ကျယ်ဝန်းတဲ့ ခြံထဲက လမ်းမကြီးကို ဖြတ်ပြီးသောအခါ ကားရပ်လိုက်သော နေရာက မိမိသိမ်ငယ်ခဲ့ဖူးသော နေရှိန်ရဲ့အိမ်ထက်ကို နှစ်ဆလောက် ကြီးတဲ့ အိမ်ဖြစ်နေသည်။တွေ့ချင်တယ် ပြောပြီးမှ အခုကျတော့လည်း ကြောက်စိတ်ဝင်လာကာ အဆင့်ကွာခြားတာသိလေ ပိုမိုသိမ်ငယ်လေဖြစ်သည်။
ကားတံခါးကို နေရှိန်ကိုယ်တိုင်ဖွင့်ပေးပြီး စိုင်းခန့်လက်ကို တွဲကာ ဆင်းစေသည်။အိမ်ထဲရောက်တော့ လက်ကို ရုန်းထွက်ပေမဲ့ အရာမဝင်။ ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ နွေးထွေးသော သူ့လက်ဖဝါးမှ ခွန်အားတွေစီးဆင်းနေသလို။
ပြောင်လတ်နေသော ပန်းကနုတ်ပုံ ကြွပြေားခင်းကိုသာ စိုက်ကြည့်ရင်း စိုင်းခန့် ခေါင်းမမော့ရဲ။တစ်နေရာ အရောက် နေရှိန်ခြေလှမ်းတွေရပ်တန့်သွားတာကြောင့် မော့ကြည့်လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေသော လူနှစ်ယောက်ရှိနေသည်။ တစ်ယောက်က အသက် ၅၀ခန့် အရွယ်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး မျက်လုံး၊မျက်ခုံး က နေရှိန်နဲ့ ခပ်ဆင်ဆင်။ ထိုသူကဧည့်ခန်းရဲ့ ထိပ်ဆုံးခုံမှာထိုင်နေပြီး စားပွဲပေါ်က Laptop ကို အာရုံစိုက်နေသည်။ နောက်တစ်ယောက်က ဘေးခုံမှာ ထိုင်ပြီး စာဖတ်နေသော အမျိုးသမီးတစ်ဦး။မြန်မာဝတ်စုံကို ဆင်ယင်ထားသော်လည်း သပ်ရပ်ကျော့ရှင်းကာ ခြေချိတ်ထိုင်နေပုံက မြင်ရုံနဲ့ ရှိန်သွားစေသည်။
တိတ်ဆိတ်နေသော ဧည့်ခန်းထဲ ဝင်လာတာနဲ့ စိုင်းခန့် လက်တွေ တုန်တုန်ယင်ယင်။ ဒါကို သတိထားမိသွားတဲ့ နေရှိန်က လက်ချောင်းတွေကို ယှက်ဖြာကာ ခပ်ဖွဖွလေး တင်းလိုက်၊ လျော့လိုက်ဖြင့် အားပေးနေသလို။ဒီအချိန်မှာ ချွေးမ လောင်းတွေ ယောက္ခမ ကိုလာတွေ့ရတဲ့ ခံစားချက်အား စိုင်းခန့် စာနာမိသည်။တူတော့ မတူဘူး။ နားလည်မိရုံသာ။
နှစ်ယောက်လုံး ဝင်ထိုင်လိုက်သည်အထိ သူတို့ အလုပ်သူတို့ အာရုံရနေသော ကြောင့်တစ်ချက်တောင် လှည့်မကြည့်။မောင်းထုတ် ခံဖို့ တမင်လာတွေ့ပေမဲ့လက်တွေ့ကျတော့လည်း လန့်မိသည်။
"ဒါ ကျွန်တော် လက်ထပ်မယ့်သူပါ အဖေ"
အဲ့လောက်ထိ မလိုဘဲ ချစ်သူအဆင့်လောက် ဆိုရင်ကို ငါ့သားနဲ့ ဝေးဝေးနေဆိုပြီး နှင်ထုတ်လို့ ရနေပါပြီလေ။
နေရှိန်ဘက်ကို မျက်နှာရိပ်မျက်နှာကဲနဲ့ ပြနေတဲ့ စိုင်းခန့်ကို သူက ပြုံးတောင်ပြနေသေးသည်။
"ကုမ္ပဏီထဲက ၂၀% ယူလိုက်။ ပြီးတော့ အိမ်ထောင်စု ဇယားခွဲဖို့အတွက် စာတမ်းယူခဲ့ ငါလက်မှတ်ထိုးပေးမယ် ။ ဒီလောက်ဆို ရပြီလား"
"ဟုတ်ကဲ့ ရပါပြီ"
တစ်ချက်တောင် လှမ်းမကြည့် တတောက်တောက် နိုပ်နေတဲ့ Laptopကို အပြီးသတ်ကာ အိတ်ထဲ ထည့်ပြီး ထွက်သွားသည်။ဘယ်လိုအခြေအနေကြီးလဲ။ ကိုယ့်သားတစ်ယောက်လုံးက ကိုယ်လို လူနဲ့ လက်ထပ်မယ် ပြောတာတောင် ဘယ်လိုမှမနေဘဲ ငွေကိစ္စပြောပြီးထွက်တဲ့ အဖေဖြစ်သူ။ ဒါဆို အမေဖြစ်သူကရော
".......! "
မရဲတရဲမော့ကြည့်လိုက်တော့ ဖက်လက်စစာအုပ်ကို ပိတ်ကာ စိုက်ကြည့်နေသော အမျိုးသမီးကြောင့် စိုင်းခန့် လန့်သွားသည်။နှုတ်ခမ်းက ပြုံးနေတယ် ထင်ရသော်လည်း ထိုအပြုံးက ခြိမ်းခြောက်နေသလိုပင်။လှပတဲ့ အရှိန်အဝါနဲ့တူ ကြောက်စရာအငွေ့အသက်ပါ တစ်ပါတည်းရှိနေသည်။
သို့သော် နေရှိန်က ထိုအမျိုးသမီးကိုရှိတယ်လို့ကို မထင် ။ စိုင်းခန့် လက်ကို တွဲလျက်ပဲ ထပြန်ဖို့ ပြင်သည်။ထိုအချိန် တည်ငြိမ်သော အသံတစ်ခုကြောင့် လှမ်းနေသော နေရှိန် ခြေလှမ်းတို့ တုန့်ခနဲ။
"ငါ့သား ဘဏ် Acc ထဲကို ၂၀% ပိုရောက်တော့မယ်ပေါ့"
"........"
ခပ်ပြုံးပြုံးလေးရှိနေသော အမျိုးသမီးကို နေရှိန်က အေးစက်စွာ ပြန်ကြည့်တော့။
"ဘာလဲ မင်းထည့်ပေးနေကျ ကို မေ့နေတာလား"
"ဒါက အဖေ ကျွန်တော့်ကို ပထမဆုံးပေးတဲ့ ရပိုင်ခွင့်မို့ အဲ့ဒီစကားကို အခု ပြန်ရုတ်သိမ်းပေးပါ"
သူတို့နှစ်ယောက် ပြောနေတာတွေ စိုင်းခန့်နားမလည်။ မဟုတ်သေးဘူး သူတို့ မိသားစု ပုံစံကိုပါ နားမလည်တာ ။ အဲ့အန်တီပြောတဲ့ ငါသားဆိုတာ နေရှိန်သွေး မဟုတ်ဘူးလား။
နေရှိန်စကားကြောင့် ထိုအမျိုးသမီးရဲ့ အပြုံးက ပိုပီပြင်လာပြီး လက်ပိုက်လျက်ခုံနောက်ကို မှီကာ မော့ကြည့်သည်။ မျက်ဝန်းတွေမှာ လှောင်ပြောင်ရိပ်တို့ အထင်းသား။
"မင်းအမေကို ရိက္ခာပို့နေတဲ့သူက ငါ့လူယုံဆိုတာ မေ့နေတာလား"
နေရှိန်က အံကြိတ်ကာ မေးကြောတွေ ထောင်လာပြီး စိုင်းခန့် ကိုင်ထားတဲ့လက်တွေပါ အေးစက်လာသည်။
ထို့နောက် စိတ်လျော့လိုက်သည့်ဟန် အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်ပြီး
"လွှဲပေးလိုက်ပါမယ်"
"ဟက် ... ဒီလိုမှပေါ့ မင်းက ကိုယ့်အဆင့်ကို အခုချိန်ထိ သိနေသေးလို့ ငါဝမ်းသာပါတယ် "
"ခွင့်ပြုပါအုံး"
အိမ်ထဲက ထွက်လာပြီးကားပေါ်ရောက်သည်အထိ မပြေသေးသော သူ့ရဲ့ဒေါသတွေက ကားစတီယာတိုင်ပေါ် ပုံကျနေသည်။စိုင်းခန့် ငြိမ်ငြိမ်လေးပဲ နေရှိန်ကို အကဲခတ်နေရင်း 'ကလေးထင်သလောက် ကိုယ်မချမ်းသာပါဘူး' ဆိုတဲ့ စကားကို သဘောပေါက်သလို။
စိုင်းခန့်လှည့်ကြည့်နေတာ သတိ ထားမိသွားပြီး အကြောတွေထောင်တဲ့ထိ ဖိကိုင်ထားတဲ့ လက်ကို လျော့ချလိုက်သည်။ထို့နောက် မြင်နေကျ အပြုံးလေး ဖြင့် လှည့်လာကာ
"စိတ်ရှုပ်နေပြီလား ကလေး "
"မရှုပ်ပါဘူး"
"ဒါကိုယ့်ဘဝ အစစ်မှန်ပဲ ... ကိုယ်က အဲ့ဒီအိမ်မှာ အစေခံရဲ့သား"
"........."
ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတဲ့ စိုင်းခန့်အမူအယာကိုလည်း သူက ရိပ်မိပြန်သည်။
"ထားပါ ကလေးကို စိတ်ရှုပ်စရာတွေ ထပ်မပြောတော့ဘူး အခုတောင် အနေကြပ်နေပြီမလား"
"အဲ့လောက်လည်း မဟုတ်ပါဘူး။ သူတို့ ကျွန်တော့်ကို သတိတောင် မထားတဲ့အပြင် မောင်းထုတ်ဖို့ဆို တာလည်းဝေးရောပေါ့"
ကားကို အရှိန်နည်းနည်းတင်ကာ လမ်းတစ်ဖက်ကနေ အရှေ့မှ သုံးဘီးဆိုင်ကယ် ကိုကျော်တက်သည်။ရင်ထဲ လှပ်ခနဲဖြစ်သွားပေမဲ့ ရှပ်အင်္ကျီ ခေါက်တင်ထားသော ဒီလက်ဖျံတွေရဲ့ ကျွမ်းကျင်မှုကိုတော့ အထင်မသေးရဲ။တည်ငြိမ်စွာပဲ ကားလမ်းကြောင်းပေါ် ပြန်ရောက်ပြီး ပုံမှန်အရှိန် ဖြစ်မှ....
"ဒါတော့ သူတို့က ကိုယ့်ကို သားလို့မှ မသတ်မှတ်ဘဲ။မပူနဲ့သူတို့ ဂရုမစိုက်ပေမဲ့ ကိုယ့်အမေကတော့ကလေးကို အာရုံ အပြည့်စိုက်မှာ။ ဥပမာ ပြောနေရင်း သွေးတိုးပြီး မေ့လဲ သွားတာ ။ဒါမှ မဟုတ် နှစ်ယောက်လုံးကို မောင်းထုတ်မျိုးပေါ့"
"ဒါဆို ခင်ဗျား အမေဆီရောက်တာနဲ့ ကျွန်တော် ဆန္ဒပြည့်တော့မှာပေါ့"
"ထင်လား"
ပြောပြီး ချက်ချင်းပဲ ကားကို လမ်းဘေး ထိုးရပ်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ စိုင်းခန့်ပေါ် အုပ်မိုးလာသည်။ရင်ခွင်ထဲမှ ညှပ်ရိုးလေးတွေ ထောင်တဲ့အထိ လန့်သွားတဲ့ စိုင်းခန့်ပုံစံကို သဘောကျစွာ လှစ်ခနဲ ပြုံးသွားတဲ့ သူ့နှုတ်ခမ်းပါး။
ထို့နောက် မေးဖျားကနေ ပင့်ကာ နှုတ်ခမ်းပေါ် ထိတွေ့လာသော ညင်သာတဲ့အနမ်းတစ်ပွင့် ။ ထိကပ်ရုံ အဆင့်ကနေ စုပ်ယူ နမ်းရှိုက်လာတာကြောင့် အသက်အောင်ထားမိတဲ့ ရင်ခုန်သံတွေ မူမမှန်တော့ပေ။
ပူနွေးတဲ့ လျှာက နှုတ်ခမ်းသားတွေကို ဖြတ်ကျော်ဖို့ ကြိုးစားနေခိုက် အတင်းစေ့ပိတ်ကာ သူ့ရင်ဘတ်ကို တွန်းထုတ်သည်။ သို့သော် သွားစွယ်နဲ့ ကြိတ်ကာ ခပ်ဆဆလေး ကိုက်လိုက်တော့ တွန်းနေတဲ့လက်တွေပါ တုန်ရီပြီး အားပျော့သွားသလို စိုင်းခန့် နှုတ်ခမ်းပါးလည်း ပွင့်ဟ သွားသည်။မတွန်းကန်နိုင်တဲ့အဆုံး ရစ်ပတ်ကာ စုပ်ယူလာတဲ့ နေရှိန်လျှာဖျားအတိုင်း ရိုကျိုးစွာ စီးမြောရုံသာ။
လုံးဝ အသက်ရှူကျပ်လာတဲ့အခါမှ ထုံနေသော နှုတ်ခမ်းတို့ကို လျှာနဲ့ တစ်ချက်လျက်လိုက်ကာ အပြီးသတ်သည်။ သူ့ခုံဘက် ပြန်ထိုင်မသွားခင် နှဖူးကို ပေါ်သို့ တံဆိပ်ခတ်တဲ့ နှုတ်ခမ်းရာ။
ခေါင်း အနောက်လှန်ရက်လေးအတိုင်း အသိစိတ်လွတ်နေသော စိုင်းခန့်က နည်းနည်းလေးမှ မလှုပ် ။တောင့်တောင့်လေး အသက်ကို ဆက်အောင့်ထားတာကြောင့် မျက်နှာလေးက တစ်ပြင်လုံးနီရဲလာသည်။
ထို့ကြောင့် ပါးပြင်ကို လက်မနဲ့ လက်ညိုးနှစ်ခုဖြင့် ညှပ်ကိုင်လျက် နေရှိန်ဘက် အသာဆွဲလှည့်လိုက်ပြီး
"အသက်ရှူအုံး ကလေး ၊ မဟုတ်ရင် ကိုယ်နောက်တစ်ခါ ထပ်နမ်းမိတော့မယ် "
ပြောလိုက်မှ ကုန်းပေါ် ရောက်တဲ့ ငါးလေးလို ရင်ဘတ်က နိုမ့်ချည်မြင့်ချည် ဖြစ်တဲ့အထိ အသက်ကို ရှူသည်။ပါးကို ကိုင်ထားဆဲ နေရှိန်လက်တွေကိုပုတ်ထုတ်လိုက်ပြီး ကားပြတင်းပေါက်ဘက်ကိုသာ မျက်နှာမူ၏။
အဝေးပြေးလမ်းမကြီးရဲ့ ဘေးမှ ကန်ရေပြင်လေးဟာ လေတိုက်တဲ့အရှိန် ကြောင့် လှိုင်းကလေးတွေပြေးနေသည်။ စိုင်းခန့် ရင်ခုန်သံလည်း ရေကန်ငယ်လေးနည်းတူ ပုံမှန်မဖြစ်သေး။ထိုအချိန် နောက်ကျောဘက်ဆီမှ ပြောလိုက်သော နေရှိန်စကားတွေကြောင့် နှလုံးသားဟာ ပေါက်ကွဲထွက်မတတ် ခုန်လာပြန်သည်။
"ဘယ်သူ့ကြောင့်နဲ့မှ ကိုယ့်နားက ထွက်မသွားရဘူး။ အမေ မကလို့ သေမင်းဖြစ်နေရင်တောင် ကလေးနောက်ကနေ ချက်ချင်းလိုက်မှာမို့ တမလွန်မှာလည်း ကိုယ်နဲ့ ဝေးလိမ့်မယ် မထင်နဲ့ "
.........