Indawgyi Wetland Education Centre
အင်းတော်ကြီးပတ်၀န်းကျင်ထိန်းသိမ်းရေးပြခန်း
ချစ်စရာရိုးရာအဆောက်အဦ၀င်ပေါက်ဘေးမှ ဆိုင်းဘုတ်ကို အရင်ဆုံးမြင်ရသည်။ ဘေးတွင် သက်ကယ်၀တ်စုံအချို့ ထောင်ထားသည်။ သဘာ၀အခြေခံခရီးသွားလုပ်ငန်းများထဲမှ တစ်ခုဖြစ်သော ကနူးလှေငှားရာတွင် အသုံးပြုရန်ဖြစ်သည်။ ဒီနေရာလေးတွင် ကနူးလှေများ၊ စက်ဘီးများငှားနိုင်သလို ပြည်တွင်းပြည်ပ ခရီးသွားများလိုအပ်သည့် ဧည့်လမ်းညွှန်အတွက်၊ ဒေသမြေပုံများအတွက် အားထားရသော နေရာတစ်ခုဖြစ်သည်။ အဆောက်အဦထဲ ၀င်လိုက်သည်နှင့် ဧည့်ကြိုမှ မိန်းကလေးသည် ဆောင်းကိုအား မော့ကြည့် ပြုံးပြသည်။
"ဆရာ စားပြီးပြီလား"
"စားပြီပြီ၊ ညီမတို့ရော.."
"ဟုတ်ကဲ့..စားပြီးပါပြီ၊ ဆရာ ဒီကို မလာတာကြာပြီနော်"
"ဆရာ ဒဲရစ်ခ် ပြန်ခါနီးပြီဆိုတော့ လိုအပ်တာတွေ ကူညီနေရလို့ပါဗျာ"
သုတေသနစာတမ်းအတွက် လိုအပ်သည်များ ပြီးလုပြီဖြစ်သလို အင်းတော်မြေကို ဒဲရစ်ခ်တစ်ယောက် နှုတ်ဆက်ရတော့မည့် အချိန်သည် နီးသထက် နီးလာခဲ့ပြီ။ အချက်အလက်များ၊ ဓါတ်ပုံများ၊ အင်တာဗျူးများ ပြည့်စုံသလောက်ရှိခဲ့ပြီး နောက်ဆုံးအဆင့် အချောသတ်ပြန်ရေးရန်သာ လိုအပ်သည်။ ထို့အတွက်တော့ ဒီမှာ ဆက်နေစရာ မလိုတော့ပါ။ သူ့နိုင်ငံမှာရေးလို့ရသည်။ ထို့အပြင် နောက်ဆုံးအဆင့် အချောသတ်ရေးရာတွင် လမ်းညွှန်ဆရာများ၏ အကူအညီလိုသည်။
"သူ ရောက်နေပြီမဟုတ်လား"
"ဟုတ်ကဲ့"
ပြခန်း၀ရန်တာရှိရာ လျှောက်လာခဲ့သည်။ ကျေးငှက်သံ၊ မျောက်အော်သံများကို အသံဖမ်းကာ ပြန်ဖွင့်ထားသောကြောင့် ပြခန်းမသည် တိတ်ဆိတ်မနေ။ သဘာ၀တေးသံသာများနောက်ခံဖြစ်သည်။ အင်းတော်ကြီးကန်အကြောင်း၊ မျိုးစိတ်မျိုးကွဲသတ္တ၀ါများအကြောင်း၊ ငှက်များအကြောင်း၊ ထိန်းသိမ်းရေးနှင့် ရိုးရာယဥ်ကျေးမှုများကို ပြသထားရာ နေရာဖြစ်သည်။ ဒေသခံများ၊ ကျောင်းသူကျောင်းသားများ၊ သုတေသန ပြုလိုသူများအတွက် အထူးအထောက်အပံ့ဖြစ်စေရန် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာများနှင့် ဓါတ်ပုံများ၊ ပညာပေး ဗွီဒီယိုဖိုင်များကို ဂရုတစိုက် ပြုစု ပြသထားသည်။
ပြခန်း၀ရန်တာသည် ကျယ်ပြန့်လှသည်။ ကြက်ခြေခတ် သစ်သားလက်ရန်းတန်းများနှင့် ပတ်ပတ်လည် ကာရံထားသည်။ စားပွဲနှင့် ကုလားထိုင်များ ချထားသောကြောင့် အေးအေးလူလူ ကော်ဖီသောက်နိုင်သလို အပန်းဖြေအနားယူနိုင်သည်။ အလုပ်လုပ်နိုင်သည်။ ဒဲရစ်ခ်သည်လည်း ဒီနေရာသို့ မကြာခဏ လာတတ်သည်။ လိုအပ်သောအချက်အလက်များ ရနိုင်သလို ပြခန်း၏ အထူးရှယ်ကော်ဖီကို စွဲလမ်းနေသောကြောင့် ဖြစ်သည်။ အခုလည်း ၀ရန်တာထောင့်နားရှိ စားပွဲပေါ်တွင် ကွန်ပျူတာဖွင့်ကာ စိတ်၀င်တစား စာရိုက်နေသည်။
"ဆောင်း..လာလေ"
မျက်မှန်တပ်ထားသူသည် မရိပ်မသင်ခဲ့သည်မှာ ကြာခဲ့သော ပါးသိုင်းမွှေးများနှင့် ပေါင်းစပ်သောအခါ လူငယ်ပုံပျောက်နေသည်။
"ဆယ့်ငါးမိနစ်လောက်ပဲနော်"
"ရတယ် ပြီးအောင် လုပ်ပါ၊ ကျွန်တော် အချိန်ရတယ်"
အနှောင့်အယှက် မဖြစ်အောင် ခပ်လှမ်းလှမ်း ထိုင်ခုံတွင် ထိုင်တော့ အနားမှ ထိုင်ခုံကို လာခိုင်းသည်။
"ကော်ဖီသောက်ဦး"
"ရတယ်၊ နေပါစေ"
"သောက်ပါ၊ ကိုယ် နှစ်ယောက်စာ မှာထားတာ"
မျက်မှန်ကိုကျော်ကာ လှမ်းကြည့်ရင်း ကော်ဖီခွက်နှစ်ခွက်ရှိရာ မျက်စပစ်ပြသည်။ ဆောင်းကို ကော်ဖီကို ခွက်ထဲငှဲ့တော့မှ စိတ်ချသွားသလို ကွန်ပျူတာရှိရာ အာရုံရောက်သည်။
စာရိုက်သံများကို ကြားနေရသည်။ ကွန်ပျူတာခလုတ်များထက်မှ သွက်လက်သောလက်ချောင်းများကို မြင်နေရသည်။ ဓါတ်ပုံဖိုင်များကို မကြာ မကြာဖွင့်ပြီး ရှာနေသည့် အကြည်မျက်မှန်နောက်မှ မျက်ခုံးများသည် အာရုံစူးစိုက်ထားသောကြောင့် မသိမသာ ကွေးညွှတ်နေသည်။ နှုတ်ခမ်းများက တင်းတင်းစေ့လျက်။
သက်ပြင်းတစ်ချက်ချပြီး ရေပြင်ရှိရာ ဆောင်းကို အကြည့်လွှဲလိုက်သည်။ ပြခန်းအဆောက်အဦကို ကန်စပ်ရှိ ဗေဒါပင်များနှင့် နှုန်းမြေများထက် ခြေတံရှည်ပုံစံ တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် ကျယ်ပြန့်လှပသော ကန်ရေပြင်ကို ပတ်ပတ်လည် မြင်နေရသည်။ ကန်စပ်တစ်လျှောက် မြင်မြင်သမျှ မြက်ခင်းများ၊ ဗေဒါခင်းများဖြင့် စိမ်းစိုနေသည်။ ကျက်စားနေသော နွားနှစ်ကောင်သည် ခပ်လှမ်းလှမ်းမှာ။ ပျံသန်းနေသော ငှက်ငယ်များသည် ကောင်းကင်မြင့်မှာ။
အနားမှာရှိနေသူကို လွမ်းရသည်ဆိုသော စကားလေးကို သတိရသည်။
ယခုအချိန်မှာ ဆောင်းကိုသည်လည်း ထိုနည်းလည်းကောင်းပင်။ နှုတ်ဆက်ရမည့်အချိန်အတွက်ရော၊ ေ၀းကွာရတော့မည် အချိန်များအတွက်ပါ ကြိုပြီးလွမ်းနေရသည်။ သို့သော် အလွမ်းနှင့်အတူ အေးချမ်းမှုကို ခံစားရသည်။ အံ့သြစရာ ငြိမ်းချမ်းမှုနှင့် ရင်ခွင်သည် တည်ငြိမ်သည်။
ခွဲခွာရမည်မှာ ကျိန်းသေဖြစ်ရပ်တစ်ခု ဖြစ်သောကြောင့် ၀မ်းနည်းနာကျင်ရသော်လည်း ထိုသူနှင့်ပတ်သက်သည့် ခံစားချက်တိုင်းကို သူ မြတ်နိုးသည်။ ခါးသီးမှုမပါခဲ့။ ပူလောင်မှုမျိုး မဟုတ်။ လေးစားမြတ်နိုးမှုနှင့် ယခုလို အနားမှာ ရှိခွင့်ရသည်အတွက် ကြည်နူးမှုရောသော ပျော်ရွှင်မှုတစ်မျိုး။
လက်ထဲမှ ကော်ဖီခွက်ကို နှုတ်ခမ်းနားတေ့သည်။ သင်းပျံ့သော ကော်ဖီရနံ့သည် စွဲမက်ဖွယ်။
"ဒီနေ့အတွက် တော်ပြီ ဆောင်းရာ"
ကွန်ပျူတာကို ပိတ်သိမ်းပြီး လက်နှစ်ဖက်ယှက်ပြီး ဆန့်တန်းကာ အညောင်းဆန့်နေသည်။ မျက်မှန်ကိုချွတ်ကာ စားပွဲပေါ် ပစ်တင်သည်။ အမှတ်တမဲ့ အပြုအမူများအားလုံးကို သတိထားမိနေသည်မှာ ဘာ့ကြောင့်ဆိုတာ မသိချင်။
"ဒီနေ့ဘယ်သွားချင်လို့လဲ ဒဲရစ်ခ်"
"အုန်းရည်သောက်ချင်တယ်"
"ဗျာ"
"လွဲမွန်ရွာမှာ အုန်းရည်ကောင်းတယ်တဲ့၊ ဖြူ ပြောတာ"
ခေါင်းကိုငုံ့ရင်း ပြုံးရသည်။ သဘာ၀အခြေခံခရီးသွားပညာရှင် နှင်းဖြူရိပ်သည် အုန်းရည်ကိုပင် အလွတ်မပေး။ လွဲမွန်ရွာတွင် အုန်းရည်ဆိုင်လေးတွေရှိသည်။ ကန်ကြီးဘေးမှာ ဖြစ်ကာ ရှုခန်းလှသည်။ အနီးတွင် မုဆိုးမခြေရာရှိရာ အမှတ်အသားနေရာလည်းရှိပြီး လာရောက်လည်ပတ်ကြသူများသည်။ ကန်ရေပြင်အလှကို စွဲမက်လှပစွာ မြင်ရနိုင်သည်။
"သွားရအောင်လေ၊ ကျွန်တော့်မှာ ဆိုင်ကယ်ပါတယ်"
"ငါ မောင်းမယ်"
"တကယ်လား"
"ဒါပေါ့"
"တစ်ခါတလေ ကျွန်တော်မောင်းပါရစေလားဗျာ"
မျက်နှာပျက်ပျက်နှင့်ပြောတော့ ကွန်ပျူတာကိုပိတ်နေရင်းက ရယ်နေသည်။ လက်ခံမည်မဟုတ်တာကို သိနေသောကြောင့် အလျှော့ပေးရုံသာ။
ပြခန်းဧည့်ကြိုမှ၀န်ထမ်းများကို နှုတ်ဆက်ပြီး အပြင်ထွက်လာခဲ့ကြသည်။ ဆိုင်ကယ်ဦးထုပ်ကို ဂရုတစိုက် ကြိုးသိုင်းတပ်နေစဥ်မှာ ယခင်အချိန်များကို ပြန်ပြောင်းသတိရကာ လွမ်းရပြန်ပါသည်။ မောင်းထွက်ချိန်တွင် ဆောင်းကို ထင်သည့်အတိုင်းပင်။ ဆိုင်ကယ်အရှိန်သည် မြန်လွန်းနေသည်။
နေလုံးကြီးသည် တောင်တန်းများပေါ် မေးတင်နေပြီ။ ဆည်းဆာရောင်သည် အရာရာကိုလွှမ်းခြုံထားသည်။ ရှည်လျားသော လမ်းမကြီး ၀ဲယာတွင် ရွှေရောင်၀င်းနေသော စပါးခင်းများသာရှိသည်။ လမ်းမကြီးကို စပါးပင်လယ်ကြီးထဲ ဖြတ်ဖောက်ထားသည်လား ထင်မှတ်မှားရသည်။ သက်ကယ်မိုးတဲလေးများ၊ အိပ်တန်းတက်ရန် အုပ်စုဖွဲ့ ပျံသန်းသွားသော ငှက်များကို မကြာမကြာ မြင်ရသည်။ ဆိုင်ကယ်ကို ရုတ်တရက် ရပ်လိုက်သောကြောင့် ဆောင်းကို ယိုင်သွားသည်။
"ဆောရီး ဆောင်း၊ ခဏပဲ"
တောင်းပန်စကားဆိုရင်း ဖုန်းကိုထုတ်တာမြင်မှ နားလည်ရသည်။ စပါးခင်းထဲတွင် မြောက်မြားလှစွာသော ကြိုးကြာငှက်များရှိနေသည် မဟုတ်ပါလား။ အမည်းရောင်အနားသတ်ထားသော နှုတ်သီးနှင့် အတောင်ဖျားများကြောင့် သိသာသည်။ အကောင်ရေ ရာကျော်ပါလိမ့်မည်။ အချို့မှာ ရှည်လျားသောလည်တိုင်ကို ဆန့်တန်းရင်း ၀ဲယာကြည့်ကာ အစာရှာနေသည်။ အချို့မှာ အတောင်ခတ်ရင်း မြေပြင်ယှက်ပျံသန်းရန် အားယူနေသည်။
ပုစွန်သွေးရောင်လွှမ်းနေသော တိမ်စိုင်များနှင့် ကောင်းကင်ပြင်နောက်ခံထားသော စပါးခင်းထဲမှ ဆောင်းခိုငှက်များ၏ ရှုခင်းသည် တစ်သက်မေ့နိုင်စရာ မရှိပါ။ ညနေဆည်းဆာသည် အလှတရားများနှင့် ပြည့်စုံခဲ့ပြီ။ ဓါတ်ကြိုးတန်းများပေါ်တွင် ပန်းဆီရောင်ပုလဲလုံးလေးများလို ရောင်ပြန်ဟပ်နေသည့် ရေစက်ငယ်များ ခိုနေသည်။ နားနေသော စာကလေးငှက်လေးများ၏ တီတာသံသည် ဆူညံစွာနှင့်။
"ငါတို့ အပင်ပန်းခံ ကြိုးစားနေကြတာတွေဟာ သူတို့အတွက်ပဲ ဆောင်းရာ"
ဆောင်းခိုငှက်များရှိရာ ငေးမောကြည့်ရင်းပြောသည့်စကားသံတွင် နက်နဲလှပမှုတစ်မျိုး ကိန်းအောင်းနေသည်။ ရုတ်တရက် မျက်ရည်ကျချင်လာသလို ၀မ်းနည်းလာသည်။ အလှဆုံးအချိန်တစ်ခုမှာ ၀မ်းနည်းရတာမျိုး မဖြစ်သင့်။ သို့သော် သူ့ရင်ထဲမှ ဆောင်းခိုငှက်လေးကို နှုတ်ဆက်ရမည့်အချိန်သည် အလွန်ပင်နီးကပ်နေပြီ မဟုတ်ပါလား။
တားခွင့်မရှိသလို တားဖို့မသင့်ပါ။ အနားမှာရှိနေသူသည် စာတမ်းအတွက် စိတ်ရောလူပါ အစွမ်းကုန် ကြိုးစားခဲ့ပြီးဖြစ်သည်။ သူတတ်ထားသမျှ၊ သိထားသမျှကိုလည်း အဖွဲ့အစည်းအတွက်၊ ဒေသအတွက်၊ ကြိုးစားလုပ်ဆောင်နေသူများအတွက် သင်ကြားပေးခဲ့ပြီးပြီ။ လုပ်သင့်တာထက် အပင်ပန်းခံကာ လုပ်ပေးခဲ့ပြီးပြီဖြစ်ကာ ဒီဒေသကြီးကို နှုတ်ဆက်ကာ ထားခဲ့ဖို့ အချိန်တန်ခဲ့ပြီ။
"သွားရအောင်"
"ဟုတ်ကဲ့"
ဆိုင်ကယ်နားသို့ ပြန်လျှောက်လာချိန်တွင် အသိများက ကင်းလွတ်နေသလို။ ရှေ့မှလျှောက်နေသူက ခေါင်းငဲ့ကြည့်ရင်း တစ်စုံတစ်ရာမေးသည်။ မကြားလိုက်။ မျက်နှာချင်းဆိုင်ရမှာ ခက်နေသည်။
"ဘာဖြစ်လို့လဲ"
"ဗျာ"
"နေမကောင်းဘူးလား"
ခေါင်းကိုမော့ရင်း အကြည့်ချင်းဆုံသွားချိန်မှာ မည်သည့်စကားမှမဆိုမိအောင် နှုတ်ခမ်းများကို စေ့ပိတ်ထားမိသည်။ ေ၀့တိုက်နေသော လေပြည်လေး ဆောင်းကို ဖြစ်ချင်ပါသည်။ ဘယ်နေရာရောက်ရောက် ထိုသူ့အနားမှာ ရှိခွင့်ရမည်။ နေလောင်ထားသဖြင့် ပန်းရောင်သန်းနေသော ပါးပြင်များကို ထိတွေ့ခွင့်ရမည်။
သို့မဟုတ် နှုတ်ခမ်းများထက်..
"ပြောလေ ဆောင်း၊ ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ဘူးဗျာ၊ ပိုးစုန်းကြူးလေးတွေအကြောင်း စဥ်းစားမိလို့"
ရယ်သံနှင့်ရောချရင်း ဖြေလိုက်သည်။ စပါးခင်းများကြားမှ ပိုးစုန်းကြူးလေးတစ်ကောင်က သူ့အတွေးများကို အမှန်အတိုင်း ထုတ်မဖြေဖြစ်အောင် ကယ်တင်လိုက်သည်။
"ပိုးစုန်းကြူးက ဘာဖြစ်လို့လဲ"
သူ့ရဲ့ မခိုင်လုံသော အကြောင်းပြ ငြင်းကွယ်မှုကို သိလေသည်လား။ အရောင်ဖျော့သွားသော မျက်လုံးများမှ ၀မ်းနည်းရိပ်ကို မြင်ရသည်။ မျက်၀န်းထောင့်မှ စူးစပ်မှုကို မျက်တောင်ခတ်ရင်း တားသည်။ စကားသံကို ပေါ့ပါးအောင် လုပ်ယူလျှင် ဖြစ်နိုင်သလား။ အခုအချိန်မှာ သူ့အတွက် အလိုအပ်ဆုံးအရာ။
"ဒီလိုပါပဲဗျာ၊ သူတို့တွေ ဘာစားကြလဲလို့ စဥ်းစားနေတာ"
အဆုံးသတ်မှာ ရယ်လိုက်သည်။ အားရပါးရ ရယ်ခြင်းမျိုး။
မျက်လုံးထောင့်မှ မျက်ရည်စများအတွက် သူ့မှာ အကြောင်းပြချက် လိုအပ်နေသည်။
⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸
ဆိုင်လေး၏ နောက်ဘက်ခြမ်းရှိ ကန်ရေပြင်မှ ပိုးကောင်လေးများ၏ အော်မြည်သံနှင့်အတူ ဖားငယ်များ၏ အဖော်ရှာသံကို ကြားနေရသည်။ သွက်သွက်လက်လက် ပွဲပြင်နေသော အဒေါ်ကြီးသည် မုန့်ဖတ်များကို ဟင်းရည်ပူပူတွင်နှစ်သည်။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ကာ ကြက်သားဟင်းဖတ်များ ပုံသည်။ ကြက်သွန်မိတ်၊ ဆီချက်များကို ခပ်မြန်မြန်ထည့်ပြီး ဟင်းရည်လောင်းသည်။ နှစ်ပွဲစာကို တစ်ပြိုင်တည်း ပြင်ပေးခြင်း ဖြစ်သည်။
"ကျေးစူးပါ"
စားပွဲနားယူလာပေးသော ပန်းကန်လုံးများကို လှမ်းယူရင်း ပြောသည်။ အသံ၀ဲသော်လည်း မြန်မာလိုပြောခြင်းဖြစ်သည်။ တူနှစ်ချောင်းကြားတွင် ညပ်ပါလာသော ခေါက်ဆွဲရှည်များကို ခပ်မြင့်မြင့် မြှောက်တင်သည်။ ပူနေသေးသော်လည်း ပါးများကို ဖောင်းလိုက် ပိန်လိုက်လုပ်ကာ အားရပါးရ စားနေသည်။
ဆောင်းကိုရှေ့မှ ရှမ်းခေါက်ဆွဲပန်းကန်သည် အရာမယွင်းသေးပါ။ မိမိရှေ့မှာရှိနေသူ၏ အသေးစိတ်အမူအရာများကိုသာ ငေးကြည့်နေမိသည်။ စက္ကန့်တိုင်းသည် တန်ဖိုးရှိနေသလို အချိန်များသည် မြန်ဆန်စွာ ကုန်ဆုံးသည်။ ဖမ်းချုပ်မထားနိုင်မှန်း နားလည်သော်လည်း ဖြေလွှတ်ပေးဖို့ရန်အတွက် သူ့မှာ ခွန်အားမရှိ။
ပြန်ရမည့်အကြောင်းကို ထိုသူက စကား မစသလို သူကလည်း မပြောပါ။ သူတို့နှစ်ယောက်၏ စကားများသည် အလုပ်ကိစ္စများကိုသာ ဦးတည်ဖြစ်ကြတာ များသည်။
"မစားဘူးလား ဆောင်း.."
"သိပ်မဆာလို့"
"နောက်တစ်မျိုး မှာလိုက်ရမလား"
"ရတယ် မမှာနဲ့၊ ဒါပဲ စားလိုက်မယ်"
စိုးရိမ်မျက်၀န်းများကို ကြာရှည်ရင်ဆိုင်နိုင်စွမ်းမရှိသောကြောင့် ခေါင်းငုံ့စားရင်း အကြည့်များကို ရှောင်လွှဲဖြစ်သည်။
"ဒီည အချိန်ရတယ် မဟုတ်လား"
"ဗျာ"
"စာတမ်းအတွက် အနားမှာ နေပေးလို့ ရမလား၊ အချောသတ်နေရင်း မေးစရာတွေ ရှိလာရင် မေးလို့ရအောင်လို့"
စကားအဆုံးမှာ ချောင်းတစ်ချက်ဟန့်ကာ မနေတတ်သလို အကြည့်လွှဲသည်။ ချစ်ရသူသည် မလိမ်ညာတတ်သူများထဲမှာပါသည်။ တကယ်တော့ သုတေသနစာတမ်းအတွက် သူ မလိုအပ်တော့။ ဖုံးကွယ်ထားသည့် နောက်ကွယ်မှ အဓိပ္ပါယ်များကို သိနေသော်လည်း မသိချင်ယောင် ဆောင်တတ်ခဲ့သည်မှာ ကြာခဲ့ပြီ။
"ဟုတ်ကဲ့.. ကျွန်တော် လိုက်ခဲ့မယ်"
ရှမ်းခေါက်ဆွဲဆိုင်လေးမှသည် ကန်ရေပြင်ကို မြင်နေရသော တည်းခိုခန်း၏ ၀ရန်တာရှိရာ သူတို့နှစ်ယောက် ရောက်လာကြသည်။ ကွန်ပျူတာကို ဖွင့်ထားသော်လည်း နှစ်ယောက်စလုံး အာရုံစူးစိုက်မှုမရှိ။ ကန်ရေပြင်ကိုသာ ငေးကြည့်နေသည်။ မီးညှိထားသော စီးကရက်ကို လက်ချောင်းများကြားတွင် ညှပ်ထားသူသည် ရှိုက်ဖွာရန် မေ့နေသလို။ ဘေးနားမှ ဘီယာဗူးကို လှမ်းယူသည်။ ထိုင်ခုံနောက်ကျောသို့ မှီချလိုက်ပြီး နှုတ်ခမ်းနားတေ့ကာ စုပ်ယူလိုက်သည်။
"ဆောင်း.."
"ဗျာ.."
"ပုံမပြောချင်ဘူးလား"
"မိုးလင်းသွားလိမ့်မယ်၊ ကျွန်တော်က ပုံပြောရင် မရပ်တော့ဘူး"
"မင်းက ပုံပြင်တွေကို သဘောကျတယ်နော်"
"တိရစ္ဆာန်လေးတွေကြောင့်ပါ"
ဟုတ်ပါသည်။ ဆောင်းကို ပုံပြင်တွေကို နှစ်သက်ခဲ့သည်မှာ ပုံပြင်ထဲက တိရစ္ဆာန်လေးတွေကို ချစ်၍ဖြစ်သည်။ မပုကြွယ်နှင့် ခရုငယ်။ ဒေါင်းယောင်ဆောင်သောကျီး။ ယုန်နဲ့လိပ်။ ရွှေယုန် ရွှေကျား။ ပုံပြင်များတွင် တိရစ္ဆာန်လေးများပါသည်။ သူတို့လေးတွေက ဇာတ်ကောင်များ ဖြစ်သည်။
"တစ်နေ့နေ့ကျရင် ပုံပြင်ထဲက ကျား ဆိုတာ ဘာကြီးလဲလို့ ကလေးတွေက ပြန်မေးနေမလား မသိဘူးနော်၊ လူတွေလည်း ကမ္ဘာအတွက် ကင်ဆာဆဲလ်တွေ ဖြစ်မှန်းမသိ ဖြစ်နေပြီ"
"သတ္တ၀ါတိုင်း အန္တရာယ်ရှိနေတာတော့ မဟုတ်ဘူးလေ ဆောင်းရာ၊ ပိုပြီး ခံနိုင်ရည်ရှိတဲ့ သတ္တ၀ါတွေရှိတယ်၊ တော၀က်တွေက သားပေါက်ရင် ကောင်ရေများသလို အကြမ်းခံနိုင်တဲ့ သဘာ၀ကြောင့် အကောင်ကြီးဖြစ်လာဖို့ အခွင့်အလမ်းပိုရှိတယ်၊ ဒရယ်ကတော့ အဲ့ဒီ့လိုမဟုတ်ဘူး၊ တစ်ခါသားပေါက်ရင် တစ်ကောင်ပဲ၊ အချိန်မရွေး သားကောင်ဖြစ်သွားနိုင်လို့ မျိုးသုန်းမယ့် အခြေအနေကို အမြန်ဆုံးရောက်သွားနိုင်တယ်၊ ကိုယ်ပြောတာ နားလည်လား၊ ထိန်းသိမ်းရေးလုပ်မယ့် သူတစ်ယောက်ဟာ အချက်အလက်နဲ့ လုပ်ငန်းအတွေ့အကြုံကို အမြဲသတိထားရမယ်"
လွင့်နေသော ဆံပင်စများကို ငေးကြည့်နေမိသည်။ လှုပ်ရှားနေသော နှုတ်ခမ်းများမှ အကြည့်မလွှဲနိုင်။ ဘေးတစောင်းမြင်နေရသော ထိုပုံရိပ်သည် နှလုံးသားထက်မှာ တစ်သက်တာ ထင်ကျန်ရစ်တော့မည်။
"ဘယ်လို စီမံကိန်းမှာမဆို ဒေသခံလူတွေ၊ လူမျိုးစုငယ်တွေကို ဦးစားပေး ဆောင်း၊ သူတို့ကို ဘေး မဖယ်ထားနဲ့၊ လုပ်ဆောင်မှုတွေမှာ သူတို့အားလုံးပါ၀င်လာအောင် စည်းရုံးနိုင်ရမယ်၊ မင်းဟာ အင်းတော်ကြီးကန်နဲ့ သူ့ကိုမှီခိုနေတဲ့ သတ္တ၀ါလေးတွေရဲ့ အနာဂတ်ပဲ မဟုတ်လား နဂါးမင်းသားလေးရာ၊ ကိုယ် မင်းကို ယုံပါတယ်"
အပြုံးကိုမြင်ရသည်။ နှစ်ခြိုက်စွာပြုံးလိုက်တိုင်း ထင်လာသော ပါးချိုင့်ငယ်နှစ်ခုကို မြင်ရချိန် ရင်ထဲမှာ လှိုက်ခနဲ။ သူရှိရာငေးကြည့်နေသည့် မျက်လုံးများမှ မေတ္တာရိပ်သည် နွေးထွေးသည်။
"ဒဲရစ်ခ်"
"အင်း.."
"မင်း ဒီက ပြန်ပြီးရင်.."
ပထမဆုံးအကြိမ် ခွဲခွာရမည့်အကြောင်းကို ထည့်သွင်း ပြောကြားဖြစ်ခြင်းပင်။ ရိပ်ခနဲမြင်လိုက်ရသော နာကျင်မှုကြောင့် ရှေ့ဆက်စကားတို့ ထစ်အရပြန်သည်။
"မင်း... မင်း ဒီမှာမရှိတော့ရင်လည်း အလုပ်နဲ့ပတ်သက်ပြီး အကြံတောင်းချင်တာမျိုးရှိရင် ဆက်သွယ်လို့ ရမလား"
"ရတာပေါ့ ဆောင်းရာ၊ ဆက်သွယ်ပါ၊ ကိုယ်တတ်နိုင်သလောက် ကူညီပေးမယ်လို့ ကတိပေးတယ်"
ဒူးနှစ်ဖက်ပေါ်မှ လက်ဖ၀ါးများကို မြင်နေရသည်။ မျက်တောင်များကို လိုအပ်သည်ထက် ပို အသုံးပြုသည်။ အပြုံးတုကို ဟန်ဆောင် ဖန်တီးသည်။
"ကျေးဇူးပါဗျာ၊ ကျွန်တော် ပြန်တော့မယ်"
ခေါင်းညိတ်သည်။ စိုက်ကြည့်နေသူ၏ မျက်လုံးများသည် နီနေသည်။ နှစ်ရက်ဆိုသော အချိန်အကန့်အသတ်သာ သူတို့အတွက် ကျန်သည်။ ဒီနှစ်ရက်မှာ ဆောင်းကို ပုန်းနေချင်သည်။ ဒီနေ့သာ နောက်ဆုံးဖြစ်စေချင်သည်။ နှုတ်ဆက်စကားကို ဘယ်တော့မှ မပြောချင်။
"ကျွန်တော် နောက်ရက်တွေ အလုပ်ကိစ္စတွေ ရှိနေတော့ သိပ်မအားတော့ဘူး"
"ကိုယ်..နားလည်ပါတယ်"
ခေါင်းငုံ့သွားသူထံမှ ၀မ်းနည်းရိပ်ကို မကြည့်ရက်ပါ။ ယခုအချိန် အကြည့်ချင်းမဆုံအောင် ကြိုးစားသည်မှာ သူ တစ်ယောက်တည်းမဟုတ်။
"ဆောင်း..ကိုယ် မင်းကို အစစအရာရာ အတွက်.."
"မလိုပါဘူးဗျာ၊ ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ"
ကျေးဇူးတင်ပါသည်ဆိုသော စကားသည် သူတို့နှစ်ယောက်အတွက် အဆုံးသတ် ပုဒ်မတစ်ခုလို ဖြစ်နေသောကြောင့် နားထောင်နိုင်စွမ်းမရှိ။ ကျောခိုင်းဖို့ရန်ကြိုးစားရသည်မှာ မလွယ်ကူပါ။
"ဆောင်း.. ခဏ"
၀ုန်းခနဲ ထရပ်ကာ အနားသို့ လျှောက်လာသည်။ မျက်လုံးများသည် ပြတ်သားနေသလို။ ဆောင်းကို မျက်လုံးများ ၀ိုင်းသွားသည်။ ခြေတစ်လှမ်းရွှေ့ရင်း နောက်ဆုတ်သည်။
ဟင့်အင်း..
မပြောပါနဲ့။
ကြားနိုင်စွမ်းမရှိ။
သူတို့အတွက် အနာဂတ်ဆိုတာမှ မရှိနိုင်တာ။ တာ၀န်တွေ၊ ၀တ္တရားတွေနှင့် စောင့်စည်းရမည့် စည်းများသာ ရှိသည်။ ထိုသူ့ထံမှ အကြားချင်ဆုံး စကားများသည် သူ နားမထောင်ရဲဆုံး စကားများသာ ဖြစ်လိမ့်မည်။ မျက်နှာချင်းဆိုင်ရပ်နေသူ၏ နှုတ်ခမ်းများသည် တုန်နေသည်။ မျက်ရည်စနှင့်အတူ နာကျင်မှုကို တွေ့နေရသည်။ ဆောင်းကို မျက်လုံးများထဲမှ တောင်းပန်စကားကို မြင်ပါလိမ့်မည်။ မျက်လုံးများကို ခပ်ကြာကြာမှိတ်သည်။
"ဘာမှ မဟုတ်ဘူး ဆောင်း၊ ပိုးစုန်းကြူးလေးတွေ အကြောင်း စဥ်းစားမိလို့၊ သူတို့ဘာစားလဲ မင်းသိချင်တယ်ဆိုတာလေ"
ရယ်မောခြင်းသည် အသက်မပါဘဲ စကားသံများသည် သွေ့ခြောက်နေသည်။ ၀မ်းနည်းသော အပြုံးရိပ်နှင့် ရှေ့မှာရှိနေသူကို မော့ကြည့်သည်။ နှုတ်ဆက်စကားမဆိုဘဲ နေရာမှ လှည့်ထွက်ခဲ့သည်။
အင်္ကျီရင်ဘတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်သည်။ သို့သော် ရင်ညွှန့်နေရာမှ စူးအောင့်မှုသည် မသက်သာ။
⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸