ညနေခင်း နေကျချိန်ခြံထဲတွင် စိုင်းခန့်တစ်ယောက် ပေါက်ပြားတစ်လက်နှင့် အလုပ်ရှုပ်နေသည်။အတန်းလိုက်လေးတွေဖြစ်အောင် မြေကိုအရင်ဖွပြီးမှ မြေဆွေးနဲ့ရောကာ သစ္စာပန်း ဥလေးတွေအား ညီနေအောင် ချလိုက်သည်။
ဒီလိုစိုက်ပျိုးတာကို အရင်ကတည်းက ဝါသနာပါတာမို့ ပင်ပန်းရင်တောင် အပြုံးမပျက်။အပေါ်ကနေ ရေကို များမသွားအောင် ထိန်းဖြန်းရင်း မနေ့ညက သူ့စကားတချို့ကို ပြန်ကြားယောင်လာသည်။
ယောင်နေတဲ့ ပါးကို ရေခဲဝတ် ကပ်ပေးနေသော နေရှိန်က စိုင်းခန့်အား အနေခက်အောင် စိုက်ကြည့်ကာ
"ကလေး ဘာဝါသနာပါလဲ "
ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကို ဘယ်လိုဖြေရမလဲ စိုင်းခန့် မသိ။ကျောင်းလည်း ၁၀တန်းတောင်မရောက်ခဲ့တာကြောင့် ပြောရခက်နေသည်။ဒါကိုရိပ်မိတဲ့ နေရှိန်က
"ကလေး လုပ်ချင်တာ မရှိဘူးဆိုရင် ကိုယ် အကူညီတစ်ခုလောက်တောင်းလို့ ရမလား"
"ဟုတ် ကျွန်တော် ကူညီနိုင်တာဆိုရင် တက်နိုင်သမျှ အကုန်လုပ်ပေးပါ့မယ်... ဒါပေမဲ့အစ်ကို့ အတွက် ကျွန်တော်က အသုံးဝင်စရာ နေရာရှိပါ့မလား"
နေရှိန်နဲ့ ပတ်သတ်တာတွေ ပိုသိလာလေ ပိုပြီး သိမ်ငယ်မိလေ ဖြစ်သည်။ အရင်ကလိုတောင် ခင်ဗျား လို့မခေါ်ရဲတော့တာကြောင့် သင့်တော်မယ့် နာမ်စားပြောင်းသုံးမိတဲ့အထိ။ဒါကို သူက မူပိုင်အပြုံးတို့ ဖြစ်ပေါ်လာပြီး
"အစ်ကို တဲ့လား"
"......."
"သဘောကျလိုက်တာ "
"ကျွန်တော် ဘာလုပ်ပေးနိုင်လဲ။ ဒီမှာ နေတဲ့ တစ်ချိန်လုံး ခိုင်းချင်တာ ခိုင်းလို့ရပါတယ် ဒီအတိုင်း အလကားနေတာထက်စာရင် ..."
"ကလေးကို ကိုယ့် အနားနေစေချင်တာက ခိုင်းစားဖို့မှမဟုတ်တာ ။ကိုယ့်ကိုယ်ကိုယ် အသုံးဝင်ပါ့မလား ၊ ဒီအတိုင်းပဲနေလို့ ငါက ဘာမှမဟုတ်ဘူးဆိုတာမျိုး အတွေးတွေ ကလေးဆီမှာရှိနေတာ ကိုယ်နားလည်တယ်။အဲ့ဒါကြောင့် အကူညီတောင်းမယ်လို့ ပြောတာ"
တည်ငြိမ်သောအသံဖြင် စိုင်းခန့်စိတ်ကို နားလည်စွာ ရှင်းပြလာသည်။ ဆုံးမစကားမျိုးပြောသည်ဆိုသော်လည်း အမိန့်သံမပါ မေတ္တာရပ်ခံနေသလိုမျိုး။
"ခဏ ကလေးကို အရင်မေးစရာရှိသေးတယ် "
"ဟုတ် "
"အောင်မြင်ချင်လား ဒါမှမဟုတ် သိုသိပ်ချင်လား"
"ခင်ဗျာ?"
"လူအများစုရဲ့ သဘာဝ အရ လူသိများအောင်မြင်ချင်ကြတယ်၊အရေးပေးခံချင်ကြတယ်။ ဒါဆို အလှည့်ပြောင်းတွေနဲ့ ဘဝဇာတ် ကြောင်းကို မျက်နှာဖုံးများစွာရှိတဲ့ လူတွေကြားမှာရှင်သန်ရမှာ။ အဲ့ဒီအတွက် တိုက်ခိုက်ရမယ် ၊ရဲရင့်ရမယ် ကိုယ့်ဘက်က အတွေ့အကြုံတွေအများကြီးရှိထားမှ ။ဒီလို အဆင့်ကိုလိုချင်ရင် တောဘုရင် မဖြစ်တောင် သားရဲတစ်ကောင် ဖြစ်လာအောင် လေ့ကျင့်ယူထားရမယ်။ကလေးက အဲ့လိုင်းရွေးချင်ရင် ကိုယ်က အကုန် တာဝန်ယူပြီး တောင်ပံရရှိလာအောင် တပ်ပေးမှာမို့ .... ဘယ်လိုလဲ ပျံသန်းချင်လား?"
"အဲ့ဒါက....."
မျက်လုံးချင်း ဆုံမကြည်ရဲအောင် ခေါင်းငုံ့ထားသော စိုင်းခန့်အမူအရာအား နေရှိန်သေချာအကဲခတ်နေသည်။ဘဝမှာ တစ်ခါမှ မင်းဘာဖြစ်ချင်လဲ၊ ဘာဝါသနာပါလဲလို့ ဘယ်သူမှမမေးခဲ့။ အခု မေးပြန်တော့လည်း လုပ်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးသာ ကြီးစိုးနေပြန်သည်။သို့သော် စိုင်းခန့် စိတ်ထဲမှာသေချာတာတစ်ခုက မာယာများတဲ့ လူတွေ ကြားမှာ ရှိမနေချင်ပါ။
"ကျွန်တော် ထင်ပေါ်မှာကို မကြိုက်ဘူး။နောက်ပြီး ပျံသန်းပြီး အမြင့်ရောက်မှ ဘယ်အချိန် ရိုက်ချမလဲဆိုတဲ့ စိတ်နဲ့လည်းမရှင်သန်ချင်ဘူး။တတ်နိုင်သမျှ လူတွေနဲ့ ဝေးတဲ့နေရာမှာပဲ ကျွန်တော် နေချင်တယ် "
ဒီအဖြေက နေရှိန်အထင်သေးသွားနိုင်သော်လည်း စိုင်းခန့်မလိမ်ချင်။လူတွေရဲ့ သဘောတရားကို ကြုံလာရတဲ့ ဘဝ အခြေအနေနဲ့ ကောင်းကောင်းနားလည်နေပြီမို့ ဒီအသိုင်းအဝိုင်းကို ထပ်မသွားလို။
"ကလေး ဒီလိုဖြေမယ်ဆိုတာ ကိုယ်သိတယ်။ တွေးထားတာလည်းရှိတယ်။ဒါပေမဲ့ ကိုယ်စိတ်ထင်ရာအတိုင်း ကလေးအပေါ် စီမံနေသလို ဖြစ်မှာစိုးလို့ ဒီမေးခွန်းကို အရင်မေးတာ။ကိုယ့်ကို ကြည့် "
ခေါင်းငုံ့နေရာကနေ ပါးနှစ်ဖက်မှ အုပ်ကိုင်ကာ အမြဲ ယုံကြည်မှုပြည့်ဝနေသော နေရှိန်မျက်ဝန်းတွေနဲ့ဆုံစေသည်။
"မပျံသန်းရလို့ ကိစ္စမရှိဘူး ၊ အရေးကြီးတာ မသိမ်ငယ်စေဖိုပဲ။အောင်မြင်နေတာ မဟုတ်တောင် ကိုယ်ကျေနပ်တဲ့ အတိုင်းတာမှာရှိနေရင် စိတ်ချမ်းသာတာပဲ။ အဓိက က ရှင်သန်နေတဲ့ ဘဝမှာ စိတ်ချမ်းသာအောင်နေရမယ်။ကလေး အသုံးမဝင်ဘူး ၊ ဘာမှမလုပ်နိုင်ဘူး၊ မလုပ်တတ်ဘူးဆိုတဲ့ စိတ်ကို ပျောက်စေချင်တယ်"
အားငယ်တတ်တဲ့ စိုင်းခန့် အတွက် ဒီလိုစကားတွေက တကယ်ကို ထိရောက်သည်။အတင်းတိုက်တွန်းတာမျိုးမဟုတ်ဘဲ တစ်ဖက်ကို ပြန်ကြည့်ပြီး ညှိယူတတ်တဲ့ နေရှိန်က လုပ်ငန်းနယ်ပယ်တွေမှာ နာမည်တစ်လုံးရှိနေတာလည်း မဆန်း။ဒီလိုအရာမှမဟုတ် သူ့ခံစားချက်ကို ဖွင့်ပြောပြီးတာတောင် စိုင်းခန့် ဆီကနေ အဖြေရဖို့ ဇွတ်အတင်း တောင်းမနေပေ။ပြန်ချစ်ပေးဖို့ မတောင်းဆို ။ ကိုယ်က ချစ်ပေးဖို့ပဲ အရေးကြီးတယ်ဆိုတဲ့ လူမျိုး။
"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"
"ဟုတ်ပြီ ဒါဆိုရင် ကိုယ့်ရဲ့ခြံထဲမှာ ဥယျာဉ်လေး တစ်ခုဖြစ်လာဖို့ ကလေးကို အကူညီတောင်းပါရစေ။လုပ်ပေးနိုင်မလား"
"ဟုတ်.... လုပ်ပေးမယ်"
"ကလေးစိုက်မှသာ ဥယျာဉ်လှလှလေး ဖြစ်လာမယ်ဆိုတာ ကိုယ်ယုံတယ်။ ကိုယ့်အတွက်ရော အပင်လေးတွေ အတွက်ပါ အရေးပါတဲ့ ဥယျာဉ်မှူးလေး"
နေရှိန် စကားကိုကြားတော့ စိုင်းခန့် ပျော်သွားသည်။တစ်စုံတစ်ယောက်အတွက် အရေးပါနေသေးတယ်လို့ သိရတဲ့အချိန်က အားငယ်မှုတွေကို တိုက်ဖျက်ပေးတဲ့ လက်နက်တစ်ခု။ သတိလက်လွတ် ပြုံးမိသွားတဲ့ မျက်နှာလေးကြောင့် ငေးခနဲဖြစ်သွားရတဲ့ နေရှိန်ကလည်း မျက်တောင် မခတ်တမ်းစိုက်ကြည့်နေသည်။
"ကိုယ်ပြောစရာတစ်ခုကျန်သေးတယ် ကလေး"
"ဟုတ် "
" လူတွေနဲ့ ဝေးဝေးနေချင်တယ် ဆိုပေမဲ့ ကြောက်နေစရာမလိုဘူးနော်။သူတို့နဲ့ မရောပေမဲ့တစ်ခါတလေ လိုအပ်ရင်လည်း လူပုံအလည်မှာတော့ ရဲရဲဝံ့ဝံ့ရပ်နိုင်ရဲရမယ်။ ဒါကို ကိုယ်က ဖြည်းဖြည်းချင်း လေ့ကျင့်ပေးမယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့ "
လိမ္မာတယ်ဟု ဆိုကာ ဆံနွယ်လေးတွေ ဖွနေသော နေရှိန်လက်တွေမှာ နွေးထွေးမှုအပြည့်ရှိနေခဲ့သည်။
အတွေးတို့ဖြင့် မြေမှုန့်တွေကပ်ငြိနေသောလက်ဖြင့် နေရှိန်ထိထားသော ခေါင်းနေရာသို့ကိုင်မိကာ အယောင်ယောင်အမှားမှား။။နောက်မှ သတိရပြီး ပြန်ခါနေချိန် ခြံရှေ့မှ သူ့ရဲ့ ကားရောက်နေတာမို့ အမြန် သွားဖွင့်လိုက်သည်။
တံခါးပြန်ပိတ်ပြီး လှည့်လာတော့ နေရှိန်က ကားကို အိမ်ပေါက်မှာ ရပ်လိုက်ပြီး စိုင်းခန့်ဆီ လျှောက်လာသည်။မြင့်မားလွန်းတဲ့ အရပ်နဲ့ အနောက်တိုင်း ဝတ်စုံဟာ လွန်စွာလိုက်ဖက်လျက်။ လျှောက်လှမ်းလာတဲ့ ခြေလှမ်းတိုင်းက သူ့မျက်နှာ အနေထားလိုပဲ ယုံကြည်မှုအပြည့်ရှိနေသည်။
အနားရောက်တော့ဖွထားသော မြေကို ကြည့်ကာ
"ဘာအပင်လေးတွေ စိုက်ထားလဲ ကလေး "
"သစ္စာပန်း"
"သစ္စာပန်းက ဘယ်လို စိုက်ရတာလဲ မျိုးစေ့နဲ့လား"
"မဟုတ်ဘူး ခတ္တာပန်းပင်လိုပဲ ဥလေတွေနဲ့"
"Wow ... ကလေးက တော်လိုက်တာ ၊ ကိုယ်ဆို အပင်နဲ့ ပတ်သတ်တာတွေ မသိဘူး "
နေရှိန်ဆီက ချီးကျူးစကားက ပင်ပန်းနေတာတွေ အကုန်ပျောက်သွားသလို။ အရေးပါတယ်ဆို တာ ဒါမျိုးလား။
"ကျွန်တော်လည်း အစ်ကိုလို စီးပွားရေးတွေ မသိဘူး"
"ဒါပေါ့ ကိုယ်ကျွမ်းကျင်ရာပဲ၊ဘယ်သူမှ ပြီးပြည့်စုံမနေပါဘူး"
"ကျွန်တော့်အတွက်တော့ အစ်ကိုက ပြီးပြည့်စုံတဲ့ လူတစ်ယောက်လို့ ထင်တယ် "
"ခြွေတယ်ကွာ "
ဆံပင်ကို သပ်တင်ကာ ရယ်ရင်းဒန်းပေါ် ထိုင်လိုက်တာကြောင့် စိုင်းခန့်လည်းဘေးက ဝင်ထိုင်လိုက်သည်။ထို့နောက် ဘောင်းဘီအိတ်ထဲကနေ စီးကရက်ဘူးထဲမှ တစ်လိပ်ကို ထုတ်ပြီး မီးညှိသည်။တစ်ချက်ရှိုက်ဖွာကာ ခြေချိတ်ထိုင်ထားသော ဒူးနားသို့ လက်ဆန့်တန်းချထားသည်မှာ အထာကျစွာ။ပြာမှုန်တစ်ချို့ကို လက်ချောင်းနဲ့ တောက်လိုက်ပြီး
"ကိုယ့်ရဲ့ တခြား Sideမှာ ကလေး မထင်ထားလောက်အောင် ဆိုးသွမ်းနေတာတွေရှိတယ်"
"ဘယ်လိုမျိုးလဲ "
"ထိန်းချုပ်ဖို့ ခက်တဲ့ စိတ်ရိုင်း တစ်ခုပေါ့ "
စိုင်းခန့် လက်ထောက်ထားတဲ့ ဒန်းရဲ့ အောက်ခြေကို လက်သည်းဖြင့် မသိမသာ ကုတ်ခြစ်နေမိသည်။နေရှိန်ကို ဒီအတိုင်းတည်သွားရင်တောင် လန့်နေရတာ နောက်ထပ်ဆိုးသွမ်းတဲ့ ပုံစံမျိုးဆိုရင် မျက်ဝန်းတွေက အစ ပိုပြီးစူးရှနေမှာ။အတွေးနဲ့တင် ကြက်သီးများပင် ထသွားသည်။
...........