ရာသီဥတုက သာ၏။ မပြင်းရှသော နေရောင်ခြည် ဖျော့ဖျော့နဲ့ ကောင်းကင် ပြာပြာကြီးလည်း ရှိနေသည်။ တိမ်စိုင်တွေကလည်း သူ့နေရာနဲ့သူ လှလှပပ ဟိုတစ်စု ဒီတစ်စု။
H.V University ရဲ့ အားကစား ကွင်းကြီးထဲမှာ ကျောင်းသားတွေ အတော်များများ ရှိနေကြသည်။ အထူးသဖြင့် Business Administration major က ကျောင်းသားတွေ ပိုများနေ၏။ ဒီနေ့ ကစားမယ့် ဘောလုံးပွဲမှာက အဲ့ဒီ့မေဂျာရဲ့ စီနီယာ ဂျူနီယာတွေ ပါဝင်နေတာ ကြောင့်လည်း ဖြစ်သည်။ ပြီးတော့ တခြားအကြောင်း ကိစ္စကြောင့်လည်း ရှိနေ၏။
"ဟဲ့ ဒီဘောလုံးပွဲမှာ ဆီဇာနေရဇ္ဇတို့ အုပ်စု လာကစားမှာဆို ..."
"အေး ဟုတ်တယ် သတင်းကြားလို့ ...ကျောင်းရဲ့ visual တွေကို ကြည့်ရဖို့အတွက် ငါတို့မှာ တခြားမေဂျာ ကနေတောင် လာပြီး အားပေးတာ..."
"ကွယ်ကူ မနေဘူးဘဲ အဟား ဟား..."
"ကျောင်းသူတွေပဲ များနေတာ မဟုတ်ဘူးဟ ...ကျောင်းသားတွေလည်း များလှချည်လား ..."
"များမှာပေါ့ဟဲ့ ဟိုမှာ နီနီသစ်လွင်ပါ လာအားပေးနေတာ မမြင်ဘူးလား ..."
ကျောင်းရဲ့ အလှနတ်ဖုရားမလေး နီနီသစ်လွင် တစ်ယောက်လုံးက ပွဲကြည့်စင်ဘက်မှာ ရှိနေမှတော့ ပုရိသ ကျောင်းသားတွေ ရောက်လာကြတာ မဆန်းပေ။
"ဟဲ့ ဟဲ့ ဟိုမှာ ဆီဇာနေရဇ္ဇတို့ ရောက်လာပြီ ..."
အားကစားဝတ်စုံ လိမ္မော်နုရောင်နဲ့က Business Administration major မှ အဖွဲ့ဖြစ်ပြီး အစိမ်းနုရောင်နဲ့က Business Law majorမှ အဖွဲ့ဖြစ်သည်။ ဘောလုံး ကန်မယ့် နှစ်သင်း လုံးက ကွင်းထဲကို ရောက်လာကြ၏။ အားလုံး မျှော်လင့်နေတဲ့ ဆီဇာနေရဇ္ဇ တို့ သုံးယောက်က လိမ္မော်နုရောင် အားကစားဝတ်စုံ ဆင်တူနဲ့ အတော်လေး ထင်ပေါ် နေခဲ့လျက်။
"အဝေးက လှမ်းကြည့်တာတောင် သူတို့ သုံးယောက်လုံး ပုံစံက ထင်းနေတာပဲ ... အသားက ဖြူဖြူ လိမ္မော်ရောင်လေးတွေနဲ့ ..."
"အစိမ်းရောင် ဝတ်ထားလည်း ကြည့်ကောင်းနေမှာပဲဟ ... visual ရဲ့ပါဝါက ဖုံးကွယ်လို့မှ မရတာ ..."
နာမည်ကျော် ကျောင်းသား သုံးယောက်က ပွဲကြည့်စင်တွေ ဘက်ကို လျောက်သွားကြပြီး သူငယ်ချင်းဖြစ်သူ နီနီသစ်လွင် ဆီသို့။ သူတို့ လေးယောက် ဆုံသွားတော့မှ ပို၍ ပြောစရာ ဖြစ်သွားခဲ့သည်။
"Wow လုံးဝ လက်ရာမြောက် ပန်းချီကားပဲ ..."
"တူရာ တူရာ စုတယ် ဆိုတာ သူတို့ကိုမှ ပြောတာအစစ်ပဲ ... ရုပ်ချောတာရော သဘောမနော ကောင်းတာရော ဖော်ရွေတာရော စာတော်ကြတာရော ...နောက်ဆုံး မိသားစုနောက်ခံ background တွေက တောင့်ကြတာရော ...အားလုံးက တကယ့် အတူတူတွေ ..."
"အေးနော် ... လင်းရဝေက နာမည်ကြီး ကိုယ်ပိုင် အထက်တန်းကျောင်းတွေ အများကြီး ပိုင်တဲ့ မိသားစုက လာတာ ...နီနီသစ်လွင်နဲ့ ကောင်းသစ်လွင်တို့ အမွှာနှစ်ယောက် ကြတော့လည်း သူတို့အဖေက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ..."
"အေးလေ ...နောက်တက်မယ့် မြို့တော်ဝန်က သူတို့ အဖေ ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်နေတာ ..."
"ဆီဇာနေရဇ္ဇ ကျပြန်တော့လည်း KS စီးပွားရေးအင်အားစုရဲ့ အမွေဆက်ခံသူ ...ဒီလို ပြီးပြည့်စုံနေတဲ့ သူတွေက ဒီလိုမျိုး တစ်စုထဲ ..."
"လုံးဝကို စာရေးဆရာရဲ့ စိတ်ကူးယဉ် ဇာတ်လမ်း ထဲက ဇာတ်ကောင်တွေလိုပဲ ..."
"သူတို့သာ စာရေးဆရာရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ ဖြစ်ခဲ့မယ်ဆိုရင် ထုံးစံအတိုင်း သူတို့နဲ့ ချစ်ကြိုက်မယ့် မိန်းခလေးတွေက သာမန်ရိုးကျ ပေါတိပေါချာ လေးတွေ ဖြစ်နေမလားပဲ ဥပမာ ငါ့လိုမျိုးပေါ့ ...အဟိ ဟိ ..."
"ရူးမနေကြနဲ့ အခုက စိတ်ကူးယဉ် ဇာတ်လမ်းထဲမှာ မဟုတ်ဘူးလေ ...တကယ့်လက်တွေ့ ... ဟိုမှာ မြင်လား သူတို့ လေးယောက်ပဲ စကားပြောနေကြတာ ...ငါတို့ ရှိနေတာကို သိလည်း မသိ ...သတိလည်း မထားမိကြဘူး ..."
မှန်၏။ visual လေးယောက်က သူတို့ အချင်းချင်းပဲ စကားတွေ ပြောနေကြလျက်။ ပတ်ဝန်းကျင်ကို လှမ်း၍ ဝေ့ကြည့်ကြပေမယ့် လူတွေ အများကြီးမို့ တစ်ဦ်းတစ်ယောက်ကို သတိထားမိဖို့ ဆိုတာ ဟိုး အဝေးကြီးမှာ။
***** ***** ***** ***** *****
လူတွေ အများကြီးထဲမှာမှ သူ့တစ်ယောက် ထဲကိုပဲ သတိထားမိခဲ့တာက စာရေးဆရာရဲ့ လှည့်ကွက်တစ်ခု လေလား...။
ပွဲကြည့်စင်တွေနဲ့ မနီးမဝေးက မြက်ခင်းစိမ်းစိမ်းတွေ ပေါ်မှာ ခြေဗလာနဲ့ ရပ်နေတဲ့ ကောင်လေးတစ်ယောက်။ မြက်ခင်းစိမ်း ပေါ်မှာ ခြေစုံရပ်နေတဲ့ သူ့ခြေထောက်လေးက ဖြူဖြူသွယ်သွယ်လေးတွေ။ အနက်ရောင်မှာ အဖြူလိုင်းစင်း ပါတဲ့ ရှူးဖိနပ်လေး တစ်ရံနဲ့ မိုးပြာရောင် ကျောပိုးအိတ်လေး ကတော့ သူ့နံဘေးက မြက်ခင်းပေါ်မှာ ဆိတ်ငြိမ်လျက်သား။
အဲ့ဒီ့ ကောင်လေးက ဖြာကျနေတဲ့ နေရောင်ဖျော့ဖျော့ကို ခံယူနေတာ ဖြစ်သည်။ ကောင်းကင်ကို မျက်နှာမူပြီး ခေါင်းကို အနည်းငယ် မော့ထား၏။ ပြီးတော့ သူပြုံးနေရဲ့။
"ငေးလှချည်လား မိုင်း ... မင်း ဘာတွေ ကြည့်နေတာလဲ ..."
သူငယ်ချင်းတွေနဲ့ စကားပြောနေကြရင်း တစ်နေရာဆီသို့ သူအကြည့် ရောက်သွားမိသည်။ မလွှဲတော့သော သူ့အကြည့်ကြောင့် သူငယ်ချင်းတွေလည်း သတိထားမိကုန်၏။
"ငါတို့လည်း ပြစမ်း ...ဘယ်အချောအလှကို ငေးနေတာလဲ ..."
ကောင်းသစ်လွင်ရဲ့ စကားကို လင်းရဝေက လက်မခံ။
"ကောင်းရာ မင်းကလည်း သူ့အကြောင်း မသိတာ ကြနေတာပဲ ...ဘယ်လောက် ချောချော ဘယ်တုန်းက ကြာကြာ ငေးကြည့်ဖူးလို့လဲ ..."
"ဟုတ်တယ် တစိမ့်စိမ့် ငေးကြည့်တယ် ဆိုတာ မိုင်းတို့ ဒိုင်ယာရီ နေ့စွဲတွေမှာ မရှိခဲ့ဖူးသေးဘူး ..."
နီနီသစ်လွင်ကလည်း ထောက်ခံရှာ၏။
"ဟိုတစ်ယောက် ..."
မိုင်းက မသိမသာလေး မေးငေါ့ ပြလိုက်သည်။
"ဘယ်တစ်ယောက်လဲ ..."
သုံးယောက်သား မိုင်း ပြလိုက်တဲ့ အရပ်အဝန်း ဆီသို့ အကြည့်ကို ရွှေ့လိုက်ကြ၏။ လက်ညှိုး ညွှန်ပြစရာ မလို။ အင်္ကျီဘာအရောင်နဲ့ ဘယ်လိုပုံစံမျိုး ဆိုတာကိုလည်း ညွှန်စရာမလိုဘဲ တန်းကနဲ မြင်နိုင်ပါသည်။ ဒီလောက် လူတွေကြားထဲမှာ သူတစ်ယောက်ပဲ အထူးအဆန်း အပြုအမူ ရှိနေတဲ့ တစ်ယောက်မို့။
"ဘာလဲဟ အဲ့တစ်ယောက်က ..."
"နေရောင်ခြည် ခံယူနေတာလား ..."
"ဒီလို နေရာမျိုးမှာ ဒီလောက် လူတွေ အများကြီးနဲ့ ဒီလို ပုံစံမျိုး လုပ်နေတာ တော်ရုံ ရူးတာတော့ မဖြစ်နိုင်ဘူး ..."
သူ့ သူငယ်ချင်းတွေက တစ်ယောက် တစ်မျိုး ဝေဖန် နေကြသည်။
"သူ အဲ့ဒီ့လို လုပ်ရဲတာ အံ့ဩစရာ မကောင်းဘူးလား ..."
မိုင်းရဲ့ စကားကြောင့် သုံးယောက်သား တညီထဲ အသံထွက်လာ ကြ၏။
"မကောင်းပါဘူး ..."
"အေးလေ ဘယ်မှာ ကောင်းလို့လဲ သူ့ကို သူများတွေ ကွက်ကြည့် ကွက်ကြည့် လုပ်နေတာ မမြင်ဘူးလား ..."
ကောင်းက ပတ်ဝန်းကျင်ကိုပါ ဝေ့ကြည့်ပြီး ပြောလိုက်သည်။
"သူကတော့ ဘာကိုမှ ဂရုစိုက်တဲ့ ပုံမပေါ်ဘူး ...သူ့ဟာသူ လုပ်ချင်ရာ လုပ်နေတာ ...ပြုံးတောင် ပြုံးနေသေးတယ် ဟ ..."
နီနီသစ်လွင်ကလည်း ထပ်မံကြည့်၍ ပြောနေပြန်၏။
"ဘာလဲ မိုင်း မင်းက သူ့အပြုအမူကို အံ့ဩစရာ ကောင်းလွန်းလို့ ကြည့်နေတာလား ..."
"အေး ..."
မိုင်းက လင်းရဝေရဲ့ အမေးကို တစ်ခွန်းပဲ ပြန်ဖြေပြီး ဆက်ကြည့် နေပြန်သည်။ သူအတော်လေး အာရုံ မလွှဲနိုင် ဖြစ်နေပုံ ရ၏။
အရွယ်ရောက်ပြီးသား ယောင်္ကျားလေး တစ်ယောက်ရဲ့ အပြုံးက အဲ့ဒီ့လိုမျိုး အပြစ်ကင်းစင်တဲ့ ကလေးလေးလို ဖြစ်နေနိုင်လို့လား။ မိုင်းရဲ့ အတွေးတွေထဲ အဲ့ဒီ့ မေးခွန်းက အဖြေမဲ့စွာ ရောက်လာခဲ့သည်။ သူရဲ့ ရုပ်ရည်က ရုပ်ဆိုးတဲ့ အထဲမပါသလို အရမ်းချောပါတယ် လို့လည်း ပြောလို့မရ။ သာမန်ထက် အနည်းငယ် ကြည့်ကောင်းတဲ့ ရုပ်ရည်က ဒီလို အပြုံးမျိုးနဲ့ ကျတော့ ချောသားပဲဟု ပြောရမလိုပင်။
"ငါသိပြီ ..."
ရုတ်တရက် ထပြောလိုက်တဲ့ ကောင်းသစ်လွင်။
"သူက ဟိုအပတ်တုန်းက Hello interview မှာ ပါလာတဲ့ တစ်ယောက် မဟုတ်လား ..."
ကောင်းသစ်လွင်ရဲ့ သတိပေးမှုကြောင့် သူတို့ မှတ်မိသွားကြ၏။
"အေးဟ ဟုတ်တယ် ...ကျောင်းရဲ့ နာမည်အကျော်ဆုံး သူတွေကို မသိပါဘူးလို့ ဖြေသွားတဲ့ တစ်ယောက် ..."
သူငယ်ချင်းတွေက အဲ့ဒီ့ interviewကို ကျောင်းရဲ့ ဝက်ဆိုက်ကနေ ကြည့်ပြီး ကြပေမယ့် မိုင်းကတော့ မကြည့်ရသေးလို့ မသိ။ ဒါပေမယ့် သူငယ်ချင်းတွေ ဟိုရက်က ပြောနေတာတော့ သူ ကြားဖူး လိုက်ပါ၏။
"ဒီကျောင်းမှာ တက်ပြီး ဒီကျောင်းရဲ့ နာမည်ကျော်ကို မသိဘူးတဲ့ ...ဒါက ဖြစ်နိုင်ပါ့မလား ...သူသက်သက် attention လိုချင်လို့ အဲ့လို ဖြေတာရော မဖြစ်နိုင်ဘူးလား ..."
"အသေအချာပေါ့ဟ ...အဲ့ဒီ့တုန်းက ကျောင်းဝက်ဆိုက်က တင်ထားတဲ့ အောက်မှာ သူ့အကြောင်း ပြောနေကြတာ အများကြီးပဲ ... ငါတို့ မောင်နှမ နှစ်ယောက်တောင် ဝင်စပ်စု လိုက်သေးတယ် ..."
ကောင်းသစ်လွင်နဲ့ နီနီသစ်လွင်တို့ အမြွှာနှစ်ယောက်က စပ်စုတဲ့ နေရာမှာလည်း ဝါသနာ တူကြ၏။ ကျောင်းမှာ ဘာတွေ သတင်းထူးပြီး ဘာတွေ နာမည်ကြီးနေသလဲ။ သူတို့ အမြွှာနှစ်ယောက် မသိတာ ဘာမှမရှိ။
"ဟုတ်တယ် ကွန်းမန့်တွေကို လိုက်ကြည့် လိုက်တာ ... အဲ့ဒီ့တစ်ယောက် ကလည်း ငါတို့ မေဂျာကပဲတဲ့ ဟ ..."
"သေချာလို့လား ငါသူ့ကို တစ်ခါမှ မမြင်ဖူးဘူး ..."
လင်းရဝေက ဝင်ပြောသည်။ ပြီးတော့ မိုင်းကပါ ...
"ငါရော ..."
"ယူထားတဲ့ အတန်းချိန်တွေ မတူလို့ မဆုံတာ ဖြစ်မှာပေါ့ ..."
"ဒါပေမယ့် ဌာနတစ်ခု ထဲပဲကို ဘာလို့ မတွေ့ဖူးတာပါလိမ့် ...သူက စီနီယာလား ဂျူနီယာလား ..."
"ငါတို့နဲ့ အတူတူပဲ တတိယနှစ် စီနီယာ ..."
"အံ့ဩစရာပဲ မေဂျာတူ နှစ်တူရဲ့သားနဲ့ တစ်ခါမှ မမြင်ဖူးဘူး ဆိုတော့ ကိုယ်ပျောက် လူသားများလား မသိဘူး ..."
လင်းရဝေက အရွှန်းဖောက်ပြီး နောက်နေသေး၏။
"မဟုတ်ဘူး မြင်ဖူးပေမယ့် သတိမထား မိတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား ..."
မိုင်းက ဖြစ်နိုင်ချေကို သုံးသပ်ကြည့်၏။
"အေး ဖြစ်နိုင်တယ် အဲ့ဒါ..."
"မေဂျာတူ နှစ်တူရဲ့သားနဲ့ ငါတို့အုပ်စုကို မသိဘူး ဆိုတော့ attention လိုချင်နေတာ အသိသာကြီးပဲ ...အခုလည်း ကြည့်ဦး အပြုအမူက လူသတိထား မိအောင်လို့ သပ်သပ်ကြီး ခွဲထွက်နေတာမျိုး ..."
ကောင်းသစ်လွင်ကတော့ မနားတမ်း ဝေဖန်နေဆဲပင်။ မိုင်းကတော့ ဘာမှ ဝင်မပြော။ သူကြည့်နေတာက အဲ့ဒီ့တစ်ယောက်ကိုပဲ။ attention လိုချင်လို့ လုပ်ယူနေတာ ဟုတ်သည် ဖြစ်စေ။ မဟုတ်သည် ဖြစ်စေ။
သူ့ကို ကြည့်နေရတဲ့ အချိန်မှာ လွတ်လပ်မှု တစ်ခုကိုတော့ ခံစားမိနေစေသည်။ နေရောင်ခြည် ဖျော့ဖျော့ကို ခံယူမှုက အဲ့ဒီ့လို လွပ်လပ်ပြီး ပျော်ရွှင်စေသည် တဲ့လား။ ငါလည်း သူ့လို ခံစားကြည့်ချင်တယ် ဆိုတဲ့ အတွေးက နေရာဝင်ယူ ခဲ့ပေမယ့် သူမလုပ်ဖြစ်ပါ။ မလုပ်နိုင်တာဆိုရင် ပို၍ မှန်ပါသည်။
"ဆီဇာနေရဇ္ဇ ..."
သူ့နာမည်ကို တစုံတယောက်က အော်ခေါ်လိုက်သည်။ အသံက ဒေါသသံ အပြည့်နဲ့ ရန်လိုနေသည့် အသံမျိုး။ သူတို့အုပ်စုတင် မက တခြား သူတွေပါ အသံပိုင်ရှင် ထံသို့ အာရုံ ရောက်ကုန် ကြ၏။
ထိုလူက မိုင်းရဲ့ အနားသို့ ရောက်လာပြီး ရုတ်တရက်ကြီး လက်သီးပြင်း တစ်ချက်နဲ့ တိုက်ခိုက်လိုက်၏။
"ခွပ် ..."
"မင်း ဘာလုပ်တာလဲကွ ..."
ယိုင်လဲသွားတဲ့ မိုင်းကို နီနီသစ်လွင်က ပြေးထူလိုက်ပြီး ကောင်းသစ်လွင်နဲ့ လင်းရဝေတို့က ရန်လိုနေသူကို ချုပ်၍ ထိန်းထားလိုက်ကြ၏။
"ဟ ထိုးကုန်ကြပြီ ရန်ဖြစ်နေကြပြီ ..."
"အဲ့ဒါ ဘယ်သူလဲ ..."
"စီနီယာ ခန့်သော် မဟုတ်လား ..."
တစ်ယောက် တစ်ပေါက်နဲ့ ထုံးစံအတိုင်း ပွဲဖြစ်ပြီဆို အုံလာကြတဲ့ လူတွေ။
"ကိုခန့်သော် ဒါက ဘာလုပ်တာလဲ ဗျ ... ခင်ဗျား ဒီလိုမျိုး ပြဿနာ လာရှာရအောင် မိုင်းက ခင်ဗျားကို ဘာလုပ်လို့လဲ ..."
ဘောလုံးပွဲမှာ ပါဝင်နေတဲ့ စီနီယာ တချို့လည်း အနား ရောက်လာကြပြီး ပြဿနာကို ဝင်ရောက် ဖြေရှင်းပေး နေကြ၏။
"ပြဿနာ လာရှာတယ် ဆိုထဲက ပြဿနာ လုပ်ထားလို့ပဲ ပေါ့ ... ဆီဇာနေရဇ္ဇ ဆိုတဲ့ ကောင်က ငါ့ကောင်မလေးကို ကြံနေတယ် ..."
စီနီယာ ခန့်သော်ရဲ့ စကားက အားလုံးကို အံ့အားသင့် သွားစေ၏။
"ဟမ် ...မဖြစ်နိုင်တာ ..."
"ဟာ ...ဟုတ်လို့လား ..."
"မိုင်းက အဲ့ဒီလို လူမှ မဟုတ်တာ... ခင်ဗျား သေချာလို့လား ..."
"ခင်ဗျား မသေချာဘဲ လာမစွပ်စွဲနဲ့ ..."
မိုင်း သူငယ်ချင်းတွေက မိုင်းဘက်ကနေ အတိအကျ ကာကွယ် နေကြသည်။ မိုင်းကတော့ နှုတ်ခမ်း ထောင့်က ငန်ကျိကျိ သွေးစတို့ကို ထွေးထုတ်လိုက်ပြီး ကိုယ်ကို မတ်မတ် ပြင်ရပ်လိုက်၏။
"ခင်ဗျားရည်းစားနဲ့ ကျွန်တော်က အတန်းဖော် ဆက်ဆံရေးပဲ ရှိတယ် ...ခင်ဗျားထင်သလို ကျွန်တော်က ကြံနေတာ မဟုတ်ဘူး ..."
"ကြံနေတာ မဟုတ်ပါဘူး ဆိုတဲ့ကောင်က မနေ့က ငါ့ကောင်မလေးနဲ့ ရုပ်ရှင်ကျတော့ အတူတူ သွားကြည့်တယ်ပေါ့ ..."
ခန့်သော်က သူ့ဖုန်းထဲက ဓာတ်ပုံတစ်ခုကို အားလုံးမြင်အောင် ပြလိုက်၏။ ပုံထဲမှာက ရုပ်ရှင်ရုံ တစ်ခုရဲ့ ကော်ဖီဆိုင်ထဲမှာ ထိုင်နေကြတဲ့ မိုင်းနဲ့ ကောင်မလေး တစ်ယောက်။ အဲ့ဒီ့ ကောင်မလေးက သူတို့မေဂျာက ခန့်သော်ရဲ့ ချစ်သူ။
"မြင်တယ်နော် ဒီမှာ...ငါ့သူငယ်ချင်း တစ်ယောက်က မင်းတို့ကို တွေ့လာလို့ ပုံရိုက်လာခဲ့တာကွ ...ငါက မင်းကို အထောက်အထား မရှိဘဲနဲ့ ပြဿနာ လာမရှာဘူး ..."
အားလုံးရဲ့ အကြည့်တွေက မိုင်းဆီသို့။ မိုင်းက မျက်နှာတစ်ချက် မပျက်သွားသည့် အပြင် ရီသံအနည်းငယ်ပင် ထွက်လာခဲ့၏။
"ရီနေတယ် မင်းက ရီနေတယ်ပေါ့ ..."
ထပ်၍ ထိုးရန် လက်သီး တပြင်ပြင်နဲ့ ရှေ့တိုးလာတဲ့ ခန့်သော်ကို စီနီယာ တချို့ကလည်း ဝိုင်းဆွဲထားရ၏။
"မနေ့က ကျွန်တော်တို့ နှစ်ယောက်ထဲ ရုပ်ရှင် သွားကြည့်တာမှ မဟုတ်တာ ..."
"ဘာ ..."
"ဟုတ်တယ် ဂျူနီယာ နှစ်ယောက်လည်း ပါသေးတယ် ပြီးတော့ နီနီလည်း ပါတယ် ..."
နီနီသစ်လွင်က ဝင်ပြောတော့မှ လူအုပ်ကြားထဲက ဂျူနီယာ ကောင်မလေး နှစ်ယောက်ကလည်း ရှေ့ထွက် လာကြသည်။
"ဟုတ်တယ် စီနီယာ ခန့်သော် မနေ့က ကျွန်မတို့ ပရောဂျက်အတွက် ဝိုင်းကူပေးတဲ့ စီနီယာတွေကို ရုပ်ရှင် လိုက်ပြတာပါ ..."
"စီနီယာနီနီက toilet သွားနေတဲ့ အချိန် ကျွန်မတို့ကလည်း လက်မှတ် သွားဝယ်နေတဲ့ အချိန်မှာ ဒီပုံကို ရိုက်မိသွားတာ ထင်တယ် ..."
"နင်တို့ လိမ်နေတာ မဟုတ်လား ..."
ခန့်သော်က မယုံပေ။
"မဟုတ်ပါဘူး မဟုတ်ဘူး ကျွန်မတို့ အမှန်တိုင်း ပြောနေတာပါ ...မနေ့က အုပ်စုလိုက် selfie ပုံတောင် ရိုက်ထားသေးတယ် ဒီမှာ ကြည့်..."
ဂျူနီယာလေးတွေရဲ့ ဖုန်းထဲက ဓာတ်ပုံကြောင့် ပြဿနာက ရှင်းသွားရ၏။
"ခန့်သော် မင်း အထင်မှားနေတာပဲ မိုင်းကို တောင်းပန်လိုက် ..."
"အေးလေကွာ ဒီလို ဒေါသထွက်ပြီး ပြဿနာ လာမရှာခင်မှာ မင်းကောင်မလေးကို အရင် မေးကြည့် ပါဦးလားဟ ..."
ခန့်သော် မမေးဖြစ်ခဲ့ပါ။ သူငယ်ချင်း တစ်ယောက်ဆီက ဓာတ်ပုံကို ရရချင်း သွေးဆူပြီး ဒီကို ရောက်လာခဲ့တာပဲ ဖြစ်သည်။ အခုတော့ အားလုံးက တလွဲတွေ။ သူလည်း အရှက်ကွဲ ရပြီ။
"ရပါတယ်ဗျာ မတောင်းပန်ပါနဲ့ ကိုခန့်သော်လည်း သဝန်တိုလွန်းလို့ ဖြစ်သွားရတာပါ ...ကျွန်တော် နားလည်ပါတယ် ..."
မိုင်းက ဘာမှ မဖြစ်သလိုမျိုး အပြုံးတွေနဲ့ ပြဿနာကို အဆုံးသတ်စေ လိုက်သည်။
"မိုင်းက အရမ်းသဘော ကောင်းလို့ ဒီလောက်နဲ့ ပြီးသွားတယ်မှတ် ခန့်သော် ...သူ့နေရာမှာ တခြားသူသာ ဆိုရင် မင်း ရုံးခန်းရောက် မလား ...ကိုယ်ထိ လက်ရောက် ကျူးလွန်မှုနဲ့ တရားပဲ အစွဲခံရမလား တစ်ခုခုပဲ ..."
ခန့်သော်က အရှက်ကွဲ ထားတာမို့ မိုင်းကို တောင်းပန်ဖို့ရာ တုံ့ဆိုင်းနေခဲ့သည်။ ပြီးတော့ မိုင်း ကိုယ်တိုင်ကလည်း တောင်းပန်ဖို့ မလိုပါဘူးဟု ဆိုလာသည်မို့ မတောင်းပန် ဖြစ်တော့။ ဒီတိုင်းပဲ သူလည်း ပြန်သွားခဲ့လေ၏။
ပြဿနာ ရှင်းသွားတော့ အားလုံး သူနေရာနဲ့သူ ပြန်သွားကြပြီး ဘောလုံးပွဲလည်း စတင်ခဲ့လေသည်။
အဲ့ဒီ့ အဖြစ်အပျက်ကို အစအဆုံး ကြည့်နေခဲ့တဲ့ သူတစ်ယောက် ရှိသည်။ သူက အဲ့ဒီ့ ပြဿနာထက် မိုင်းကိုသာ ပို၍ စိတ်ဝင်တစား ကြည့်နေမိ၏။ ဘောလုံးကစား နေတဲ့ မိုင်းကတော့ သူ့ကို အာရုံရောက်နေတဲ့ အဲ့ဒီ့တစ်ယောက်ကို သတိမထားမိခဲ့။
"သဏ္ဍာန်ဆန်း ..."
နာမည် ခေါ်သံနဲ့ အတူ ပွဲကြည့်စင်မှာ ထိုင်နေတဲ့ သူ့နံဘေးမှာ လာဝင်ထိုင် လိုက်တာက အတန်းဖော် ကြည်သာ။
"ဟင် ဘာလဲ ..."
"ငါမင်းကို assignment တင်ဖို့ လိုက်ရှာနေတာကွ ... မင်းက ဒီမှာ ဘောပွဲ ကြည့်နေတာပဲ ...ဘာလဲ ဘောလုံးပွဲက တော်တော် ကောင်းနေတာလား ... စိတ်ဝင်တစားနဲ့ အာရုံ စိုက်နေရအောင် ..."
"ငါကြည့်နေတာ ဘောလုံးပွဲ မဟုတ်ဘူး ..."
"ဒါဆို ဘာကို ကြည့်နေတာလဲ ..."
"ဆီဇာနေရဇ္ဇ ..."
"အံမယ် မင်းက သူ့ကို သိတယ်ပေါ့ ..."
"သိတယ် ..."
ကျောင်းတက်လာတဲ့ တလျောက်မှာ ဘယ်နေရာ ဖြစ်ဖြစ် သူတို့အုပ်စု အကြောင်း ကြားနေရတာ သူလည်း မသိဘဲ နေမလား။ မသိချင်ရင် တောင်မှ ကြားဖူးနေကျမို့ သိနေမိတာမျိုး။
"အဲ့ဒါနဲ့များ ဟိုနေ့က hello interview အဖွဲ့က မေးတော့ မင်း မသိပါဘူးဆို ..."
"အဲ့ဒါက တမင် မဖြေချင်လို့ ရှောင်ထွက် လာတာလေ ... ငါ့ရဲ့ အချိန်ပိုင်း အလုပ်က နောက်ကျနေပြီ အဲ့ဒီ့ မေးခွန်းကို ဖြေနေရင် အချိန်ကြာနေမှာ စိုးလို့ ..."
"အေး မင်းကတော့ မင်း အကျင့်အတိုင်း စိတ်ထဲ ရှိတာ လုပ်ပစ် လိုက်တာပဲ ...သူများတွေ ကတော့ မင်းက attention လိုချင်လို့ ဆိုပြီး ပြောနေကြတယ် ...ကျောင်းဝက်ဆိုက်မှာ တင်ထားတဲ့ video အောက်က ကွန်းမန့်တွေ မြင်လား ..."
"မသိဘူး ဝင်မကြည့်ဖြစ်ဘူး ...အခု သိလိုက်ရတော့ ပိုလို့တောင် ဝင်မကြည့် ဖြစ်တော့ဘူး ...လူတွေရဲ့ အမြင်ကို ငါဂရုမစိုက်ဘူး ..."
သဏ္ဍာန်ဆန်း ဆိုတဲ့သူက အဲ့ဒီ့လိုလူ။ နားလည်ရ ခက်သလို ထူးလည်း ထူးဆန်း၏။ ကြည်သာက ခေါင်းတစ်ချက် ကုတ်လိုက်ပြီး စကားကို ပြန်ဆက်လိုက်သည်။
"ဆီဇာနေရဇ္ဇကို ဘာလို့ ကြည့်နေတာလဲ ..."
"ထူးဆန်းလို့ ..."
"မင်းထက် သူက ပိုထူးဆန်း နေတာလား ..."
"မဟုတ်ဘူး အဲ့လို ...သူ့အပြုံးက တမျိုးပဲ ..."
လက်သီးနဲ့ ထိုးသွားသူကို ပြုံးပြလိုက်တဲ့ အပြုံးတစ်ချက်က တခြားသူတွေ အတွက်တော့ မသိပေမယ့် ဆန်းအတွက်က သံသယ ဝင်စရာ ကောင်းနေ၏။ ဒီအပြုံးရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိနေသလိုပင်။
"ဘယ်လို ..."
သဏ္ဍာန်ဆန်းက ပြန်မဖြေဘဲ ချွတ်ထားတဲ့ ဖိနပ်ကို ကောက်စီးပြီး ပြန်ဖို့ လုပ်၏။
"သွားမယ် လာ ..."
"ဘယ်လဲ ..."
"assignment တင်ဖို့လေ ..."
"မင်း ဘောလုံးပွဲ ဆက်မကြည့် တော့ဘူးလား ..."
"ငါကြည့်နေတာ ဘောလုံးပွဲ မဟုတ်ပါဘူးဆို ..."
"အော် အေး...ဆီဇာနေရဇ္ဇကို ဆက်မကြည့် တော့ဘူးလား ..."
"မကြည့်တော့ဘူး ..."
"ဘောလုံးပွဲကြီး မျက်စိရှေ့ ရှိနေတာကို မကြည့်ဘူးဆိုတော့ မင်းဒီမှာ ဘာထိုင်လုပ် နေတာလဲ ဆန်း ..."
"ငါက ဘောလုံးပွဲ ရှိလို့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး ...ငါရှိနေတဲ့ နေရာကို ဘောလုံးပွဲကြီးက ရောက်လာတာ ..."
"ဟမ် ..."
သူ့ဆီက ကြားရသမျှက အထူးအဆန်း။ လုပ်လိုက်သမျှကလည်း ခပ်ကြောင်ကြောင်တွေ။ ကြည်သာတစ်ယောက် ဒီလိုလူနဲ့ အတန်းဖော် ဖြစ်လာခဲ့တာ အခုဆိုရင် နှနှစ်ပင် ရှိနေလေပြီ။
"ဒါဆိုရင် မင်း ဒီနေရာကို ဘာလုပ်ချင်လို့ ရောက်နေတာလဲ ..."
"နေရောင်ခြည် လာခံတာလေ...ဒီနေရာက တကျောင်းလုံးမှာ အကျယ်ဝန်းဆုံးပဲ ...နေရောင်ရတဲ့ နေရာကလည်း ပိုကျယ်ပြန့်တယ် ...အဲ့ဒါကြောင့် ..."
"ဪ ..."
နေရောင်ခြည် ခံယူသလို မိုးရွာရင်လည်း မိုးရေစက်တွေကို ခံယူ၏။ နှင်းကျရင်လည်း နှင်း။
သူ့အကြိုက်တွေက တမူထူး၏။ တခြား လူငယ်တွေလို ဂိမ်းတွေ၊ ကောင်မလေးတွေ၊ ဆေးလိပ်တွေ၊ အရက်တွေ မဟုတ်။
ကောင်းကင်က ဖန်ဆင်းပေးလိုက်တဲ့ အရာတွေကို သဏ္ဍာန်ဆန်းတို့က နှစ်သက်တတ်တဲ့သူ ...။
***** ***** ***** ***** *****