မျက်လုံးမဖွင့်မှီ ပွေ့ဖက်ထားသော ရင်ခွင်ထဲက ခန္ဓာကိုယ်ငယ်လေးကို ပိုနီးကပ်အောင် ဆွဲသွင်းလိုက်သည်။မနက်ခင်းနေရောင်နွေးနွေးမှာ မွှေးပြန့်နေသော ဆံနွယ်လေးတွေနဲ့ ကြည်နူးစရာကောင်းသောကိုယ်သင်းရနံ့လေး။
နေရှိန် မျက်လုံးမှိတ်ထားလျက်ပဲ တိုးဝှေ့ပြီး နားထင်လေးတွေ ပါးလေးတွေကို နှုတ်ခမ်းဖြင့်စမ်းကာ နမ်းရှိုက်နေသည်။
ထိုအချိန် နီးကပ်နေသော ဖြူလွှလွှ မျက်နှာလေးကို မြင်ခိုက်
"ကလေး ...!"
ပါးပြင်အား အုပ်ကိုင်ကာ ခေါ်လိုက်သော်လည်း ပြန်မထူး။ မျက်နှာကြက်ကိုသာ စိုက်ကြည့်နေသော မျက်စံလေးတွေဟာ လှုပ်ရှားခြင်းမရှိဘဲ အသိစိတ်မဲ့နေသော အရုပ်ကလေးတစ်ရုပ်နှယ်။ ဖြူဖျော့နေသော နှုတ်ခမ်းနဲ့ အနည်းငယ်ညိုနေသော မျက်ကွင်းတွေဟာ မနေ့ညကတည်းက မအိပ်ကြောင်းဖော်ပြနေသည်။
"ကလေး ကိုယ့်ကို ကြည့် ..! ကိုယ်ပြောတာ ကြားလား"
ပုခုံးကနေ အသာဆွဲမကာ ထူလိုက်သော်လည်း စက္ကူစလေးတစ်ခုနှယ် လက်ထဲမှာ ပျော့ခွေလျက်။တုန့်ပြန်ခြင်း မရှိတော့သော စိုင်းခန့်ပုံစံက နေရှိန်အား ကမ္ဘာပျက်စေသည်။
ဖုန်းနံပါတ်တစ်ခုကို အမြန်ခေါ်ပြီး စိတ်ကို အရင်တည်ငြိမ်အောင် ထားနေရသည်။
"Hello ဆရာ "
" ကျော်ကျော် ဆရာဝန် ခေါ်ပြီး ငါ့အိမ်ကို အခုလာခဲ့ "
"ဗျာ ... ဟုတ် ဟုတ်ကဲ့ဆရာ ကျွန်တော် အခုလာ.... "
တစ်ဖက်က ဖြေသံကို မစောင့် ။ဖုန်းချကာ တုတ်တုတ်မျှမလှုပ်ဘဲ ဒီအတိုင်းလေးရှိနေသော ခန္ဓာကိုယ်လေးကို နေရှိန် ရင်ခွင်ထဲ ပွေ့ချီကာ တောင်းပန်စကား တဖွဖွဆိုနေမိတော့သည်။
...............
ဆရာဝန်က စိုင်းခန့်ကို ကြည့်နေတုန်း နေရှိန်မှာ ဂနာမငြိမ်။အခန်းထဲက ထွက်လာတဲ့ ဆရာဝန်ကို မြင်တော့ နေရှိန် ချက်ချင်းထသွားပြီး
"သူ ဘာဖြစ်သွားတာလဲ "
အပြင်မှာ အသံကို တည်ငြိမ်အောင် ပြောနေပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး ယောက်ယက်ခတ်နေတယ်ဆိုတာ စိုးရိမ်သော မျက်နှာတွင် ပေါ်နေသည်။ ဆရာဝန်က မျက်နှာ မကောင်းစွာ နေရှိန်ကို ကြည့်လာပြီး
"အပြင် ဒဏ်ရာကတော့ အရင်တစ်ခေါက်လောက်ကြီး မဆိုးပါဘူး ဒါပေမဲ့ စိတ်ဒဏ်ရာတော့ တော်တော် ရသွားတယ်ထင်တယ်။ လောလောဆယ်တော့ သူစကားပြောအုံးမှာမဟုတ်သေးဘူး။အခု အိပ်ဆေးအရှိန်ကြောင့် မှိန်းနေပြီ။ကျွန်တော် ဒီလိုလူနာတွေ ကြုံဖူးတယ် လူရှိနေရင် မတုန်မလှုပ်နေပြီး လူလစ်တဲ့အချိန်မှ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်တတ်တယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ဒီရက်ပိုင်း သေချာလေး စောင့်ကြည့်နေပေးပါ။သူစိတ်ပြန် ကြည်လာနိုင်အောင် ဂရုစိုက်ပေးတာမျိုးဆို အဆင်ပြေလိမ့်မယ် ။ အခုထက် အခြေနေဆိုးလာရင် တော့ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြဖို့ ကျွန်တော် အကြံပြုချင်ပါတယ်"
"....."
ဘေးက နံရံကို လက်ထောက်ကာ ယိုင်သွားသော နေရှိန်အခြေအနေကို အလိုက်သိစွာ ကျော်ကျော်ကပဲ ဆရာဝန်ကို လိုက်ပို့သည်။
နေရှိန် တံခါးလက်ကိုင်ကို ဖွင့်ဖို့ အတွက် အတော်ကို အားယူနေရသည်။ ကောင်လေးကို ဒီလိုဖြစ်အောင် လုပ်ထားမိပြီးမှ အခုအခြေအနေကို မြင်နိုင်စွမ်းမရှိတဲ့ သူဟာ ရူးမိုက်တဲ့ လူတစ်ယောက်။သို့သော် စောင့်ကြည့်နေဖို့ လိုအပ်တာကြောင့် အခန်းတံခါးကို ဖြည်းဖြည်းချင်းပဲ ဖွင့်ဝင်လိုက်သည်။ ငြိမ်သက်နေသော ကလေး မျက်နှာကို မြင်ရတော့ ရင်ထဲမှာ အတိုင်းအဆမရှိနာကျင်လာသည်။
ဆုံးရှုံးမှာစိုးလို့ ဖမ်းဆွဲပြီး အပိုင်သိမ်းဖို့ကြံမိခဲ့တာဟာ နှစ်ဘက်လုံးကို ဒဏ်ရာတွေပဲ ထပ်ရစေမိပြီ။လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်လွယ်နေတဲ့ ဒီကလေးကိုမှ လုပ်လိုက်မိတာ။
အနားမှာ ထားရင် ပိုနာကျင်ရစေပြီး
စွန့်လွှတ်လိုက်ရင်လည်း ကိုယ်အရင် သေသွားလိမ့်မယ်။
"အခု ကိုယ် ဘယ်လို ဆက်လုပ်ရမှာလဲ ကလေးရာ...ပြောပါအုံး ကိုယ်မင်းကို စွန့်လွှတ်ရတော့မှာလား"
ဆေးပိုက်တန်းလန်းနဲ့ လက်ကလေးကို အသာအုပ်ကိုင်ကာ နေရှိန် ပြောနေမိသော်လည်း တုန့်ပြန်ခြင်းမရှိ။ကလေးက ကိုယ်အတွက် မထိုက်တန်သော အရာလေးလား။ ဒါမှမဟုတ် သူတစ်ပါးအပိုင်ကို ရယူလိုချင်မိတာကြောင့် ဒဏ်ခတ်ခံရခြင်းလား မသိတော့ပါ။
သေချာတာကတော့ ကလေး ကိုယ့်ကိုမြင်နေသ၍ စိတ်ချမ်းသာမည်မဟုတ်။အဖြေရှာလို့မရတဲ့ ကလေးရင်ထဲက ပုစ္ဆာတွေအတွက် ကိုကို့ဆီကို ခဏ ပို့ထားလိုက်ရင်.....
"ဟာ ! ရူးတော့မှာပဲ "
အတွေးနဲ့တောင် မပို့နိုင်ဘူး။တကယ်လို့ ... တကယ်လို့ ကိုကို့သာ ကလေး စိတ်ထဲက တောင်းတနေတဲ့ တစ်စုံတစ်ယောက်သာဆိုရင် ကိုယ်လည်း တကယ်ရူးသွားလိမ့်မယ်။
"ဆရာ ... အောက်ထပ်မှာ ဆရာ့ အစ်ကိုရောက်နေပါတယ် "
"တောက်! ..... "
နေရှိန်တောက်ခေါက်သံကြောင့် ကျော်ကျော်လန့်သွားသည်။
"ဆ ... ဆရာ "
"ဧည့်ခန်းမှာ စောင့်နေ ငါဆင်းလာခဲ့မယ် "
"ဟုတ်ကဲ့ "
ကျော်ကျော် တံခါးပိတ်ကာ ပြန်ထွက်သွားသည်။
အိပ်ပျော်နေသော ကလေးရဲ့ နှဖူးလေးကို ငုံ့နမ်းလိုက်ရင်း ပါးပြင်ပေါ်မှာ လိမ့်ဆင်းလာသော မျက်ရည်စတွေ။
"ကိုယ်... တောင်းပန်ပါတယ် "
................
အောက်ထပ်ကိုရောက်တော့ ဧည့်ခန်းမှာ ထိုင်နေသော ကိုကိုက နေရှိန်ကို မြင်တော့ပြုံးပြသည်။ထို့နောက် မျက်မှန်အောက်က ကစားသွားသော အညိုရောင် မျက်စံတွေက တစ်စုံတစ်ယောက်ကိုရှာနေတာကြောင့်
"ဘာကိစ္စရှိလို့လဲ "
"အထွေအထူးတော့ မဟုတ်ပါဘူး ဒီအတိုင်း ညီ့ဆီ လာချင်လို့ "
"ဪ .... "
ကျော်ကျော်က coffee တစ်ခွက် လာချပေးကာ အပေါ် ထပ်ကို ပြန်တက်သွားသည်။ နေရှိန် ခိုင်းစရာမလိုဘဲ ကလေးကို စောင့်ကြည့်ရမယ် ဆိုတာ သိနေတဲ့ တပည့်။ coffee ခွက်ကို ကိုင်ထားသော်လည်း ကိုကို့ မျက်လုံးတွေက ရှာဖွေနေဆဲပဲ။ နေရှိန် စိုက်ကြည့်နေတာကို သတိ ထားမိကာမှ ဟန်ကိုယ့်ကာ
"ညီ့ကို အားနာပေမယ့် ကိုကို တစ်ခုလောက် ပြောလို့ရမလား "
"အင်း"
ဘယ်စကားကို သွားချင်နေလဲ နေရှိန် သိနေသော်လည်း မတားမိ။ လမ်းကြောင်းဖွင့်ပေးပေမဲ့ ပြောရခက်နေသော တိမ်စိုင်သွေးရဲ့ ပုံစံဟာ အားနာသည့်ဟန်တော့ ရှိနေသေးသည်။
"သူနဲ့ ခဏ လောက်တွေ့လို့ရမလား ။ အတည်ပြုချင်တဲ့ အရာလေးတွေရှိနေလို့ပါ"
"ဘာကို အတည်ပြုချင်တာလဲ "
နေရှိန် အသံ အနည်းငယ်အေးစက်လာသည်။ပြိုလဲနေတဲ့ အခြေအနေမှာ ဘယ်လောက် ဟန်ဆောင်ကာ တည်ငြိမ်အောင် ကြိုးစားဦးတော့ သူလည်း အသွေးအသားနဲ့ လူပါပဲ။
"ညီ့ကို တကယ်အားနာပါတယ် ။ ဒါပေမဲ့ အဲ့ကောင်လေးက ကိုကို့ မှတ်ဉာဏ်ထဲက ကောင်လေးဖြစ်ပြီး နှစ်တွေအများကြီးရှာနေခဲ့တယ်ဆိုတာ ညီ အသိဆုံးပဲလေ "
"အဲ့တော့ "
"အဲ့တော့ ခဏလောက်ဖြစ်ဖြစ် ပေးတွေ့ပါ။ သူ့စိတ်ထဲမှာ ဘာရှိနေတယ် ဆိုတာလည်း သိချင်မိတယ် "
"........"
သူ့စိတ်ထဲမှာ ဘာတွေရှိနေမလဲတဲ့။ကိုယ်မသိဘူး ကလေးစိတ်ထဲမှာ ကိုယ့်အတွက် နေရာလေးသေးသေးလေးတောင် ရှိပါ့မလားဆိုတာ ကိုယ်မသိဘူး။
"အခုတော့ မရသေးဘူး"
"အင်း ရပါတယ် နှစ်တွေအများကြီးစောင့်ခဲ့ပြီးပြီပဲ ဒီလောက်ကတော့ ကိုကိုမလောပါဘူး"
"ဘာကိုမျှော်လင့်နေတာလဲ "
"......"
တိမ်စိုင်သွေးက နေရှိန်ကိုမကြည့်ရဲ မျက်နှာလွှဲသွားသည်။ထင်တိုင်းကြဲ ပေါက်ကွဲရအောင်အထိ သူက နေရှိန်လို စရိုက်မဆန်ဘဲ ပါးနပ်စွာ နည်းရှာသုံးလိမ့်မည်။တစ်နည်းအားဖြင့် အမေဖြစ်သူလိုပေါ့။
"တွေ့ရုံလေးပါပဲ ညီ့စိတ်ကိုရော နားလည်တာမို့ ကိုကို အများကြီး မမျှော်လင့်ပါဘူး"
"သူ့က ကျွန်တော့်အပိုင်"
"သိတယ်"
"နောက်ပြီး ကျွန်တော့်ရဲ့ အသက်"
"ကိုကို နားလည်ပါတယ်"
"ဒါဆို အခု ပြန်တော့ "
"....."
"နားလည်နေရင်၊ သိနေရင် မလာခဲ့နဲ့ ကျွန်တော့် အသက်ကို နှုတ်ယူမယ့် သူကိုတော့ မကြိုဆိုနိုင်ဘူး"
"ဒါပေမဲ့ ...."
နီရဲလာသော နေရှိန် မျက်လုံးတွေကြောင့် တိမ်စိုင် ဆက်မပြောတော့။ အခုခြေအနေက တင်းမာလေ ပိုဆိုးသွားလေ ဖြစ်မည်ကို သူသဘောပေါက်သည်။
"နောက်ရက်မှ ပြန်လာခဲ့မယ် ကျေးဇူးပြုပြီး ကိုကို့ ဘက်ကို ညီ နည်းနည်းလောက်စဉ်းစားပေးပါ"
နေရှိန် ပြန်မဖြေမိ။တိမ်စိုင် အိမ်ထဲက ထွက်သွားတဲ့ထိ မလှုပ်မယှက်သာ ထိုင်နေသည်။
ကိုကို့ဘက်ကို နည်းနည်းလောက် စဉ်းစားပေးပါတာတဲ့လား? ကျွန်တော့် အတွက်ကျတော့ရော ... ဘယ်သူကများ ၊ဘယ်တုန်းကများ မြူမှုန် တစ်မှုန်စာလောက်တောင် ထည့်တွက်ခဲ့ကြဖူးလို့လဲ။
.........