လူတွေကို ကြောက်စရာမလိုဘူးဆိုတဲ့ စကားအတိုင်း ပါတီပွဲ တစ်ခုသို့ စိုင်းခန့်ကို ခေါ်သွားနေသည်။နီညိုရောင် အနောက်တိုင်းဝတ်စုံ ဆင်တူဖြစ်ပြီး တန်ဖိုးမခန့်မှန်းနိုင်သော နာရီ ဆင်တူပါ ဝတ်ဆင်ထားသည်။
ကတ္တီပါ ကော်ဇော်အနီကို လမ်းမ ထိ ရောက်အောင် ခင်းထားပြီး မီးရောင်စုံလင်းလတ်နေသော အဆောက်အဦးကြီးတစ်ခုရှေ့မှာ ကားရပ်လိုက်သည်။
အရံသင့်စောင့်ကြိုနေတဲ့ လူတစ်ယောက်က ကားတံခါးကို ဖွင့်ပေးပြီး နေရှိန်က စိုင်းခန့် ဘက်က တံခါးကို ကိုယ်တိုင်ဖွင့်ပေးကာ
" မကြောက်နဲ့ ကိုယ်ရှိတယ် "
လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်တာကြောင့် စိုင်းခန့် ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။ ဘာပွဲလဲတော့မသိ ။အထဲ ရောက်သွားတဲ့အခါ အရောင်မျိုးစုံသော လူတွေအား မြင်တွေ့သည်။ ဂုဏ်ပကာသနတို့နဲ့ အပြိုင်ပေါကြွယ်လှသော အပြုံးတွေဟာ အတု၊ အစစ်ဆိုတာ ခွဲခြားရန် အလွန်ခက်လှ၏။
ပွဲထဲကို ဝင်သွားတာနဲ့ လူတချို့ရဲ့စူးစမ်းလိုသော မျက်ဝန်းတွေဟာ နေရှိန်ဘေးက စိုင်းခန့်ထံမှာ စုပြုံလျက်။မရင်းနှီးတာမို့ ခေါင်းငုံ့ကာ သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်မိသည်။
နှုတ်ဆက်စကားတွေက နားမလည်နိုင်သော ဘာသာ စကားတွေ ရှိသော်လည်း "ဒါက ကျွန်တော့်ရဲ့ လက်တွဲဖော်ပါ"ဆိုတဲ့ စကားလုံးကိုတော့ မိတ်ဆတ်တိုင်း ကြားရသည်။ နေရှိန်က သူ့မိဘတွေသာမက ကျင်လည်နေသော အသိုင်းအဝိုင်းမှာပါ စိုင်းခန့်ကို ရဲရဲဝံ့ဝံ့ ထုတ်ပြဖို့ ဝန်မလေး။
လှပအောင် ခင်းကျင်းထားတဲ့ စားသောက်စရာ စားပွဲနားမှာနေစေပြီး ကိုယ်တိုင် ယူကျွေးသည်။
"ကလေး ဒီနားမှာ ခဏ နေခဲ့ရဲလား"
"အစ်ကို ဘယ်သွားမလို့လဲ "
"Toilet ခဏ "
"ကျွန်တော်ရော လိုက်ခဲ့မယ် "
နေရှိန် အင်္ကျီစသို့ လက်လှမ်းကာ ပြောတော့ ပြုံးပြီး စိုင်းခန့်ခေါင်းလေးကို အသာပုတ်လိုက်သည်။စိုင်းခန့် ကြောက်နေတာကို သူက နားလည်ပြီး သဘောကျနေသေးတာ။
သို့သော် သူ့နောက်ကသာလိုက်လာတာ အိမ်သာ အခန်းထဲထိတော့မဝင်ရဲ ။ အရှေ့မှာသာ ရပ်လိုက်တဲ့ စိုင်းခန့်ကြောင့်
"ကလေး အထဲမဝင်ဘူးလား"
"ဒီမှာပဲ နေခဲ့မယ် "
"အင်း ... ဒါဆို ခဏ"
"ဟုတ် "
ပြောင်ရှင်းနေတဲ့ လျှောက်လမ်းမ တစ်ခုဘေးမှာ ထားရှိသော အခန်းကအိမ်သာခန်းနဲ့တောင် မတူ။ စိုင်းခန့်ရပ်နေသော အခန်းရဲ့ အခြားတစ်ဖက်က မိန်းကလေးသီးသန့် အခန်းဖြစ်တာကြောင့် ထွက်လာသော အမျိုးသမီး တစ်ချို့ရဲ့ အကြည့်တို့ရောက်ရှိလာတတ်သည်။ဒါကြောင့်လျှောက်ကြည့်မနေတော့ဘဲ ကိုယ့်ဖိနပ်ကိုသာ ငုံ့ကြည့်နေလိုက်ချိန်
"ညီ့ရဲ့ လုပ်ငန်းတွေ အဆင်ပြေရဲ့လား"
" ဒီလိုပါပဲ စီးပွားရေးဆိုတာကတော့ အတက်အကျပေါ့"
အခန်းတွင်းမှ စကားသံတချို့မှာနေရှိန် အသံရော ကြားရတာကြောင့် စိုင်းခန့် နားစွင့်နေမိသည်။
"အခု အိမ်ခွဲနေတယ်ဆို "
"ဟုတ်တယ်"
"ကောင်းပါတယ် ညီ လွတ်လွတ်လပ်လပ်နေရတာပေါ့ "
"ကိုကိုရော ဒီမှာ ကြာအုံးမှာလား"
ကိုကိုဆိုသော နာမ်စားကြောင့် နေရှိန် ခေါ်လိုက်တဲ့ နောက်ထပ် အမျိုးသားတစ်ဦးက ဘယ်သူလဲဆိုတာ သိချင်လာသည်။ အခန်းပေါက်ကနေ အတွင်းကို လှမ်းကြည့်တော့ လက်ဆေးကန်နားမှာ ရပ်နေတဲ့ လူတစ်ယောက်။ နေရှိန်ရော ထိုလူရောကို ဘေးတစ်စောင်းမြင်ရသည်။အနောက်တိုင်းဝတ်စုံအပြည့်မဟုတ်ဘဲ အရှပ်အဖြူရောင်နဲ့ ပန်အနက်သာ ဝတ်ထားတာ ဖြစ်ပြီး ပါးပြင်မှ ပါးချိုင့်တစ်ဖက်က အဝေးက မြင်ရတာတောင် ထင်းနေသည်။ပါဝါမျက်မှန်တပ်ထားကြောင့် မျက်လုံးနားက မီးရောင်နဲ့ စိမ်းပြာရောင်ဟပ်လျက် အရပ်က နေရှိန် နဲ့ မတိမ်းမယိမ်းပင်။
"၂လ လောက်တော့ နေအုံးမယ် ၊ဒီတစ်ခါ ပြန်လာရင် မေမေက အိမ်ထောင်ဖက်ရော ရှာရမယ်တဲ့။အဲ့တော့ ဘယ်မှာမှန်းမသိတဲ့ သူ့ကို လိုက်ရှာဖို့ အရေးကြီးလာပြီ"
"ကိုကို ယုံကြည်ချက် ရှိရင် တွေ့မှာပါ "
"ဒီလိုပဲ မျှော်လင့်ရုံပေါ့ "
နှစ်ယောက်လုံး စကားပြောရင်း အပြင်ထွက်ဖို့ လှည့်လာတာကြောင့် စိုင်းခန့် ခေါင်းကို နံရံမှာပြန်ကပ်လိုက်သည်။
အတူတူပေါ်လာတဲ့ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာပေါက်က ဆင်သော်လည်း နေရှိန်က တည်ပြီး ထိုသူကတော့ အနည်းငယ်ပြုံးနေသလို။
နေရှိန်က စိုင်းခန့်ကို မြင်မှသာ ပြုံးရယ်တဲ့ မျက်နှာထားရှိတတ်သည်။
"ကလေး မဝင်တော့ဘူးလား"
"ဟုတ် "
"ကိုကို့ ကို မိတ်ဆက်ပေးရအုံးမယ် ဒါက ကျွန်တော့်ရဲ့..."
နေရှိန်စကားမဆုံးမှီ ဘေးမှာရှိနေသော ထိုသူက စိုင်းခန့်ကို ကြည့်နေရင်း အံ့ဩသွားသောအမူအယာဖြင့် ပြောလိုက်တဲ့စကား။ထိုစကားမှာ သုံးယောက်လုံး မှင်သက်သွားစေသော နာမည်တစ်ခုဖြစ်နေသည်။
"ရိုးသစ္စာ!"
"........!"
...................
အခမ်းအနား တစ်ခုမှ ကားတစ်စီးဟာ အရှိန်ပြင်းပြင်းမောင်းထွက်လာသည်။လမ်းမ ဘေးမှ ရပ်ကြည့်နေသော သူ့ရဲ့မျက်ဝန်းတွေက ထိုကားထံသာ ။
နေရှိန် အနောက်ကြည့်မှန်ကနေ မြင်နေရတာကြောင့် မြင်ကွင်းထဲက ပျောက်သွားအောင် တွေ့တဲ့ လမ်းဆီ ချိုးကွေ့ချလိုက်သည်။ဘေးမှ ထိတ်လန့်သွားသော စိုင်းခန့်က ဘာစကားမှ မဆိုသော်လည်း ထိုင်ခုံခါးပတ်ကို လက်လေးနှစ်ဖက်နဲ့ ဆုပ်ကိုင်ထားသည်။
ကိုကို့ရဲ့ ရိုးသစ္စာလို့ ခေါ်လိုက်တဲ့ အသံဟာ နေရှိန် ခေါင်းထဲ မိုးကြိုးပစ်ချလိုက်သလို ။ဝမ်းသာကြည်နူးသွားသောကိုကို အကြည့်တွေနဲ့တွေဝေသွားသော ကလေး အမူအယာတွေက ရင်ကို တစ်ဆစ်ဆစ် နာကျင်စေသည်။
ထိုနေရာကနေ ချက်ချင်း ထွက်လာပေမဲ့ အပြင်ထိ လိုက်ကြည့်နေတဲ့ အစ်ကို ဖြစ်သူရဲ့ စိတ်ကို နေရှိန် ကောင်းကောင်းသိသည်။စိုင်းခန့်ကို ပိုင်ဆိုင်ချင်တဲ့ စိတ်တွေကိုလည်း မြွေမြွေချင်းမို့ ခြေမြင်သည်။
အိမ်တော်ရဲ့ သခင်မက ကိုယ်ဝန်ဆောင်နေတဲ့အချိန် အစေခံနဲ့ စိတ်ဖြေခဲ့သော အဖေ့ကြောင့် နေရှိန်နဲ့ ကိုကိုက လပိုင်းသာကွာသည်။ ဖောက်ပြန်ပြီး ကလေးမွေးခွင့်ပါပေးတဲ့အပြင် သားအဖြစ် မွေးစားမှတော့ နေရှိန်တို့ သားမိကို သူ့အမေ မုန်းနေတာ မလွန်ပါ။ ဒါပေမဲ့ ကိုကို က နေရှိန်အပေါ် တစ်အိမ်လုံးမှာ ခွဲခြားပြီး မဆက်ဆံတဲ့ တစ်ဦးတည်းသောသူ။မိဘတွေရှေ့မှာ စကားတောင်မပြောဖို့တားမြစ်ထားပေမဲ့ လစ်တာနဲ့ နေရှိန်ဆီကို အပြေးတတ်သည်။
ဘယ်လောက်ပဲ ခွဲခြားပါစေ မင်းက ငါ့ညီလေးပဲဆိုတဲ့ စကားမှာ သူ့အမေရဲ့ ရိုက်နှက်မှု့တွေကို ခါးဆီးခံနိုင်သည်။အေးအေးဆေးဆေးနေလိုတဲ့ ကိုကို့အတွက် မာယာများတဲ့လူတွေကြားမှာ ကျင်လည်နိုင်အောင် လေ့ကျင့်ကြိုးစားခဲ့ရသည်။
အသုံးချခံ ရှာဖွေသမျှ အကျိုးအမြတ်ကို နိုင်ငံခြားမှာ ကျောင်းတက် နေတဲ့ အနေအေးသော ကိုကို့အတွက်သာ ဖြစ်စေခဲ့တာ။
သားအရင်းကို အပူပင်ကင်းတဲ့ ဘဝမှာ လိုတရဖို့ နေရှိန်ကို အိမ်တော်စောင့်ခွေးအဖြစ် ပျိုးထောင်ခဲ့တဲ့ သူ့အမေက ထက်မြတ်တာထက်ပိုသည်။
နေရှိန်ကို ကြမ်းတမ်းအောင်သင်ပေမဲ့ ကိုကို့ကိုတော့ သိမ်မွေ့စေပြီး အထက်လွှာဆန်စေသည်။
သို့သော် နေရှိန်သိခဲ့ရသော ပထမဆုံး မိဘတွေကို အတိုက်ခံ လုပ်ခဲ့တဲ့ ကိုကိုရဲ့ အစွဲလမ်းတစ်ခု။ငယ်ငယ်လေးကတည်းက စနောက်ရင်း ပြောပြဖူးတဲ့ သူက လူဝင်စားဆိုသောအဖြစ်အပျက်တွေ။ အကုန်မမှတ်မိပေမဲ့ ရိုးသစ္စာဆိုတဲ့နာမည်နဲ့ ကောင်လေးကိုတော့ လုံးဝမမေ့နိုင်ခဲ့ဘူးတဲ့။
အရင်ဘဝက သူဘာဆိုတာ မသိပေမဲ့ တိမ်စိုင်လို့ အမြဲ ခေါ်တတ်တဲ့ ကောင်လေးကို စွဲလမ်းနေကြောင်း ခဏခဏ ပြောပြတတ်သည်။ဒီဘဝမှာ ရှာပြီး သူ့ကိုပဲ လက်ထပ်မှာလို့ ပြောခဲ့တုန်းက အဲ့ဒီကောင်လေး ဒီဘဝမှာရော ယောကျာ်းလေးဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုပြီး နေရှိန် ရယ်နေခဲ့သေးတာ။ ကိုကိုကတော့ ပါးချိုင့်နှစ်ဖက်လုံးခွက်နေအောင် ပြုံးကာ သူက ဘာပဲဖြစ်နေပါစေ အပြည့်ဝ လက်ခံနိုင်တယ်ဟု ပြောခဲ့သည်။
အာကာသွေးဆိုတဲ့ မိဘတွေပေးထားတဲနာမည်ကို တိမ်စိုင်သွေးအဖြစ် ပြောင်းလဲခဲ့တာက ကိုကို့ဘဝအတွက် ပထမဆုံး အိမ်ကို ပြန်ပြောခဲ့တဲ့အချိန်ပဲ။
အတွေးတွေဖြင့် ယောက်ယက်ခက်နေရင်း ဘေးက ကောင်းလေးကို စောင်းငဲ့ကြည့်လိုက်ချိန် ရင်ထဲ ပိုပြီး ပူလောင်လာသည်။ဘယ်လောက်တောင် တိုက်ဆိုင်လိုက်တဲ့ ကံကြမ္မာလဲ။
မပေးနိုင်ဘူး။ ကိုကို့ရှာနေတဲ့ကောင်လေးက ကလေးဖြစ်နေရင်တောင် လုံးဝ မပေးလိုက်နိုင်ဘူး။
ရှိသမျှ အရာအားလုံး ပေးဆပ်နေရရင်တောင် ဒီလူသားလေးကိုတော့ ခြွင်းချက်အဖြစ်နေနဲ့ကျွန်တော့်အနားမှာ ထားပေးပါ။ ဒီတစ်ခုတည်းပါပဲ။ အရာအားလုံး လုပ်ပေးနိုင်ပေမဲ့ ချစ်မြတ်နိုးတဲ့ တစ်ဦးတည်းသော သူ့ကိုတော့ လက်လွတ်ပေးဖို့ လုံးဝမဖြစ်နိုင်ဘူး။
ကိုကို့မှာ ချစ်ပေးမယ့် သူတွေ အများကြီးရှိပေမဲ့ ကျွန်တော်အတွက်တော့ သူတစ်ယောက်တည်း ဆီကပဲ အချစ်ကို မျှော်လင့်ဖူးတာ။
ဒီကောင်လေး အနားမှာ မရှိရင် ကျွန်တော် ရူးသွားမှာမို့ ဘယ်သူ့ဆီမှ အပါမခံနိုင်ဘူး။
..........