အိမ်အပေါက်မှာ car ရပ်လိုက်နဲ့ နေရှိန်ရှိနေသော တံခါးဘက်ကို မြန်မြန်ပြေးဆင်းလိုက်သည်။ ချိုင်းထောက်တစ်ဖက်ပေးကာ တွဲကူဖို့ပြင်နေသော တပည့်ဖြစ်သူထက်အရင် ဦးအောင် လက်မောင်းကို ပုခုံးပေါ် တင်စေပြီး ထိန်းထားလိုက်သည်။
"ကျွန်တော် တွဲပေးမယ် "
စောင်းငဲ့ကြည့်လာသော သူ့ကိုမြင်နေရသော်လည်း အိမ်ထဲကဆိုဖာပေါ်သို့ ချောချောမွေ့မွေ့ရောက်အောင်သာ အာရုံစိုက်လိုက်သည်။ပြန်သိုင်းဖက်ထားသော လက်က ပုခုံးပေါ်မှာ ခပ်ဖွဖွလေး ဆုပ်ကိုင်လျက် ချိုင်းထောက်တစ်ဖက်ကိုသာ ပိုအားပြုသည်။ခုံပေါ် ထိုင်လို့ရအောင် လုပ်ပေးပြီး
"င်္အကျီ အရင်လှဲမလား ကျွန်တော်သွားယူလိုက်မယ် "
လှည့်ထွက်ဖို့ပြင်နေသော စိုင်းခန့်လက်ကို နေရှိန်က လှမ်းဆွဲပြီး
"နားပါအုံး... ကလေးလည်း ကိုယ်ဆေးရုံတက်နေတဲ့ တစ်လျောက်လုံး ပင်ပန်းထားတာ ခဏ ထိုင်အုံး "
"ဟုတ်ကဲ့ "
ပတ်တီးအထပ်ထပ်နဲ့ နေရှိန်ခြေထောက်ကို အသာထိကြည့်ပြီး စိုင်းခန့် စိတ်ထဲမကောင်း။
"အခန်းကို အောက်ထပ်မှာ ရွေ့ထားတယ် ...အစ်ကို ခြေထောက်သက်သာတဲ့အခါမှ အပေါ်ထပ်ပြန်ပြောင်းလိုက်မယ်နော် "
"အင်းရတယ် ကလေး .... ကျော်ကျော် ကားပေါ်က ပစ္စည်းတွေ အောက်က အခန်းထဲမှာစီထားလိုက် "
"ဟုတ်ကဲ့ ဆရာ "
ကျော်ကျော်နဲ့ ဇော်မျိုးနိုင်သယ်လာတဲ့ အထုပ်တွေကို ကူပေးဖို့ ထတော့လည်း လက်ကနေ ပြန်ဆွဲချပြီး
"ကိုယ့်အနားမှာပဲ နေပါ"
"........"
လက်ကို ဆုပ်ကိုင်ထားလျက် စိုက်ကြည့်နေတာကြောင့် စိုင်းခန့်မနေတတ်။ ဆေးရုံမှာရှိတဲ့တစ်လျှောက်လုံး နေည မပျက်အနားမှာ ရှိနေချိန်တိုင်း နေရှိန့်မျက်ဝန်းမှာ မေးခွန်းတွေရှိနေသည်။ နောက်ပြီး ကြည်နူးပီတိအပြုံးတွေက နှုတ်ခမ်းအထက်မှာ မကြာခဏဆိုရှိနေတတ်၏။
"ကလေး ကိုယ့်ကို တစ်ခုခုပြောစရာရှိနေလား "
"ရှိတာပေါ့ အများကြီးပဲ "
"ကိုယ်နားထောင်လို့ ရပြီလား "
"အချိန်မကျသေးဘူး ကျွန်တော် အကုန်လုံးပြောပြမှာမို့ အချိန်ခဏလောက်ပေးနော်"
"ကလေး သဘော... ဘာပဲဖြစ်ဖြစ် ကိုယ့်ဘေးနား ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် "
အဲ့ဒါက ကျွန်တော် ပြောရမယ့် စကားပါ။ အစ်ကိုပြန်လာပေးလို့ သိပ်ကိုပျော်နေရတာ။
စိတ်ထဲမှာသာ ရေရွတ်ပြီး သူ့ကိုပြန်ပြုံးပြလိုက်သည်။ထို့နောက် နေရာချထားတဲ့ အခန်းထဲ တွဲကူကာဝင်လာလိုက်ပြီး
"အစ်ကို ရေချိုးမလား "
"အင်း"
မေးပြီးမှ အဝတ်အစားချွတ်ပေးဖို့ အိုးတိုးအမ်းတမ်းဖြင့် တုန်နေတဲ့ လက်ကို မနည်းပြန်ထိန်းထားရသည်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်အနေအထားပေါ်လာတိုင်း အကြည့်လွှဲပေမယ့် ရင်ခုန်ရပါ၏။
ခြေထောက်က ဒဏ်ရာကို ရေမစိုအောင် သေချာတင်ပေးပြီး ခေါင်းကို အနောက်သို့ မှီစေကာ
"ကျွန်တော် ခေါင်းလျှော်ပေးမယ်နော် "
ခေါင်းညိတ်ပြလျက် မျက်လုံးမှိတ်ကာ ငြိမ်ပေးသည်။အကုန်ပြီးစီးသွားတော့ တဘက်သုတ်ပေးနေတဲ့ တစ်လျှောက်လုံး စိုက်ကြည့်နေတာမို့
"ကျွန်တော် မနေတတ်တော့ဘူး အစ်ကို "
"ဘာလို့ အရမ်းချစ်စရာကောင်းနေရတာလဲ "
"......."
"တချို့က ပြောတယ် မြင်ပါများရင် ရိုးသွားတယ်တဲ့ ကိုယ့်အတွက်တော့ ကလေးက ကြည့်မဝနိုင်အောင် မြင်ရလေ ပိုချစ်လေပဲ "
စကားဆုံးတာနဲ့ နောက်ဆုံး ကြယ်သီးတပ်ပေးပြီး ခုတင်ပေါ်မှာ ထိုင်နေသော သူ့နှဖူးပြင်ကို ငုံ့နမ်းလိုက်သည်။ပိရိတဲ့ နှုတ်ခမ်းတို့ ပွင့်ဟ သွားသည်အထိ အံ့ဩနေသော အစ်ကိုပုံစံဟာ ကလေးလေးတစ်ယောက်လိုပင်။ပါးပြင်နှစ်ဖက်ကို လက်နဲ့ အုပ်ကိုင်လိုက်ပြီး
"ကျွန်တော်လည်း အစ်ကို့ကို အရမ်းချစ်တယ် "
တဖြည်းဖြည်း ပြုံးလာပြီး အရှေ့မှာရှိနေသော စိုင်းခန့်ရဲ့ ခါးကို ဆွဲဖက်လျက် ရင်ခွင်သေးသေးလေးတွေ ခေါင်းတိုးဝင်လာသည်။နာကျင်မှုကို ထုတ်မပြပေမယ့် ပျော်ရွှင့်မှုကိုတော့ သူထိန်းမထားနိုင်။စိုင်းခန့် ကိုယ်အား လွတ်ထွက်သွားမှာစိုးသည့်အလား အတင်းကြပ်စွာ ဖက်တွယ်ထားသည်။
" အဲ့ဒီစကားလေးကို ကိုယ်သိပ်ကြားချင်နေခဲ့တာ "
ရင်ဘတ်က စိုစွတ်မှုကို ခံစားမိချိန် နေရှိန်ငိုနေပြီဆိုတာ သိတာကြောင့် ဆံနွယ်တွေကြား ပွတ်သတ်ပေးလိုက်သည်။
"ဥယျာဉ်ထဲက အပင်လေးတွေသွားကြည့်ကြမလား"
"အင်း"
ဆက်ကျချင်နေသော အညိုရောင်မျက်ဝန်းအိမ်မှ ရည်ကြည်အိုင်လေးကို လက်နဲ့ အသုတ်ဖယ်ရှားပေးလိုက်တော့ ကြင်နာရိပ်သမ်းနေတဲ့အကြည့်တွေဟာ ရင်ခုန်သံရဲ့မြစ်ဖျားခံရာ။လမ်းလျှောက်ရတာအဆင်ပြေအောင် တွဲကူပေးပြီး ဒန်းပေါ်မှာ ထိုင်စေလျက် စိုင်းခန့်လည်း ဘေးမှ ဝင်ထိုင်လိုက်သည်။
စိုင်းခန့်ဘက် လှည့်ကြည့်လိုက်၊ ပြုံးလိုက် လုပ်သည့်အပြင် တစ်ခါတစ်ရံ အသံထွက်လာသည့်အထိ သဘောကျနေသော နေရှိန်။
ချစ်တယ်ဆိုတဲ့ စကားလေးက အစ်ကိုပေါ် အဲ့လောက်ထိ သက်ရောက်မှုရှိမှန်း အရင်က မသိခဲ့ဘူး။တောင်းပန်ပါတယ် နက်ရှိုင်းလွန်းတဲ့ အချစ်တွေကို မမြင်ချင်ယောင်ဆောင်ခဲ့မိလို့။
"အစ်ကို အဲ့လောက်တောင်ပျော်နေလား"
"ပျော်တာမှ ကိုယ်ပါးစပ်တောင် ပြန်စိလို့မရတော့ဘူး "
ရင်ထဲမှာ လှိုက်ခနဲ။အရင်ဘဝက အကြောင်းအရာတွေကိုသူမမှတ်မိနိုင်သော်လည်း တူညီတဲ့ စကားတို့ ထပ်တူဆိုနေသည်။
"ဒါဆို ကျွန်တော်က အတိုင်းထက် လွန်ပေါ့"
"ချစ်တယ် ကလေး အများကြီးကိုချစ်တာ"
"ယုံတယ် "
ခြေထောက်ဒဏ်ရာကြောင့် ဒန်းကိုမလွှဲဘဲ ငြိမ်ငြိမ်လေးထိုင်နေရာကနေ သူ့ပုခုံးပေါ် ခေါင်းမှီလိုက်တော့ ပါးပြင်နဲ့ စိုင်းခန့် ခေါင်းကိုပြန်ထိကပ်သည်။လက်ချင်းယှက်နွယ်ပြီး ဘေးနားအတူရှိနေရတယ်ဆိုတဲ့ အတွေးက စကားတွေအများကြီးပြောစရာ မလိုလောက်အောင် ကြည်နူးရသည်။ချစ်ရသူနဲ့အတူကြည့်ရတဲ့ ဘယ်အရာမဆိုမျက်လုံးထဲမှာ လှပစွာ။
စိမ်းစိုနေတဲ့ အပင်လေးတွေ၊ပြာလွင်သော ကောင်းကင်ပြင်ကြီးနဲ့အတူ တိုက်ခတ်သော လေပြည်ညင်းလေးကအစ အလိုလိုပြုံးနေစေတာ။
"အစ်ကို "
"ပြောလေ ကလေး "
"ကျွန်တော် တစ်ခုလောက်တောင်းဆိုလို့ရမလားဟင် "
"တစ်ခုမကဘူး ကြိုက်သလောက်တောင်းဆို ကိုယ်ဖြစ်အောင်လုပ်ပေးမယ် "
လက်ကို ပိုတင်းကြပ်အောင် ဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်ကြည့်စေလျက် နေရှိန်ပြောတော့။
"အဖိုးရဲ့ ဆန္ဒလေး ပြည့်စေချင်တာကြောင့် ကျွန်တော် ရဟန်းဝတ်ပါရစေ "
"......!"
မျက်ဝန်းတို့ ပြူးကျယ်ကာအထိတ် တလန့်ဖြစ်သွားသော နေရှိန် ပုံစံကြောင့် စိုင်းခန့် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
"ဟို ... အခုမှ .. အခုမှ အဖြေရထားတာလေ အဲ့ဒါကျ ... "
ပြတ်သားလှတဲ့ သူမဟုတ်သလို စကားတို့ အလွှဲလွှဲအချော်ချော်ဖြင့် ပြောရခက်နေသည့်ဟန်။ အခုပဲ ပြိုတော့မယ့် မိုးလို ဖြစ်လာသော မျက်နှာကြောင့် စိုင်းခန့် ထပ်မစတော့ဘဲ
"ရာသက်ပန် ဝတ်မယ် ပြောတာ မဟုတ်ပါဘူး ၇ရက်တည်းပါ "
"ဪ ... တော်သေးတာပေါ့ ....အား! "
"အယ်ဗျာ အဲ့ခြေထောက်နဲ့ မလွှဲလိုက်နဲ့လေ "
"ယောင်သွားလို့ ... ၇ရက်တည်းနော် "
"ဟုတ်ကဲ့ ၇ရက်တည်းပဲ"
"အင်း ... ရတယ် ၇ရက် ... တကယ် ၇ ရက် "
ခေါင်းတစ်ညိတ်ညိတ်နဲ့ စကားတစ်ခွန်းတည်းကိုပဲ ထပ်တလဲလဲ ရွတ်ဆိုနေသော လူကို ပြုံးပြီးကြည့်နေသော ကောင်လေးတစ်ယောက်ရဲ့ မြင်ကွင်းတို့ဟာ ဥယျာဉ်ငယ်လေးကြား ပန်းချီကားတစ်ချပ်လို လှပနေလေတော့သည်။
................
ဆံချတဲ့ရက်မှာ ခြေထောက်က မသက်သာသေးတာတောင် နေရှိန် ကိုယ်တိုင် တဘက်ကိုင်ပြီး ပါရမီဖြည့်ပေးသည်။ သင်္ကန်းဝတ်ပြီးချိန်မှာ လာပေးသော အထုပ်လေးကြောင့် မျက်ရည်မကျအောင် မနည်းထိန်းရသော်လည်း ကြည်နူးကာ မျက်ရည်ဝဲလာတာကိုတော့ ထိန်းချုပ်လို့မရ။
အစီအရီ အထပ်လေးတွေဖြစ်အောင် စည်းထားသော ပိုက်ဆံ အနှုတ်လေးတွေဟာ စိုင်းခန့်ပေးခဲ့တဲ့အရေအတွက်အတိုင်း နည်းနည်းလေးမှ မလျော့ခဲ့။ ခန့်ညားလှတဲ့ လူသားက လက်အုပ်ချီ၍ ကန်တော့ချိန်မှာလည်း ပီတီအပြုံးဝေလျက်ပါ။
"ဦးဇင်းလေး ကတုံးနဲ့ သိပ်လိုက်တာပဲ ဘုရား" ဆိုတဲ့ စကားကြားပြီးချိန်မှာတော့ ကျောင်းကနေ အမြန်ပြန်ရန် တိုက်တွန်းလိုက်ရသည်။ ကားပေါ် တက်တဲ့အထိ အနောက်ကို လှည့်လှည့်လုပ်နေသော ဤဒကာက ၇ရက် တိတိလုံး သူကိုယ်တိုင် ချက်ပြီး ဆွမ်းချိုင့်ပို့ပေးသည်။
လူထွက်မယ့်ရက်မှာလည်း မနက်အစောကြီးကတည်းက ကျောင်းပေါက်ဝမှာ စောင့်နေပြန်၏။
ကျောင်းတိုင် ဆရာတော်ဘုရားကြီးကို ဦးချ ကန်တော့ပြီးမှ ထွက်လာတော့ ပုံမှန်တွေ့နေကျ အနောက်တိုင်း ဝတ်စုံနဲ့ သပ်ရက်စွာလှန်ဖြီးထားသော ဆံပင်အစား လျှာထိုးအုပ်ထုပ်အနီနဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစားဖြင့် တွေ့ရသည်။
စိုင်းခန့်ထွက်လာတာတွေ့တော့ ပြုံးပြပြီး ကားတံခါးကိုသူကိုယ်တိုင်ဖွင့်ပေးကာ ထိုင်စေသည်။ နေရှိန်က ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်ပြီး ကားကိုစထွက်လိုက်တော့
"အစ်ကိုက ဒီလို Free style နဲ့ကျ လုံးဝ ပုံစံ ပြောင်းပြီး ငယ်သွားသလိုပဲ "
"ဟုတ်လား ကလေးက ဘယ်ပုံစံကို ပိုသဘောကျလဲ "
"ကျွန်တော် သဘောကျတာ အစ်ကိုဖြစ်တာကြောင့်.... ဘယ်လိုပုံစံမျိုးမဆို သဘောကျပါတယ် "
"ခြွေပြန်ပြီကွာ"
"အစ်ကို့ကို ပြန်မေးရမှာ အခုကျွန်တော်က ကတုံးနဲ့ ဖြစ်နေပြီ တော်တော်ကြည့်ရဆိုးနေမှာပဲ "
"ကလေး ဒီကို ကြည့်လိုက် "
ကားထဲရောက်တဲ့အထိ မချွတ်သေးသော လျှာထိုးဦးထုပ်အနီကို အနောက်ပြန်ဆွဲချွတ်ရင်း ပြောသည်။စိုင်းခန့် လှည့်ကြည့်လိုက်တော့ နက်မှောင်သန်စွမ်းတဲ့ ဆံသားနက်တွေအစား အစိမ်းရောင်သမ်းနေသော ဦးရေဖျားကနေရာယူလျက်
"ဟင် !"
"ဘယ်လိုလဲ ... ကိုယ်ချောသေးရဲ့လား "
"အစ်ကိုကတော့ တကယ်ပါပဲဗျာ ကျွန်တော် ချစ်ပြီးရင်းကို ချစ်နေတော့မှာ "
"အဲ့ဒါ ဆုလာဘ်ပဲ "
"နေပါအုံး ဒါဆို ကျွန်တော်တို့ နှစ်ယောက်က ကတုံး Couple ပေါ့ "
"အမှန်ပဲ "
"ဟား ဟား အဆန်းဗျာ"
ကိုယ်ပိုင်ကမ္ဘာလေးဆီကို ဦးတည်နေသော ကားလေးထဲမှာ ချစ်သူနှစ်ဦး၏ ရယ်သံတို့လည်း မပါမဖြစ် ပြန့်လွှင့်နေစေသည်။
....................