ရန်ကုန်ရောက်လျှင် လာလည်မည်ဆိုသော နှင်းဖြူရိပ်သည် မိုးညီ၏နောက်နားတွင် အပြုံးနှင့် ရပ်နေသည်။ မည်းနက်ဖြောင့်စင်းကာ အိကျနေသော ကုတ်ဝဲဆံပင်လေးများကြားမှ မျက်လုံးလေးများသည် တောက်ပလင်းလက်လျက်။ ၀မ်းသာအားရ နေရာမှ ထကြိုသည်။
"ထမင်းစားအမီလာတာ"
"လာ ဖြူ၊ စားပါ၊ ညီ.."
အကြည့်နှင့်ပင် မိုးညီ နားလည်ကာ မီးဖိုခန်းထဲ ၀င်သွားသည်။
"နင့်ကို ဖုန်းခေါ်နေတာ၊ တစ်မနက်လုံးပဲ"
"ဆောရီးဖြူရာ၊ အိပ်ပျော်နေတာ၊ ဖုန်းကိုအသံတိတ်ထားပြီး မကြည့်ဖြစ်တော့ မသိလိုက်ဘူး"
"မလာစေချင်လို့ ရှောင်နေတာ မဟုတ်ဘူးပေါ့"
"ရှောင်နေရင်လည်း လာမှာပဲ မဟုတ်လား"
"ဟိ..ဟုတ်တယ်"
"မမဖြူ..အ၀စားနော်၊ အားမနာနဲ့"
မိုးညီသည် ထမင်းပန်းကန်နှင့်အတူ စားပွဲဝိုင်းနား ပြန်လာသည်။
"ဆောင်းရဲ့ ညီလေးလား"
"ဟုတ်တယ်၊ မိုးညီညီလေ"
"ဆောင်းက မင်းနဲ့ မင်းအမေအကြောင်းပဲ တစ်ချိန်လုံးပြောနေတာ"
ဖြူက ရင်းရင်းနှီးနှီးပြောရင်း စားပွဲမှာဝင်ထိုင်သည်။ မိုးညီကမ်းပေးသော ထမင်းပန်းကန်ကို ကျေးဇူးတင်စကားပြောရင်း လှမ်းယူသည်။ ချက်ချင်းလိုလို ခင်မင်တတ်သည့် နှင်းဖြူရိပ်နှင့် မိန်းမလှလေးများဆိုလျှင် သဘောကောင်းချင်လွန်းသည့် မိုးညီညီတို့ စကားစ မပြတ်နိုင်တော့။
"အိမ်မှာ ကျွန်တော်ပဲ အကြီးလုပ်နေရတာ မမဖြူ"
"စတွေ့တုန်းက သူ့ကို ဆယ်တန်းကျောင်းသား ထင်နေတာ"
ဖြူ့စကားကြောင့် အင်းတော်ကြီးကို ပထမဆုံးအချိန်ရောက်ကာစနေ့ကို သတိရသွားကာ လွမ်းရသည်။
"အဲ့ဒီ့တုန်းက ဖြူက ငါ့ကို ဟိုပင်မှာ လာကြိုတာ ညီ"
"ကျွန်တော်လာရင်ရော လာကြိုမှာလား မမ"
"ဟယ်.. အစ်ကိုလိုပဲ၊ စကားမပြောတတ်ရှာဘူး"
ဖြူက နောက်တော့ ပြိုင်တူရယ်လိုက်ကြသည်။ သူငယ်ချင်းမလေးသည် ငါ ဗိုက်ဆာနေတာဟု ပြောပြီး ထမင်းဖြူပေါ် ချဉ်ပေါင်ဟင်းချို၊ ငါးပိရည်စမ်းပြီး တစ်ဇွန်းခပ်စားသည်။ မြိတ်ငါးပိကောင်များနှင့် ကျိုထားသည့် မေမေ့လက်ရာ ငါးပိရည်ကျိုသည် ဆွေမျိုးမေ့လောက်သည်။ ကြက်သွန်ဖြူဓါးပွားရိုက်၊ ငရုတ်သီးပါးပါးလှီးပြီး ဆီသတ်ထားသည်ကို ပုစွန်ခြောက်ကောင်ငယ်လေးများနှင့် ရောဖျော်ထားခြင်းပင်။ ဖြူသည် ချက်ချင်းလို မျက်လုံးလေးများ ၀ိုင်းသွားသည်။
"စားကောင်းလိုက်တာ."
"တို့စရာတွေက ခြံထွက်တွေ မမ၊ စားကြည့်ပါဦး"
သဒ္ဓါပိုနေသော မိုးညီက ရုံးပတီသီး၊ ပဲသီးပြုတ်များ ထည့်ပေးသည်။ ကြက်ကလီစာဟင်းကို ပန်းကန်နားတိုးပေးသည်။ ဟင်းတုံးများကို လှမ်းခပ်သော ဖြူက မေးခွန်းထုတ်သည်။
"အိမ်မွေးကြက်တော့ မဟုတ်ဘူး မဟုတ်လား"
"မဟုတ်ဘူး မမ၊ မမွေးတာ ကြာပြီ"
"အရင်က မွေးတယ်ပေါ့"
"ဖေဖေရှိတုန်းက မွေးတာ၊ နောက် ကိုကို့ကြောင့် ဆက်မမွေးတော့တာ"
"ဟယ်.. ဘာဖြစ်လို့"
"ကြက်မွေးပြီး သတ်မှမသတ်ချင်တာဗျာ၊ ကျွန်တော်နဲ့ ဖေဖေက ဘယ်တော့ ကြက်သားစားရမလဲ ချောင်းနေကြတာ၊ သူက တစ်ကောင်မှ အသတ်မခံဘူး၊ ဘဲတွေလည်း အသတ်မခံဘူး၊ သတ်မယ်ဆိုရင် ငိုတာဗျာ၊ ရှိုက် ရှိုက်ငိုတာ မသိရင် သူ့သတ်တာ ကျနေတာပဲ၊ နောက် သူ့ကို သနားလို့ ဖေဖေလည်း မသတ်ရက်တော့ဘူး"
"အဲ့လောက်တောင်ပဲလားဟယ်"
ဖြူက ထမင်းစားရင်း ဆောင်းကိုကြည့်ပြီး ပြုံးစိစိဖြစ်နေပြီ။
အတိတ်မှအခြင်းအရာများသည် ယခုလိုဆိုတော့လည်း လွမ်းဖို့ကောင်းနေသည်။ တိရစ္ဆာန်မှန်လျှင် ချစ်တတ်သည့် ဆောင်းကိုသည် ကြက်တွေ၊ ဘဲတွေကိုလည်း အိမ်မွေးတိရစ္ဆာန်များလို ချစ်ခဲ့သည်သာ။ ဘဲပေါက်တစ်ကောင်ဆိုလျှင် ကြောင်လေးပေါက်စနှင့်အပြိုင် ဆောင်းကို ပေါင်ပေါ် လု ထိုင်တတ်သည်။ အပြင်သွားလျှင် နောက်က တကောက်ကောက်လိုက်သည်။ ခွေးမကြောက်၊ ဘာမကြောက် အိမ်ပြင်ထိလိုက်တတ်သောကြောင့် အပြင်သွားခါနီးတိုင်း ဘဲခြံထဲသွင်းရသည် အထိ။
မိုးညီညီက တက်ကြွစွာ ဆက်ပြောသည်။
"ကြက်သား၊ ဘဲသား မစားရလို့ ကြက်ဥ၊ ဘဲဥ စားရမယ် ထင်ရင် မှားလိမ့်မယ်ဗျ၊ ကြက်ဥသွားနှိုက်လည်းမရဘူး၊ မီးဖိုခန်းက ကြက်ဥကို ပြန်ယူပြီး ကြက်မဖင်အောက်ပြန်ထည့်တဲ့ ကိုကိုဗျ"
"ဟယ်.. ဆောင်းရယ်.."
ဖြူ့မှာ ထမင်းဆက်မစားနိုင်ဘဲ ရယ်နေသည်။
"ဟုတ်တယ် ဖြူရာ၊ ကြက်နီမလေ၊ သိပ်ဆိုးတာ၊ သူ့ကြက်ဥ ပြန်သွားထားပေးတာကို လက်ကိုဆိတ်တာ သွေးပါထွက်တယ်"
"ဒီတော့ အကောင်တွေ ပွားလိုက်တာဆိုတာဗျာ၊ အိမ်အောက်မှာ ကြက်ချေးနံ့တွေ နံစော်နေတဲ့အထိ"
"ညီရာ.. သူများ စားသောက်နေတာကို"
"ဟီး.. ဟုတ်သား၊ ဆောရီး မမဖြူ"
"ရတယ် မိုးညီ၊ နှင်းဖြူရိပ်တို့က ဆင်ချေးပုံရှေ့မှာတောင် ထမင်းထိုင်စားခဲ့တာ"
ဖြူနှင့်ဆောင်းကိုတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်ဖြစ်ကြသည်။ ဖြူပြောတာ ဟုတ်သည်။ တစ်ရွာဝင်တစ်ရွာထွက် သွားခဲ့ကြစဉ်က နေ့လယ် ဗိုက်ဆာလွန်းသဖြင့် ခြံထောင့်သစ်ပင်ရိပ်အောက်တွင် ထမင်းစားကြတော့ ရှေ့တည့်တည့်မှာ ဆင်ချေးပုံကြီးရှိနေခဲ့ဖူးသည်။ ဆင်ချေးပုံဆိုသည်မှာ နွားချေးပုံ၊ ကျွဲချေးပုံထက် ငါးဆ၊ ခြောက်ဆလောက် ပိုကြီးသည်။ လတ်လတ်ဆတ်ဆတ်နှင့် စိမ်းပုပ်ရောင်။ ယင်ကောင်က တ၀ဲဝဲ။ ဒါလည်း သူတို့ဂရုမစိုက်နိုင်။ ဆာနေသည်နှင့် စားကောင်းကြသည်ပင်။
"ဆင်တွေရှိလား ကိုကို"
"အင်း ရှိတယ် ညီ၊ ဆင်စီးဖို့တော့ မစဉ်းစားနဲ့နော်၊ မင်းအကြောင်း ငါသိတယ်"
မိုးညီကစိတ်ပျက်သလို နှာခေါင်းရှုံ့သည်။
"တိရစ္ဆာန်ဆိုရင် အထိမခံတဲ့ မင်းအကြောင်းလည်း ငါသိပါတယ်ကွာ၊ ဖေဖေပြောဖူးတာ မှတ်မိလား၊ မင်းကြီးလာရင် တိရစ္ဆာန်ရှေ့နေဖြစ်လာလိမ့်မယ်ဆိုတာလေ"
ဖခင်ကို မိုးညီသိပ်မမှတ်မိလိုက်။ အတူနေခဲ့ရချိန်က နည်းလွန်းသဖြင့် ၀ိုးတ၀ါးမှတ်ဥာဏ်များသာ ရှိသည်။ သဘောကောင်းပြီး ပြုံးရယ်နေတတ်သော ဖခင်ပုံစံကို မေ့ပျောက်သွားမည်ကို စိုးရမ်နေမိသည်အထိ။
"အန်ကယ်ပြောတာ မှန်နေပြီ၊ တကယ်လည်း ရှေ့နေဖြစ်နေပြီ"
ဖြူက ဟင်းချိုတစ်ဇွန်းခပ်ရင်း ထောက်ခံစကားဆိုသည်တွင် မိုးညီက လက်မခံ။
"သူက အခု သစ်တောရှေ့နေ ဖြစ်နေတာလေ မမရာ"
"တောင်တောရယ်သာ ကဗျာ ကို မင်း မှတ်မိသေးလား"
"ဗျာ"
"သူငယ်တန်းဖတ်စာထဲမှာ ပါတယ်လေ"
"တောင်တောရယ်သာ၊ မာလာကငုံဖူး၊ တစ်ပင်ကို နှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး.. ဆိုတာလား မမ"
"ဒုတိယတန်းဖတ်စာထဲက ပင်ဝါးရုံရော"
"မမဖြူ ကျွန်တော့်ကို မူလတန်းပြန်တက်စေချင်လို့လား"
ဖြူ ရယ်သည်။ မိုးညီ အသင့်ငှဲ့ပေးသော ရေကိုလှမ်းယူကာ ကျေးဇူးတင်ကြောင်းပြောပြီး သောက်သည်။ နောက်မှ စကားဆက်သည်။
"စိမ်းလဲ့ငယ်တဲ့ ညိုရောင်၊ ပင်ဝါးရုံလေယူသိမ်းတယ်၊ ယိမ်းနွဲ့မြောက်တောင်၊ မြူခိုးရယ်မှောင်၊ ဟိုတောင်ကြော့ ခါးပန်း၊ ရွှေဥဒေါင်းငယ်တို့၊ မြိုင်စောင်းမှာတွန်သံချိုလှတယ်၊ ကွန်းခိုတဲ့နန်း ဆိုတာလေ..မှတ်မိသေးလား"
"မဲဇာမြိုင် ကျန်သေးတယ် ညီရ၊ ဒီကဗျာတွေမှာ ဘာထူးခြားလဲ"
"ကျောင်းမတက်ချင်တာပဲ သတိရတယ်ဗျာ၊ ဘာထူးခြားလို့လဲ"
လေသွေးရာချီ၊ ရွှေဖီကမွှေး၊ ၀တ်ပန်းငယ် ငုံခိုင်နှင့် မဲဇာမြိုင် ဂနိုင်အုပ်မှာ၊ ရွှေဘုတ်ကကြွေး ဆိုသော ကဗျာအစား ကျောင်းမတက်ချင်တာကိုသာ သတိရသည့် ညီငယ်ကိုကြည့်ရင်း ဆောင်းကိုနှင့် ဖြူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်ရပြန်သည်။ ဖြူပဲ ရှင်းပြလိုက်ပါ ဟူသော ဆောင်းကိုရဲ့ စကားကြောင့် နှင်းဖြူရိပ် ချောင်းတစ်ချက်ဟန့်သည်။
"ဒီလိုလေ မိုးညီရာ၊ တစ်ပင်ကိုနှစ်ပင်ယှက်တဲ့ တောတွေတောင်တွေမရှိရင် ကျေးငှက်လေးတွေ ပျော်မြူးနိုင်ပါ့မလား၊ စိမ်းစိုနေတဲ့ ၀ါးရုံတောတွေသာ မရှိတော့ရင် ရွှေဥဒေါင်းလေးတွေ ဘယ်နားသွားနေမလဲ၊ မဲဇာမြိုင်တောကြီးသာမရှိရင် ဘုတ်ငှက်လေးတွေရော မြည်ကျွေးနိုင်ပါ့မလား၊ တောတောင်တွေရယ် တိရစ္ဆာန်လေးတွေရယ်ဟာ ခွဲလို့မရဘူးလေဟာ"
"ဟာ.. မမဖြူရာ..ရှင်းပြတတ်လိုက်တာ"
ဆောင်းကို ပြုံးချင်နေပြီ။ သူသာရှင်းပြလျှင် မိုးညီ ဒီစကားကိုပြောမှာမဟုတ်ဘဲ ဘာတွေလာပြောနေတာလဲ ကိုကိုရာ၊ နားငြီးတယ်ဟုသာ တုန့်ပြန်ပါလိမ့်မည်။
"မမက အဲ့ဒီ့မှာ ဘာတာဝန်နဲ့လဲ"
"သဘာဝအခြေခံခရီးသွားလုပ်ငန်းတာဝန်ခံ မိုးညီ"
"ဗျာ.. ခရီးသွားလုပ်ငန်းပဲပေါ့"
"ဒေသသဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ဖို့၊ ထိန်းသိမ်းဖို့ကို အခြေခံတဲ့ခရီးသွားလုပ်ငန်းမျိုးတွေကိုခေါ်တာ မိုးညီလေးရ၊ ဒေသတစ်ခုမှာ ခရီးသွားများလာတိုင်း ကောင်းကျိုးရှိတာမဟုတ်ဘူးလေ၊ စက်လှေကြောင့်ငှက်တွေ အနှောင့်အယှက်ဖြစ်မယ်၊ စွန့်ပစ်ရေတွေ၊ အမှိုက်တွေကြောင့် ကန်ရေ ညစ်ညမ်းမှုတွေဖြစ်မယ်၊ ဒါတွေကို ထည့်မတွက်လို့ မရဘူး"
"ဒီလိုလေ ညီရာ.. မင်း ဗူးပင်စိုက်တယ် မဟုတ်လား"
မိုးညီနားလည်လွယ်အောင် ကန်စွန်းခင်းအင်တာပရိုက်စ်မှ ဖြစ်ရပ်များကို ထည့်ပြောမှ ဖြစ်တော့မည်။ ဖြူက နေ့လယ်စာကို လက်စသတ်စားပြီး လက်ဆေးနေရာမှ တအံ့တသြမေးသည်။
"မိုးညီက အပင်စိုက်တာကို ၀ါသနာပါလား"
"ခဏနေရင် မမကို ကျွန်တော်ခြံထဲလိုက်ပြမယ်၊ ငါ ဗူးပင်စိုက်တော့ ဘာဖြစ်လဲ ကိုကို"
ဖြူ့ကိုဖြေရင်း ဆောင်းကို ကိုပါ တစ်ခါတည်းဆက်မေးသောကြောင့် ဗူးပင်ဇာတ်လမ်း ရှေ့ဆက်ဖြစ်သည်။
"ဗူးညွှန့်တွေခူးစားရင် အပင်က ပိုသန်ပြီး နောက်ထပ် အညွှန့်တွေ၊ အသီးတွေ အကြာကြီးဆက်ပြီး စားရမယ် မဟုတ်လား၊ အမြစ်ကဆွဲနှုတ်ပြီး စားမယ်ဆိုရင်တော့ တစ်ခါပဲလေ၊ နောက်ထပ် ဘာမှထပ်မရနိုင်တော့ဘူး၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုတာ ဒီလိုမျိုးပဲပေါ့၊ ဧည့်သည်တွေဝုန်းခနဲ များပြီး အလှဆုံးနေရာတွေ ပျက်စီးသွားရင် ဘာဆက်လုပ်မလဲကွာ၊ မဟုတ်ဘူးလား"
ပဲသီးသည် တညောင်ညောင်အော်ရင်း အစာတောင်းနေပြန်သည်။ နောက် မကျွေးမှန်းနားလည်တော့ ကြောင်လည်လေးသည် ဆက်မတောင်းတော့။ ရှေ့ခြေနှစ်ချောင်းဆင်းကာ အကြောဆန့်သည်။ ဆောင်းကို၏ ပေါင်ပေါ်တက်ထိုင်သည်။
"တွေ့လား မမဖြူ၊ ပဲသီးရောက်နေတာ လနဲ့ချီပြီ၊ ကျွန်တော့်ပေါ် ဘယ်တော့မှမလာဘူး၊ အခု ကိုကို တစ်မနက်ပဲ အိမ်ရောက်သေးတယ်နော်၊ ပေါင်ပေါ်တက်ထိုင်နေတာ ခေါ်စရာတောင်မလိုဘူး"
"မင်းက တစ်ချိန်လုံး လိုက်ညှစ်နေတာကိုး၊ ဘယ်ကြောင်က မင်းနားနေချင်မလဲ ပေါက်စဆိုလည်း.. သြော်.. ပေါက်စဆိုတာ အရင်တုန်းက ငါတို့ဆီမှာ နေခဲ့တဲ့ ကြောင်လေး ဖြူ၊ ဒီကောင့်လိုပဲ၊ အဖြူနဲ့အနက်လေ၊ ပေါက်စက မိုးညီကိုမြင်ရင် အမြီးထောင်ပြီး ပြေးတာ"
"ဒါဆို ဖြူခေါ်ကြည့်မယ်"
ဖြူက လက်ကမ်းတော့ ပဲသီးက လက်မခံ။ ဖြီးခနဲ မာန်ဖီကာ လက်ကို လမ်းကုတ်သည်။
"တွေ့လား တွေ့လား၊ မမဖြူလည်း ခေါ်လို့မရဘူး၊ ကိုကိုက အရင်ဘ၀က တိရစ္ဆာန် ဖြစ်ခဲ့တာပဲ ဖြစ်ရမယ်။"
ငှက်လေးကို ဂရုတစိုက် ကိုင်တွယ်ပွတ်သပ်ပေးနေသူ၏ ပုံရိပ်ကိုမြင်ယောက်လာကာ ဆောင်းကို သက်ပြင်း ခပ်တိုးတိုးချသည်။
"ငါ့ထက် တိရစ္ဆာန်ပိုကပ်တဲ့သူတစ်ယောက် ရှိသေးတယ်"
"ရစ်ခ်ကီကို ပြောတာလား ဆောင်း"
ဖြူ့ကိုလှမ်းကြည့်ကာ အပြုံးနှင့်ခေါင်းညိတ်ဖြေသည်။
"ဟုတ်တယ်နော်၊ တိရစ္ဆာန်တွေက သူ့ကို ကြောက်ကိုမကြောက်တာ၊ သြော်.. ရစ်ခ်ကီ ဆိုတာ.."
ဖြူက မိုးညီအား ဆက်ပြောနေသည်။ သိပြီးသော အကြောင်းအရာများ ဖြစ်သော်လည်း စကားတစ်လုံးပင် မလွတ်သွားချင်။ ဂရုစိုက်နားထောင်ရင်း ပေါင်ပေါ်တွင် ထိုင်နေသော ကြောင်လေး၏ ခေါင်းကိုပွတ်သပ်ပေးတော့ ပဲသီးလေးက မျက်လုံးမှိတ်ကာ ဇိမ်ခံနေသည်။ ဖြူ့စကားအဆုံးမှာ မိုးညီ က ပြောသည်။
"ကျွန်တော် အင်းတော်ကြီးကို လာလည်ချင်လိုက်တာ"
"လာလေ.. မင်း အမှိုက်မပစ်ဘူး၊ ဘာမှမဖျက်ဆီးဘူးလို့ အာမခံရင် ငါ ခေါ်မယ်"
"ကတိပါဗျာ ကတိပါ၊ အခု မိန်းမလှကျွန်းမှာ မမဖြူပါ သွားမှာလား၊ ဘယ်လောက်ကြာမှာလဲ"
"အင်း.. မမလည်းသွားမှာ၊ နှစ်ပတ်လောက်တော့ ကြာမယ်၊ ဟုတ်တယ် မဟုတ်လား ဆောင်း"
"ဟုတ်တယ်"
ဆောင်းကို ခေါင်းညိတ်ဖြေလိုက်သည်။
"မမတို့ အင်းတော်ကြီးပြန်ရောက်ရင် မင်း လာခဲ့လေ"
"လာမယ် မမဖြူ ကျွန်တော့်ကို ဖုန်းနံပါတ်ပေး"
"အယ်..."
ဖြူက မျက်လုံးဝိုင်းကာ လှည့်ကြည့်တော့ ရယ်မိသည်။
"ဖြူ့ဖုန်းနံပါတ် ဘာလုပ်ဖို့လဲ၊ မင်းလာရင် ငါ့ဆီကိုလာမှာ မဟုတ်ဘူးလား"
"ကိုကိုက ဒီနှစ်မှ အင်းတော်ကြီးရောက်တာ၊ မမဖြူက နှစ်နှစ်လောက်ရှိပြီဆိုတော့ နယ်ပိုကျွမ်းမှာပေါ့၊ နောက်ပြီး အင်းတော်ကြီးရဲ့ သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေကို မမဖြူ လုပ်နေတာ မဟုတ်လား၊ မင်း လိုက်မပို့နဲ့၊ မမဖြူပဲ လိုက်ပို့..နော် မမဖြူ.."
မိုးညီသည် ပြေးပေါက်မရှိအောင် ချည်ပြီး တုတ်ပြီးမှ စကားဆက်ခြင်းပင်။ သူတို့နှစ်ယောက်စလုံး အရှုံးပေးကာ ပြုံးရသည်။
⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸
နေ့လယ်စာ စားပြီးချိန်မှာတော့ မိုးညီညီကဦးဆောင်ကာ သူတို့အားလုံးခြံထဲဆင်းလာခဲ့ကြသည်။ အိမ်ရှေ့ခြံထောင့်တွင် အုန်းပင်နှင့် သရက်ပင်။ နောက် ခြံပြင်ကိုထွက်သည့် လူသွားလမ်းရှိပြီး လူသွားလမ်းအခြားဘက်တွင်တော့ စပယ်ရုံ၊ နှင်းဆီရုံများနှင့် ဇီဇ၀ါပင်များ ပေါက်ရောက်နေသည်။ သိပ်မကျယ်သော အိမ်ရှေ့မြေကွက်လပ်တွင် ပန်းရုံများနှင့် ပြည့်နေကာ သရက်ပင်ပေါက်တစ်ပင်ရှိသေးသည်။ သရက်ပင်ဘေးနားမှာတော့ ဗူးစင်။
အတော်ပင်မြင့်သောဗူးစင်သည် ခြံထောင့်တစ်ခုလုံးကို နေရာယူထားသည်။ အကွက်အစိပ် သေသပ်သော ၀ါးလုံး၊ ၀ါးခြမ်းများနှင့် ပြုပြင်ထားသော ဗူးစင်တွင် အရွယ်အစား မတူညီသော ဗူးသီး လေးလုံးခန့် တွဲကျနေသည်။ တစ်လုံးမှာ ပန်းပွင့်ကြီးပင် မပျောက်သေးဘဲ အတော်ငယ်သေးသည်။ အကြီးဆုံးတစ်လုံးမှာမူ အတော်ပင် ရင့်နေပြီ။ မျိုးစေ့အတွက်ဖြစ်သည်ဟု မိုးညီကဆိုသည်။
ခြံဘေးမြေကွက်လပ်သည် ရှည်မျောမျောပုံစံဖြစ်သည်။ အိမ်သည် အလျားရှည်သလို ခြံသည်လည်း အလျားရှည်သောကြောင့် အတော်ပင် နေရာရှိသည်။ ထိုနေရာသည် ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ ချဉ်ပေါင်၊ ရုံးပတီ၊ ဆလတ်၊ ပဲသီးပင်များ၏နေရာ။ အတန်းလိုက်၊ အစီလိုက်။ ငှက်ပျောရုံက ခြံနောက်ဘက်နားတွင်ဖြစ်သည်။ မိုးညီသည် ခရမ်းသီးပင်တန်းကြားတွင် အလုပ်ရှုပ်နေသည်။ ခါးကိုကိုင်းပြီး ခရမ်းသီးများကို ခူးကာ အ၀တ်အိတ်ထဲထည့်သည်။
"တော်ပါတော့ဟယ်၊ အရမ်း များနေပြီ"
"မမဖြူ..စားကြည့်စမ်းပါ၊ စူပါမားကတ်က ခရမ်းသီးနဲ့ ဘာမှမဆိုင်ဘူး"
မိုးညီသည် အပြောကောင်းသလို လက်ကသွက်သည်။ ခရမ်းသီးပြီးလျှင် ခရမ်းချဉ်သီးဖက်လှည့်သည်။ အရွယ်အစားမကြီးသေးသည့် ခရမ်းချဉ်သီးလေးများကိုပင် မညှာမတာခူးထည့်သည်။ မိန်းကလေးလှလှလေးများကိုသာ မျက်နှာလုပ်ရမည်ဆိုပါလျှင် အသီးကြီးသည်အထိ မစောင့်နိုင်။
"ကိုယ်တိုင်လာခူး မမဖြူရ၊ မတူဘူးနော်၊ ကိုယ်တိုင်ခူးတဲ့ အသီးအရွက်ကို စားရရင် အရသာပါ ပိုကောင်းတာ"
နှစ်ခါမခေါ်ရဘဲ ဖြူသည် မိုးညီဘေးရောက်သွားပြီဖြစ်သည်။ ခြံစည်းရိုးကို စင်လုပ်ထားသည့် ပဲသီးစိမ်းတောင့်များကို ခူးရင်း သဘောကျနေသည်။ မည်သည့်အရွယ်ကို ခူးသင့်ကြောင်းကို ရှင်းပြနေသည့် မိုးညီအသံသည် တက်ကြွမှုအပြည့်။ သူ ဂုဏ်ယူရသည့် ခြံလေးကို မိန်းမချောလေး နှင်းဖြူရိပ်ကို ပြသခွင့်ရသည်ကို ၀မ်းသာနေသည်။ မိုးညီသည် ဒီခြံလေးကို ၀ါသနာသက်သက်ဖြစ် ဆက်လက် ပျိုးထောင်ခဲ့သည်မဟုတ်။ ဖခင်၏အမွေကို ဆက်ခံသည်ဟု သဘောထားကာ ချစ်ခြင်းမေတ္တာအပြည့်နှင့် ပြုစုရှေ့ဆက်နေခြင်းပင်။
လေအဝှေ့မှာ ဇီဇ၀ါပန်းရနံ့ကို ရလိုက်သည်။ စိုက်ခင်းငယ်လေးသဖွယ်ဖြစ်နေသော ခြံလေးမှာ ဖေဖေ၏ ရယ်သံကို ကြားလိုက်ရသလို။ တကယ်တော့ သစ်ရွက်လှုပ်သံရယ်ပါ။ ဘောလုံးကန်နေသော ဖေဖေ့ကိုမြင်ယောင်လာသည်။ ရယ်မောခုန်ပေါက်နေသော မိုးညီကိုပါ မြင်ယောင်သည်။ သူတို့နားတွင် ဇီဇ၀ါပန်းလေးများကို ပန်းအိုးထိုးရန်အတွက် အကိုင်းပါအောင် ကတ်ကြေးနှင့်ညှပ်ယူနေသော မိခင်။ သူတို့မိသားစု၏ အတိတ်လှလှကို သတိမရဘဲ မနေနနိုင်။
အမှတ်တရများသည် မျက်ရည်များ၏ မြစ်ဖျားခံရာ။ သို့သော် ခံရခက်သော လှိုက်လှဲဝမ်းနည်းမှုတွင် ကြည်နူးခြင်းရောသည်။ ဒီလိုအချိန်တွေကို သူတို့ပိုင်ဆိုင်ခဲ့ဖူးသည်။ ဒီလိုချစ်ခြင်းမေတ္တာများကို ခံစားခဲ့ရသည်။ တကယ်တော့ လူကြီးဘ၀သည် ကလေးဘ၀၏ ထပ်ဆင့်အုတ်ချပ်များပင် မဟုတ်ပါလား။ ခံစားခဲ့ရသမျှ၊ လက်ခံခဲ့ရသမျှသည် သူ ဆိုသည့်လူသားတစ်ယောက် ဖြစ်လာစေသည်။
"ပြန်တော့မယ် ဆောင်း၊ ကြာ ကြာနေရင် တစ်ခြံလုံး ဖြူ ယူသွားတော့မှာ"
အသီးအနှံများပြည့်နေသော အ၀တ်အိတ်လေးကို ပင့်မြှောက်ရင်းပြောသည်။
"ကားဂိတ်အထိလိုက်ပို့ပေးမယ်လေ"
"ကျေးဇူးနော် မိုးညီ၊ အ၀လည်း စားရတယ်၊ လက်ဆောင်တွေလည်း ရတယ်၊ နောက် လာလည်ဦးမယ်"
"လာခဲ့ မမဖြူ၊ ကျွန်တော် သင်္ဘောသီးတွေ ပေးလိုက်ချင်တာ မမှည့်သေးလို့ဗျာ၊ နောက်တစ်ခါ လာဖြစ်အောင်လာခဲ့"
မိန်းမချောလေးကို သင်္ဘောသီးနှင့် မျှားခေါ်နေသည့် မိုးညီ။ ဒါ့ကြောင့်ပင် ဒီကောင်လေးကို ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဟု ဆောင်းကို ခေါ်ခြင်းဖြစ်သည်။ ကွာတော့ကွာသည်။ မောင်မှိုင်းက အစပိုင်းသာ ချဉ်ပေါက်ရွက်ပို့သည်။ နောက် မိန်းမလှလေးများကို လိမ်လည်ပြီး တစ်ယောက်ပြီးတစ်ယောက် ယူသည်။ မိန်းမလှလေးများ၏ မိဘများကို ရွှေတွေ၊ နီလာတွေ၊ စိန်တွေ ပြပြီး သိမ်းသွင်းသည်။ မိုးညီကတော့ ချဉ်ပေါက်ရွက်များ၊ ပဲသီးများပြပြီး မိန်းမလှလေးများရော၊ သူတို့မိဘတွေပါ သိမ်းသွင်းနေသည်။ မိုးညီ၏ သဘာဝ ချဉ်ပေါင်၊ ဗူးသီးတွေသည် မောင်မှိုင်းတို့လက်ထက်က ရွှေတွေ၊ နီလာတွေလိုပင် အဖိုးတန်ပြီး ထိရောက်မှု ရှိသည်ကတော့အမှန်။
ဖြူထံမှ ဟင်းသီးဟင်းရွက်ထုပ်ကို လက်ပြောင်းယူလိုက်သည်။ ချဉ်ပေါင်ပင်တွေ ထိုးထွက်နေသော အ၀တ်အိတ်သည် အတော်ပင် လေးလံသည်။ ခြံတံခါးကို တွန်းဖွင့်ပြီး ဖြူထွက်နိုင်ရန် ဆက်ဖွင့်ထားပေးသည်။ မိုးညီက ခြံဝထိလိုက်လံ နှုတ်ဆက်သည်။
"သယ်နိုင်ရဲ့လား ဖြူ၊ ကားငှားသွားပါလား"
"ဒီလောက်ကတော့ ရပါတယ်ဟာ၊ အင်းတော်ကြီးသူပါ"
လက်မောင်းကွေးရင်း ချစ်ဖွယ်ကောင်းအောင် ပြောသည်။ ခင်မင်သည်မှာမကြာသေးပေမယ့် မိုးညီ မခွာရက်နိုင်တာလည်း အပြစ်မဟုတ်။ ဖြူသည် အင်မတန်ချစ်စရာကောင်းသည့် မိန်းကလေး တစ်ယောက်။
"နင်တို့အိမ်လေးက စိမ်းစိုနေတာပဲဟာ၊ စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ"
"အရင်တုန်းက ဒီရပ်ကွက်ရဲ့ အိမ်တိုင်းမှာ မြေပိုရှိတယ် ဖြူရ၊ နောက်ပိုင်းကျတော့ အများစုက အိမ်ဆောက်ရင် နေရာချဲ့ပြီး မြေပြည့်အိမ်ပြည့်ဆောက်လာကြတယ်၊ ကားဂိုဒေါင်တွေပါ ထပ်ဖြည့်ကြတော့ မြေလွတ်မကျန်တော့ဘူးပေါ့ဟာ၊ ကျန်နေရင်လည်း အလုပ်ရှုပ်တယ်ထင်ပြီး ကွန်ဂရစ်လောင်းလိုက်ကြတာဆိုတော့ အပင်တွေအတွက် နေရာမကျန်တော့ဘူးပေါ့"
"ရစ်ခ်ကီကိုတောင် သတိရသွားတယ်"
အမည်နာမတစ်ခုသည် နှလုံးခုန်နှုန်းကို မြန်စေရန် စွမ်းဆောင်နိုင်သည်ကို လက်မခံချင်လို့မရ။ ဘာလို့လဲ ဟူသော မေးခွန်းပါသည့်အကြည့်ကြောင့် ဖြူ စကားဆက်သည်။
"တို့မြန်မာပြည်ရဲ့ မြေသြဇာအကြောင်းကို တအံ့တသြ ပြောခဲ့တာလေ"
"သြော်..."
တိမ်စိုင်ဖြူများကို မော့ကြည့်မိသွားသည်။ မြန်မာမြေကို ဥရောပနိုင်ငံများနှင့်ယှဉ်ပြီး ပြောခဲ့ဖူးသူ။ သူတို့ဆီမှာ စိုက်ပျိုးမြေရှားသည်။ ကျောက်ခဲရောရော၊ သဲရောရောနှင့် မြေဆီမြေနှစ်မကောင်းသော နေရာတွေများသည်။ ရာသီဥတုကြောင့်လည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးရန် မဖြစ်နိုင်။ မြန်မာပြည်ကဲ့သို့ အသီးစား၊ အစေ့ပစ်ရုံနှင့် အပင်ပေါက်မလာနိုင်သော ဒေသများပင်။
"နင်တို့ကိုတွေ့ရတာ ငါ စိတ်ချမ်းသာလိုက်တာ ဆောင်းရာ၊ ငါတို့အိမ်နဲ့ တခြားစီပဲ"
"နင် အိမ်ပြန်ဖြစ်သေးလား"
ဖြူ ခေါင်းညိတ်သည်။ အမြဲပြုံးနေသူလေးထံမှာ နာကျင်ရိပ်များကိုမြင်ရသည့်အတွက် ဆောင်းကို စိတ်မကောင်းနိုင်။
"ငရဲကြီးကြီး ဆောင်းရာ.. ငါ ဖေဖေ့ကို သိပ်မုန်းတာပဲ၊ မေမေ့ကို ရစရာမရှိအောင် ပြောပြီးနိုင်စားနေရမှ သူ့ကိုယ်သူ ယောက်ျားစစ်တယ်ထင်ပြီး သွေးနားထင်ရောက်နေတယ်"
ဒေါသရောသော စကားသံကြောင့် ဆောင်းကို သက်ပြင်းရှိုက်မိသည်။ ငါ စိတ်မကောင်းပါဘူးဟာ ဆိုသော စကားသည် ယခုအချိန်မှာ သူငယ်ချင်းမလေးကို စိတ်သက်သာစေမှာမဟုတ်။ ဖြူ့ကို အပြစ်မတင်ရက်သော်လည်း ဖျောင်းဖျဖို့ရန် ကြိုးစားမိသည်။
"ငါ ဘာပြောရမလဲ မသိဘူး ဖြူရာ၊ ဒါပေမဲ့ နင့်ကို စိတ်ချမ်းသာစေချင်တယ်၊ နင့်အဖေက ပြောင်းလဲမှာ မဟုတ်ဘူး၊ သူ ယုံကြည်သလို သူ ဆက်နေမှာပဲ၊ အလျှော့ပေးရမယ်လို့ ငါ မပြောဘူးနော်၊ နင့်အနေနဲ့ သူက ဒီလိုပါလားလို့နားလည်ပေးနိုင်ရင် ဘာပဲဖြစ်ဖြစ် နည်းနည်း ခံရသက်သာမလားလို့"
မတတ်တတတ် ပြောစကားများကို ဖြူက အသိအမှတ်ပြုကာ ပြုံးပြသည်။
"မေမေ့ကို ငါ့ဆီလာနေဖို့ပြောမယ်"
"ပြောကြည့်ပေါ့ ဖြူရာ၊ ဒါပေမဲ့ တစ်ခါတလေတော့လည်း နားလည်ရခက်တယ်ဟ၊ နင့်အမေကိုယ်တိုင်က ဒီလိုဆက်ဆံခံရတာကို သာမန်ပဲလို့ ယုံနေရင် ရုန်းထွက်လာမှာမဟုတ်ဘူး"
"ဟုတ်တယ်နော် ဆောင်း၊ အခုနောက်ပိုင်း နင့်ကိုကြည့်ပြီး ယောက်ျားတိုင်း မကောင်းတာမဟုတ်ဘူးလို့ ငါ့ကိုယ်ငါ ပြန်ဖျောင်းဖျနေပါတယ် ဟီး"
ဖြူ့ထံမှ အပြုံးကိုပြန်မြင်ရတော့ ကျေနပ်ရသည်။
"အပျိုကြီးမလုပ်တော့ဘူးပေါ့ မိဖြူ"
"ဖြစ်မှာပါပဲ၊ အတွဲတွေကြည့်မရတဲ့ရောဂါမှမပျောက်သေးတာ"
အတူတူရယ်မောဖြစ်ကြသည်။ အတန်ကြာအောင် ရယ်မောနေပြီးမှ ဖြူ သူ့ကို မော့ကြည့်သည်။ နားလည်ရခက်သော အကြည့်မှာ မေးခွန်းတစ်ချို့ရှိနေသလို။
"ဆောင်း.. ငါ နင့်ကို မေးချင်လို့၊ နင်က.."
ဘတ်စ်ကားလာနေသည်ကို လှမ်းမြင်လိုက်ရချိန်မှာ ဖြူသည် မေးခွန်းကိုအဆုံးမသတ်တော့ဘဲ ဟင်းသီးဟင်းရွက်များ ထည့်ထားသောအိတ်ကို လက်ပြောင်းယူကာ နှုတ်ဆက်သည်။
"ဖုန်းဆက်မယ်နော်၊ ဘိုကလေးကား အတူတူစီးရအောင်"
ဖြူ့ မေးခွန်း အဆုံးမသတ်လိုက်သည်ကို ဆောင်းကို စိတ်သက်သာသလို ခံစားရသည်။ ဖြူ့ မေးခွန်းသည် သူ မဖြေချင်သော၊ မဖြေရဲသော မေးခွန်းမျိုးလည်း ဖြစ်နေနိုင်သည်။ ဆောင်းကို လက်မြှောက်ပြကာ အပြုံးနှင့်နှုတ်ဆက်သည်။ ကားထွက်သွားသည်အထိ စောင့်ကြည့်ပြီးမှ နောက်ပြန်လှည့်ခဲ့သည်။ လမ်းတစ်ဖက်ရှိ ကားမှတ်တိုင်နားတွင် ပြောင်းဖူးပြုတ်သည်ကိုမြင်တော့ မေမေ ကြိုက်တတ်သည်ကို သတိရကာ လမ်းကူးရန်ပြင်သည်။ အခွင့်မရလိုက်။ ဘီးလှိမ့်ရုံမောင်းလာသော ကိုယ်ပိုင်ကားတစ်စီးသည် သူ့ ရှေ့တွင် ထိုးရပ်သည်။ ကားမှန်ကို အနည်းငယ်သာ ချထားသော်လည်း လူမှားစရာမရှိပါ။
မောင်းနေသူသည် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူတစ်ယောက်။
⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸