တောင်တောရယ်သာ

By akyinnamon

413K 55.9K 7.9K

တောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး... More

အမှာစာ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
ဇာတ်သိမ်းပိုင်း
စာရေးသူ၏အမှာ
ကျေးဇူးတင်စကား
အင်းတော်ကြီးသမိုင်း ၁
အင်းတော်ကြီးသမိုင်း ၂
စာအုပ်ထွက်ပါပြီ
အမှတ်တရ (၁)
အမှတ်တရ (၂)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
ဇာတ်သိမ်းပိုင်း
စာရေးသူ၏အမှာ
ကျေးဇူးတင်စကား

အပိုင်း ၉

9.8K 1.7K 203
By akyinnamon

ဆောင်း၀င်လာသည်နှင့် ကန်ရေပြင်ပတ်၀န်းကျင်ရှိ စပါးခင်းများသည် ရွှေရောင်၀င်းခဲ့ပြီ။ မည်သည့်အရပ်သို့မျက်နှာမူပါစေ ၀င်း၀င်း၀ါနေသည်။ အေးစိမ့်မှုသည် ဆောင်းခိုငှက်ငယ်များနှင့်အတူ ရောက်လာခဲ့ပြီ။ မနက်ခင်းချိန်များတွင် လေပြည်အေးနှင့် မြူနှင်းမှုန်တို့ အုပ်ဆိုင်းနေပြီ။ သို့သော် နေမြင့်လာသည်နှင့် မြူတို့သည် ပျောက်ကွယ်ရစမြဲပင်။

"ရစ်ခ်ကီသာ ရှိရင် ဓါတ်ပုံဆင်းရိုက်နေတာနဲ့ ရောက်တော့မှာ မဟုတ်ဘူး"

ဖြူ့စကားကြောင့် ရင်ထဲမှာ ဗလာကျင်းခံလိုက်ရသလို ခံစားရပြန်ပါသည်။ ပြောင်းလဲလှပနေသော သဘာ၀ရှုခင်းများ ငေးကြည့်ရင်း ဆောင်းကို အသံတိတ်နေသည်။

ဆောင်းခိုငှက်တို့ အင်းတော်ကြီးကန်သို့ ရောက်လာခဲ့ပြီဖြစ်သော်လည်း လိုက်ပြရမည့်သူက မရှိတော့။

မိသားစုကိစ္စကြောင့် ပြန်သွားခဲ့သည်မှာ တစ်လနီးပါး ကြာခဲ့ပြီ။ သူ့အား အိမ်ပြန်ပို့ပေးခဲ့သော မိုးညတစ်ညသည် တွေ့ခဲ့ရသည့် နောက်ဆုံးည။ နှုတ်မဆက်ခဲ့လို့လား။ ဒါမှမဟုတ် မတွေ့ရတော့လို့လား။ လစ်ဟာနေသော ကွက်လပ်ငယ်သည် နက်ရှိုင်းလာသည်မှာ နေ့စဥ်ရက်တိုင်းပင်။ ဘယ်လောက်ကြာမည်ကို မသိထားသလို ပြန်လာမှာလားဆိုတာပင် မသေချာ။

ဆောင်းကိုတို့သည် ယနေ့တွင် အမှိုက်စနစ်တကျစွန့်ပစ်ရန်နှင့် သဘာ၀အခြေခံခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် မင်းနောင်ရွာသို့ရောက်လာခဲ့ကြပြန်ပါသည်။ သပ်ရပ်သော ပျဥ်ထောင်အိမ်များနှင့် ခြေတံရှည်အိမ်လေးများက ဆီးလို့ကြိုနေသည်။

ကာကွယ်ထိန်းသိမ်းရန်အတွက် ဒေသခံများ၏ ပူးပေါင်းပါ၀င်မှုသည် အခရာ..

ပြောခဲ့သူသည် အနားမှာမရှိတော့သော်လည်း ဒီစကားများကို ဆောင်းကို မမေ့နိုင်သေး။ ယနေ့တွင် ဒေသခံများ၏ တက်ကြွစွာပူးပေါင်းပါ၀င်မှုကို မြင်ခဲ့ရသည်။ မိမိတို့ဒေသကို ကာကွယ်ထိန်းသိမ်းလိုစိတ် အပြည့်ရှိသော ဤဒေသခံများအတွက် ၀မ်းမြောက်ဂုဏ်ယူရသည်။ လူငယ်များသည် တက်ကြွမှုအပြည့်နှင့် ပါ၀င်သည်။ ကလေးငယ်များမှအစ အမှိုက်များကို စနစ်တကျစွန့်ပစ်သည်။

ယခုဆွေးနွေးပွဲသည် သဘာ၀အခြေခံခရီးသွားလုပ်ငန်းနှင့်လည်း သက်ဆိုင်သောကြောင့် နှင်းဖြူရိပ်သည် တက်ကြွနေသည်။ အင်းတော်ကြီးဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အထူးအရေးပါလာနိုင်သည်။ ဒေသမထိခိုက်စေဘဲ ဒေသခံများရော၊ ခရီးသွားများပါ အကျိုးကျေးဇူးဖြစ်ဖို့ရန်သာ အရေးကြီးသည်။

အစည်းအ‌ေ၀းပြီးဆုံးသွားသော်လည်း ဆောင်းကိုတို့ ချက်ချင်းမပြန်နိုင်ကြ။ ကားပြန်လာသည်ကို စောင့်ကြရမည် ဖြစ်သောကြောင့် ရွာလမ်းအတိုင်း အညောင်းပြေ လမ်းလျှောက်ဖြစ်ကြသည်။ စွန့်ပစ်အမှိုက်တစ်ခုမှ မတွေ့ရသော ရွာလမ်းမသည် ရှင်းသန့်နေသည်။ လုံးတုံမှာလိုပင် လမ်းဘေးရှမ်းခေါက်ဆွဲဆိုင်လေးများ ရှိသည်။ အကွက်အပျောက်များနှင့် ၀က်မကြီးတစ်ကောင်သည် လမ်းဘေးတစ်နေရာတွင် ဘေးတစ်စောင်းလှဲအိပ်နေသည်။ ၀က်သားပေါက်လေးများမှာ အလုအယက် နို့စို့လျက်။

"ဆောင်းရာ.. ငါ ၀က်မဖြစ်တော့မယ်"

ဖြူရဲ့ မှတ်ချက်ကြောင့် ဆောင်းကို မျက်လုံးပြူးကာ သူငယ်ချင်းမလေးကို လှည့်ကြည့်သည်။ ဘယ်လောက်စားစား ဘယ်တော့မှ မ၀သည့် ဖြူ့အကြောင်းကို သူ သိသည်။

"၀ တာကိုပြောတာမဟုတ်ဘူးဟဲ့၊ မည်းတာကိုပြောတာ"

နေလောင်ထားသော လက်ကို မြှောက်ပြရင်းဆိုသည်။ ဒီတော့မှ သူတို့ဖြတ်လျှောက်လာသည့် ၀က်မကြီးသည် အရောင်မည်းနေသည်ကို ဖြူ သတိထားမိကာပြောခြင်းဖြစ်ကြောင်း နားလည်ရတော့သည်။

"သနပ်ခါးလိမ်းပေါ့ မိဖြူရာ"

"လိမ်းနေတာပဲကို"

ပါးဖောင်းဖောင်းလေးကို မို့နေအောင် လေငုံထားပြီးမှ မှုတ်ထုတ်သည်။ ဖြူ စိတ်ညစ်လျှင် ဒီလိုချစ်စရာကောင်းသည့် အပြုအမူမျိုးကို လုပ်တတ်သည်။

"ဆောင်း..နင် မိန်းမလှကျွန်း သွားဖြစ်မယ်မဟုတ်လား"

"ဟုတ်တယ်၊ လာမယ့်စနေ ရန်ကုန်ဆင်းမလားလို့"

ရေ၀ပ်ဒေသ လုပ်ငန်းဆွေးနွေးဖလှယ်ခြင်းသင်တန်းအတွက် ဖြစ်သည်။ အချိန်နှစ်ပတ်ခန့် ကြာမြင့်လိမ့်မည်။ မိန်းမလှကျွန်းသည် မြစ်၀ကျွန်းပေါ်ဒေသဖြစ်သောကြောင့် ရန်ကုန် ဒလဆိပ်ကမ်းမှတစ်ဆင့် ဘိုကလေးသို့သွားပြီး စက်လှေထပ်စီးမှ ရောက်နိုင်သည်။

"ကားလက်မှတ် အတူတူ ယူလိုက်မယ်"

ဖြူ က ပြောတော့ အံ့သြရသည်။

"နင်ပါ ရန်ကုန်ပြန်မလို့လား"

"မိန်းမလှကျွန်းအထိ လိုက်မှာ၊ ငါ လည်းပါတယ်"

"ဟုတ်လား၊ ဒါဆို ပျော်စရာကြီးပေါ့"

"မိကျောင်းတွေနေရာသွားမှာကို ပျော်စရာကြီးလုပ်နေတယ် ဆောင်းရာ"

ဖြူပြောသည်မှာ မမှားပါ။ မိန်းမလှကျွန်းသည် ရေဘုရင်မိကျောင်းတို့၏ နေရာ။ သဘာ၀အတိုင်း လွတ်လပ်စွာ‌နေထိုင်နေကြသော ထူးခြားနယ်မြေ။

"ရန်ကုန်ရောက်ရင် နင့်အိမ်ကို ငါ လာလည်မယ်နော်"

"လာပါ၊ အမေ့လက်ရာ လာစားကြည့်"

"နင်များ ချက်ကျွေးမလားလို့"

မျက်စောင်းထိုးနေသည့် သူငယ်ချင်းမလေးကြောင့် ပြုံးရသည်။ ပါးဖောင်းဖောင်းလေးထက်မှာ နေမလောင်အောင် သနပ်ခါးပါးကွက် တင်ထားသည်။ ကျောင်းသူမလေးတစ်ယောက်လို ဖြူသည် ချစ်စရာကောင်းသည်။ ဖြူ့ကိုမြင်လျှင် မေမေရာ မိုးညီပါ သဘောကျနှစ်သက်ကြမည်မှာ သေချာသည်။

"ဟယ်.. ဟိုမှာ.. ဆင်ကြီးတွေ"

ဖြူသည် ခုန်ဆွခုန်ဆွဖြစ်သည်အထိ ၀မ်းသာအားရ လက်ညှိုးထိုးပြသည်။ ခြေတံရှည်အိမ်ဘေးရှိ မြေကွက်လပ်တွင် ဆင်သုံးကောင် တန်းစီနေသည်။ အကြီးနှစ်ကောင်ကို သံခြေကျင်းကြိုးများ ချည်ထားသည်။ နှာမောင်းတယမ်းယမ်း၊ အမြီးတလှုပ်လှုပ်နှင့်ဖြစ်သည်။ အမည်းရောင် အမွှေးကြမ်းများ ကျိုးတိုးကျဲတဲ ပေါက်နေကာ နှာမောင်းရင်း၊ ရင်ဘတ်တို့တွင် အညိုရောင်အစက်အပြောက်များနှင့် ဖြစ်သည်။ နားရွက်တဖျတ်ဖျတ်ခတ်နေသည်မှာ ကြီးမားသော ယပ်တောင်ကြီးများလိုပင်။ ဆင်သားပေါက်လေးကိုမူ လွှတ်ပေးထားသည်။ သို့သော် မိခင်နားမှ မခွာ။

အင်းတော်ကြီးဒေသတ၀ိုက်တွင် ဆင်ပိုင်ရှင်များရှိသလို ဆင်ကောင်ရေအတော်များများရှိသည်။ သစ်ထုတ်လုပ်ငန်းများတွင် သုံးကြသလို၊ တစ်ခါတစ်ရံ ရပ်‌ေ၀းဒေသများသို့ ငှားရမ်းကြသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ချိန်ချိန်တွင် သဘာ၀အခြေခံခရီးသွားလုပ်ငန်းများအတွက် အရေးပါစေချင်သည်။ ထိုင်ခုံတွေတင်ကာ ကြိုးတုပ်ခံပြီး ဧည့်သည်တွေ အပျော်စီးစေရန်မဟုတ်။ ၎င်းတို့သဘာ၀အတိုင်း အေးချမ်းစွာ စားသောက်သည်ကို၊ ရေချိုးဆင်းသည်ကို အဖော်လိုက်ရင်း ကြည်နူးစေခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရသလို သူတို့လည်း အေးဆေးစွာ ဘ၀ကို ဖြတ်သန်းတာမျိုးလေး ဖြစ်စေချင်သည်။

"ဆရာတို့ပါလား၊ အစည်းအ‌ေ၀းပြီးပြီလား"

"အခုပဲ ပြီးတယ် ဦးလေး၊ နေကောင်းရဲ့လား"

"ကောင်းတယ် ဆရာ၊ ဒီကောင်ကြီး သံချဖို့ ဒီနေ့ အိမ်မှာချည်ထားတာ"

သံကြိုးချည်ထားသော ဆင်ကောင်ကြီးကိုပြရင်း ဆင်ပိုင်ရှင်က ဖြေသည်။ ဒေသခံများသည် ဆင်များကို တောထဲလွှတ်ကျောင်းတတ်သည်။ ညနေ ငါးနာရီလောက် တောထဲလွှတ်ကာ တစ်ညလုံးထားပြီးမှ မနက် ခြောက်နာရီလောက် သွားပြန်ခေါ်ပြီး လုပ်ငန်းခွင် ၀င်ကြသည်။ ဆင်များအတွက် အဓိကအစာသည် ၀ါးရွက်၊ မြက်၊ သစ်သီး၊ သစ်ခေါက်တို့ဖြစ်သောကြောင့် စပါးခွံ၊ ငှက်ပျော၊ ကြံတို့ကို အိမ်တွင် ကျွေးမွေးသော်လည်း အာဟာရမပြည့်နိုင်။

"ဦးလေး..ကျွန်တော် အစာကျွေးလို့ရလား"

"ရတယ် ဆရာ၊ ကျွေးပါ"

ငှက်ပျောတစ်ဖီးကို ယူပြီး အနားကပ်သည်။ ဟိန်းထနေသော ကိုယ်ခန္ဓာအောက်တွင် မိမိသည် ခွန်အားနည်းလွန်းသည့် သတ္တ၀ါ။ ဆင်ကြီးများ၏ နှာမောင်းများ ယမ်းနေသည်။ ခြေထောက်များကို မြှောက်ကာ မြှောက်ကာ လုပ်တော့ ရှေ့ဆက်မတိုးရဲ။

"ကျွေးလေ‌ ဆောင်းရ"

ဖြူသည် အ‌ေ၀းမှ ဖုန်းကင်မရာနှင့်ချိန်နေရာမှ စိတ်မရှည်သလို ပြောတော့ ပြုံးရသည်။

"ဟိုကောင်လေးကို ကျွေးချင်လို့"

ဆင်ပေါက်လေးသည် မိခင်နားမှာကပ်နေရာမှ သွက်သွက်လာသည်။ ဘောလုံးကြီးတစ်လုံး လိမ့်လာသလိုမျိုး ချစ်စရာကောင်းလွန်းသည်။ ငှက်ပျောသီးကို လက်ကမ်းပေးချိန် မိခင်ဆင်မကြီး၏ နှာမောင်းကြီးသည် တွန့်လိမ်လျှင်မြန်စွာ ရောက်လာသည်။ နှာမောင်းပေါက်မှ လေပူတစ်ချို့ လာရောက်ရိုက်ခတ်သည်။ အားပြင်းသော လေစုပ်စက်နှင့် စုပ်ယူခံလိုက်ရသလို။ သူ့လက်ထဲမှ ငှက်ပျောသီး မရှိတော့။

အသံထွက်အောင် ရယ်မိသည်။ စိတ်လှုပ်ရှားရသလို ပျော်စရာကောင်းသည့် အတွေ့အကြုံ။ ပါးစပ်ပေါက်တွင်းသို့ နှာမောင်းသွင်း စားပြီးသည်နှင့် နောက်တစ်ကြိမ် နှာမောင်းကြီး သူ့နားရောက်လာပြန်သည်။ ဒီတစ်ခါ နှစ်လုံး။ အားနှင့်ဆွဲယူသည်လား ထင်ရသည်။ ဆင်ပေါက်လေးက အနည်းငယ်သာ စားရသည်။ သို့သော် ကိစ္စမရှိ။ သူ့အတွက် မိခင်နို့ရည်သည် အဓိက အာဟာရဖြစ်သည်။

"ဖြူ ကျွေးကြည့်ချင်လား"

"ကြောက်တယ်"

"လာပါ"

ခေါ်လို့မရ။ ဖြူက အ‌ေ၀းမှသာ ရပ်ကြည့်ပြုံးရယ်နေသည်။ ဆင်ပေါက်လေးသည် ငှက်ပျောသီးများကုန်ပြီကို နားလည်သည်လားမသိ။ မိခင်နားပြန်သွားပြီး နှာမောင်းကိုပင့်ကာ ပါးစပ်နှင့် နို့စို့နေသည်။ သို့သော် မျက်လုံးများက လူများကို မကြာ မကြာ လှမ်းကြည့်သည်။

အပြန်လမ်းတွင် ပင်ပန်းမှုကြောင့် ကားပေါ်တွင် ငိုက်သူငိုက်၊ အိပ်သူအိပ်နှင့် တိတ်ဆိတ်နေကြသည်။ ညစာအတူစားရန် ချိန်းဆိုထားသောကြောင့် အိမ်ပြန်ရောက်ပြီး ရေမိုးချိုးအ၀တ်လဲကာ ချိန်းဆိုထားသော တည်းခိုခန်းရှိရာသို့ ပြန်လာခဲ့သည်။

မိုးဖွဲလေးများ ကျလာပြီ။ မြက်ပင်များ၏ထိပ်ဖျားတွင် ခိုစီးနေသော မိုးပွင့်လေးများကို မြင်နေရသည်။ ကန်ရေပြင်သည် လှိုင်းတွန့်ငယ်များနှင့် လှုပ်ခတ်နေသည်။ ဖြူက ၀ရန်တာလက်ရန်းကို မှီကာ ဖုန်းကိုကြည့်ရင်း ပြုံးနေသည်။

"ဘာတွေ သဘောကျနေတာလဲ"

"ရစ်ခ်ကီလေ၊ ဒီမှာ..နင့် ဓါတ်ပုံကို ကွန်မန့်လာပေးသွားတယ်"

ရင်ထဲမှာ ဒိန်းခနဲ။ ဆိုရှယ်မီဒီယာကို သဘောလောက်သာ အသုံးပြုသူတစ်ယောက်။ မည်သည့်အခါမှ အွန်လိုင်းပေါ်မှာ မတွေ့ရသူက သူ့ဓါတ်ပုံကို ကွန်မန့်လာပေးသွားသည်တဲ့လား။ သိချင်စိတ်နှင့်ပင် လက်ဖျားခြေဖျားတွေ အေးစက်သွားရသည်။

"ဘာပြောလဲ"

"လာကြည့်ပေါ့"

ဖြူ့ဘေးနားရပ်ကာ ငုံ့ကြည့်တော့ နေ့လယ်က ဆင်ကိုအစာကျွေးနေသည့် ဆောင်းကို၏ဓါတ်ပုံကို အရင်မြင်ရသည်။ ဖြူသည် သူငယ်ချင်းပေါများသူ ဖြစ်သောကြောင့် ကွန်မန့်ပေါင်း မြောက်မြားစွာ။ ထိုထဲတွင်မှ သူ မြင်သည်မှာ တစ်ခုတည်းပင်။

"He looks happy" ဆိုသည့် "သူ ပျော်နေပုံပဲ" ဆိုသည့် စာတိုလေးကို ကြည့်ရင်း အမှန်တကယ် ပျော်ရသည်။

"မျက်နှာလိုက်တဲ့ ရစ်ခ်ကီကြီးနော်၊ ငါ့ ပုံတွေတင်ရင် တစ်ခါမှ ကွန်မန့် မပေးဘူး"

ဖြူက ရယ်မောပြောသော်လည်း မျက်နှာမထားတတ်တော့။ စားပွဲပေါ်မှ ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့ကာ အလုပ်ရှုပ်ချင်ယောင်ဆောင်ရသည်။

"ဒီနေ့ သူ ရှိရင် သိပ်ကောင်းမှာနော်၊ ဆင်တွေနားက ခွာမှာမဟုတ်ဘူး"

"အင်း သူ ပျော်နေမှာ"

ရေနွေးကြမ်းကို နှုတ်ခမ်းနားတေ့သောက်လိုက်သည်။ ရေနွေးသည် အနည်းငယ် ပူသေးသည်။ အအေးနှင့်အပူရောနေသော ခံစားချက်များကိုရော ဘယ်လိုအမည်တပ်ရမည်ကို နားမလည်နိုင်။

"ဘယ်တော့ ပြန်လာမယ်တဲ့လဲ"

"မသိဘူး ဖြူ"

"သူ့စာတမ်းကိစ္စတွေက မပြီးသေးဘူး မဟုတ်လား"

"အင်း..မပြီးသေးဘူး၊ ရုတ်တရက်ကြီး ပြန်သွားတာ"

"ဘာဖြစ်လို့လဲ"

"ငါ မသိဘူးလေ၊ ကိုခွန်းနောင်နဲ့တော့ သူ အဆက်အသွယ်ရှိတဲ့ပုံပဲ၊ ပြန်လာဖြစ်ရင် ပြန်လာမယ်၊ မသေချာဘူးလို့ပဲပြောတယ်"

ပြန်မလာတော့ဘူးဆိုလျှင်တောင် ပြောခဲ့ဖို့ကောင်းသည်။ ဒါဆိုလျှင် နေ့စဥ်နေတိုင်း‌ မျှော်နေမိလိမ့်မည် မထင်။ အပြီးထွက်သွားပြီဟု စိတ်ဒုံးဒုံးချနိုင်လျှင် အိပ်ပျက်ညတွေ လျော့နိုင်မည်လားမသိ။ ထိုသူသည်လည်း အင်းတော်ကြီးကန်ရှိရာသို့ ရောက်လာကြသော ဆောင်းခိုငှက်လေးများလို အနှေးနဲ့အမြန် အိမ်ပြန်မည့်သူဆိုတာကို ဆောင်းကို နားလည်ပါသည်။ ပြန်လာမည်ဆိုလျှင်တောင် နောက်တစ်ကြိမ် ပြန်ထွက်ခွာသွားဖို့ပဲ ဖြစ်လိမ့်မည်။ သို့သော် သူ့နှလုံးသားထဲက မျှော်လင့်ချက် မီးစာလေးကို ငြိမ်းသတ်ဖို့ရန် မလွယ်ပါ။

"သွားရအောင် ဆောင်း၊ နောက်ကျနေဦးမယ်"

ဖြူ့နောက်သို့ ချက်ချင်း မလိုက်ဖြစ်ဘဲ သံတိုင်မှာ ချိတ်ထားသော မိုးကာအင်္ကျီကို ဖြုတ်ယူလိုက်သည်။ နောက်ဆုံးဆုံခဲ့သည့်ညမှာ ကိုယ်တိုင်၀တ်ပေးခဲ့ဖူးသည့် မိုးကာအင်္ကျီ။ ကိုယ်ခန္ဓာထဲမှ ခွန်အားတွေအကုန် စုပ်ယူခံလိုက်ရသလို နွမ်းနယ်သွားရသည်။

မိုးကာအင်္ကျီကိုဆုပ်ကိုင်ရင်း ၀ရန်တာလေး၏ သစ်သားလက်ရန်းကို နောက်ပြန်မှီရပ်ကာ အင်းတော်ကြီးကန်ရှိရာ လှမ်းကြည့်သည်။ မိုးသားတိမ်များကြားရှိ လစ်ဟာနေသော တိမ်စိုင်များကြားမှ ဖြောင့်တန်းနေသည့် နေရောင်သည် ဖြာကျနေသည်။ အဖျားငယ်ပေမယ့် အဆုံးကျယ်သော ရောင်စဥ်တန်းများသည် အင်းတော်ကြီး ကန်ရေကို ထိုးဖောက်၀င်ရောက်ရန် ကြိုးစားနေသည်။

ပင့်သက်ကိုရှိုက်ရင်း အကြည့်လွှဲဖြစ်သည်။ ခက်တော့လည်း ခက်နေခဲ့ပြီ။

အင်းတော်ကြီးကန်သည် လှပဆဲ။ သာယာဆဲ။ အေးချမ်းဆဲ။

သူ့ရင်ထဲမှာသာ..

Continue Reading

You'll Also Like

75.5K 4.9K 24
ဒီ fic ကို​ရေးဖို့အတွက်​ အကြံဥာဏ်​ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်​​တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်​ရင့်​အလွမ်း ကို​ကျေးဇူးတင်​ပါတယ်​.... Credit လဲ​ပေးပ...
656K 43.3K 91
ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သ...
1.6M 146K 91
(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee