"ရေချိုးတော့မလားကလေး "
ခုတင်ပေါ်မှတစ်ဆင့် မှန်အပြင်သို့ ငြိမ်သက်စွာ စိုက်ကြည့်သော စိုင်းခန့်က ထုံးစံအတိုင်း တုန့်ပြန်ခြင်းမရှိ။ခါးအထက်ထိ ဆွဲခြုံထားသော စောင်ကို ဖယ်လိုက်တော့ ချထားတဲ့ လက်ကလေးတွေ အနည်းငယ်တွန့်သွားသည်။ညဝတ်အင်္ကျီ အပါးလေးကို ကြယ်သီးဖြုတ်ပေးတော့လည်း အသက်ရှူမြန်ကာ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သို့သော် မရုန်းကန်ဘဲ ငြိမ်ရက်အတိုင်းလေးသာ။
စိုင်းခန့် ကြောက်စိတ်ရှိနေသေးတာကိုရိပ်မိတာကြောင့် အဝတ်အကုန်ရှင်းသွားတာနဲ့ အောက်ပိုင်းကို တဘက်ဖြင့် ပတ်ပြီးမှ ပွေ့ချီလိုက်သည်။၅ရက်လောက် အစားကောင်းကောင်းမဝင်တဲ့ ခန္ဓာကိုယ်လေးက ချီထားရတယ်လို့တောင်မထင်ရပေ။
နူးညံ့တဲ့ အသားရေကို ထိကိုင်နေရကြောင့် နေရှိန်စိတ်တို့ပါ ပျော့သွားသလို ။ပွန်းပဲ့သွားမှာစိုးသည့်အလား အသာလေးတို့ထိမိသည်။တဘက်သုတ်ပြီး အဝတ်စား ဝတ်ပြီးတဲ့ချိန်ထိ ငြိမ်ငြိမ်လေးပဲ။
အိမ်အကူမရှိဘဲ တခြားအရာတွေပါ နေရှိန် လုပ်ရမည် ဖြစ်တာကြောင့် အချိန်ပြည့်ရှိမနေနိုင်တဲ့ စိုင်းခန့်အနားမှာ အန္တရာယ်ဖြစ်စေမည့် ဘာပစ္စည်းမှ မရှိစေရ။သူရှိတဲ့အခန်းထဲမှာ ခုတင်နဲ့ အိပ်ယာကလွဲပြီး ကျန်တာတွေ တခြားအခန်းကိုရရွေ့ထားလိုက်သည်။
ဒါကြောင့် စိတ်ချလက်ချ ခုတင်ပေါ်မှာ ခဏထားခဲ့ပြီး အောက်ထပ်ဆင်းကာ ရေခဲသေတ္တာထဲမှ ပန်းသီးယူလိုက်သည်။ခေါက်ဆွဲပြုတ်ရောလုပ်ပေးရန် ရေနွေးအရင်တည်ထားပြီးမှ ပန်းသီးခွဲကာအပေါ်ကိုယူလာတော့ စိုင်းခန့်က နေရှိန် ထားခဲ့တဲ့ အတိုင်းလေး ရှိနေသည်။
"ပန်းသီးစားမလား ကလေး "
ခေါင်းရမ်းပြသည်။ တုန့်ပြန်ချက်လေး အနည်းငယ်ရတာမို့ နေရှိန် ပန်းသီးပန်းကန်ကို ကြမ်းပြင်ပေါ်ပဲ ချလိုက်ကာ စိုင်းခန့်ဘေးနား ဝင်ထိုင်လိုက်ပြီး
"ဒါဆို ဘာစားချင်လဲ ကိုယ်ဘာလုပ်ပေးရမလဲ ဟင် "
ဒုတိယအကြိမ် ခေါင်းရမ်းပြန်သည်။ သို့သော် နေရှိန် လက်မလျော့
"ခြံထဲ လမ်းလျှောက်ထွက်ချင်လား "
" ကိုယ်နဲ့ အတူတူ အပြင်ကို ထွက်ပြီး ဈေးဝယ်ရအောင် ကလေး ကြိုက်တာတွေ အကုန်ဝယ်ပေးမယ် "
"အာ ... ကလေး စိုက်ထားတဲ့ဥယျာဉ်လေးကို သွားကြည့်ရအောင်လေ "
တုန့်ပြန်သော်လည်း အရာအားလုံးကို ငြင်းဆန်နေသည်။နေရှိန်ရှိရာကို လှည့်မကြည့်ဘဲ အပြင်ကိုသာငေးနေသော သူ့အမူအယာက တစ်စုံတစ်ခုကို ပြောပြနေမှန်း အစောကတည်းက နေရှိန်သဘောပေါက်သည်။ သို့သော် သိသိရက်နဲ့ တခြားအရာတွေ လွှဲမေးနေသော်လည်း အရာမရောက်သည်မို့ နာကျင်နေသော နှလုံးသားကို လျစ်လျူရှူ့ကာဖြင့်
"ကလေး ... ကိုယ့်ဆီကနေ ထွက်သွားချင်လား "
"........"
တဖြည်းဖြည်းချင်းလှည့်ကြည့်လာသောကောင်လေးက. ခေါင်းညိတ်လျက် နေရှိန် နှလုံးသားကို သေမိန့်ချလိုက်သည်။
နောက်ဆုံးရွေးချယ်တဲ့ နည်းလမ်းက ဒါဖြစ်နေမှ ရမှာလား?
"ကိုယ့်ဆီက ထွက်သွားပြီးရင် ကလေးက ဘယ်မှာနေမှာလဲ ။အရင်နေရာတော့ လုံးဝမဖြစ်ဘူးနော်"
နေရှိန်မေးလိုက်တော့ ခေါင်းကို အောက်ပြန်ငုံ့သွားသည်။အတင်းကန်စဉ်းစားရင်း သူ့လက်ချောင်းတွေကို အချင်းချင်းကုတ်ဖဲ့နေတာကြောင့် ဆွဲယူကာ ဆုပ်ကိုင်ထားလိုက်ပြီး
"ကိုယ့်ကို မမြင်ချင်ရင် ရှောင်နေပေးပါ့မယ်။ တခြားနေရာတော့ထွက်မသွားပါနဲ့"
ကိုင်ထားတဲ့လက်ကိုပြန်ရုတ်နေသောကြောင့် လွှတ်ပေးလိုက်တော့ ကျောပေး လှည့်အိပ်သွားတာက နေရှိန်ပြောတာကို လက်ခံသည့်သဘော။ဘယ်အချိန်ထိကြာအောင် ရှောင်နေပေးရမည်မသိတာကြောင့် နှမြောတသစွာပဲ ကျောပြင်လေးကိုငေးကြည့်နေမိသည်။
ထို့နောက်တံခါးပိတ်ပေးပြီး အောက်ထပ်ကို ဆင်းလာတော့ ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။တစ်ဖက်ကဖုန်း မြည်သံနဲ့အတူ စောစောက တည်ထားခဲ့သော ရေနွေးက မီးဖိုမှာ ပွက်ပွက်ဆူကာအချက်ပြနေသည်။ထိုရေနွေးပူက ရင်ဘတ်ထဲက ပူလောင်မှုကိုမှီပါ့မလား။
မသိလိုက်ခင် ရေနွေးခရားကိုကိုင်းမှ မဟုတ်ဘဲ ဒီအတိုင်းကိုင်မိခိုက် ဖုန်းဖြေကြားသံထွက်ပေါ်လာသည်။
တစတစ ပူလာသော လက်ကိုပိုဖိကိုင်လိုက်ပြီး
"ကိုကိုပြောတဲ့ ရိုးသစ္စာကို ခဏလောက် စောင့်ရှောက်ပေးလို့ရနိုင်မလား "
"......."
"ပြီးတော့ သူ့စိတ်ရဲ့ အဖြေကိုရောရှာပေးလိုက်ပါ"
ဒီစကားကိုစောင့်မျှော်နေသော တိမ်စိုင်သွေးက နှစ်ခါခေါ်စရာမလို။ဖုန်းဆက်ပြီးခဏ အတွင်း အိမ်ကိုရောက်လာသည်။ နိုင်ငံခြားမှာ စိတ်ပညာနဲ့ပတ်သတ်ပြီး သင်ယူလာတဲ့ ကိုကိုက နေရှိန်ထက် အများကြီးပိုပြီး စိုင်းခန့်အပေါ် အထောက်အကူဖြစ်လိမ့်မည်။
အရာအားလုံး လွှတ်ချလိုက်ခြင်းတော့ မဟုတ်။ ခဏ ရှောင်နေပေးခြင်းသာ။ကိုယ့်နှလုံးသားကို မြေမြှုပ်ပစ်လိုက်ဖို့အထိ မတတ်စွမ်းတာမို့ ကလေးကိုယ်တိုင် အရှင်လတ်လတ် ခွဲမယူမချင်း ကိုယ်လက်မလျော့နိုင်ဘူး။
.........................
"ဆရာ ကျန်တဲ့ ဖိုင်တွေ ကျွန်တော်တို့လုပ်လိုက်ပါမယ် "
"ရတယ် မင်းတို့ ပြန်တော့ "
ညတိုင်း သန်းခေါင်ကျော်တဲ့အထိ အလုပ်ပဲ ဖိလုပ်နေသော ဆရာက ဘယ်အချိန်မှ အိပ်တယ်မသိ။ အိမ်မပြန်တာလည်း တစ်ပါတ်ကျော်နေပြီ။ရုံးခန်းထဲမှာပဲ ဖြစ်သလိုနေပြီး လိုအပ်တာ ရှိရင်တောင် ကျော်ကျော်ကိုသာ အိမ်ပြန် ယူခိုင်းတတ်သည်။
မရိတ်ဖြစ်တာကြာသော နှုတ်ခမ်းမွှေးနဲ့ ပသိုင်းမွှေးက ထင်းနေပြီးဆရာ့ရဲ့ မူလသွင်ပြင်တောင် ပျောက်လုနီးပါးရုပ်ပြောင်းနေသည်။နီရဲနေသော မျက်လုံးတွေက ကွန်ပျူတာရှေ့မှမခွာ။
Coffee တစ်ခွက်ဘေးမှာ ချပေးခဲ့ပြီး ကျော်ကျော်နဲ့ ဇော်မျိုးနိုင် ရုံးခန်းအပြင် သို့ထွက်လာလိုက်သည်။ဆရာဖြစ်သူကို ဒီလိုမြင်နေရတာ နှစ်ယောက်လုံး စိတ်မကောင်းပေ။ အရင်ကတည်းက အပြုံးအရယ်နည်းသော ဆရာက ဟိုကောင်လေးနားရှိနေချိန်ဆို သိသိသာသာ ရွှင်လန်းနေတတ်တာ။ အခုတော့ အရင်ထက် ပိုပြီးဆိတ်ငြိမ်လို့သွားသည်။
အေးစက်နေပြီဖြစ်သော ဘေးမှ coffee ခွက်ကိုကျော်ကာ စီးကရက်ဘူးကို လှမ်းယူလိုက်သည်။မီးညှိ့ပြီးသောက်ရင်း ခေါင်းကို အနောက်မှီလိုက်လျက် မျက်လုံးမှိတ်လိုက်တော့မှ စပ်နေသောမျက်ခမ်းတွေက အနားပေးဖို့နောက်ကျကြောင်းပြောနေပြီ။
သို့သော် အိပ်လို့မဖြစ်သေး။အလွမ်းပြေရန် CCTV အား ဖွင်းလိုက်ပြီး ငြိမ်သက်စွာ အိပ်စက်နေသောကောင်လေးကို ကြည့်ရအုံးမည်။မှန်ပြင်မခြားပဲ မျက်နှာလေးကိုမြင်ချင်ပါသော်လည်း အခွင့်အရေးမရှိသေးတာမို့ ဒီလောက်နဲ့ကျေနပ်ရုံသာ။
ကြည့်နေရင်းပဲခုံအနောက်ကို ခေါင်းမှီကာ နေရှိန် မျက်လုံးတို့ မှိတ်ကျသွားလေသည်။
နိုးတစ်ဝက်နဲ့ ဝိုးတဝါးအိပ်မက်မြင်ကွင်းမှာ ကောင်လေးတစ်ယောက် ဘေးနားရောက်လာပြီး သူ့လက်သွယ်သွယ်လေးဖြင့် ပွေ့ဖက်သည်။နေရှိန်ရဲ့ နာကျင်မှုတွေကို စာနာနားလည်သည့်အတိုင်း ခေါင်းကို ရင်ခွင်သေးသေးလေးထဲ ထည့်ပြီး ဆံပင်တွေကို ပွတ်သတ်ပေးသည်။
ရင်းနှီးသော အငွေ့သက်လေးကြောင့် ရင်ခွင်လေးထဲ ပိုတိုးလို့ဝင်လျက် ပြန်ဖက်ထားလိုက်ပြီး ဆံပင်တွေကြားက သူ့အနမ်းကြောင့် ပြုံးနေမိသည်။ဖြစ်နိုင်ရင် ဒီအခိုက်တန့်မှာသာ ရပ်တန့်ပြီး ဘယ်သောအခါမှ နိုးထမလာတော့ရင် သိပ်ကောင်းမှာပဲ။
...........