြန်အလှန် လေးစားမှုရြှိခင်း၊ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရြှိခင်း ဒီအချက်တွေအရ LGBT တွေလည်း တန်းတူ အခွင့်အရေး ရကိုရသင့်ပါတယ် ..."
"Wow ဂျူနီယာလေးရဲ့ အဖြေက အတော်လေးကို ပြည့်စုံပါတယ် ...ဒါဆိုရင် ဂျူနီယာလေးကလည်း ဒီနိုင်ငံက LGBTကို ထောက်ခံတဲ့ 60%ထဲမှာ ပါဝင်တဲ့ သူပဲဆိုတဲ့ သဘောပေါ့နော် ..."
"ဟုတ်ပါတယ် ..."
"ဒါဆိုရင် LGBTနဲ့ ပတ်သက်ပြီးတော့ ဂျူနီယာလေးရဲ့ ကိုယ်ပိုင် အမြင်လေးကိုလည်း ပြောပြပါဦး ..."
"Love is Love ...အချစ်က အချစ်ပါပဲ ...
ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို ယောင်္ကျားဖြစ်ခြင်း မိန်းမဖြစ်ခြင်းတွေနဲ့ မခွဲခြားထားပါဘူး ..."
"တနေ့မှာ အဲ့ဒီ့ love is love နဲ့ ဂျူနီယာလေး ကြုံတွေ့လာခဲ့မယ်ဆိုရင် ယောင်္ကျားလေး တစ်ယောက်ကို တကယ်ပဲ တွဲမှာလား ..."
"အသေအချာပေါ့ ..."
ဆန်းရဲ့ အဖြေကတိကျ၏။သေချာ၏။တုံ့ဆိုင်းမှု မရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။
"လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ...အဲ့ဒီ့လူရဲ့ ယောင်္ကျားဖြစ်ခြင်း မိန်းမဖြစ်ခြင်းတွေကို ကျွန်တော်တို့ ဘာလို့ တွေးပူနေရမှာလဲ ...သူ့ကို ချစ်တယ်မို့လား ချစ်လိုက်ပါ ...ချစ်ခြင်းမေတ္တာဆိုတာ ထိန်းချုပ်လို့ မရဘူးလေ ..."
သူ့အဖြေကြောင့် hello interview အဖွဲ့က စီနီယာတွေနဲ့ ကြည်သာတောင်မှ ငေးမော နားထောင်နေမိသည် အထိ။ သဏ္ဍာန်ဆန်းရဲ့ အဖြေက တွေးစရာတွေ များစေ၏။ ရယူစရာနဲ့ ရလိုက်တာတွေလည်း ရှိ၏။
"ကျေးဇူးတင်ပါတယ်နော် ဂျူနီယာလေး ..."
"ဟုတ်ကဲ့ ..."
စီနီယာတွေကို နှုတ်ဆက်၍ သဏ္ဍာန်ဆန်းနဲ့ ကြည်သာတို့ ထွက်လာခဲ့ပါသည်။ အဲ့ဒီ့နေရာမှာ ကျန်နေခဲ့ကြတဲ့ hello interview အဖွဲ့ကတော့ ...
"ဒီအပိုင်းကို သီးသန့် သေချာ cutပြီး ကျောင်းဝက်ဆိုက်မှာ တင်ရမယ် ..."
"အသေအချာပေါ့ဟ ...ကြည့်ရှု့နှုန်းများပြီး ကျောင်းမှာ Trends ဖြစ်သွားမှာ အတိအကျပဲ ..."
Hello interviewအဖွဲ့ရဲ့ အတည်ပြုမှုက သဏ္ဍာန်ဆန်းကို ကျော်ကြား လာစေတော့မှာလား ...။
**** ***** ***** ***** *****
စူးရှတဲ့ နေရောင်တွေ မရှိတော့သော ညနေခင်းတစ်ခုရယ်။ အပန်းဖြေအိမ်ရဲ့ အင်မတန် ကျယ်ဝန်းလှသော မြက်ခင်းပြင်တစ်ခုရယ်။ အဲ့ဒီ့မြက်ခင်းစိမ်းတွေပေါ်မှာ အနေအထား တမျိုးစီ ရှိနေတဲ့ လေးယောက်ရယ်။
ပိတ်စအခင်း တစ်ခုကို မြက်ခင်းစိမ်းပေါ်မှာ ဖြန့်ခင်းပြီး လဲလျောင်း၍ စာအုပ်ဖတ်နေသော နီနီသစ်လွင်။
မလှမ်းမကမ်းမှာက ဘတ်စကတ်ဘော ကစားနေကြတဲ့ ကောင်းသစ်လွင်နဲ့ လင်းရဝေ။
ပြီးတော့ သစ်သားစားပွဲ တစ်ခုမှာ ကော်ဖီတခွက် laptop တစ်လုံးနဲ့ ထိုင်နေတဲ့ မိုင်း။
မိုင်းက laptop ထဲကနေ တစုံတရာကို စူးစိုက်ကြည့်နေပါသည်။ ဘေးမှာတော့ ကော်ဖီရဲ့ ပူနွေးမှုက မေ့လျော့ခံအဖြစ် ဆိတ်ငြိမ်လျက်။
"နင်ဘာတွေ ဒီလောက်တောင် ကြည့်နေတာလဲ မိုင်း ..."
သူ့စားပွဲနဲ့ အနီးဆုံးမှ နီနီသစ်လွင်က laptopကို အာရုံစိုက်ရင်း ပတ်ဝန်းကျင်ကို မေ့နေတဲ့ မိုင်းအား လှမ်းမေးလိုက်သည်။
"ဟမ် ..."
အခုမှ သတိဝင်သွား သူလိုမျိုး ပြန်ထူးနေသည့် မိုင်း။
"အော် ...ကျောင်းဝက်ဆိုက်မှာ တင်ထားတဲ့ hello interview တစ်ခုပါ..."
"ဘာလဲ သဏ္ဍာန်ဆန်းရဲ့ interview လား ..."
"အေး ..."
ဒီ interviewက မနေ့ညက တင်ထားတာမို့ နီနီတို့လည်း ကြည့်ပြီးလောက်ပါပြီ။ မိုင်းကတော့ အခုမှ တွေ့မိတာ ဖြစ်၏။
"ဘယ်လိုလဲ နင်လည်း သူများတွေလိုမျိုး သူ့အဖြေတွေအောက် ကျရှုံးသွားပြီလား ..."
"ဟမ် ဘာကို ...သူများတွေလိုလဲ ..."
"အောက်က commentတွေကို မမြင်ဘူးလား ..."
"မမြင်ဘူး မကြည့်မိသေးဘူး ..."
မိုင်းမမြင်ပါ။ သူကြည့်နေတာက သဏ္ဍာန်ဆန်းကိုသာ ဖြစ်သည်။ သူပြောသွားတဲ့ လူ့အခွင့်အရေး၊ LGBTအပေါ် သဘောထား၊ သူ့ရဲ့ ချစ်ခြင်းမေတ္တာ ခံယူချက် ဒီစကားတွေက သူ့ရင်ကို လာထိ၏။
ဒီတစ်ယောက်ဟာ ဘာလို့ သူ့ရင်ထဲက အရာကို ခွင့်မပြုဘဲ ခဏခဏ လာရောက်ထိပါး နေရသည်လဲ။ ယောင်္ကျားလေး တစ်ယောက်ကို လိုတာထက် ပို၍ ခင်ချင်လာမိတာ ကိုယ့်ကိုယ်ကိုယ်ပင် သံသယ ဝင်လာမိလေပြီ။
"သူ့အဖြေတွေကို သဘောကျနေကြတဲ့ သူတွေတော်တော် များတယ် ...ကျောင်းက တချို့ LGBTတွေနဲ့ supporterတွေက သူဘယ်မေဂျာကလည်း ဆိုတာတောင် လိုက်စုံစမ်းနေကြတယ် ..."
"ဘာလုပ်ဖို့လဲ ..."
"ဘာလို့ရမှာလဲ ကြွသွေားကြလို့ပေါ့ဟ ..."
ဘတ်စကတ်ဘော စကားနေကြတဲ့ နှစ်ယောက်က သူတို့အနား ရောက်လာပြီး ပြောလိုက်တာ ဖြစ်သည်။
"ဘာကြွစေရာ ရှိလို့လဲ ဒါလေး ပြောတာကို ..."
မိုင်းက ဘာကို အလိုမကျသည် မသိ။ laptopကို ပိတ်ပစ်လိုက်ပြီး သူမေ့ထားတဲ့ ကော်ဖီခွက်ကို ကောက်မော့လိုက်၏။
"ကြွချေင်စရာပဲလေကွာ ...ချစ်ခြင်းမေတ္တာဆိုတာ ယောင်္ကျားဖြစ်ခြင်း မိန်းမဖြစ်ခြင်းတွေနဲ့ မဆိုင်ဘူးတဲ့ ... love is love နဲ့ကြုံလာခဲ့ရင် ယောင်္ကျားလေး တစ်ယောက်ကို လက်တွဲဖို့တောင် သူဝန်မလေးဘူးဆိုတော့ ... LGBT တွေနဲ့ supporterတွေက ဝန်းရံချင်စရာပဲလေ..."
လင်းရဝေကလည်း interviewကို ကြည့်ပြီးတာမို့ ဖြစ်နိုင်ချေကို ပြောနေသည်။
"LGBTမဟုတ်တဲ့ သူတွေတောင် သူ့အဖြေတွေကို သဘောကျကုန်ကြတာပဲ ...အဲ့ဒီ့အသိုင်းအဝိုင်းက လူတွေဆိုရင် သူ့ကို ဘယ်လောက်တောင်မှ သဘောကျကြမလဲ စဉ်းစားကြည့်ပေါ့ ..."
နီနီသစ်လွင်ကလည်း စာအုပ်ကို ပိတ်လိုက်ပြီး မိုင်းရဲ့ အနားမှာ လာဝင်ထိုင်ရင်း ပြောနေသည်။
"အဲ့ဒါတွေထား ...ဟို ကိစ္စကရော ဘယ်လိုလဲ ..."
မိုင်းက ဆက်နားမထောင် ချင်တော့တာမို့ သူသိချင်တာကိုပဲ မေးလိုက်၏။
"ကြည်သာ့ကို ပြောခိုင်းထားတဲ့ ကိစ္စလား ..."
"အေး ဟုတ်တယ် ..."
နီနီ့ကို ခိုင်းထားသူက မိုင်းပဲ ဖြစ်သည်။ ကြည်သာနဲ့ အဆင်ပြေဆုံးကလည်း နီနီပဲ ဖြစ်တာမို့။ မိန်းမလှလေးတွေရဲ့ ဆက်ဆံရေး ပြေပြစ်မှုက မည်သူနဲ့မဆို အဆင်ပြေလှပါ၏။
"ကြည်သာ မနေ့က ငါ့ဆီဖုန်းဆက်တယ် ...သဏ္ဍာန်ဆန်းက သူလုပ်မယ်လို့ ပြောတယ်တဲ့ ..."
"လွယ်လွယ် လက်ခံလိုက်တာပဲ ငါက သူသံသယ ဝင်ဦးမယ်လို့ ထင်နေတာ ..."
အခက်အခဲဖြစ်နေတဲ့ အချိန်မို့ ရလာတဲ့ အခွင့်အရေးကို သတိမထားမိဘဲ သံသယမဝင်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါသည်။ ဒီအကြံအစည် စတင်ဖြစ်လာခြင်းက ကောင်းသစ်လွင်ကြောင့်ပဲ ဖြစ်သည်။ ကောင်းက ဒီကိစ္စကို စပြီး အကြံပြုလာတဲ့သူ။ စနစ်တကျ အကွက်ချသူကတော့ မိုင်းပဲ ဖြစ်သည်။
"နင်ပြောခိုင်းသလိုပဲ ကြည်သာ့ကို ငါသေချာပြောထားတာလေ ...လစာအရမ်း မြင့်နေရင် သံသယဝင်မှာစိုးလို့ ပုံမှန်လစာနဲ့ ကမ်းလှမ်းခိုင်းထားတာ ...ပြီးတော့ ငါတို့အုပ်စု ပိုင်တဲ့အိမ်မှန်းလည်း သဏ္ဍာန်ဆန်း မရိပ်မိအောင် ကြည်သာ့ကိုတောင် ငါအမှန်တိုင်း မပြောထားဘူး ..."
"နင်က ဘယ်လိုပြောထားလို့လဲ ..."
လင်းရဝေက လက်ထဲက ဘောလုံးကို ပုတ်ထုတ်လိုက်ရင်း ပြောလိုက်သည်။
"ငါ့အဒေါ်ရဲ့ သူငယ်ချင်းအိမ်လို့ ပြောထားတာ ...ပြီးတော့ ငါ့နာမည်ကို ထည့်မပြောဖို့လည်း ကြည်သာ့ကို မှာထားတယ်လေ ..."
"ကြည်သာ နင့်ကို ဘာမှ မမေးဘူးလား ...ဘာလို့ ဒီလို ကူညီသလဲ ဆိုတာမျိုး ..."
"မမေးဘူး ...သူက သိပ်မစပ်စုတတ်ဘူး ...ပြီးတော့ သူကိုယ်တိုင်လည်း သဏ္ဍာန်ဆန်း အခက်တွေ့နေတာကို အဆင်ပြေစေချင်တယ်တဲ့ ..."
သူတို့အုပ်စု ကူညီတယ်ဆိုတာသာ သဏ္ဍာန်ဆန်းသိရင် လုံးဝလက်ခံမှာ မဟုတ်ပါ။ဒါကြောင့်လည်း တခြားတစ်ယောက်ကနေ တဆင့်ခံ၍ စည်းရုံးခိုင်းရတာ ဖြစ်သည်။
"စာချုပ် ချုပ်တဲ့နေ့ကြရင် ဘယ်လိုလုပ်မှာလဲ ...ငါတို့ကို မြင်ရင်တော့ သူက စာချုပ်ပေါ်မှာ လက်မှတ်က ထိုးမှာမဟုတ်ဘူးနော် ..."
လင်းရဝေက ခန့်မှန်းကြည့်ပြီး ပြောနေ၏။ အဓိကက စာချုပ်ချုပ်ပြီးဖို့သာ ဖြစ်သည်။ နောက်မှ သူတို့ကို သိသွားတာက အကြောင်းမဟုတ်တော့။ ခြောက်လအတွင်း အလုပ်ထွက်ချင်ရင်တောင်မှ ထွက်လို့မရအောင် သဏ္ဍာန်ဆန်းကို ချုပ်ကိုင်ထားနိုင်ဖို့က အရေးကြီးသည်။
"မပူနဲ့ ငါ့အစ်မတစ်ယောက်ကို ခဏခေါ်ထားတယ် စာချုပ်ချုပ်တဲ့ နေ့ကျရင် သူနဲ့ အကုန်လွှဲထားလိုက် ..."
ကောင်းသစ်လွင်က လက်ပိုက်၍ သူ့အကြံအစည်ကို ပြောလိုက်လေသည်။
"ကွက်ကျော် မြင်တတ်တယ်နော် ကောင်းတို့က ..."
"ငါ့မောင်က တော်လှချည်လား ဒါနဲ့ ဘယ်အစ်မကို ခေါ်ထားတာလဲ မမပင်ကီလား ..."
"အေးလေ ..."
ပင်ကီ ဆိုတာက သစ်လွင်အမြွှာနှစ်ယောက်ရဲ့ ဝမ်းကွဲအစ်မတွေထဲက တစ်ယောက်ပါ။
"ကောင်းသစ်လွင် ..."
"ဟေ ..."
"မင်း ဘာလိုချင်လဲ ..."
အစမရှိ ထပြောလာတဲ့ မိုင်းရဲ့စကားကြောင့် ...
"ဘာကို မေးတာလဲ ..."
"မင်းအရမ်းတော်လို့ ငါက လက်ဆောင်ပေးမလို့လေ ကြိုက်တာသာ ပြော ..."
မိုင်းရဲ့ ရက်ရောမှုက ကောင်းကို လိုချင်တပ်မက်စေ၏။ မိုင်းက သူတို့လို အကန့်အသတ်နဲ့သာ သုံးနိုင်တဲ့ သူမျိုးမှ မဟုတ်တာ။ စိတ်ကြိုက် သုံးဖြုန်းနိုင်တဲ့ အခွင့်အရေးတွေ ရှိနေတဲ့ KS groupရဲ့ အမွေဆက်ခံသူ တစ်ယောက်မဟုတ်ပါလား ...။
"နေဦး ငါစဉ်းစားထားလိုက်မယ် တကယ်ပေးမှာနော် မင်းက ..."
"အေးပါဆိုမှ ကြိုက်တာသာပြောလိုက် ..."
"အို ...ခေ ...ကြိုက်ပြီ ..."
ကောင်းသစ်လွင်က လက်ဖျောက်တချက်တီးလိုက်ပြီး ကျေနပ်ပျော်ရွှင် သွားသလိုမျိုး ပြောလိုက်သည်။
"ငါတို့ရော ..."
"အေးလေ ငါတို့အတွက်ရော ..."
နီနီနဲ့ ရဝေကလည်း ရပိုင်ခွင့်ကို လိုချင်နေတဲ့ပုံ။
"ဒီအစီအစဉ်ကို စပြီးအကြံပေးတာကလည်း ကောင်းပဲ ...စာချုပ်ကိစ္စ ကြိုတင်စီစဉ်ထားတာလည်း ကောင်းပဲ ...
အဲ့တော့ လက်ဆောင်ရသင့်လောက်အောင် တော်တာ ကောင်းပဲပေါ့ ...
မင်းတို့က သူ့လောက် ကွက်ကျော်မြင်တတ်လို့လား ..."
မိုင်းက သူ့ laptopနဲ့ ကော်ဖီခွက်ကို ကောက်ယူ၍ အိမ်မကြီးဘက်ကို လမ်းလျောက်ထွက်သွားလေသည်။ ကျန်ခဲ့တဲ့ သုံးယောက်က ...
"နေပါဦး သူက ဘာလို့ လက်ဆောင်ပေးချင်ရတာလဲ ..."
"ဒါက သူ့အတွက် လုပ်ပေးတာ မို့လို့လား ..."
"အေးလေ ငါတို့က သဏ္ဍာန်ဆန်းကို ကူညီဖို့ လုပ်နေကြတာ မဟုတ်ဘူးလား ..."
အဲ့ဒီ့ နှစ်ယောက်က ဆက်နွှယ်မှု ရှိလို့လား ...။
ပတ်သက်မှု ရှိလို့လား ...။
တစ်ယောက်ကို ကူညီပေးတာ တစ်ယောက်က ပျော်ရွှင်နေတဲ့ပုံစံမျိုး ...။
နားလည်သလိုလိုနဲ့ နားလည်ရ ခက်ပါ၏။
**** ***** ***** ***** *****
(Author's note)
Part - 11,12 နှစ်ပိုင်း upပေးလိုက်ပါတယ်ဗျ 🤗
**** ***** ***** ***** *****