အော်ဟစ်ငိုကြွေးသံတွေကြား ကယ်ဆယ်နေသော လူတွေဖြင့် ရှုပ်ယှက်ခတ်စွာ။မြေစိုင်ကြားမှ အဆောက်အဦးအပိုင်းစတွေဟာ ကြေကွဲဖွယ် ဒုက္ခဘုံတစ်ခုအလား။
မြေကြီးကို လက်နဲ့ ကုတ်ခြစ်နေရင်း လက်သည်းကြားက သံစတွေထက် သူ့ကိုတွေ့ဖို့အရေးကြီးသည်။ တုန်ရီနေပြီဖြစ်တဲ့ ခန္ဓာကိုယ်ထက် သူ့အသက်ရှူနေဖို့က ပဓာနမို့။ ရှိသမျှ အားနဲ့ တူးနေသော်လည်း ပြိုကျထားသော မြေသားထုကြီးက သူ့ကို ဘယ်လောက် နက်တဲ့အထိ ဆွဲခေါ်ထားသလဲ။
ပြန်ပေးပါ။ အဲ့ဒီတစ်ဦးတည်းသောလူက ကျွန်တော့် အပိုင်ပဲမို့ ဒီပထဝီမြေကြီးက အသက်နှုတ်ခွင့်မပေးနိုင်ဘူး။
မွန်းတည့်ချိန်မှာ ရှိနေသော နေမင်းရဲ့ အလင်းရောင်ဟာ ရွေ့လျားလျက်အနောက်ရက်ဆီသို့ ဦးတည်သွားသည်။တောင်စွယ်ကြားက ဆည်းဆာရောင်ဟာ စောစောကလှုပ်ရှားနေပြီး အခုတော့ဖြင့် သူ မဟုတ်သလို အသက်မဲ့နေသော မြေနီတွေပေါ် ရောင်ဖြာကျကာ အပူပေါ် အပူဆင့်လို့နေ၏။
သယ်ယူလိုက်တိုင်း အသက်မပါတော့တဲ့ ရုပ်အလောင်းတွေကို စေ့စေ့မကြည့်ရဲဘူး။သူမဟုတ်ဘူးဆိုတဲ့ စိတ်ကိုအားတင်းကာပဲ ဆက်ရှာသည်။
မဖြစ်မနေ တွေ့ဖို့ဆိုပေမဲ့ မလှုပ်မယှက်တော့တဲ့ ခင်ဗျား ခန္ဓာကိုယ်ကို မဟုတ်ဘူးနော် အစ်ကို။ပြောစရာ စကားတွေအများကြီးရှိနေတာမို့ ကျေးဇူးပြု၍ မသေပါနဲ့။ ရှင်သန်ပေးပါ ကျွန်တော့်ကို တကယ်ချစ်ရင် ပြန်လာပေးပါ။
မျက်ရည်တွေ ပြည့်လျှံနေသော်လည်း ပါးပေါ်သို့ လိမ့်ကျမလာ။ သွေးပေနေသော လက်တို့နဲ့ တူးဆွနေသော စိုင်းခန့်ကိုကြည့်ပြီး မြင်သူတိုင်း ရင်ထဲ မကောင်းစွာ ခံစားရသည်။တဖြည်းဖြည်း အမှောင်ဖုံးလာသော ကောင်းကင်နဲ့လက်လျော့လိုက်ပြီဖြစ်သော တချို့တလေကြားမှာ လှုပ်ရှားနေဆဲ ပုံရိပ်လေးတစ်ခု။ ဘေးနားက ကူတူးပေးနေသော ကျော်ကျော်မှာ ထိန်းမထားနိုင်ဘဲ ငိုလေတော့သည်။
ထိုအခါ စိုင်းခန့်ရဲ့အကြည့်စူးစူးတို့ ရောက်ရှိလာပြီး
"မငိုနဲ့ ! ခင်ဗျားက ဘာလို့ လာငိုနေတာလဲ .... သူဘာမှမဖြစ်ဘူး ။ ခင်ဗျားဆရာနေရှိန်သွေးဆိုတဲ့ သူက အဲ့လောက် ပျော့ညံ့တဲ့လူမဟုတ်ဘူးဆိုတာ သိတယ်မလား ! အဲ့မျက်ရည်တွေ အခုသုတ်ဗျာ "
တစ်ခါမှတောင်လေသံမာမာ မပြောဖူးတဲ့ကောင်လေးရဲ့ အော်သံတွေကြောင့်ကျော်ကျော် မျက်ရည်တွေသုတ်ကာ ဆက်ရှာသည်။တကယ်ဆို အဲ့ဒီနေရာမှာ ဆရာ့ အစား ငါသာ ဖြစ်လိုက်ပါတော့လားဆိုတဲ့ အတွေးကလည်း ခဏခဏ။ဘယ်အရာမဆို စိတ်တိုင်းကျ ဖြစ်စေချင်သော ဆရာက သူကိုယ်တိုင် ဝင်ပါရအောင်အထိ ငါက အသုံးမကျလို့ ။ တပည့်ဖြစ်တဲ့ ငါ အသုံးမကျလို့ ဆရာဒီလိုဖြစ်ရတာ။
တွေးရင်းနဲ့ မျက်ရည်တွေ ကျလာသော်လည်း အရှေ့က ကောင်လေးကြောင့် အသံမထွက်ရဲ။ဒီအခြေအနေမှာ အသက်ရှင်ဖို့လမ်းစ မရှိဘူးဆိုတာ အဲ့ကောင်လေးကို ဘယ်လိုပြောပြရမှာလဲ ။
ထိုအချိန် လှမ်းအော်လိုက်သော လူတစ်ယောက်ရဲ့အသံကြောင့် စိုင်းခန့်နဲ့ ကျော်ကျော် လှုပ်ရှားမှုတို့ရပ်တန့်သွားသည်။
"ဒီသံပိုက်အောက်မှာ လူရှိနေတယ်ဟေ့!"
ချက်ချင်းပဲ ထိုနေရာကို ပြေးသွားလိုက်ပြီး နှစ်ထွာခန့်မှ ထွက်နေသော Hollow Pipeတစ်ခုအပေါ် လက်တင်ကြည့်တော့ လေရိုက်ခတ်မှုငွေ့ငွေ့လေးရနေသည်။
"အသက်ရှိသေးတယ် တူးကြ တူးကြ "
"ကံကောင်းတာပဲ သံပိုက်လိုင်းမှာ လေရနေသေးလို့ "
စိုင်းခန့် ရင်တွေ တဒိုင်းဒိုင်းခုန်ကာ ထိုနေရာကို အတင်းတူးနေမိသည်။ ဘေးက လူတချို့လည်း ပြောရင်း ဝိုင်းကူတူးပေးကြသည်။
အသက်ရှင်နေတာ သူပဲဖြစ်နေစေလို့ အထပ်ထပ်အခါခါ ဆုတောင်းနေမိတဲ့ ဒီစိတ်မှာ အတ္တတွေ ပါနေလည်း မတတ်နိုင်ဘူး။ သူအသက်ရှင်မှ ဖြစ်မှာမို့ ကျွန်တော်လုပ်နိုင်တာ ဒီတစ်ခုတည်းပဲ။
"ကော်ပြားတွေ၊ ပေါက်တူးတွေနဲ့ မလုပ်ကြနဲ့ အတွင်းက လူကိုထိသွားမယ် "
"လက်နဲ့ပဲ ဝိုင်းတူးကြဟေ့ "
ဒုတ် !
ခပ်တိုးတိုးအသံလေးတစ်ခု နားစွင့်ထောင်မိခိုက် ကျောက်ပြားကို လက်နဲ့ ခေါက်နေသော အသံက ဆက်တိုက်ထွက်ပေါ်လာသည်။လက်နဲ့ပဲဆိုသော်လည်း လူအင်အားများတာမို့ ခဏတွင်းကျောက်ပြားအဖြူကိုတွေ့ပြီး အပေါ်ကို 'မ'တင်ကြသည်။
၅ပေပတ်လယ်တွင်းလေးထဲမှ သံပိုက်တွေ ထိုးစိုက်နေသော ခြေထောက်တစ်ဖက်နဲ့ မြေမှုန်တွေကြားမှ မျက်လုံးမှိတ်ထားသော မျက်နှာ။
".........!"
စိုင်းခန့် ချက်ချင်းပဲ ခုန်ဆင်းလိုက်ပြီး မျက်လုံးနားကမြေမှုန်တွေ ဖယ်လိုက်ကာ ရင်ဘတ်မှ အနည်းငယ် လှုပ်ရှားမှုလေးကို မြင်မှ ထိန်းထားသမျှ မျက်ရည်တွေ လိမ့်ကျလာတော့သည်။
"တော်သေးတာပေါ့ ....ကျွန်တော် ပြောပါတယ် သူ မသေဘူးလို့.... ကျွန်တော့်ကိုတစ်ယောက်တည်းထားပြီး ထွက်မသွားဘူးဆိုတာ ကျွန်တော်ပြောသားပဲ"
မျက်ရည်တြွေပည့်နေသော ကောင်လေးဟာ အပြုံးလေးတစ်ပွင့်နဲ့ အတူ ကူညီပေးသော လူတွေအပါအဝင် ချစ်ရသူအား ကျေးဇူးတင်ကြောင်း ရေရွတ်နေသည်။အသက်ရှင်နေသေးသော တစ်ယောက်သောသူကို ရင်ခွင်ထဲတင်းကြပ်စွာ ဖက်ထားရင်း အမှောင်ထုရဲ့ ဝါးမြိုမှုမှ လွတ်မြောက်နိုင်ခဲ့လေပြီ။
.........................................
26.10.2020
Monday 6:00PM
ဇက်
ZReed_Feb29