"အစ်ကိုတို့ ဘုရားပန်းလေး ကပ်ဖို့ ဝယ်သွားပါအုံးရှင် "
သနပ်ခါးပါးကွက်ကြားလေးနဲ့ အပြုံးချိုသော ကောင်မလေးတစ်ယောက်က စားပွဲပေါ် ချခင်းထားသော ပန်းစည်းများကိုမြှောက်ကိုင်ကာပြောသည်။ ပုဂံကိုရောက်တဲ့ ဒုတိယရက်မှာပဲ အာနန္ဒာဘုရား၊ဗူးဘုရား၊ဓမ္မရံကြီးတို့ကို ဖူးမြော်ပြီး ယခု ထီးလိုမင်းလို ဘုရားကိုရောက်ချိန် ညနေခင်းကို တဖန်ပြန်ရောက်ရှိလာသည်။
နှင်းဆီနဲ့ သပြေရောထားသောတစ်စည်းကို ယူပြီး ပြန်လည်ပြုံးပြလိုက်သော တိမ်စိုင်ရဲ့အပြုံးတွင် ရိုးသားသော ပန်းသည်လေးမှာ ငေးငိုင်လျက်။သူမ ပန်းစည်းကို မြှောက်ကိုင်ရက်အတိုင်းပဲ ရပ်တန့်နေသည်။
"အစ်ကိုက ဒီတစ်စည်းယူမယ် ၊ ညီတို့ နှစ်ယောက်ရော .... "
စိတ်နဲ့ လူနဲ့ မကပ်သော စိုင်းခန့်နှင့် အသက်ရှူရုံကလွဲ သံပတ်ပေးထားသလို စက်ရုပ်လိုဖြစ်နေသော နေရှိန်တို့ နှစ်ယောက်လုံး တပြိုင်တည်းအတူ ကောက်ကိုင်လိုက်သော ပန်းစည်းလေးတစ်စည်း။ဖြူဖွေးနေသော အပွင့်လေးတွေကို အစိမ်းရောင်အရွက်ရှည်တွေနဲ့ ကာရံထားသော သစ္စာပန်းလေးဖြစ်နေသည်။သေးသွယ်တဲ့ လက်လေးကိုပျောက်လုနီးပါး အုပ်ကိုင်ထားပြီး နှစ်ယောက်လုံးလက်ကတစ်ထပ်တည်းကျနေသည်။ တိမ်စိုင်အပြုံးတို့ရပ်တန့်ကာ တခြားဖက် လှည့်သွားမှ ပန်းသည်ကောင်မလေး ကလက်ရှိအချိန်ကို ပြန်ရောက်လာသည်။ထို့နောက် ပန်းစည်းတစ်စီးတည်းကို နှစ်ယောက်လုံး အတူတူကိုင်ထားပြီး လွတ်မပေးဘဲ ဒီအတိုင်းဆွဲထားတာကြောင့်
"သစ္စာပန်းအဖြူကိုပဲ ယူချင်တာလား .... ခဏလေးနော် နောက်တစ်စီး ရှိသေးတယ် ညီမ သွားယူပေးပါမယ် "
ဈေးသည် ကောင်မလေးက ခပ်သွက်သွက်ပဲ အနောက်က အဝတ်စိုအထုတ်ကို ဖြည်ကာ တစ်စီးထုတ်ပေးသည်။သို့သော် စားပွဲပေါ်က လက်ချင်းထပ်ထားသော အစီးကိုသာ နှစ်ယောက်လုံး လွတ်မပေးကြ။
"ဒီမှာ နောက်တစ်စီးရှိသေးတယ်ရှင့် "
ပြုံးပြရင်း ထိုးပေးနေသော ကောင်မလေးကို ဂရုမစိုက်။တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မလှုပ်မယှက်နေသောကြောင့် တိမ်စိုင်မှ ပိုက်ဆံထုတ်လိုက်ပြီး
"အစ်ကိုတစ်စီးရယ် ၊ အဲ့ဒါရယ် နှစ်စီးပဲ ယူလိုက်တော့မယ်နော် ညီမ"
"ဪ ... ဟုတ်ကဲ့ ရပါတယ်ရှင့် "
ပြောပြီးချင်းပဲ လှည့်ထွက်သွားသော အပြုံးချိုချိုနဲ့ လူတစ်ယောက်နဲ့ ပန်းစည်းတစ်စီးတည်းကို အတူကိုင်ကာ လျှောက်သွားသော သူနှစ်ယောက်အား ပန်းသည်လေးမှ ကြောင်တောင်တောင်လေး ရပ်ကြည့်လို့နေသည်။စကားမပြောဘဲ အမူအယာနဲ့သာ အလျော့မပေးတဲ့ဒီနှစ်ယောက်ဟာ သူမအိမ်က ၇နှစ်နဲ့ ၅နှစ်သား မောင်လေးနှစ်ယောက် အဝေမတည့်စွာ မုန့်လုစားပုံနှင့် တူနေလေတော့သည်။
ဘုရားကန်တော့ချိန်မှ ကိုင်ထားသော စိုင်းခန့်လက်ကို လွတ်ပေးပြီး သူက လက်ချည်းဗလာဦးချသည်။ဆောင့်ကြောင့်ထိုင်လျက် နှဖူးမှာကပ်ထားသော ရှည်သွယ်သော လက်တွေနှင့် မှိတ်ထားသော မျက်လုံး၊ ခပ်တိုးတိုး ရွတ်ဆိုသော နှုတ်ခမ်းလွှာ ။
ထိုအရာတို့ကို စိုင်းခန့်ငေးကြည့်နေမိတာ မျက်တောင်ခတ်မိရဲ့လားတောင်မသိ။ နေရှိန်ဦးချလိုက်ချိန်မှ စိုင်းခန့် အရှေ့တည့်တည့်ကို ပြန်လှည့်ပြီး မျက်လုံးမှိတ်ကာဘုရားကို အာရုံပြုလိုက်သည်။
သစ္စာပန်းစီးလေးကို ပန်းအိုးဆီ ထိုးဖို့ ပြင်တော့ သူက လှမ်းယူလိုက်ပြီး ဆည်းကပ်သည်။
နေရှိန်လက်နဲ့အတူ ကပ်လှူလိုက်သော ထိုသစ္စာပန်းလေးကို ကြည့်ရင်း အနှစ်နှစ်အလလက ဆုတောင်းနေသော အရာတစ်ခု ပြည့်ဝသွားသလို စိုင်းခန့် ပြုံးသွားမိသည်။ဘာကြောင့်ရယ်မသိ ထိုပန်းလေးကို ကြည့်နေရင်း ပျော်ရွင်နေသည်။
ဘုရားဝန်းထဲ ပတ်ကြည့်တော့လည်း အရင်ကလို ခပ်ခွာခွာမနေတော့ဘဲ စိုင်းခန့်ဘေးနားမှာ ရှိနေပေးသည်။ညနေဆည်းဆာရောင်ရဲ့ အောက်မှာ နက်မှောင်နေသောဆံနွယ်တွေကို ထိကိုင်ချင်တဲ့ စိတ်က ရွှေစည်းခုံစောင်းတန်းထဲကလို လက်ကိုကိုင်ချင်တဲ့ စိတ်နဲ့ တစ်ထပ်တည်း ကျနေပြန်သည်။
ပြန်လည် ကြည်ဖြူလာတဲ့ နေရှိန်မျက်နှာကြောင့်လားတော့မသိ လက်တို့က အရဲတင်းကာ လှမ်းလိုက်မိသည်။သန်စွမ်းတဲ့ ဆံသားတွေ လက်ချောင်းကြားထဲသို့ တိုးဝင်လာတာခံစားမိချိန် နေရှိန်ကလည်း စောင်းငဲ့ကြည့်လာသည်။
မကြိုက်တာတော့ မဟုတ်။ ရုတ်တရက်ဆန်သော စိုင်းခန့် အမူအယာကို သူက အံ့ဩနေတာ။ဆံနွယ်တွေကြားပိုပြီး ထိုးဖွကာ စိတ်လွတ်လက်လွတ်ပြုံးနေပြီးမှ နစ်နဲစွာစိုက်ကြည့်နေသော နေရှိန် မျက်လုံးတွေကို သတိထားမိပြီး လက်ကိုပြန်ရုတ်လိုက်သည်။
သို့သော် နေရှိန်က လက်ကို ပြန်ယူပြီး သူ့ဦးခေါင်းပေါ် တင်ပေးကာ
"ကလေးသဘောကျရင် ဆက်ကိုင်လို့ ရတယ် "
အချိန်တစ်ခုကြာမှ နေရှိန်ရဲ့ ကလေးဆိုတဲ့ အခေါ်အဝေါ်ကိုပြန်ကြားလိုက်ရတာကြောင့် နှလုံးသားမှ သိမ့်ခနဲ။လက်ချောင်းနဲ့ သဲ့ယူကာ အနောက်သို့ လှန်တင်လိုက်တော့ ပြေပြစ်သော နှဖူးပြင်က သူ့မျက်နှာကို ပိုမို ခန့်ညားသွားစေသည်။
သဘောကျသော်လည်း အကြာကြီး ကိုင်နေဖို့မသင့်တော်တာကြောင့် လက်ကို ပြန်ရုတ်လိုက်သည်။ထို့အချိန် မြည်လာသော ဖုန်းသံ တစ်ခုနဲ့အတူ ခပ်လှမ်းလှမ်းသို့ လှည့်သွားသော နေရှိန်ကို ကြည့်နေရင်းမှ ဘေးက တိမ်စိုင် ရှိနေတာကို သတိထားမိတော့သည်။သူတို့နှစ်ယောက်ကို မမြင်သလို တခြားဘက်လှည့်နေသော်လည်း ဘာမှမရှိသော အုတ်နံရံကို သာ မျက်နှာမူလျက်။
....................
ညခင်း Hotel ကို ပြန်ရောက်ရောက်ချင်း နေရှိန်က အဝတ်အစားနဲ့ ပစ္စည်းတို့ သိမ်းနေပြီး စိုင်းခန့် ကိုယ်ပေါ် ခြုံပေးခဲ့တဲ့ လက်ရှည်ကိုပဲ ပြန်ဝတ်နေသည်။ညစာ သွားစားရုံပဲကို သူအဲ့လောက်ထိ ပြင်ဖို့ လို့လို့လား။
"ကိုကိုတို့ သေချာစုံအောင် လည်ပြီး အေးဆေးမှ ပြန်ခဲ့နော် "
" ညီက ဘယ်သွားမလိုလဲ "
တိမ်စိုင်က မေးလိုက်သော်လည်း စိုင်းခန့်ပါ ခုတင်ပေါ်ထိုင်နေရာမှ အလိုလို မတ်တတ်ရပ်ပြီးသားဖြစ်သွားသည်။
" စောစောက ကျွန်တော့် အတွင်းရေးမှူးဖုန်းဆက်တာ ဆောက်လုပ်ရေးပိုင်းက မြေပြိုမှုဖြစ်လို့ အခုပြန်မှ ရမယ် "
"........"
"ဒါဆို ကိုကိုတို့ရော အတူ လိုက်ခဲ့မယ်လေ "
"ရတယ် ကိုကိုက မင်္ဂလာဆောင် ဝင်ရအုံးမှာမလား ။ နောက်ပြီး ကားနဲ့ပြန်ရင် ကြာနေမှာ ကျွန်တော် လေယာဉ်လက်မှတ် ဖြတ်ပြီးသွားပြီ "
ပြောနေရင်း ကျောပိုးအိတ်ကို ကောက်လွယ်ကာ စိုင်းခန့်ကို ကြည့်လာသည်။ ဘာလို့ ရုတ်တရက်ကြီးလဲ။ အရင်တစ်ခါလို အဖွားနေမကောင်းလို့ဆိုပြီး လိမ်ပြောသလိုမျိုးလား။
လိုက်ချင်တယ်လို့ပြောဖို့စိတ်နဲ့သူ့အနား မနေဘူးလို့ တင်းခံနေတဲ့စိတ်ကြောင့် လက်ချောင်းလေးတွေ အချင်းချင်း ကုတ်ဖဲ့မိလာသည်။
"ဒါဆို ညီဂရုစိုက်ပြန်နော် "
"ဟုတ် ... သူ့ကို သေချာဂရုစိုက်ပေးပါ "
"......"
အတူခေါ်မသွားဘူးဆိုတဲ့ နေရှိန်စကား အဓိပ္ပာယ်ကြောင့် စိုင်းခန့် ချက်ချင်းပဲ ရေချိုးခန်းဘက် ဝင်လာလိုက်သည်။အနောက်မှ တိမ်စိုင်ရဲ့ စိတ်ချစေရန်ပြောနေသော စကားတွေနဲ့အတူ ထွက်သွားမယ့်သူ့ခြေသံတွေကိုလည်း မကြားချင်။တံခါးပိတ်ကာ ကျောနဲ့ မှီထားရင်း ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်စတို့ကို လက်နဲ့ အလန့်တကြားသုတ်ပစ်နေမိသည်။
ဘာလို့လဲ ... သူခေါ်မသွားတာနဲ့ပဲ ဘာလို့ငိုရတာလဲ။ ဒီနယ်မြေကိုရောက်ကတည်းက နေရှိန်ပေါ်မှာ ထားတဲ့ ခံစားချက်တွေဟာ ဟန်မဆောင်နိုင်လောက်အောင်ကို ပြင်းထန်နေတာ။
နေရှိန်သွေးဆိုတဲ့ ခင်ဗျားကတခြားအရာတွေထက် ပိုကြောက်စရာကောင်းတယ်။ ဒါကြောင့် အနားမှာပဲ နေပြီး ခင်ဗျားတစ်ယောက်တည်းကိုပဲကြောက်နေရင် တခြားအရာတွေကျွန်တော် ကြောက်စရာမလိုတော့ဘူး။ဒါကြောင့် အရှက်မရှိစွာပဲ တောင်းဆိုရရင် အနားမှာ ပြန်ခေါ်ထားပေးပါ။
တခြားသူဆီ ဂရုဖို့မှာကြားနေတာထက် ဘယ်သူနဲ့မှ မတူတဲ့ ခင်ဗျားရဲ့ ဂရုစိုက်မှုတွေကိုပဲလိုချင်တယ်။
........................
နောက်တစ်နေ့ မနက်ခင်း ရောက်တာနဲ့ တခြားနေရာတွေမသွားတော့ဘဲ ပုဂံကနေ ပြန်လာသည်။တိမ်စိုင်သွေးဆိုတဲ့ အစ်ကို က လူအကဲခတ်တဲ့နေရာမှာတော့ တကယ့်ကို ပြိုင်စံရှားပါပဲ။
တဖက်သူရဲ့ အမူအယာကိုကြည့်ရုံနဲ့ ဘာဖြစ်ချင်တယ် ဆိုတာကို သိသည်။ကားကို သေချာမောင်းနေရင်းပဲ အပြင်လမ်းမကြီးဘေးကိုသာငေးနေသော စိုင်းခန့်အား စောင်းငဲ့ကြည့်ကာ
"ကိုယ် တောင်းပန်ပါတယ် "
တိမ်စိုင်အသံကြောင့် လှည့်ကြည့်လိုက်သော်လည်း သူဘာကို ဆိုလိုတာလဲ သေချာမသိတာကြောင့် စိုင်းခန့်မတုံ့ပြန်မိ။
ဒါကြောင့် တိမ်စိုင်ကပဲ ဆက်ကာ
"ညီသွေးနဲ့ စိုင်းခန့်က ဘယ်လို ပတ်သတ်မှုမျိုးရှိတယ် ဆိုတာ ရိပ်မိပါတယ်။ ပြဿနာတစ်စုံတစ်ရာ ပေါ်နေချိန်မှာ အစ်ကို က အခွင့်ကောင်းယူသလိုဖြစ်သွားတာ "
"သူနဲ့ ကျွန်တော်က ဘယ်လို ခေါင်းစဉ်မျိုး အောက်မှာမှ ရှိမနေသေးပါဘူး "
"ဒါက ညီ့ဘက်က မသေချာနေတဲ့ စိတ်ကြောင့်လို့ အစ်ကိုထင်တယ် "
"......"
စိုင်းခန့် ခေါင်းငုံ့လိုက်မိသည်။ ဟုတ်တာပေါ့ မရေရာတဲ့ စိတ်တွေနဲ့ ယောက်ယက်ခက်နေတာ အခုထိပဲ။
"ညီသွေး ၅နှစ်သားလောက်မှာ ဖေဖေက တရားဝင်သားအဖြစ် သတ်မှတ်ပြီး သူ့အမေအရင်းကို စံအိမ်ကနေ ခွဲထွက်ခိုင်းခဲ့တယ်။ဒါက ကိုယ်မေမေနဲ့ အလဲအလှယ်တစ်ခု ပေါ့။အဲ့အချိန်တုန်းကဆို ညီသွေးက ငိုလည်းမငိုသလို မသွားပါနဲ့လိုလည်းမတားဘူး ။ ခံစားချက်မရှိတဲ့ မျက်နှာ အတိုင်းပဲ နေနိုင်တာ။ သားအရင်းမဟုတ်တဲ့ ကိုယ်တောင် မျက်ရည်လည်ရင်း ဘယ်လိုမှမနေတဲ့ သူ့ကို အံ့ဩခဲ့ဖူးတယ်"
"......"
"နောက်ပိုင်း ကိုယ်တို့အရွယ်ရောက်လာပြီး နားလည်တဲ့အချိန်ကိုရောက်မှ ညီသွေးက ဘယ်လောက်ပဲ နာကျင်နေပါစေ တခြားသူသိအောင် မဖော်ပြတာကို သိလာတယ်။ ကိုယ့်အမေက ဘယ်လောက်ရိုက်ရိုက် ငိုတာလည်း တခါမှမမြင်ဖူးဘူး။ တော်တော်အသည်းမာတာ ။ ဒါပေမဲ့ ညီသိလား .......အမေ့ရင်ခွင်ကို ခင်တွယ်နေတဲ့ ၅နှစ်သား အရွယ်ကလေးက သူ့အမေနဲ့ ခွဲရလို့ နာကျင်တာကို ထုတ်မပြောခဲ့ပေမဲ့ ၂၅နှစ်အရွယ် နေရှိန်သွေးက ညီ မရှိရင် မဖြစ်ဘူးဆိုတာကို မျက်ရည်လည်ပြီးပြောခဲ့တယ်"
စိုင်းခန့်ရင်ထဲ ဆစ်ခနဲ နာကျင်မှုနဲ့အတူ တိမ်စိုင်ကိုကြည့်နေတဲ့ မြင်ကွင်းက ဝေဝါးလာသည်။
"ငယ်ငယ်လေးကနေ အခုချိန်ထိ သူ့ရဲ့ အပိုင်ပါလို့ ပြောဖူးတာ ဒီတစ်ခါပဲ ကိုယ်ပထမဆုံး အကြိမ် ကြားဖူးခဲ့တာ။တော်သေးတာပေါ့... ရိုးသစ္စာအဖြစ်နဲ့ ကိုယ်တို့ နှစ်ယောက်အတူ အဖြေရှာလို့ မတွေ့ခဲ့လို့။
မဟုတ်ရင် ညီသွေးရဲ့ တစ်ခုတည်းသော အပိုင်လေးကို ကိုယ်က အတ္တကြီးစွာ လုယူခဲ့မိတော့မှာ"
လိမ့်ကျလာတဲ့ ပါးပြင်က မျက်ရည်တို့ကို သုတ်လိုက်သော်လည်း စိုင်းခန့် ရှိုက်သံတို့ ထွက်ပေါ်လာသည်။ထို့အတူ ပိုင်ဆိုင်ခွင့်မရဘူးဆိုတာ သေချာသွားသော တိမ်စိုင်မှာလည်း မျက်ရည်လည်ပေမဲ့ ပြုံးနေဆဲ။
.................