၉ရက်တိတိကုန်ဆုံးပြီးသောအချိန်မှာ စိုင်းခန့် ပုံမှန်လူတစ်ယောက်လို စကားတို့ပြန်ပြောလာနိုင်သည်။ရိုးသစ္စာလို့ ခေါ်တတ်ပြီး အမြဲတမ်း ညင်သာအောင် ပြောနေတတ်သော ထိုလူရဲ့စကားတွေမှာ တုံ့ပြန်ချက် မပေးလို့ မရနိုင်အောင် စကားခေါ်မှုရှိသည်။
သာမန် မိတ်ဆွေသဘောမျိုးဖြစ်ပြီး အပြုံးတွေမှာဖြူစင်သော်လည်း မျှော်လင့်ချက်ပါနေသော သူ့မျက်ဝန်းတွေကိုစိုင်းခန့် ရိပ်မိသည်။ထိုသို့မြင်တိုင်းလည်း တိမ်စိုင်ဆိုတဲ့လူထက် ခံစားချက်တို့ အများကြီးပိုလေးနက်နေသော အညိုရောင် မျက်ဝန်းတို့က ရောက်ရှိလာမြဲ။
ရေချိုးပြီးလို့ အဝတ်စားလဲတဲ့အချိန် အခန်းပြင်ထိ ထွက်ရှောင်ပေးသောတိုင်စိုင်ကို ယုံကြည်မိသော်လည်း ကိုယ်တိုင်ပွေ့ချီကာချိုးပေးသော တစ်စုံတစ်ယောက်ကိုလည်း မယုံကြည်ခဲ့တာတော့မဟုတ်။ နေရှိန်ထွက်သွားပြီးကတည်းက သူ့အကြောင်းတွေပဲ တွေးမိနေသည်။ မမြင်ချင်ပါဘူး ထွက်ပြေးချင်ပါတယ် ပြောပြီး နေရာတိုင်း သူ့ကိုပဲ မြင်ယောင်နေတာတော့ ကျွန်တော်ကိုယ်တိုင်က အမှတ်မရှိတာ။
နေရှိန်သွေးဆိုတဲ့ သူ့ကို ကြောက်ပေမဲ့ မှိုင်းညို့ညို့ မျက်ဝန်းတွေကိုလည်း နားလည်နေမိပြန်သည်။သူအဆင်မပြေနိုင်ဘူးဆိုတာ အလိုလိုသိနေတာကြောင့် ကိုတိမ်စိုင်ရဲ့ ခရီးတစ်ခုထွက်ရအောင်ဆိုတဲ့ ကမ်းလှမ်းချက်မှာ နေရှိန်ကိုပါ ခေါ်ဖို့ တောင်းဆိုခဲ့မိသည်။
တစ်ချက်တွေဝေသွားသော်လည်း ရှိပေးခဲ့တဲ့ ၉ရက် အတွင်း အခုချိန်ထိ စိုင်းခန့်သဘောတိုင်းသာ ဖြစ်စေသောသူပီပီ ပါးချိုင့်နှစ်ဖက်ဖော်ကျူးကာပဲ ခေါင်းညိတ်လေသည်။
တိမ်စိုင်ဖုန်းဆက်ခေါ်လိုက်လို့ ရောက်လာသော နေရှိန်က မြင်လိုက်ရုံဖြင့် နွေလယ်ကခြောက်သွေ့နေသော သစ်ပင်ငယ်ပမာ။
လက်နှစ်ဆစ်မျှ သစ္စာပန်းအရွက်လေးတွေကို ရေလောင်းနေရင်း သူ့ရှိရာလှမ်းကြည့်မိသည်။ ကားထဲကထွက်လာသော နေရှိန်ကလည်း အိမ်ထဲသို့မဝင်သေး စိုင်းခန့်ဆီကိုသွာ လှမ်းကြည့်နေပြီး
"........."
တစ်လှမ်းမှ နှစ်လှမ်းသို့ တိုးလာကာ သုံးလှမ်းမြှောက်မှာ ရပ်တန့်လျက် အကြည့်ချင်းသာဆုံမိကြသည်။ထို့နောက် ခေါင်းငုံ့လျက်ပဲ အကြည့်လွှဲကာ အိမ်ထဲဝင်သွားသည်။
ခင်ဗျားက ခင်ဗျားမဟုတ်တော့သလိုပဲ ။
............................
ပုံမှန်အရှိန်ဖြင့် ရွေ့လျားနေသော အဝေးပြေးလမ်းမပေါ်က ကားလေးဟာ လူသုံးယောက်ပါသော်လည်းတိတ်ဆိတ်ခြင်းသာကြီးစိုးလျက်။
စိုင်ခန့်က အနောက်ခန်းမှာတစ်ယောက်တည်းထိုင်ပြီး နေရှိန်နဲ့ တိမ်စိုင်က အရှေ့ခန်းမှာဖြစ်သည်။ကားမောင်းတဲ့နေရာမှာရှိနေသော သူ့မျက်နှာကိုအနောက်ကြည့်မှန်ကနေ မြင်နေရသော်လည်း စိုင်းခန့်ရှိရာသို့ နည်းနည်းလေးမှ စောင်းငဲ့မကြည့်။
ရေပြင်ကဲ့သို့ ငြိမ်သက်နေသောမျက်နှာသွင်ပြင်က ကားမောင်းခြင်းကိုသာ အာရုံအပြည့်စိုက်နေသည်။တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်တာက အပြုံးနှင့် လှည့်လာသော တိမ်စိုင်။
စိုင်းခန့်အကြည့်တို့ ခေါင်းငုံ့ကာပဲ တခြားဖက်လှည့်လိုက်သည်။
"ဒီလို ကိုယ့်နိုင်ငံအတွင်းပဲကို ခရီးမထွက်ရတာတောင်ကြာပြီ ဘယ်လိုလဲ ရိုးသစ္စာ စိတ်ထဲမှာပေါ့သွားတယ်မလား"
"ဟုတ်ကဲ့ "
တိမ်စိုင်ရဲ့ ပင်ကိုယ်ဟန်အတိုင်း စိုင်းခန့်ကို ပြုံးပြလျက် သူ့ညီဘက် လှည့်သွားပြီး
"ညီရော ပင်းပန်းရင် ပြော ၊ ကိုကိုနဲ့နေရာchange မယ် "
"ရပါတယ် "
"ဒါဆို မပျင်းအောင် သီချင်းဖွင့်လိုက်မယ်နော် "
နှစ်ယောက်လုံး ရဲ့ တုန့်ပြန်ချက်မရှိသော်လည်း တိမ်စိုင် လက်က လှုပ်ရှားပြီးသားဖြစ်နေသည်။ကားပြတင်းပေါက်ကို ငေးကြည့်ရင်း တစတစပြန့်လွှင့်လာသော သီချင်းသံစဉ်ကို စိုင်းခန့်နားစွင့်လိုက်သည်။
~~~ငါ.....မက်ခဲ့တဲ့ အိပ်မက်များ .....စိတ်ကူးနဲ့ ဘဝတွေဟာ အကုန်လွဲချော်ပြီ~~~
~~~အရှုံးနဲ့ရင်မဆိုင်ရဲလို့ အဆုံးသတ်စေခဲ့ပြီ ... ဒီထက်ဆိုးမှာစိုးလို့ နေခဲ့တော့မယ် ~~~
~~~သွားတော့မင်း ... အချိန်တန်ရင် မေ့သွားမယ် ငါလည်းအဲ့လိုပဲ ထင်တယ် ယုံကြည်ချက်တော့မရှိ ~~~
~~~မနွေးထွေးတော့ ရင်ခုန်သံ အပိုင်းအစ မထိန်းချုပ်နိုင်ဘူး သူစိမ်းသက်သက်ကြီးပဲ ~~~
~~~မမျှော်လင့်တော့ပါဘူး~~~ မင်းမှ မချစ်နိုင်တာ သေချာနေသော ဘဝမှာ ဆုတောင်းမပြည့်တော့ဘူး ~~~~အနားနားရောက်မလာသူကို ပျော်စေချင်ခဲ့လို့ ~~~
သီချင်းသံစဉ်ကို နားထောင်ရင်း စိုင်းခန့် သူရှိရာ လှမ်းကြည့်လိုက်တော့ အညိုရောင်မျက်ဝန်းတွေဟာ အရည်လဲ့စွာပြန်ကြည့်နေသည်။ခံစားချက် ပြင်းထန်နေသော ဒီမျက်ဝန်းတွေနဲ့ဆုံခိုက် စိုင်းခန့်ရင်ထဲမှာအမျိုးအမည်မသိတဲ့ နာကျင်မှုက တစတစမြင့်တက်ကာ ငိုမိတော့မလို။
အရင်ဆုံးအကြည့်ပြန်လွှဲသွားတဲ့ သူက နေရှိန်ဖြစ်ပြီး နက်မှောင်လှသော ဆံနွယ်တွေအား အနောက်မှ ပွတ်သတ်ပေးချင်စိတ်က စိုင်းခန့်ရင်ထဲမှာ အလုံးအရင်းဝင်ရောက်လာသည်။
မြင်နေရတယ် ။
ကိုယ့်ထက်ကို ပိုပြီး ရင်ထဲမှာ နာကျင်နေမယ်ဆိုတာ မြင်ရတာကြောင့် အဆင်ပြေမနေဘူး။ဒါဆို သူ့ဘက်ကိုပဲ ကြည့်ပေးမလားဆိုရင်လည်း မီးကိုတိုးမယ့် ပိုးဖလံလိုမျိုး စိုင်းခန့်မဖြစ်ချင်ပါ။
ရုတ်တရက် သီချင်းသံစဉ်ပြောင်းသွားတာကြောင့် တိမ်စိုင်ဘက် လှည့်ကြည့်တော့ မပီပြင်တော့တဲ့ အပြုံးတွေက သူတို့နှစ်ယောက် လုံးရဲ့ အခြေအနေကို သိနေသည်။
"သီချင်းက အရမ်းအေးနေတယ် နည်းနည်း မြူးတာလေးဆို ပိုကောင်းမယ် ထင်တယ်နော် "
"......"
"......."
မေးတဲ့သူနဲ့ တုန့်ပြန်သူက တစ်ယောက်တည်းဖြစ်နေသော်လည်း စိုင်းခန့် မည်သည့်စကားမှ ထပ်မဆိုမိတော့။ အနောက်ကို ခေါင်းမှီလျက် ကားအပြင် လမ်းမကြီးကိုငေးကြည့်ရင်း ဖြည်းဖြည်းချင်းမျက်လုံးတို့ မှိတ်သွားအောင် ကြိုးစားမိသည်။
ရွေ့လျားနေသော ကားလေး ရပ်တန့်သွားတာကို သတိမထားမိ။ရင်းနှီးတဲ့ ကိုယ်သင်းရနံ့ကို ရှူရှိုက်မိခါမှ စိုင်းခန့် လက်ရှိအချိန်ကို သတိထားမိကာနိုးလာသည်။ခန္ဓာကိုယ်ပေါ် လွှမ်းခြုံပေးသော နွေးထွေးမှုတစ်စုံတစ်ရာကို ခံစားမိပြီး မျက်လုံးဖွင့်ကြည့်တော့ နီးကပ်နေသော သူ့မျက်နှာတစ်ခြမ်းကိုမြင်ရသည်။
ညင်သာစွာပဲ စိုင်းခန့် ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်တာက အပေါ်ထပ် လက်ရှည်င်္အကျီ။ကားတံခါးကို ဖွင့်ကာ ခန္ဓာကိုယ်တစ်ပိုင်းဝင်ပြီး သေချာခြုံပေးနေသည်။
မျက်လုံးပွင့်လာပြီး သူ့ကိုစိုက်ကြည့်နေသော စိုင်းခန့်ကို မြင်တော့ လှုပ်ရှားနေတာတွေ ရပ်တန့်သွားပြီး ပြန်ကြည်လာသည်။နီးကပ်လွန်းတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အသက်ရှူလိုက်တိုင်း အပြန်အလှန်လေရိုက်ခတ်လို့။
ရွှန်းလဲ့နေသော မျက်ဝန်းဝိုင်းလေးတွေကို ကြည့်နေတဲ့မှိုင်းညို့သော အညိုရောင် မျက်ဝန်းတွေက တောင်းတမှုများစွာ။ပါးပြင်ကို အုပ်ကိုင်ရင်း နှဖူးထပ်သို့ တိုးကပ်သွားသော နေရှိန့်အနမ်းဦးတည်ရာကို မရှောင်ဖယ်မိ။သို့သော် မထိကပ်။ အနမ်းဟူ၍ မဖြစ်တည်စေလိုက်ဘဲ ထိုင်ခုံကို ထောက်ကိုင်ထားသော သူ့လက်တွေ ခပ်တင်းတင်းဆုပ်သွားပြီးနောက်မှာတော့ စိုင်းခန့်ကို ပြန်မကြည့်ဘဲ ဖယ်ခွာကာ ကားအပြင်ဘက်ထွက်သွားလေသည်။
နောက်ကျောပေးမှီကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး တခြားတစ်ဖက်ကိုသာ မျက်နှာမူ၏။လမ်းရဲ့ဘေးပတ်ဝန်းကျင်မှာ ခြုံနွယ်တွေကြားက မြင့်မားတဲ့ ထန်းပင်ကြီးတွေ ရှိနေသည်။သူရှိရာကို ဆင်းသွားဖို့ပြင်တော့ ကားနားလေးကိုရောက်လာသော တိမ်စိုင်က အရင် စိုင်းခန့်ရှိရာကိုလျှောက်လာသည်။ လက်ထဲက ဖော့ဗူးနှစ်ခုနဲ့ရေသန့်တစ်ဗူးကို ကိုင်လျက်ကားတံခါးဖွင့်ကာ
"နေ့လည်စာကို ကြက်ဆီထမင်းဝယ်ခဲ့လိုက်တယ် ၊ဆိုင်ထဲသွားရင် လူတွေများတော့ ရိုးသစ္စာ စိတ်ရှုပ်နေမှာစိုးလို့ ဒီကိုပဲ ဝယ်လိုက်တာ "
"ဟုတ် ....ကျေးဇူးပါ "
"ရပါတယ် ဖြည်းဖြည်းပဲစား၊ ပြီးမှ ဆက်သွားတာပေါ့ "
တိမ်စိုင်လက်ထဲက ဘူးတွေကို လှမ်းယူလိုက်ပြီး ခေါင်းညိတ်ပြလိုက်တော့ ကားတံခါးမှန်ချပေးသည်။သူကတော့ဝင်မလာသေး အပြင်မှာပဲ နှစ်လိပ်မြှောက်သော ဆေးလိပ်ကို မီးထပ်ညှိနေသည်။
"ကိုတိမ်စိုင်ရော စားပြီးပြီလား"
ကားရဲ့အရှေ့ခန်းမှာ ရှိနေသော တိမ်စိုင်နာမည်ခေါ်မေးလိုက်သော်လည်း ကြည့်နေတာက အပြင်က နေရှိန့်ကိုသာ။တိမ်စိုင် သဘောပေါက်စွာပဲ
"ကိုယ်နဲ့ ညီသွေးက ဟိုရောက်မှပဲ စားတော့မယ် သိပ်မဆာသေးလို့... ရိုးသစ္စာကတော့ အရင်ရက်တွေမှာ အစာမဝင်တာကြောင့် အခု အချိန်မှန်စားဖို့လို့တယ် "
"ကိုတိမ်စိုင် "
စိုင်းခန့်ခေါ်လိုက်တော့ ပြုံးလျက် လည်ပြန်ကြည့်ပြီး ပြောလာမည့်စကားကို နားစွင့်နေသည့်ဟန်
"ကျွန်တော့်ကို စိုင်းခန့်လို့ပဲ ခေါ်လို့ရမလား"
"......."
"ရိုးသစ္စာဆိုတဲ့နာမည်ကို ကြားရင် စိတ်ထဲမှာ တမျိုးကြီးဖြစ်နေတယ်။နောက်ပြီး ကိုတိမ်စိုင် အဲ့လိုခေါ်တိုင်း ကျွန်တော့်နာမည်လို့ ခံစားနေရတာလည်း မကြိုက်ဘူး။ ကျွန်တော်နာမည်က စိုင်းခန့်သော်ပါပဲ "
"အာ..."
အားနာပေမယ့် ၉ရက်လုံး သည်းခံလာပြီးပြီမို့ နေရှိန် လွဲမှားခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ ဒီနာမည်ကို စိုင်းခန့် ထပ်ပြီး မကြားချင်ပေ။ အထူးသဖြင့် အဖြေရှာလို့မရတဲ့ ပုစ္ဆာကို သူ့ထက်နောက်မှ သိတဲ့လူတစ်ယောက်နဲ့ အတူမရှာချင်တာ စိုင်းခန့်မသိစိတ်က စိုးမိုးနေတဲ့ အတ္တလေးတစ်ခု။
တစ်စုံတစ်ယောက်ကို အနားမရှိစေချင်ဘူးပြောလည်း မလိုအပ်တာမဟုတ်သလို သူ့ကိုငြင်းဆန်ခဲ့တာလည်း တခြားလူအတွက် လမ်းဖွင့်ပေးခြင်းမှ မဟုတ်တာ။
"ကိုယ် နားလည်ပါပြီ ရိုး.. အဲ
...စိုင်းခန့်မကြားချင်ဘူးဆိုရင် ကိုယ်ဆက်မခေါ်တော့ပါဘူး ညီသွေးနဲ့အတူတူ ညီလို့ပဲခေါ်မယ်လေနော် ရတယ်မလား "
"ဟုတ် စိတ်မရှိပါနဲ့ "
"ရပါတယ် ...."
ကားထဲ ပြန်ဝင်လာသော နေရှိန်ကြောင့်နှစ်ယောက်လုံးစကားပြတ်သွားသည်။ စိုင်းခန့်စားပြီးတဲ့အချိန်ထိ စောင့်နေပေးပြီးမှ ခရီးကိုထပ်ဆက်ကာ တရွေ့ရွေ့သွားနေသော မြေလမ်းကြီးကနေတဆင့် ထန်းပင်တွေကိုဖြတ်ကျော်ရင်း မြို့တစ်ခုထဲသို့ရောက်ရှိသည်။
ထိုမြို့က သမိုင်းဝင်အကြောင်းအရာတို့ များပြားစွာရှိနေသော နယ်မြေဆိုလည်းဟုတ်သလို ... တစ်ခါမှမရောက်ဖူးသေးပေမယ့် စိမ်းမနေသော ဒီနေရာက
ပထမ မြန်မာနိုင်ငံ မင်းအဆက်ဆက်အုပ်စိုးရာ ပုဂံမြေသို့ ......
........