ကူတစ်သောင်းရဲ့ အလင်္ကာ

By Darli_Henituse

14.5K 1.2K 19

Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publis... More

ဇာတ်လမ်းအကျဉ်းချုပ်
ဇာတ်လမ်းအကျဉ်းချုပ်
နိဒါန်း
နိဒါန်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၃
နိဂုံး
နိဂုံး

အပိုင်း - ၁

526 33 0
By Darli_Henituse

စုပိုင် - ထိုအမည်သည် မဟာယွဲ့ပြည်ရှိလူတိုင်းနှင့် အကျွမ်းတဝင်ဖြစ်နေသည်။

အကြောင်းမှာမူ စုပိုင်သည် သာမန်ထက်ထူးကဲစွာ အထုံပါရမီရှိခြင်းကြောင့်မဟုတ်ဘဲ ဒဏ္ဍာရီတွင်စမှတ်ပြုရလောက်အောင် ထင်ရှားကျော်ကြားလှသည့် စုမိသားစု၏ တစ်ဦးတည်းသော ကျန်ရစ်သူမျိုးဆက်ဖြစ်နေသောကြောင့်ပင်။

လွန်ခဲ့သောဆယ်နှစ်ခန့် လော့ယန်မြို့တော်သိမ်းပိုက်ခံရပြီးနောက် ရာစုနှစ်ပေါင်းများစွာ ဩဇာအာဏာဂုဏ်သတင်းမွှေးပျံ့ခဲ့သော စုမိသားစုသည် ညတွင်းချင်းပြိုကွဲသွားသည်။ အမျိုးသားများအားလုံး အသတ်ခံရပြီး လော့ယန်၏အုတ်တံတိုင်းများနောက်တွင် မြေမြှုပ်ခံခဲ့ရ၏။ အမျိုးသမီးများမှာတော့ စုမိသားစုစံအိမ်အတွင်းမှာပင် သူတို့ကိုယ်သူတို့ ကြိုးဆွဲချသွားကြသည်။

ဤသွေးချောင်းစီးမှု၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူမှာ သမီးငယ်လေးစုပိုင်ဖြစ်ပြီး သူမက အစအနပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ စုမိသားစု၏ သစ္စာရှိလက်အောက်ခံများသည် ထိုမိန်းကလေးအား ဆယ်နှစ်ကျော်ကြာ နေရာအနှံ့လိုက်လံရှာဖွေခဲ့ကြ၏။ ယခုတိုင်အောင် လော့ယန်၏အုတ်တံတိုင်းများပေါ်တွင် သူမရုပ်ပုံများ ကပ်ထားဆဲဖြစ်သည်။ မြို့တော်တစ်လျှောက် မုန်တိုင်းထန်စေခဲ့သော ထိုအရေးအခင်းကြောင့် မဟာယွဲ့ပြည်အတွင်း၌ စုပိုင်ဟူသောအမည်နှင့် မရင်းနှီးသူမရှိချေ။

ဆယ်နှစ်ကြာပြီးနောက် ကျွန်ုပ်ရှေ့တွင် ရုတ်တရက်ပေါ်လာသော ထိုမိန်းကလေးက သူမစုပိုင်ဖြစ်ကြောင်းကို မထူးဆန်းသောလေသံဖြင့် ပြောနေသည်။

သာမညောင်ညအရပ်သားတစ်ယောက်အနေဖြင့် သူမအမည်အား ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်အံ့အားသင့်လွန်း၍ ကန်စွန်းဥပင် နင်သွားခဲ့သည်...။

သူမက ကျွန်ုပ်မျက်နှာတွင်ပေါ်လွင်နေသော တုန်လှုပ်မှုကိုကြည့်ကာ အသံတိတ်ရယ်မောပြီးနောက် ဆက်ပြောလေ၏။

"အဲ့တုန်းက ကျွန်မတောင်ပိုင်းကျောက်ပြည်ကို ရောက်သွားလို့ သူတို့ကျွန်မကို လိုက်ရှာနေမှန်း လုံးဝမသိခဲ့ဘူး။ နောက်ဆုံး ကျွန်မသိသွားတော့လည်း ပြန်သွားဖို့က အရမ်းနောက်ကျသွားပြီလေ"

သူမ ပြန်မသွားနိုင်တော့ပါ။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကျောက်ပြည်တွင် အမျိုးသားတစ်ယောက်အား သူမချစ်မိသွားခဲ့သည်လေ။

ထိုအမျိုးသားက ကျရှုံးသွားသော လော့ယန်မြို့တော်၏ အပျက်အစီးများကြားမှ ဆယ့်နှစ်နှစ်အရွယ်သူမကို ကယ်ဆယ်ခဲ့သူပင်။ ထို့နောက် သူမအား တောင်ပိုင်းကျောက်ပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူသည် နတ်ဘုရားလောက်နီးပါး ကြီးမြတ်လှသည့် ဂုဏ်သတင်းနှင့် ရိုသေလေးစားမှုတို့ရရှိထားသော တောင်ပိုင်းကျောက်ပြည်၏ ကူအဆိပ်သခင်ယွဲ့ချီဖြစ်လေသည်။

သူ့အမည်အား ကြားလိုက်ရသူမှန်သမျှက ထိုအမည်မျိုးသည် အလွန်တရာနှလုံးသားကင်းမဲ့၍ တစ်ကိုယ်ကောင်းဆန်သော နတ်ဆိုးလိုလူတစ်ယောက်တွင်သာ ရှိနိုင်သည်ဟု တွေးကောင်းတွေးနေပေလိမ့်မည်။

သို့သော် စုပိုင်အတွက်တော့ သူကထိုကဲ့သို့သောလူမျိုးမဟုတ်ပေ။

သူကသူမအား အဆိပ်ရှိအကောင်များမှရသော ကူအဆိပ်ကို ထိန်းချုပ်နိုင်သည့်ပညာရပ် သင်ကြားပေးခဲ့သည်။

သူမသန်မာလာအောင်လည်း သင်ကြားပေးခဲ့သည်။

သူမဖျားနာသည့်အခါ သူကိုယ်တိုင် ဆေးဖော်စပ်ပေးခဲ့သည်။

သူမငိုကြွေးသည့်အခါ မျက်ရည်များအား သုတ်ပေးခဲ့သည်။

တစ်ခါက ဆယ့်နှစ်နှစ်အရွယ်စုပိုင်ကို သူပြောခဲ့ဖူးသည်။

"စုပိုင် ငါမင်းအတွက် နေစရာအိမ်ဖြစ်ပေးမယ်"

သူကသူမအတွက် နေစရာအိမ်ဖြစ်ပေးမည်ဆိုသည်ကို စုပိုင်သည် သူမနှလုံးသားတစ်ခုလုံးဖြင့် ယုံကြည်ပြီး သံယောဇဉ်ကြီးစွာ သူ့နောက်လိုက်ခဲ့သည်။ ထို့နောက် နေ့ရက်များကျော်လွန်ပြီး ရက်သတ္တပတ်များ လအဖြစ်ပေါင်းစည်းသွားကာ လများ နှစ်အဖြစ်ကူးပြောင်းလာသောအခါ ထိုသူအား သူမချစ်မိသွားခဲ့လေသည်။

"ကျွန်မသူ့ကို အမြဲလေးစားခဲ့တယ်"

စုပိုင်က မီးပုံကို တွေဝေစွာ ငေးကြည့်ရင်း ဆက်ပြောလေသည်။

"နေ့တိုင်းမပျက်မကွက် အဆိပ်ရှိအကောင်အမျိုးမျိုးအကြောင်းသိအောင် လေ့လာခဲ့တယ်။ ကူအဆိပ်ပြုလုပ်နည်းတွေအားလုံးကိုလည်း အလွတ်ကျက်မှတ်ခဲ့တယ်။ တခြားသူတွေ ညဘက်အနားယူနေချိန်မှာတောင် ကျွန်မက မီးခွက်အလင်းနဲ့ စာတွေဆက်ဖတ်ခဲ့တယ်။ နောက်နေ့မနက် တခြားသူတွေနိုးလာတဲ့အချိန်မှာဆို အဆိပ်ရှိအကောင်တွေရှာဖို့ တောင်အမြင့်ကြီးတွေကို ကျွန်မတက်နေပြီ"

သူမက ယွဲ့ချီကြိုက်သည့်အရာ၊ မကြိုက်သည့်အရာများအကြောင်း အခြားသူများအား မေးမြန်းပြီး သူ့အကျင့်စရိုက်များကိုပင် ဂရုတစိုက်မှတ်သားခဲ့သည်။

အခြားသူများမှ "ဘာလို့လဲဆိုတော့... အဲ့ဒါကြောင့်မို့..."စသဖြင့် မလိမ့်တပတ်ပြောသည်ကို သူ,မကြိုက်မှန်း သူမသိသည်။ ထို့ကြောင့် သူမအပြစ်လုပ်မိသည့်အခါတိုင်း ဘယ်သောအခါမှ မရှင်းပြခဲ့သလို ဆင်ခြေလည်း မပေးခဲ့ဖူးချေ။

အလွန်အမင်းဆူညံသံများကို သူ,မကြိုက်မှန်း သိသောကြောင့် မည်သည့်ကျောက်မျက်ရတနာမှ သူမ,မဝတ်ဆင်ခဲ့သလို မည်သည့်အဆင်တန်ဆာမှလည်း သူမ,မဆင်ယင်ခဲ့ချေ။

သူ့အခန်းထဲတွင် ဖုန်မှုန့်အညစ်အကြေးများရှိသည်ကိုလည်း သူ,မကြိုက်မှန်း သိသောကြောင့် သူမသူ့ဆီ သွားလည်သည့်အခါတိုင်း ရေချိုးသန့်စင်၍ အဝတ်အစားလဲပြီးမှသာ သူ့စံအိမ်အတွင်းသို့ ခြေဗလာဖြင့် သွားလေ့ရှိသည်။

ဆယ်နှစ်တိုင်အောင် တာဝန်သိတတ်၍ ဂရုတစိုက်ရှိခဲ့၏။

နောက်ဆုံးမှာတော့ သူမအား သူပြောလာခဲ့သည်။

"စုပိုင် မင်းက မလိုအပ်တဲ့အတွေးတွေနဲ့ အာရုံပျံ့လွင့်နေတယ်။ ဒီလိုအတွေးတွေရှိနေတဲ့သူက ဘယ်တော့မှ ကူအဆိပ်သခင်ကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး"

"နောက်ပိုင်းမှာ ဆရာက တခြားတပည့်တစ်ယောက်ကို လက်ခံခဲ့တယ်။ သူမနာမည်က အားလိုင်တဲ့။ သူမက တောင်ပိုင်းကျောက်ပြည်ရဲ့ မင်းသမီးတစ်ယောက်။ ပြီးတော့ အသံကလည်း အရမ်းချိုသာပြီး ပါရမီရှိတယ်။ ရှင်သိလား၊ သူမသီချင်းဆိုတဲ့အခါတိုင်း ဆရာကပြုံးနေတတ်တယ်။ သူ့အပြုံးက အရမ်းနွေးထွေးလွန်းတယ်။ ဒါပေမယ့် သူဘယ်တုန်းကမှ ကျွန်မကို မပြုံးပြဖူးဘူး။ ကျွန်မအသက်ကိုတောင်ရင်းပြီး ပြီးပြည့်စုံတဲ့ ကူအဆိပ်ကိုရဖို့ တစ်ကြိမ်ပြီးတစ်ကြိမ်ဖန်တီးခဲ့တယ်၊ သူ့ကိုပျော်အောင်လုပ်နိုင်ဖို့ ကျွန်မအရမ်းကြိုးစားခဲ့ရတယ်။ သူမကတော့ သီချင်းဆိုတာရယ် ပန်းတွေခူးတာရယ်ကလွဲပြီး တခြားဘာမှမလုပ်ခဲ့ရပေမယ့် သူ့ကို ရယ်မောအောင် လုပ်နိုင်တယ်လေ"

စုပိုင်သည် အတိတ်ကို ပြန်လည်တွေးတောရင်း သူမမျက်ဝန်းများ စိုစွတ်လာခဲ့သည်။ ကျွန်ုပ်ကတော့ စကားတစ်ခွန်းမှ မဆိုလေဘဲ တိတ်ဆိတ်စွာဖြင့် ကံကြမ္မာကြိုးနီများကိုသာ ဆက်ကျစ်ရင်း တည်ငြိမ်ချင်ယောင်ဆောင်နေခဲ့၏။

အင်္ကျီလက်ကို မ,တင်ပြီး မျက်ရည်သုတ်နေသော စုပိုင်သည် မကျေမနပ်ဖြစ်နေသော ကလေးငယ်နှင့်ပင် တူနေသည်။ ထို့နောက် သူမဆက်ပြောလေသည်။

"နောက်တော့ ဆရာက ကျွန်မကိုပြောတယ်။ သူက ကျွန်မအတွက် အသုံးမဝင်တော့ဘူးတဲ့။ ကျွန်မကို ကူအဆိပ်သခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ်တိုင်ဆက်လေ့ကျင့်စေချင်တယ်တဲ့လေ"

ထိုညက နှင်းများကျနေခဲ့သည်။ လမင်းကြီးသည် ကောင်းကင်အမြင့်တစ်နေရာတွင် ရှိနေပြီး ၎င်း၏ဖြာထွက်နေသော အလင်းရောင်သည် အဆုံးမရှိသည့် အမှောင်ထုတစ်ခွင်ဖြန့်ကျက်လျက် တောက်ပနေသည်။ သူမက သူ့အခန်းရှေ့၌ ဒူးထောက်ကာ ငိုကြွေးရင်း အသနားခံနေခဲ့၏။ ထိုသူမှာတော့ သူမအား သရဲတစ်ကောင်အလား အဝေးတွင်သာ အေးတိအေးစက်နေနေသည်။

သူမအသံများ အက်ကွဲသည့်တိုင် ငိုကြွေးနေခဲ့၏။ နောက်ဆုံး အားလိုင်ရောက်လာပြီး သူမကို မြေပြင်ပေါ်မှ ကူညီထူပေးခဲ့သည်။

အားလိုင်က သူမကို ပြောလေသည်။

"စုပိုင် နင်သိလား၊ လူတစ်ယောက်က ကိုယ်တိုင်အသုံးဝင်နေမှပဲ ရပ်တည်နေနိုင်တာ။ တောင်ပိုင်းကျောက်ပြည်အတွက် နင်အသုံးဝင်နေသရွေ့ ဆရာကနင့်ကို စွန့်ပစ်သွားမှာမဟုတ်ဘူး"

ခဏရပ်သွားပြီးနောက် အားလိုင်ဆက်ပြောခဲ့သည်။

"စုပိုင် စစ်ဝင်တိုက်ပြီး အသုံးဝင်တဲ့သူဖြစ်အောင်လုပ်လိုက်။ ဒါဆို တောင်ပိုင်းကျောက်ပြည်က နင့်တိုင်းပြည်ဖြစ်လာလိမ့်မယ်။ ငါတို့ကလည်း နင့်အိမ်ဖြစ်လာလိမ့်မယ်"

"အဲ့ဒါနဲ့ပဲ မင်းရောက်လာတာလား"

ကျွန်ုပ်အံ့ဩသွားခဲ့သည်။

စုပိုင်ပြန်မဖြေခဲ့ပါ။ အချိန်အတော်ကြာမှ သူမခေါင်းငြိမ့်ပြခဲ့သည်။ သူမခေါင်းကိုမော့ကာ ညကောင်းကင်ယံရှိ မှိတ်တုတ်မှိတ်တုတ်ကြယ်ပွင့်လေးများကို ငေးကြည့်နေသည်။

"တစ်ခါတစ်လေမှာ လူတစ်ယောက်ရဲ့ ခေါင်းမာမှုက အပြစ်ဖြစ်သွားလေ့ရှိတယ်။ တိုက်ပွဲတစ်ခုပြီးသွားတိုင်း အိပ်မက်ဆိုးတွေက ကျွန်မကို ညှင်းပန်းနှိပ်စက်နေတယ်။ ဒါပေမယ့် သူ့စံအိမ်ကို နောက်ဆုံးရစစ်တပ်အစီရင်ခံစာတွေ သွားပို့ပြီး သူ့ကိုမြင်ရတိုင်း ဒါတွေအားလုံးက တန်တယ်လို့ ကျွန်မခံစားရတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေကို ကျွန်မဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ အတိအကျမသိနေဘူး"

သူမ၏နှလုံးအိမ်ရှိရာဆီ လက်တစ်ဖက်ကို မြှောက်တင်လိုက်ပြီး ဖြေးညှင်းစွာပြောသည်။

"ကျွန်မနာမည်ကို ဘယ်တုန်းကမှ ထုတ်မသုံးရဲခဲ့ဘူး။ 'စု'ဆိုတဲ့စာလုံးကို မြင်မိတဲ့အခါတိုင်း ပေးဆပ်တာထက် ကျော်လွန်တဲ့ ပျက်စီးမယ့်လမ်းကြောင်းကို ကျွန်မဦးတည်နေရသလိုပဲ။ သူအားလိုင်ကို ပြုံးပြတဲ့အခါတိုင်းလည်း ကျွန်မနှလုံးသားထဲက စိတ်အားငယ်မှုတွေက ကျွန်မကို ရူးသွပ်သွားလောက်အောင် တွန်းအားပေးနေကြတယ်"

"ဒါဆို မင်းဘာအိပ်မက်လိုချင်တာလဲ"

ကျွန်ုပ်၏လက်ချောင်းများကြား ကျစ်ထားသော ကြိုးနီလေးကို ကိုင်မြှောက်လိုက်သည်။

"မင်းပြောပြထားတဲ့ မှတ်ဉာဏ်တွေကိုသုံးပြီး ငါမင်းအတွက် အိပ်မက်တစ်ခု လုပ်ပေးပြီးပြီ။ မင်းသေသွားပြီးရင် ငါမင်းကို အဲ့ဒီပုံရိပ်ယောင်ထဲ ဆွဲခေါ်လိုက်မယ်။ အဲ့ဒီအိပ်မက်ထဲမှာ မင်းဘာလုပ်ချင်လဲ"

"ကျွန်မသူ့ကို တွေ့ချင်တယ်။ ပြီးတော့ သူနဲ့ထာဝရအတူတူရှိချင်တယ်"

သူမခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး မျက်ဝန်းများကို လက်ဖြင့်ကာလိုက်သည်။ နောက်ဆုံးတော့ သူမမျက်နှာတစ်လျှောက် ကျဆင်းသွားသော မျက်ရည်စက်များကို ကျွန်ုပ်မြင်လိုက်ရ၏။

•••

၎င်းသည် သူမ၏အိပ်မက်ပင်။

ကျွန်ုပ်သူမအား ကတိပေးခဲ့ပြီး အာရုဏ်တက်ချိန်ရောက်သော် ကျွန်ုပ်၏နောက်ဆုံးလက်ကျန်ကန်စွန်းဥကိုယူကာ သူမထွက်ခွါသွားလေသည်။ ထို့နောက် ကျွန်ုပ်လည်း မဟာယွဲ့ပြည်၏ စစ်တန်းလျားများဆီသို့ စိတ်ပျက်လက်ပျက်ပြန်လာခဲ့၏။ ကျွန်ုပ်၏အမှားများကိုဝန်ခံကာ ငိုယိုတောင်းပန်ရင်း ကျွန်ုပ်ဆရာ၏ အခန်းရှေ့တွင် ဒူးထောက်ခဲ့ရသည်။

ဆရာသည်လည်း ကျွန်ုပ်အား နှင်ထုတ်ရလောက်အောင် အသည်းမမာခဲ့ချေ။ သူ့ဒေါသများအနည်ထိုင်သွားပြီးနောက် ကျွန်ုပ်အား စစ်မြေပြင်သို့ ထပ်မံခေါ်ဆောင်သွားပြီး သင်ကြားမှုများ ဆက်လက်ပို့ချခဲ့သည်။

ထို့နောက် မဟာယွဲ့ပြည်နှင့် တောင်ပိုင်းကျောက်ပြည်တို့၏ အဓိကစစ်တပ်များသည် အနီးကပ်တိုက်ခိုက်နေကြပြီး ထိုအင်အားနှစ်ရပ်ကြား ကွဲပြားခြားနားစေရန် ခက်ခဲလျက်ရှိသည်။ ကျွန်ုပ်သည် မျှော်စင်ထိပ်၌ မတ်တပ်ရပ်နေပြီး ရန်သူစစ်တပ်၏ ရှေ့ပြေးခေါင်းဆောင်များကြားတွင် ကြီးမားသော အဖြူရောင်စပါးအုံးမြွေကြီးအား အံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။

စပါးအုံးမြွေကြီး၏ ဦးခေါင်းထက်တွင် မတ်တပ်ရပ်နေသည်မှာ အနက်ရောင်ဝတ်စုံဆင်မြန်းထားသော မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူမ၏ဆံနွယ်များမှာ လေထဲလွင့်မြောလျက်ရှိသည်။ သူမ၏သွယ်လျသောလက်ကောက်ဝတ်အား ဖြတ်ခနဲလှုပ်ရှားလိုက်သည်နှင့် သူမဝတ်ရုံလက်အတွင်းမှ မရေမတွက်နိုင်သော ကူပိုးကောင်များ လျှပ်ပြေးထွက်လာကာ မဟာယွဲ့ပြည်၏စစ်သည်များရှိရာသို့ ဦးတည်ဖြန့်ကျက်သွားလေသည်။

ထိုမိန်းကလေးအား ကျွန်ုပ်ရှင်းရှင်းလင်းလင်းမမြင်ရချေ။ တလိပ်လိပ်တက်လာသော ဒေါသလှိုင်းများကဲ့သို့ သူမထံဦးတည်နေကြသည့် စစ်သည်များကိုသာ မြင်နေရသည်။ သူမနောက်ရှိ တောင်ပိုင်းကျောက်ပြည်၏စစ်တပ်သည်ကား တစ်လက်မမျှပင် မလှုပ်ရှားဘဲ မဟာယွဲ့ပြည်၏စစ်သည်ထု သူမအား တဖြည်းဖြည်းသတ်ဖြတ်နေသည်ကို အေးစက်စွာ ကြည့်ရှုနေကြလေ၏။

ထို့နောက် ကျွန်ုပ်ဘေးတွင်ရပ်နေသော စစ်သူကြီးငယ်တစ်ဦးက သူ၏လေးအား ရုတ်ခြည်းပြန်သိမ်းကာ လှမ်းအော်လိုက်သည်။

"စုပိုင်!"

မိန်းမပျိုလေးက ခေါင်းမော့လာခဲ့သည်။ ထိုစက္ကန့်ပိုင်းမျှတုန့်ဆိုင်းချိန်အတွင်း မြားမိုးများသည် သွေးညှီနံ့လှိုင်လှိုင်ထနေသော ကောင်းကင်ယံကိုခွင်းကာ သူမ၏ပုခုံးနှစ်ဖက်အား ဖောက်ထွင်းသွားလေသည်။

စစ်သူကြီးက ရယ်မောလိုက်ပြီး သူ့အသံသည် ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။ ကျွန်ုပ်သူ့အား လှည့်ကြည့်လိုက်သောအခါ သူ့မျက်လုံးများမှ မျက်ရည်ကျသည်အထိ ရယ်မောနေသည်ကို တွေ့လိုက်ရ၏။ သူသည် မျှော်စင်ထိပ်၌ မတ်တပ်ရပ်နေပြီး အားစိုက်ကာပြောလေသည်။

"စုပိုင် မဟာယွဲ့ပြည်အပေါ် နှစ်ရာနဲ့ချီပြီး သစ္စာစောင့်သိခဲ့တဲ့ မင်းမိသားစုက ကျဆုံးသွားတဲ့ စစ်သည်တွေကို မင်းဘယ်လိုမျက်နှာပြမှာလဲ!"

"စုပိုင် မင်းသိလား မင်းအဖေနဲ့အစ်ကိုတွေရဲ့ အရိုးတွေမြှုပ်နှံထားတဲ့ လော့ယန်မြို့တော်အနောက်ဘက်မှာ ပန်းတွေပွင့်နေတာ ငါတို့ခါးလောက်တောင် ရောက်နေပြီ!"

ထိုစကားများအား သူပြောနေသော်လည်း မရေမတွက်နိုင်သော ကူပိုးကောင်များသည် သူ့ထံသို့ ဦးတည်နေကြပြီးဖြစ်သည်။ နောက်ဆုံးတွင် ထိုစစ်သူကြီးလည်း မချိမဆံ့ဝေဒနာအား တောင့်မခံနိုင်တော့ချေ။ သူသည် မျှော်စင်ထိပ်မှ လျှင်မြန်စွာ ခုန်ချလိုက်လေသည်။

ကျွန်ုပ်ဆရာသည် ကျွန်ုပ်အား နောက်သို့ချက်ချင်းဆွဲလိုက်ပြီး ဖရိုဖရဲအခြေအနေမှ ကာကွယ်လိုက်သည်။ ကျွန်ုပ်၏ ကျဉ်းမြောင်းသော မြင်ကွင်းမှ တွေ့ရသည်မှာ စုပိုင်သည် သူမ၏စပါးအုံးမြွေကြီးအား ကျွမ်းကျင်စွာ လမ်းညွှန်၍ မျှော်စင်အောက်ခြေသို့ စိုးရိမ်တကြီးဦးတည်သွားနေသည်။ ထို့နောက် စစ်သူကြီး၏ခန္ဓာကိုယ်အား သူမလက်မောင်းများကြား ပွေ့ဖက်ထားလေ၏။

စစ်သူကြီးက သူမအား ဘာပြောလိုက်မှန်း ကျွန်ုပ်မသိပါ။ သူ့ပါးစပ်မှ ထပ်ကာထပ်ကာအန်ထုတ်နေသော လက်လက်ဆတ်ဆတ်သွေးများအား သူမအင်္ကျီလက်ဖြင့် သုတ်ပေးနေသော စုပိုင်ကိုသာ ကျွန်ုပ်မြင်နေရ၏။ သူမ၏ ဝမ်းနည်းပူဆွေးဖွယ် ငိုကြွေးသံသည် သွေးချောင်းစီးနေသော စစ်မြေပြင်ကိုဖြတ်၍ ပေါ်ထွက်လာသည်။

လူတစ်ယောက် ထိုမျှယူကျုံးမရငိုကြွေးနေခြင်းကို ကျွန်ုပ်ယခင်က မမြင်ခဲ့ဖူးချေ။ ယနေ့တိုင်အောင် သူမ၏ဝမ်းနည်းနေသောပုံရိပ်ကို ကျွန်ုပ်မမေ့နိုင်ခဲ့ပါ။ ကျွန်ုပ်ဆရာသည် ကျွန်ုပ်အာရုံပျံ့လွင့်နေသည်ကို လျှင်မြန်စွာ ဂရုပြုမိပြီး ကျွန်ုပ်အား မျှော်စင်မှဝေးရာသို့ ချက်ချင်းဆွဲခေါ်သွားလေသည်။

စစ်မြေပြင်အပျက်အစီး၌ သူမသည် ထိုအမျိုးသားအား ပွေ့ဖက်ကာ သည်းထန်စွာ ငိုကြွေးနေခဲ့သည်။

များမကြာမီ ပျံ့နှံ့လာသော တီးတိုးစကားများအရ သူမသည် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း သူမ၏စပါးအုံးမြွေကြီးနှင့်အတူ သူမကို ဝိုင်းရံထားသမျှသူတို့အား သတ်ဖြတ်ကာ ထွက်သွားရန် လမ်းကြောင်းရှင်းခဲ့သည်။

ထိုအချိန်၌ သူမအား ကြားဖြတ်တိုက်ခိုက်သူများတွင် မဟာယွဲ့ပြည်၏စစ်သည်များသာ ပါဝင်သည်မဟုတ်ပေ၊ တောင်းပိုင်းကျောက်ပြည်၏စစ်သည်များကပါ သူတို့၏လေးများအား သူမရှိရာသို့လှည့်ပြီး မြားများဖြင့် မရပ်မနားပစ်ခတ်ခဲ့သည်။

အဆုံးမှာတော့ သူမသည် ဒဏ်ရာအပြည့်ရှိနေသော ခန္ဓာကိုယ်ဖြင့်ပင် သူမအားလိုက်လံသတ်ဖြတ်သူများထံမှ အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

တစ်နှစ်ကြာပြီးနောက် ကျွန်ုပ်၏ပညာသင်ယူမှု ဆုံးခန်းတိုင်ပြီးမြောက်သွားပြီး ကျွန်ုပ်လည်း ကံကြမ္မာသခင်တစ်ဦးဖြစ်လာခဲ့သည်။ ထို့နောက် ကျွန်ုပ်ဆရာနှင့် သဘောတူညီချက်အရ ကျွန်ုပ်၏တာဝန်များကို ကျေပွန်အောင် စတင်ဆောင်ရွက်ခဲ့လေသည်။

ကျွန်ုပ်ပတ်ပတ်လည်တွင်ကား အတောမသတ်နိုင်သော တောင်းဆိုချက်များဖြင့် ကျွန်ုပ်ထံရောက်လာကြသူများ ဝန်းရံလျက်ရှိသည်။

သူမအား ရှာဖွေရန်ကိုမူ ကျွန်ုပ်မစီမံခဲ့ဖူးချေ။

ထို့ကြောင့် ကျွန်ုပ်အခြားသူများထံမှ ဆက်လက်၍ အလုပ်လက်ခံနေသော်လည်း တောင်ပိုင်းသို့ ခရီးစထွက်ခဲ့သည်။ နောက်ဆုံး၌ သုံးနှစ်ကြာပြီးနောက် ထိုသူအား ကျွန်ုပ်ကတိပေးခဲ့ရာဖြစ်သော တောင်ပိုင်းကျောက်ပြည်သို့ ဆိုက်ရောက်လာခဲ့၏။

ကျွန်ုပ်၏ခရီးစဉ်သည် အမှန်ပင်အချည်းနှီးမဖြစ်ခဲ့ပေ။ ယွဲ့ချီနှင့် တွေ့သည့်အချိန်တွင် ကျွန်ုပ်ရောက်နေသည်မှာ သုံးရက်မျှပင် ရှိသေးသည်။

Continue Reading

You'll Also Like

274K 466 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
133K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...
86.6K 9.6K 105
Title- Mei Gongchin သူမကိုယ်သူမ မီးရှို့၍ သတ်သေသွားပြီးသည့်နောက်တွင် ချန်ရုံသည် အတိတ်မှ ၁၄ နှစ်အရွယ်၌ ပြန်လည် နိုးထလာခဲ့သည်။ ဂုဏ်သရေကြီးမြင့်သော်လည်း...
918K 9.7K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...