ခြေသံတွေကို ကြားနေရသည်။ ဒီအိမ်မှာ တဒုန်းဒုန်းနှင့် အသံမြည်အောင် ဖိလျှောက်တတ်သူ တစ်ယောက်တည်းရှိသည်။ ခေါင်းအုံးပေါ်မျက်နှာမှောက်ပြီး ဆောင်းကို ဆက်အိပ်နိုင်အောင် ကြိုးစားသော်လည်း မအောင်မြင်။ ခြေသံများက အနားမှာရပ်ကာ ဘေးနားတွင် ၀ုန်းခနဲ ထိုင်ချသံကို ဆက်တိုက် ကြားရသည်။
"ကိုကို... ထ တော့ဗျ"
"သားငယ်.. မင်းအစ်ကို ခရီးပန်းလာတာကို၊ အိပ်ပါစေ"
"မနက်ကတည်းက အိပ်နေတာ"
"တစ်ခါတလေ နားရတာကိုဟယ်၊ ဒီကောင်လေးကတော့"
"နေ့လယ်စာ စားဖို့ စေတနာနဲ့ နှိုးပေးတာပါ မေကြီးရ၊ မေကြီးချက်ထားတဲ့ဟင်းတွေ အေးကုန်မှာစိုးလို့"
မိခင်ဖြစ်သူနှင့် ညီငယ်၏ အပြန်အလှန်စကားများကြောင့် မျက်လုံးမဖွင့်ချင်၍မရ။ မထ မချင်း စကားများနေမည်ဖြစ်သည်။ ရန်ကုန်အိမ်ရဲ့ အငွေ့အသက်သည် မိုးညီညီ၏ စကားသံများကို သည်းခံရခြင်းပါ ပါဝင်သည်။
"ဟော.. ဟော နိုးပြီဗျ၊ မေကြီးရဲ့ သားကြီးနိုးပြီ"
ရေစက်လက်နှင့် ခြောက်အောင် မသုတ်ထားသည့် ရေစိုလက်ကို တွန်းဖယ်လိုက်သည်။
"ဖယ်စမ်းပါ ညီရာ၊ မင်းလက်အေးကြီးနဲ့"
"သားကြီး.. နိုးပြီဆိုရင် ထမင်းလာစား၊ ခူးထားပြီးပြီ၊ မေမေ စာသင်စရာရှိလို့ သွားဦးမယ်၊ အငယ်ကောင်.. ဆိုင်ကို ကြည့်ထားနော်၊ ဂိမ်းပဲ မကစားနဲ့"
"ရက်စ် ပါ မိုင်မားသားကြီး" လုပ်နေသည့် ညီငယ့်အဖြေကို နားမထောင်ဘဲ မေမေ အိမ်အောက်ဆင်းသွားပြီ။ ခြင်းတောင်းလေးဆွဲသွားသည်။
မေမေသည် စာသင်ရသည်ကို ၀ါသနာပါသည်။ ဆောင်းကို ငယ်စဉ်ကတည်းက မှတ်မိနေသော မေမေသည် အဖြူအစိမ်းဝတ် ပန်းတွေဝေနေသော ဆံထုံးလေးနှင့်ဖြစ်သည်။ သနပ်ခါးကို မှုန်နေအောင်လိမ်းပြီး ကျောင်းသွားတတ်သည့် မေမေ။ ကျောင်းမှအပြန် အသား၊ အသီးအရွက်နှင့် ဟင်းချက်စရာများ ၀ယ်လာတတ်သည်။ ကျောင်းသွားခြင်းတောင်းထဲမှာတော့ အဖြေလွှာတွေ၊ စာစစ်စရာတွေ ပြန်ပါလာသည်။ ကြိမ်လုံးတစ်ချောင်းထည့်ထားတတ်သော်လည်း ဟန်ပြရုံသက်သက်။
မေမေသည် ရိုက်နှက်ဆုံးမတတ်သော မိခင်တစ်ယောက်မဟုတ်သလို တုတ်ပြခြိမ်းခြောက်တတ်သည့် ဆရာမလည်းမဟုတ်။ အတန်းဆူညံနေလျှင် ကြိမ်လုံးနှင့်စားပွဲကိုရိုက်ပြီး အသိပေးရုံ အသုံးပြုတတ်သည်။ မနက်မိုးလင်းလျှင် အိပ်ရာမှ စောစီးစွာထမည်။ မနက်စာကို ကသုတ်ကရိုက် ပြင်ဆင်ကာ အ၀တ်လဲမည်။ သနပ်ခါးလိမ်းမည်။ ခြံထဲမှ စကားပွင့်များကို ပန်မည်။ ဖခင်ဖြစ်သူက သူမအတွက်သာ ရည်ရွယ်စိုက်ပျိုးထားသော နှင်းဆီခြုံထဲမှ နှင်းဆီပန်းကို တစ်ခါတစ်ရံ ခူးဆွတ်ပန်လေ့ရှိသော်လည်း မက်မက်မောမော မရှိလှ။ မေမေ အမြတ်နိုးဆုံးက ဇီဇ၀ါပန်းဖြူဖြူလေးများနှင့် စကားဝါပန်းလေးများ ဖြစ်သည်။ ကျောင်းသူကျောင်းသားများ သတိတရ ပန်းယူလာပေးသည့်အချိန်မှာတော့ မေမေ့ဆံထုံးများတွင် ပန်းနှစ်မျိုး၊ သုံးမျိုး အတူယှဉ်ကာ ပန်ဆင်ထားတတ်သည်။
သူတို့၏ ငယ်ဘ၀သည် အေးချမ်းခဲ့သည်။ မေမေက အစိုးရ၀န်ထမ်း ကျောင်းဆရာမဖြစ်ပြီး ဖေဖေက နာမည်ကြီး အင်္ဂလိပ်စာသင်ကျူရှင်ဆရာတစ်ယောက်။ ဖေဖေ့ဝင်ငွေသည် မိသားစုအတွက် လုံလောက်ရုံမက ပိုလျှံသည်။ ဒီအိမ်နှင့်ခြံလေးကို အငှားမှသည် အိမ်ပိုင်ဖြစ်လာအောင် ၀ယ်ယူနိုင်ခဲ့သည်။
ဖေဖေသည် မျက်နှာဝိုင်းဝိုင်း၊ ကိုယ်ခန္ဓာ ၀၀ ဖိုင့်ဖိုင့်နှင့် အရပ်ပုပု ဖြစ်သော်လည်း မျက်နှာချိုသည်။ အပြုံးချိုသည်။ စိတ်ထားကောင်းကာ ကူညီတတ်ပြီး ရပ်ရွာကိစ္စများတွင်လည်း တက်တက်ကြွကြွ ပါဝင်သည်။ အနေအေးကာ အရပ်မြင့်မြင့်၊ ချောချောလှလှ မေမေ့ကိုရအောင် ပိုးပန်းနိုင်ခဲ့သည်မှာ ဒီ ဂုဏ်အရည်အချင်းများကြောင့်သာ။
သူတို့နှင့်အဖေသည် သားအဖဆိုတာထက် ညီရင်းအစ်ကိုလို ဆက်ဆံရေးမျိုး ရှိခဲ့ကြသည်။ ခြံကျဉ်းလေးထဲမှာ အတူတူ အပင်စိုက်သည်။ ရေလောင်းသည်။ သူတို့ညီအစ်ကိုနှစ်ယောက်စလုံး အပင်များကို ချစ်တတ်အောင် သင်ကြားပေးခဲ့သည့် ဖခင်။ ခြောက်သွေ့သော မြို့သစ်မြေကွက်သည် သူတို့ရောက်ရှိလာချိန်တွင် မည်သည့်အပင်မှ မရှိခဲ့။ ပေါင်းမြက်များသာ တောထနေအောင် ထူထပ်နေခဲ့သည်။
ခြံရှင်းဖို့ ပေါက်တူးတစ်လက်နှင့် ဖခင်ကို ဆောင်းကို ကူညီခဲ့ဖူးသည်။ မိုးညီက ဘေးမှာ။ ကူညီသည်ထက် ကစားနေသည်က ပိုသည်။ သူ့ကို မထိမိအောင် သတိထားနေရသောကြောင့်လည်းကောင်း၊ မြွေပါးကင်းပါးအတွက် စိုးရိမ်ကာ နောက်မှ လိုက်နေရသောကြောင့်လည်းကောင်း အလုပ်မတွင်ခဲ့။
တဖြည်းဖြည်းနှင့် အိမ်လေးဘေးရှိ မြေကွက်လပ်နှင့် အိမ်ရှေ့မြေလွတ်နေရာကျဉ်းလေးတွင် မြက်တွေရှင်းသွားခဲ့သည်။ မေမေ့အတွက်ဟု ရည်ရွယ်ပြီး သားအဖသုံးယောက်စိုက်ခဲ့သော ပန်းပင်လေးများ အိမ်ရှေ့တွင် တစ်ပင်ပြီးတစ်ပင် ရှိလာသည်။ တရုတ်စကားပင်လေးသည် တစ်နှစ်ပြီးတစ်နှစ် အကိုင်းအခက်များနှင့် ဝေဆာလာသည်။ ပန်းပွင့်လေးများ ပွင့်လာသည်။ သရက်ပင်စိမ်းစိမ်းလေးသည် အပင်ကြီးဖြစ်လာပြီး သရက်ပွင့်များ၊ အကင်းများ မြင်ရချိန် သူတို့အားလုံး ပျော်ခဲ့ကြရသည်။ ခြံထောင့်တွင်ရှိသော ငှက်ပျောပင်လေးမှသည် ငှက်ပျောရုံကြီး ဖြစ်လာချိန်မှာ ခြံထွက်ငှက်ပျောအူနှင့် မေမေ မုန့်ဟင်းခါး ချက်ပေးခဲ့ဖူးသည်။
ပျဉ်ထောင်အိမ်လေးသည် မြေပြင်လွတ်ဖြစ်သည်။ အိမ်ကြမ်းပြင်နှင့် မြေပြင်ကြားတွင် လေး ငါးပေခန့်ကွာသည်။ အိမ်အောက်တွင် ကြက်တွေ၊ ဘဲတွေ မွေးကြသည်။ ကြက်ပေါက်လေးတွေ၏ စီညံသံများသည် နှစ်လိုဖွယ်အတိ။ အိမ်ရှေ့ရေမြောင်းတွင် ဘဲသားအမိတွေ အစာရှာကြသည်။ ရွှံ့ရေ ဗွက်ရည်များကြောင့် ဘဲမွှေးမပြောင်ဟု ပြောရမည်လားမသိ။ တစ်ချိန်လုံး ညစ်ပတ်နေသည်သာ။ ဘဲများကို ရေချိုးပေးဖို့ ကြိုးစားနေသည့် သူတို့ညီအစ်ကိုနှစ်ယောက်ကိုကြည့်ပြီး ဖေဖေကတော့ ရယ်လို့မဆုံးနိုင်။
မည်သည်ကမသိဘဲ ရောက်လာသော အဖြူနှင့်အနက် ကြောင်လေးလည်း အိမ်သားတစ်ယောက် ဖြစ်လာသည်။ ကြက်ပေါက်လေးများကို ခုတ်မည်စိုးရသော်လည်း အပျင်းကြီးသော ထိုကြောင်လေးသည် ကြက်မပြောနှင့်၊ ကြွက်ကိုတောင် စိတ်မ၀င်စားပါ။ ကြွက်က သူ့ရှေ့မှ ဖြတ်ပြေးသည်ကို သူက ခေါင်းလည်ကြည့်ပြီး ပျင်းရိသလို သန်းဝေကာ အခြားဘက် ခေါင်းလှည့်သွားသည်။ အစာကိုပင် မျက်စိရှေ့သို့ ရောက်လာမှ စားသည့် ကြောင်ငပျင်းလေး။ ကြီးကျယ်သည်မှာလည်း သူ့အပြင် အခြားကြောင်မရှိနိုင်။ ထမင်းဖြူဆိုမစားဘဲ ငါးကြော်နှင့်နယ်ထားမှ စားသည်။ သို့သော် ဆောင်းကိုကတော့ သူ့ကိုချစ်သည်ပင်။
ပေါက်စဟု သူတို့အမည်ပေးထားသော ကြောင်လေးသည် မိုးညီနားတော့ မကပ်။ ညီအစ်ကိုနှစ်ယောက် ဘေးချင်းယှဉ်ထိုင်ကာ တီဗွီကြည့်နေတာတောင် ဆောင်းကို ပေါင်ပေါ်သာ တက်သည်။ မိုးညီက မကျေနပ်ဘဲ ဆွဲဖမ်းပြီး သူ့ပေါ်တင်သည်။ မရ။ ကုတ်ခြစ်ပြီး ဆောင်းကိုပေါ် ပြန်လာသည်။
အပင်လေးတွေ၊ တိရစ္ဆာန်လေးတွေနှင့် နေ့ရက်တိုင်းသည် သာယာခဲ့သည်။ ကလေးငယ်ရှားသော ရပ်ကွက်ဖြစ်သော်လည်း ကစားဖော်မရှားခဲ့။ အိမ်ဘေးမြေကွက်လပ်တွင် သူတို့သားအဖသုံးယောက် ဘောလုံးကန်ကြသည်။ ကြက်တောင်ရိုက်ကြသည်။ ၀ါးကပ်ခြံစည်းရိုးများသည် မိုးညီ၏ ဘောလုံးကန်ချက်ကြောင့် ကျိုးပျက်ရသည်မှာ အခါခါ။ ဖေဖေက ဘယ်တော့မှ မဆူ။ တဟား ဟား အော်ရယ်တတ်သည်။ မေမေကတော့ ရင်ကိုဖိပြီး ဆူတတ်သည်။ သုံးယောက်လုံး မေမေ့ အဆူခံထိသည်။
ဖခင်နှင့်ပတ်သက်ပြီး ဆောင်းကို အမှတ်မိဆုံးမှာ မေမေ့အပေါ် တန်ဖိုးထားပြီး ချစ်မြတ်နိုးခြင်းပင်။ ထို့အပြင် တစ်ချိန်လုံး လိုက်စကာ ရယ်မောနေတတ်သည်။ မေမေ့ကို စ ရမည်ဆိုလျှင် ဖေဖေနှင့် မိုးညီသည် အတွဲညီသည်။ သူကတော့ သူတို့နှစ်ယောက်နောက်လိုက်။ ဆွဲခေါ်တော့လည်း ပါရသည်။
အိမ်သာတက်ရန် သီးသန့်ထားသည့် မေမေ့ဖိနပ်ကို ဖွက်ထားတတ်သည်။ သနပ်ခါးကျောက်ပြင်ပေါ် နနွမ်းမှုန့်တွေ ဖြူးထားတတ်သည်။ မေမေ့ ကျောင်းခြင်းတောင်းထဲ သစ်ရွက်ခြောက်တွေ ထည့်ထားတတ်သည်။ မီးဖိုချောင်မှ ဆားနှင့် သကြားကို ပုလင်းပြောင်းထည့်ထားသည်။ ကော်ဖီကို ဆားခတ်မိသောကြောင့် ငန်သွားသည်ကို နှမြောပြီးကုန်အောင် သောက်ခဲ့ရဖူးသည်။ ညနေခင်းများသည် ရယ်သံ၊ စနောက်သံများနှင့် ဆူညံနေခဲ့ဖူးသည်။
ထိုရယ်မောသံများသည် လျှင်မြန်စွာပျောက်ဆုံးသွားခဲ့လိမ့်မည်ဟု ဆောင်းကို မထင်ထားခဲ့ပါ။ ထိုညနေခင်းသည် အခြားညနေများကဲ့သို့ပင် ပုံမှန်လည်ပတ်နေခဲ့သည်။ မြို့ထဲမှ ကျူရှင်သင်ပြီးပြန်လာသော ဖေဖေသည် ထမင်းမစားခင် ရေချိုးသည်။ မေမေက ညစာပြင်နေချိန်။ မိခင်ကို မကူရမနေနိုင်သော ဆောင်းကိုက ကြက်သွန်နီလှီးပေးနေသည်။
ရေချိုး၊ အ၀တ်အစားလဲပြီး အိမ်ပေါ်တက်လာသော ဖေဖေသည် မူးတယ် မူးတယ် ဟုသာ ပြောလိုက်နိုင်သည်။ ဘုန်းခနဲ လဲကျသည်။ ဖြစ်ကာစမှာ ရုတ်တရက် ဘာဖြစ်နေသည်ကို နားမလည်လိုက်။ အစအနောက်သန်သည့် ဖခင်သည် မေမေ့ကို စ နေသည်လားဟုပင် တွေးမိသည်။ နောက်မှ အလန့်တကြား ဖေဖေ့နား အားလုံးရောက်သည်။ ခပ်၀၀ကိုယ်ခန္ဓာပိုင်ရှင်ဖြစ်သော ဖေဖေ့ကို ပွေ့ချီရသည်မှာ မလွယ်ပါ။
အသက်မရှိတော့သော ဖခင်ကိုသာ ပွေ့ဖက်မိသည်။ လဲကျချိန်မှာ ဆုံးသွားခဲ့ပြီဖြစ်သည်။ ဦးနှောက်သွေးကြောပြတ်သည်ဟူသော အကြောင်းပြချက်သည် အရေးမကြီးတော့။ သူတို့၏ ချစ်လှစွာသော ဖခင်တစ်ယောက် လောကမှာ မရှိတော့။
ကမ္ဘာပျက်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်းကို ပင်ပန်းဆင်းရဲကြီးစွာ နားလည်လိုက်ရသည့် အချိန်များပင်။ ပြင်ဆင်ချိန်ရော၊ တွေးတောချိန်ပါ မရလိုက်ဘဲ အားကိုးချစ်ခင်ရသော ဖခင်ကို ဆုံးရှုံးလိုက်ရသည်။ ရယ်သံများနေရာတွင် ရှိုက်သံများသာ ကျန်ခဲ့သည်။ မေမေသည် အိပ်ရာထဲမှာ ခွေလှဲနေသည်မှာ နေ့ရက်များစွာ။ အချိန်တိုင်းငိုသည်။ ဘာမှမစားမသောက်။ အိပ်ပျော်ပုံလည်းမရ။ အချိန်တိုင်း ဖေဖေ့ဓါတ်ပုံကို ရင်မှာ ပွေ့ဖက်ထားသည်။ မျက်လုံးများ မို့မောက်နီရဲနေသည်အထိ ငိုနေခဲ့သည်သာ။ ကြက်သွန်နီလှီးလျှင် မေမေ မျက်ရည်ကျမည်ကို စိုးရိမ်ကာ ၀င်ကူလေ့ရှိသော ဆောင်းကိုသည် ဒီအဖြစ်အပျက်မှာတော့ မေမေ မငိုအောင် မချော့ပေးနိုင်တော့။
မေမေငိုတာမြင်လျှင် မိုးညီပါ လိုက်ငိုသည်။ ဖေဖေ ပြန်လာဦးမည်လားဟု မျှော်နေတတ်သည်။ ဗိုက်ဆာလျှင် ဆောင်းကို နားသို့ ရောက်လာတတ်သည်။ အိမ်၏တာဝန်သည် သားကြီးဖြစ်သူ၏ ပခုံးပေါ် သူ့အလိုလို ရောက်ရှိလာသည်။ သတင်းကြား၍ လာရောက်မေးမြန်းသူများကို ဧည့်ခံရသည်။ တတ်သမျှ၊ မှတ်သမျှ ချက်ပြုတ်ကာ ညီငယ့်ကို ပြင်ကျွေးသည်။ စားလို့လည်း မကောင်းဘူးဆိုကာ စိတ်ဆိုးသော ညီ့ကို ချော့ရသည်။ မေမေ့အတွက် ပြင်ဆင်ပေးသည့် အစာများကတော့ အရာမယွင်း။ ညီငယ့်ကို ကျောင်းလိုက်ပို့ချိန် ဆရာ၊ ဆရာမများ၏ မေးမြန်းမှုကို မျက်ရည်မကျဘဲ ဖြေနိုင်အောင် ကြိုးစားရသည်။
တစ်နေ့..
ကျောင်းပို့ရာမှအပြင် အိမ်အ၀င် လှေကားထစ်များပေါ်ထိုင်ချရင်း ဆောင်းကို ငိုင်နေသည်။ တစ်ကိုယ်လုံးခွန်အားတစ်စက်မှ မကျန်တော့သလို ပင်ပန်းကာ နုံးချိနေသည်။ ခြေသံများကြောင့် တအံ့တသြလှည့်ကြည့်တော့ မေမေ့ကို တွေ့ရသည်။ သနပ်ခါးမရှိသော မျက်နှာနွမ်းနွမ်းကို သူ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်။
"သားကြီး ပင်ပန်းနေပြီ"
ဒီစကားကိုသာ မေမေ ပြောခဲ့သည်။ ထို့နောက်မှာတော့ မေမေ အခန်းမအောင်းတော့။ မျက်ရည်ကျတာကို မတွေ့ရတော့။ အိမ်သန့်ရှင်းသည်။ ညစာအတွက် ချက်ပြုတ်သည်။ ရေချိုးပြီး သနပ်ခါးလိမ်းသည်။ အားလုံးပြီးမှ ဖေဖေ့နှင့်စပ်တူ အကောင့်ဖွင့်ထားသော ဘဏ်စာအုပ်လေးကို ဖွင့်ပြီး စုဆောင်းထားသည့် ကိန်းဂဏန်းများကို အကြာကြီး ငေးကြည့်နေသည်။ လက်ကျန်စုငွေများနှင့် အိမ်ဆိုင်လေးဖွင့်ရန် ဆောင်းကိုနှင့် တိုင်ပင်သည်။
အကြံမပေးတတ်ခဲ့။ မေမေသည် ကျောင်းဆရာမအလုပ်ကို ဘယ်လောက်မြတ်နိုးသည်ကို သိထားသောကြောင့်ပင်။ သို့သော် မေမေသည် ၀န်ထမ်းဘ၀ကို စွန့်ခဲ့သည်။ စတိုးဆိုင်လေး ဖွင့်ခဲ့သည်။ အရင်းအနှီးခိုင်မာသောကြောင့် လှုပ်လီလှုပ်လဲ့မဟုတ်။ ပစ္စည်းကောင်းများရသည်။ မေမေ့ဆိုင်လေးသည် ရပ်ကွက်ထဲမှ သူများအတွက် အဆင်ပြေစေသည်။ သူတို့မိသားစုအတွက် ၀င်ငွေရစေသည်။ ချွေတာသုံးစွဲတတ်သော မေမေသည် ၀င်ငွေ၊ ထွက်ငွေကို ဗလာစာအုပ်ထဲ နေ့စဉ်ရေးမှတ်သည်ပင်။
အပိုသုံးစွဲတာတွေ လျှော့ချသည်။ မီးဖိုချောင်မှာ အလေအလွင့်မရှိစေရ။ ဆီက အစ၊ သကြားအဆုံး လိုသလောက်သာ သုံးသည်။ ဘဲဥပြုတ်တစ်ခြမ်းနှင့် ထမင်းစားတတ်ခဲ့သည်မှာ ထိုအချိန်ကတည်းကပင်။ ခြံထွက်အသီးအရွက်များသည် ထမင်းပွဲမှာ အမြဲလိုလို ပါဝင်လာသည်။ ဖေဖေရှိစဉ်ကလောက် အဆင်မပြေတော့။ ပစ္စည်းကောင်းများ မသုံးရတော့သော်လည်း အိမ်ပိုင်လေးနှင့် ဟန်မပျက်နေနိုင်ခဲ့သည်။ ညီအစ်ကို နှစ်ယောက်စလုံး အပူအပန်မရှိ ကျောင်းတက်ကာ ပညာသင်နိုင်ခဲ့သည်။
သားနှစ်ယောက်အမေ ဖြစ်သည့်တိုင် မေမေသည် အလှမပျက်။ ယဉ်သော အလှမျိုးဖြစ်သောကြောင့်လည်း မေမေ့ကိုချဉ်းကပ်သော အမျိုးသားများ မရှားခဲ့ပါ။ ကျောင်းဆရာတွေပါသည်။ စီးပွားရေးသမားတွေပါသည်။ ၀န်ထမ်းအရာရှိတွေပါသည်။ မေမေက အားလုံးကို ငြင်းခဲ့သည်ပင်။ သားနှစ်ယောက်နှင့်သာ ဘ၀ကိုရှေ့ဆက်ခဲ့သည်။ လွယ်ကူခဲ့သည် မဟုတ်သော်လည်း နောက်ပြန်လှည့်ကြည့်လျှင် နောင်တရစရာမရှိခဲ့။ ကြွေးမှီကင်းသည်။ လှူဒါန်းနိုင်ခဲ့သည်။ မကြွယ်ဝသော်လည်း ရောင့်ရဲနိုင်ခြင်းကြောင့် စိတ်ချမ်းသာခဲ့သည်။
"အကြီးကောင်ကို ကျောင်းထွက်ပြီး အလုပ်လုပ်ခိုင်းပါလားဟယ်"
ဒီစကားသည် မေမေ့ကို အနာကျင်စေဆုံး စကားများဖြစ်သည်။ ပညာကို ကြိုးစားသင်စမ်းပါ ဟု အမြဲမပြတ် အားပေးခဲ့သည်။ ပညာသင်ဆုများလျှောက်ဖို့ သူမ ကိုယ်တိုင် မသုံးတတ်သုံးတတ် အင်တာနက်သုံးကာ ကူညီပေးခဲ့သည်။ ဘွဲ့ရပြီးသည့်နောက်မှာ အလုပ်ဝင်လျှင်ကောင်းမလား။ ပညာဆက်သင်ရမလား တွေဝေနေစဉ်မှာ မေမေကတော့ ပြတ်သားသည်။ ဆောင်းကို ၀ါသနာပါသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များကို ပြည်ပမှာ သင်ကြားဖို့ရန် စိတ်ရောကိုယ်ပါ အားပေးခဲ့သည်။ ဘွဲ့လွန်ပညာရပ်အတွက် နှစ်နှစ်လုံးလုံး မိခင်နှင့်ရော၊ အမိမြေကိုပါ ထားခဲ့ရမည်ကို စိတ်မကောင်းနိုင်။
"သားက တိရစ္ဆာန်လေးတွေချစ်တယ် မဟုတ်လား၊ သူတို့လေးတွေကို ကူညီဖို့ဆိုတာ ပညာအရည်အချင်းလိုတယ်၊ မေမေတို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေ ရှားသေးတယ်၊ သွားပါ သားရယ်၊ မေမေတို့အတွက် ဘာမှမပူနဲ့။"
လေဆိပ်သို့ မျက်ရည်မကျ လိုက်ပို့ခဲ့သော မေမေ။ မိုးညီက မျက်ရည်ကျသော်လည်း မေမေကတော့ အပြုံးနှင့်သာ နှုတ်ဆက်ခဲ့သည်။ အိမ်ပြန်ရောက်ချိန် မေမေ တစ်ယောက်တည်း ငိုနေမည်ဆိုတာကို သိထားသောကြောင့် လေယာဉ်ပေါ်မှာ မျက်ရည်မကျဘဲမနေနိုင်ခဲ့။
အမိမြေနှင့်ဝေးခဲ့သည်။ ပညာရှာရင်း ပထမဆုံးချစ်ရသူနှင့် ဆုံခဲ့ရသည်။ ဝေးခဲ့ရပြန်သည်။ လုပ်ငန်းခွင်ထဲ ရောက်ခဲ့သည်။ ဘ၀မှာ မထင်မှတ်ထားသော အဖြစ်အပျက်တွေ အခြေအနေတွေကို ရင်ဆိုင်ရသော်လည်း မေမေ၏ အေးမြသောမေတ္တာကတော့ မပြောင်းလဲခဲ့ပါ။
စီးပွားရေးအခြေခိုင်ကာ သူတို့နှစ်ယောက်စလုံး အရွယ်ရောက်လာမှ မေမေသည် သူမ ၀ါသနာပါသော ဆရာမအလုပ်ကို ပြန်လုပ်သည်။ အပြင်ကျူရှင်သင်သလို ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းရှိ မိဘမဲ့ဂေဟာတွင် စေတနာ့ဝန်ထမ်း ဆရာမ တစ်ယောက် ဖြစ်လာသည်။ ဂုဏ်ယူရပါသည်။
အဖေနှင့်အမေသည် သူ့ဘ၀ရဲ့ စံပြလူသားနှစ်ယောက်။
⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸
မိခင်ပြင်ဆင်ပေးခဲ့သော ထမင်းစားပွဲဝိုင်းမှာ ဆောင်းကို ၀င်ထိုင်လိုက်သည်။ ကြမ်းပြင်မှာ ဖင်ထိုင်ချစားကြရသော သစ်သားထမင်းစားပွဲဝိုင်းလေးသည် ဖေဖေရှိစဉ်ကတည်းက ဖြစ်သည်။ ဆွေးချင်သလိုပင် ဖြစ်နေပြီ။ သို့သော် အသစ်ဝယ်ဖို့ရန် မည်သူမျှ စိတ်မကူးသလို ထိုင်ခုံဖြင့် စားရသော စားပွဲမြင့်များကို မလိုချင်ကြ။ သူတို့ သားအမိသုံးယောက်လုံးသည် ကြမ်းပြင်မှာ ထိုင်စားရသည့် ဒီထမင်းပွဲများကိုသာ ခုံမင်ကြသည်။
ထမင်းဖြူသည် အငွေ့ထွက်ဆဲ။ ဂေါ်ဖီ၊ ပဲသီးစိမ်း၊ ပန်းဂေါ်ဖီ၊ ပြောင်းဖူးသေးလေးများ ရောကြော်ထားသော ဟင်းသီးဟင်းရွက်ပန်းကန်ကို အရင်ခပ်ထည့်သည်။ မိုးညီကတော့ ကြက်ကလီစာဟင်းခွက်ကို လက်ဦးမှု ယူသည်။
"ဟိုမှာ မင်း ဘာတွေစားလဲ ကိုကို"
"ရှမ်းခေါက်ဆွဲ"
"ညစာရော.."
"ရှမ်းခေါက်ဆွဲသုတ်"
မိုးညီညီသည် ချဉ်ပေါင်ရည်ဟင်းချိုဇွန်းခပ်နေရင်းမှ မျက်နှာကြီးမဲ့ကာ မော့ကြည့်တော့ ဆောင်းကို ရယ်လိုက်သည်။ ထမင်း မပါလျှင် ဘာစားစား မ၀သည့် ညီဖြစ်သူအကြောင်းကို သူ ကောင်းကောင်းသိသည်။
ဆောင်းကိုက ဖခင်ဖက်လိုက်ကာ အရပ်ပုသော်လည်း မိုးညီသည် မိခင်နှင့်တူသည်။ အသားဖြူဖြူ မေးရိုးချွန်သည်။ မျက်ခုံးများက ဆန်းသစ်လစလို။ ထူလည်းထူသည်။ နှာခေါင်းပြားချင်သလိုလို ထင်ရသော်လည်း အဖျားမှာ ပုံကျသောကြောင့် မသိသာ။ ကျောင်းသားအရွယ်ဖြစ်သော်လည်း ပါးသိုင်းမွှေး စိမ်းနေအောင် မကြာမကြာရိပ်ပြီး လူကြီးဖြစ်ချင်နေသည့် ကောင်လေးတစ်ယောက်။
"ရှမ်းခေါက်ဆွဲက အရည်ဖျော်လည်းရတယ်၊ စားလို့ကောင်းတယ် ညီ"
"ထမင်းရော.."
"မနက်စာ ထမင်းကြော်စားတယ်လေ"
"မအီဘူးလားကွာ"
"တစ်ခါတလေတော့ အိမ်ထမင်း စားချင်တာပေါ့"
ငါးပိရည်ကျိုဖြူးထားသည့် ထမင်းပေါ်မှာ မျှစ်ချဉ်ပြုတ်ကို ထားပြီးမှ လက်နှင့်သိမ်းကာ ပါးစပ်ထဲထည့်သည်။ ချဉ်ပေါင်ဟင်းချိုစမ်းပြီးသား ဖြစ်သောကြောင့် စားလို့ကောင်းလိုက်သည့် ဖြစ်ခြင်း။ နူးညံ့သော်လည်း ပျော့မနေသည့် ပန်းဂေါ်ဖီပွင့်ကို အရသာခံဝါးသည်။ ကြက်သွန်နီကြော်များနှင့် ပဲပြုတ်ကျော်ကို ထမင်းနှင့်မရောဘဲ တစ်ဇွန်းခပ်စားသည်။ မေမေ့လက်ရာမှန်သမျှ စားမကောင်းတာမရှိ။
"ခြံထဲကလား"
တို့စရာပန်းကန်ထဲမှ ရုံးပတီသီးပြုတ်ကို လှမ်းယူပြီးမေးတော့ ဂုဏ်ယူသောအပြုံးကို မြင်ရသည်။
"ပန်းဂေါ်ဖီရယ် ဒီကောင်တွေရယ်ကလွဲရင် အားလုံးခြံထွက် ကိုကို၊ မင်း ညီ ရဲ့ ကန်စွန်းခင်း အင်တာပရိုက်စ်က ထွက်တာ"
ပြောင်းဖူးပေါက်လေးများကို ညွှန်ပြရင်း ဖြေသည်။ မိုးညီသည် ပညာရေးကို စိုက်မ၀င်စား။ ဆယ်တန်းကို နှစ်နှစ်ဖြေမှ အောင်ခဲ့သည်။ ယခု အဝေးသင်တက်နေသော်လည်း ဖြေချင်မှဖြေမည်ဟု သဘောထားသူ။ ဂိမ်းကစားလိုက်၊ ခြံထဲမှာအပင်စိုက်လိုက်၊ ဆိုင်ထိုင်လိုက်နှင့် ပျော်သည်။ ဘာအလုပ်ဝါသနာပါသည်။ ဘာလုပ်ချင်သည်ကို မသိသေးသော်လည်း မိခင်နားနေရလျှင်တော်ပြီဆိုသော ကောင်လေးပင်။
"ညောင်...."
အော်သံသေးသေးလေးနှင့်အတူ အနားရောက်လာသော ကြောင်လေးတစ်ကောင်ကို မြင်လိုက်ရသည်။ တစ်ကိုယ်လုံးအနက်ရောင်ဖြစ်ပြီး ခြေထောက်နေရာတွင်မှ ခြေစွပ်စွပ် ထားသည်လား ထင်ရအောင် ကွက်ဖြူနေသည်။ နှာခေါင်းနေရာသည်လည်းဖြူသည်။ ဆောင်းကို ကြည့်ရင်း အံ့သြနေသည်ကိုမြင်တော့ မိုးညီ ရယ်သည်။
"တူတယ် မဟုတ်လား"
"အေး..ငါ ပေါက်စ ထင်နေတာ"
အပျင်းကြီးကာ ကြွက်ကိုပင် မခုတ်သည့် ပေါက်စ။ သူတို့အိမ်သို့ ပထမဆုံးရောက်လာသည့် ကြောင်လေးပေါက်စသည် ယခုမရှိတော့။ ငါးနှစ်၊ ခြောက်နှစ်လောက် အတူနေပြီးချိန် အိမ်မှပျောက်သွားခဲ့သည်။
"ဒါပေမဲ့ ပေါက်စက နားရွက်ရော၊ ပါးရော ဖြူတယ်လေကွာ"
ဘေးနားမှ တညောင်ညောင်အော်ကာ အစာတောင်းနေသော ကြောင်လေးကို ငုံ့ကြည့်သည်။ ကြောင်လေးသည် အမြီးကိုထောင်ကာ ခါးကို ခေါင်းနှင့်ဝှေ့သည်။ ကိုယ်နှင့်ပွတ်သည်။ မျက်လုံး ညိုများနှင့် စိုက်ကြည့်ပြီးမှ ပါးစပ်ကိုဖြဲကာ ညောင် ဟု အော်သည်။
"ဘာစားမလို့လဲ၊ ငါက အရွက်ပဲစားနေတာ"
ဘယ်ဘက်လက်နှင့် ခေါင်းကိုသပ်ပေးတော့ လက်ဖ၀ါးကို အတင်းဝင်ခွေ့ကာ အော်ပြန်သည်။ နှုတ်ခမ်းမွှေးတွေ တုန်သည်အထိ။
"အပျင်းကြီးတာလည်း တူတာပဲ၊ ကြွက်ခုတ်မယ့်အစား သူကတောင် ပြန်ကြောက်နေတဲ့ ကောင်"
"ငါးကြော်ရှိလား"
"မရှိဘူး"
"ငါးခြောက်ရော.."
"မေမေကျွေးပြီးပါပြီကွာ၊ နောက်ဖေးသွားကြည့်၊ ဘယ်တော့မှ ကုန်အောင် မစားဘူး၊ နောက်မှ တစ်သက်လုံးငတ်နေသလို မျက်နှာငယ်နဲ့ တစ်ရပ်ကွက်လုံး အစာလှည့်တောင်းတဲ့ကောင်"
ဆောင်းကို မနေနိုင်တော့၍ နေရာမှထပြီး မီးဖိုချောင်ထိသွားကာ ကြောင်အိမ်ထဲရှာသည်။ ရေခဲသေတ္တာမရှိသောကြောင့် မေမေသည် ကြက်သား၊ ၀က်သားတို့ကို ကြော်တန်ကြော်၊ ပြုတ်တန်ပြုတ်ပြီး သိမ်းထားတတ်သည်။ ငါးနီတူခြောက်များကို ကြော်သိမ်းထားသောပုလင်းထဲမှ နှိုက်ယူပြီး စားပွဲရှိရာသို့ ပြန်လာသည်။
"ညောင်...."
နှုတ်ခမ်းမွှေးတုန်အောင် အစာတောင်းနေသော ကြောင်လေးသည် တကယ်ပင် ပေါက်စနှင့်တူသည်။ သူ မီးဖိုချောင်သွားချိန် အပင်ပန်းခံ လိုက်မသွား။ အချိန်တန် အစာကိုယ့်ရှေ့ရောက်လာစေမည့် အကြောင်း နေရာမှာပင် ငုတ်တုတ်ထိုင်စောင့်နေသည်။ ငါးနီတူခြောက်ကို ချကျွေးတော့ ချက်ချင်းမစား။ နမ်းလိုက် ရှုံ့လိုက် လုပ်သည်။ နောက်မှ မစားချင့်စားချင် အားနာ၍ စားရသလို စားပြနေသောကြောင့် ရယ်ရသည်။ မိုးညီ ပြောသည်မှာအမှန်ပင်။ ဗိုက်မဆာဘဲ အစားတောင်းသည့် အလည်လေးပင်။
"အိမ်ကိုရောက်တာ ကြာပြီလား"
"မကြာသေးဘူးကွ၊ သုံးလလောက်ပဲရှိဦးမယ်၊ မေကြီးကလည်း ပေါက်စနဲ့တူတယ်ဆိုပြီး အစာတွေကျွေးလို့ အိမ်မှာပဲ ကပ်နေတာ"
"နာမည်ဘယ်လိုခေါ်လဲ"
"ပဲသီး"
"ဟင်.."
"ပဲသီးပါဆို"
"မင်း ပေးတဲ့နာမည်ကလည်း ဘာဆိုင်လို့လဲ ညီရာ"
"ပါးစပ်ထဲတွေ့ရာ ခေါ်လိုက်တာ"
မိုးညီညီသည် ဒီလိုလူမျိုး။ မလိုအပ်သည့်ကိစ္စများအတွက် ဘယ်တော့မှ ခေါင်းရှုပ်မခံ။ လက်တွေ့ကျလွန်းသော ညီ နှင့် စိတ်ကူးယဉ်တတ်လွန်းသော အစ်ကို။ သူတို့နှစ်ယောက်သည် အရာရာတွင် ဆန့်ကျင်ဖက်။
ဆောင်းကိုက တိရစ္ဆာန်လေးတွေကို ချစ်သည်။ ကဗျာတွေစပ်သည်။ သီချင်းအေးအေးလေးတွေကို သဘောကျသည်။ ကျောင်းသားဘ၀တွင် ဆရာ ဆရာမတွေ အဆူခံရလျှင် တနုံ့နုံ့ပြန်တွေးပြီး တစ်ပတ်ဆယ်ရက် စိတ်မကောင်းဖြစ်တတ်သူ။ မိုးညီကတော့ ရိုက်ရိုက်၊ ဆူဆူ။ ခေါင်းမာသည်။ မည်သူ့ကိုမှလည်း စကားအကောင်းမပြော။ လူတိုင်းနှင့် ဆက်ဆံရာတွင် မာရေကျောရေ ရှိလှသည့်အပြင် နားဝင်ချိုအောင်မပြောတတ်။
သို့သော် မိုးညီ၏ ခေါင်းမာမှုသည် အပေါ်ယံ လူမြင်ရုံသာ။ စိတ်အားငယ်တတ်ပြီး အားကိုးလိုတတ်သည့် မူရင်းစိတ်မှန်ကို သူ နားလည်သည်။ အချစ်ခံချင်သည်။ ဂရုစိုက်ခံချင်သည်။ ဖခင်ကို စောစီးစွာ ဆုံးရှုံးခဲ့ရသောကြောင့် အမေနှင့် အစ်ကိုကို မိုးညီ ချစ်မြတ်နိုးသည်မှာ မကိုးကွယ်ရုံတမည်ဖြစ်သည်။ သို့သော် သူ့သဘာဝအတိုင်း စကားပြောလျှင် ကန့်လန့်။
"၀ယ်သူလား မသိဘူးဗျ"
မိုးညီသည် စားလက်စဇွန်းကို ပန်းကန်ထဲပစ်ချပြီး ထိုင်နေရာမှ ထသွားသည်။ ဒီတော့မှ ညီဖြစ်သူသည် အိမ်ထဲမှာ မည်သည့်နေရာတွင်ရှိရှိ ဆိုင်ကို လှမ်းမြင်နေရသော နေရာကိုသာ ရွေးချယ်နေရာယူတတ်သည်ကို သတိထားမိသည်။ သူကတော့ မိဘအိမ်တွင် ဧည့်သည်တစ်ယောက်လို ဆိုင်ဖွင့်ထားသည်ကိုပင် မေ့နေသည်။
အိမ်ရှေ့မှ စကားသံများကို ကြားနေရသည်။ ရောင်းသူဝယ်သူ ပြောနေကြသည်ဟုပင် သဘောထားမိကာ အလေးမထားမိ။ မေမေ့လက်ရာနေ့လယ်စာကို ငုံ့စားရင်း ဆောင်းကို ထမင်းစားမြိန်နေသည်။ အတန်ကြာမှ မိုးညီ ပြန်လာသည်။
"ကိုကို.."
ထမင်းပွဲမှာ ၀င်မထိုင်သေးဘဲ လှမ်းခေါ်သောကြောင့် နောက်လှည့်ကြည့်သည်။ မိုးညီနောက်မှာ သူ လုံးဝ မထင်မှတ်ထားသည့်သူ။
အပြုံးလှလှလေးကြောင့် ပါးမို့မို့လေး ပိုထင်းကာ ချစ်စရာကောင်းသည်။