"အစ်ကိုက ကျွန်တော့်ကို အရင်ဘဝမှာကတည်းက အရမ်းချစ်ခဲ့တာ။ဘယ်လောက်ထိချစ်လဲဆိုရင်လေ တည်ရှိနေတဲ့ ဝိညာဉ်ပျောက်ကွယ်သွားသည့်တိုင်အောင် စတေးပေးခဲ့တယ်။ တွေ့ဆုံချိန်ခဏလေးအတွင်းမှာ ကာကွယ်မှုတွေ ၊ ယုယမှုတွေ ၊ သနားကြင်နာမှုတွေဟာ မဖော်ပြပါပဲ အများကြီးနားလည်စေခဲ့တယ်။ ကျွန်တော် ပြောတာကိုရော ယုံရဲ့လားဟင် "
ရင်ခွင်ထဲမှ ကြည်လဲ့သော မျက်ဝန်းလေးတွေဟာ မျှော်လင့်ချင်းများစွာနဲ့ နေရှိန်ကို မော့ကြည့်ကာမေးသည်။ပြန်ပေါက်ခါစ လက်တစ်ဆစ်မျှတိုတိတိဆံပင်လေးတွေကို ပွတ်သတ်ရင်း ပြုံးလိုက်ပြီး
"ကလေးနဲ့ ပတ်သတ်တာ မှန်သမျှ ကိုယ်အကြွင်းမဲ့ ယုံကြည်တာပေါ့"
"ဒါဆို ထပ်ပြောမယ်နော် "
ရင်ခုန်သံရဲ့ အနီးဆုံးနေရာမှာ သူ့ရဲ့ပါးပြင်လေး ပြန်ကပ်ထားပြီး အတိတ်ဘဝဟု ဆိုသော အကြောင်းအရာတို့ကို ဆက်ပြောသည်။
"ဒီရင်ဘတ်က အမှတ်လေးကလည်း အရင်ဘဝက ပတ္တမြားဆွဲသီးလေးလေ ။အရင်ဘဝမှာကျွန်တော် ဦးနှောက်ကင်ဆာနဲ့ အစောကြီးသေခဲ့ရတယ်။တစ်ခုစိတ်မကောင်းဖြစ်တာက သူပေးခဲ့တဲ့ အသက်နဲ့ အကြာကြီးမရှင်သန်နိုင်ခဲ့တာကိုပဲ။ ပတ္တမြားလေးကို ကျွန်တော်သေတော့ အတူထည့်ပေးလိုက်ရာကနေ ဒီအမှတ်လေးဖြစ်နေတာထင်တယ်။ အတိကျတော့ အကုန်မသိတော့ဘူး ဒါပေမဲ့ အစ်ကိုနဲ့ ကျွန်တော့်ကြားမှာ နက်ရှိုင်းတဲ့ ချစ်ခြင်းတွေရှိခဲ့တာတော့ သေချာတယ်"
"ရှိနေတုန်းပဲ.... ဆက်လည်းရှိနေအုံးမှာ "
ပြွတ်
"ဟာ "
လှိုက်ခနဲ့ဖြစ်သွားတဲ့ နှုတ်ခမ်းဖျားလေးရဲ့ ထိတွေ့မှုကြောင့် နေရှိန် ပင့်သက်ရှိုက်လိုက်မိသည်။သူယုံကြည်တယ်ဆိုတာကို စကားနဲ့မပြောဘဲ အနမ်းနဲ့သက်သေပြလိုက်တာ။ပေါင်ပေါ်မှာ ထိုင်ထားသော ခန္ဓာကိုယ်လေးကို ပိုနီးကပ်အောင် ခါးပေါ်က လက်တွေ တင်းကြပ်လိုက်သည်။
"ကိုယ်သိချင်တာ ရှိသေးတယ် "
"အစ်ကို တိမ်စိုင်အကြောင်းလား "
"အင်း"
"သဝန်တိုနေတာလား"
"အရမ်းချစ်တတ်သွားတဲ့ လူတိုင်း မသင်ယူဘဲ တတ်မြှောက်သွားတဲ့ အရာတွေထဲမှာ အဲ့ဒီအချက်က ထိပ်ဆုံးကပါတယ် "
အနောက်မှ လည်ဂုတ်လေးကို နှုတ်ခမ်းမထိတထိလုပ်ကာပြောတော့ ဟိဟိဆိုပြီး သဘောကျနေလေရဲ့။ကောင်လေးရယ်သံလေးက ကိုယ့်အနမ်းကြောင့်လား သဝန်တိုတာကြောင့်လားမသိပေမဲ့ အလွန်ချစ်မိသည်။
"အစ်ကိုတိမ်စိုင်က စသိကတည်းက ဝိညာဉ်လေးပဲ။အစ်ကိုရဲ့ နစ်နာခံမှုနဲ့ ကျွန်တော် လူ့ခန္ဓာကိုယ်ထဲပြန်ရောက်တော့ အစ်ကို့ကို ပြန်ရှာခဲ့တယ်။ ဒါပေမဲ့ မတွေ့ဘူး။နောက်တော့ ငလျှင်လှုပ်တုန်းက သေဆုံးမှုကိုပြန်ရှာချိန် အစ်ကိုတိမ်စိုင်ရဲ့ မိသားစုတွေကို တွေ့တော့ အကျိုးကြောင်းပြောပြီး ကျွတ်လွတ်အောင် ကူညီခဲ့တာ။ကျွန်တော့်အထင် အစ်ကို တိမ်စိုင်ကလည်း အဲ့ဒီနောက်ဆုံး ခေါ်လိုက်တဲ့ အချိန်လေးကိုပဲ မှတ်မိနေတာထင်တယ် "
"တော်တော် ဆန်းတာပဲ။ ဒါနဲ့ ကိုယ်ကကျ ဘာလို့ တစ်ခုမှမမှတ်မိရတာလဲ "
"အဲ့ဒါတော့ ကျွန်တော်လည်းမသိဘူး ၊ အရင်ဘဝက သာမန်လူမဟုတ်လို့ မမှတ်မိတာလည်းဖြစ်နိုင်တယ် "
"အရေးကြီးဆုံးတစ်ခုမေးရအုံးမယ် "
"ဟုတ် "
ဒန်းရဲ့အောက်မှာ ချထားသော ခြေထောက်လေးတွေကို သိုင်းယူလိုက်ပြီး တစ်ကိုယ်လုံး ပွေ့ကာ နေရှိန်နဲ့ မျက်နှာချင်းဆိုင်ဖြစ်စေလိုက်သည်။ ထို့နောက် ဖြူဖွေးနေသော သစ္စာပန်းအခတ်လေးကိုတွေကို တစ်ချက်လှမ်းကြည့်ကာ မေးခွန်းကိုစောင့်မျှော်နေသော ကောင်လေးထံ အကြည့်ပြန်ပို့လိုက်သည်။အကြောစိမ်းလေးတွေ ယှက်ပြေးနေသော ပါးပြင်အား လက်နဲ့ အုပ်ကိုင်လိုက်ပြီး
"ကိုယ့်ကို ချစ်တယ်ဆိုတာကလေ အရင်ဘဝက အလင်္ကာဓိပတိကြောင့်လား နေရှိန်သွေးဆိုတဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကြောင့်ပဲလား "
"........"
မိမိမေးခွန်းက ရှုပ်သွားလားတော့မသိ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ကြည့်နေသည်။အရင်ဘဝက ကိုယ်တိုင်နဲ့ ပြန်ပြီး သဝန်တိုနေရတာက နည်းနည်းကြောင်တောင်တောင်နိုင်ပေမဲ့မတတ်နိုင်ဘူး။ သူက သူ၊ ကိုယ်က ကိုယ်ပဲ အတိတ်ဘဝကို မမှတ်မိတဲ့အတွက် လက်ရှိကိုယ့်ကိုချစ်နေတာမျိုးသာလိုလားသည်။ ဒီချစ်ခြင်းလေးကို ရရှိဖို့ ဘယ်လောက်ထိအောင် မျှော်လင့်နေခဲ့ရသလဲ။
သို့သော် ကိုယ့်မျက်နှာကို သေချာပြန်ကြည့်ကာ စဉ်းစားနေတဲ့ကောင်လေးကို စိတ်မညစ်စေချင်တာကြောင့်
"ကလေးဖြေရခက်ရင်လည်း မဖြေနဲ့ ရတယ် "
"ဘယ်သူ့ကိုချစ်တာလဲဆိုတော့ သာနုနယဖြစ်ခဲ့ပြီး အခုနေရှိန်သွေးဆိုတဲ့အစ်ကို့ကိုလေ ။အရင်ဘဝက လူကိုချစ်တာလား အခု ကျွန်တော့်ရှေ့က အစ်ကို့ ကိုချစ်တာလားဆိုတာမသိပေမဲ့ အစ်ကို့ကို မြင်တိုင်း ချစ်တယ် ဆိုတာပဲသိတယ်။ ကျွန်တော် သေချာမပြောတတ်ဘူး"
"ရပြီ ဒီလောက်ဆို ..."
နှဖူးပြင်ကို နမ်းကာ နေရှိန် ကျေနပ်စွာပြောလိုက်သည်။
"ဒါပေမဲ့ မတူတာ တစ်ခုရှိသေးတယ်"
"ဟုတ်လား ဘယ်နားမတူတာလဲ "
"သာနုနယကို အရမ်းသဘောကျခဲ့တာ"
"ဒါဆိုကိုယ့်ကို သဘောမကျဘူးပေါ့ "
"မဟုတ်ဘူး ... မဟုတ်ဘူး အဲ့လိုပြောချင်တာမဟုတ်ပါဘူး"
ပြာပြာသလဲငြင်းဆိုတဲ့ အမူအယာလေးက တကိုယ်လုံး ဆွဲညစ်ပစ်ချင်စရာ။
"ဒါဆို "
"အစ်ကို့ကို သဘောကျတယ် ၊ချစ်တယ်၊နောက်ပြီး ကြောက်လည်းကြောက်တယ် "
"ဟမ် "
"ဟုတ်တယ် ငှက်ကြီးတောင်ဓားကြီး ကိုင်ထားတဲ့ ရှေးခေတ်က သာနုနယကို မကြောက်ဘူး အခု နေရှိန်သွေးဆိုတဲ့ အစ်ကို့ကို ကြောက်တာ "
"ဘာလို့ ... အာ ... ဟိုဟာကြောင့်လား "
"........"
"ဟုတ်နေတာပဲ "
ခေါင်းငုံ့ကာ နားရွက်ဖျားလေးတွေနီလာသော ကောင်လေးကြောင့် နေရှိန်မှာ ရယ်ရခက် ငိုရခက် ။ စိတ်ဒဏ်ရာပေးမိခဲ့တာတွေက ပျောက်ဖို့ခက်တာကြောင့် ကလေးကိုကြည့်နေရင်း စိတ်မကောင်းဖြစ်လာသည်။ငုံ့နေတဲ့ မျက်နှာလေးကို မေးဖျားကနေ ဆွဲပင့်လိုက်ပြီး
"ကိုယ် အဲ့စိတ်ကို ပြန်ကုစားပေးမယ် "
"......."
"ကလေးထင်သလို အမြဲ ဆိုးဝါးနေတာမဟုတ်ဘူးဆိုတာ ကိုယ်ပြောပြမယ် "
"ပြော...ပြောပြလို့ ရတယ်လား"
"ရတာပေါ့ ကိုယ်က နားနားလေးကပ်ပြီး 'ကလေး'လို့ခေါ်လိုက်ရင် ကလေးက 'အစ်ကို'ဆိုပြီး ခပ်တိုးတိုးလေး တုန့်ပြန်တာမျိုးလေ"
"ဟာဗျာ ...!"
နားရွက်ဖျားလေးတွေနီကာ ရှက်သွားတဲ့ စိုင်းခန့်ပုံစံကိုကြည့်ကာ နေရှိန်မှာ သဘောကျလို့မဆုံး။
ကလေးရဲ့ အရာအားလုံးက ကိုယ့်အတွက်ဆိုရင် ကိုယ့်ရဲ့ ဖြစ်တည်မှုအပါအဝင် ဝင်သက်ထွက်သက် က အစ ကလေးတစ်ယောက်တည်းပဲ အပိုင်စားခွင့်ရှိတယ်။
အရင်ဘဝ၊ အခုဘဝ၊ နောင်ဘဝတွေထိတိုင်အောင် ကိုယ့်နှလုံးသား ခစားရာ အရှင်သခင်က မင်းတစ်ယောက်တည်းပါပဲ။
..................The End................
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီး တင်ပါတယ်။
ဇက်
Nov.2.2020
Monday / 10:45PM