စိုင်းခန့်အပေါ်ထပ်က ဆင်းလာတော့ နေရှိန်က ဝတ်စုံအပြည့်နဲ့ မနက်စာ စားဖို့စောင့်နေသည်။သူ့ဘေးမှာ တပည့်တစ်ယောက်က မတ်တတ်ရပ်ပြီး ဖိုင်တွဲတစ်ခုနဲ့ ဘာတွေ အစီရင်ခံနေလဲတော့မသိ။ တွေးထားတဲ့အတိုင်းလုပ်ငန်းစဖို့ မျက်နှာချင်းဆိုင် စားပွဲမှာဝင်ထိုင်လိုက်ပြီး အရှေ့က ပန်းကန်ကို လက်နဲ့ တိုက်ချလိုက်သည်။ မုန့်ဖက်တို့နဲ့အတူ ကွဲသွားသော ပန်းကန်အား တစ်ချက်ကြည့်ကာ နှုတ်ခမ်းရွဲ့ပြုံးပြလိုက်တော့ စိုင်းခန့်ကို တစ်ချက်သာကြည့်ပြီး ဘေးမှရပ်နေသော သူ့တပည့်လက်ထဲက ဖိုင်တွဲကို ဆွဲယူလိုက်သည်။ထို့နောက်
"ကလေးကို မထိမိအောင် မြန်မြန်သွားရှင်းလိုက်..... ဒေါ်ကြီး မုန့်ဖက်နောက်တစ်ပွဲပြင်ပေးပါ"
မျက်စိရှေ့ရောက်လာသော နောက်တစ်ပန်းကန်။ စားပွဲအလယ်က ဟင်းရေခွက်ထဲကနေ ခပ်ပြီး စိုင်းခန့်ပန်းကန်းထဲ လှမ်းလာတဲ့ သူ့လက်တွေကို လက်ပြန် ရိုက်ချလိုက်သည်။ဖယ်မရအောင် စွန်းထင်းသွားသော မုန့်ဟင်းခါးရေတွေက စောစောက ချထားတဲ့ ဖိုင်တွဲပေါ်မှာပြန့်ကျဲလျက်။
"ဆရာ အဲ့ဒါ အရေးကြီးတဲ့ စာတမ်းတွေ ...."
"အသစ်ပြန်လုပ်လိုက်"
ဘာလဲ မထိရောက်သေးဘူးလား။ကောင်းပြီလေ ဘယ်လောက်ထိ စိတ်ရှည်နိုင်လဲဆိုတာ ကြည့်ရတာပေါ့။
စိုင်းခန့် အကြည့်တို့က သူ့လက်နားမှာ ချထားသော ပြောင်လတ်နေတဲ့ဖုန်းထံ ရောက်ရှိသွားပြန်သည်။ ချက်ချင်းလှမ်းယူပြီး အငွေ့ထွက်နေသော ဟင်းရည်ပူထဲသို့ ....။
လုပ်လိုက်တော့ .... အခုဒေါသထွက်ပြီး ဒီအိမ်ကနေ နှင်ထုတ်လိုက်စမ်းပါ။ စိတ်ပျက်တယ်လို့ ပြောပြီးတော့ ဝေးဝေးမှာနေလိုက်။
"ကလေး မုန့်ဟင်းခါးမကြိုက်ဘူးလား.... တခြား ဘာစားချင်လဲ ကိုယ့်ကိုပြော"
"......"
မျက်နှာတစ်ချက်မပျက် Coffee ခွက်ကို ကောက်ကိုင်ရင်း စိုင်းခန့်ကို ကြည့်ကာမေးသည်။ နေရှိန်က တည်ငြိမ်သလောက် ဘေးမှ သူ့တပည့်က မျက်နှာပျက်ကာ
"ဆရာ အဲ့ဖုန်းက ဟိုနေ့ကမှ အသစ်ဝယ်ထားတဲ့ နောက်ဆုံးထွက်လေ။ ပြီးတော့ လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်ဖို့က"
"Phone card နဲ့ memory cardနှုတ်လို့ ရလား ကြည့်ပြီး ဖုန်းအသစ်ထဲ ပြန်လဲထည့်ထား"
ပန်းကန်ကိုယူသွားတဲ့ လူက နှမြောတသကြည့်နေပေမယ့် သူ့ကတော့ မပြောပလောက်သလို။ဟုတ်တာပေါ့ လူချမ်းသာတွေအတွက်က ဒီဖုန်းလောက်ကတော့ ဘယ်မှုမလဲ။
"အရမ်းချမ်းသာတဲ့ ခင်ဗျားဖို့ ဒီလောက်က ပါမွှားပေါ့"
နေရှိန်ပြုံးမနေပါ ။ဒါပေမဲ့ မျက်ဝန်းတွေမှာ ခက်ထန်ခြင်းမရှိ။သတိထားမိသလောက်တော့ သူ စိုင်းခန့်ကို ကြည့်တိုင်း နူးညံ့နေတတ်သည်။
"ကလေးထင်သလောက် ကိုယ်မချမ်းသာပါဘူး"
"ဟာသတွေပဲ ဒီလောက်ကုမ္ပဏီတွေပိုင်နေတဲ့သူက မချမ်းသာဘူးဆိုတော့ ခင်ဗျားပြောတဲ့ စကားတိုင်းက ယုံကြည်စရာ မရှိဘူး"
"ချစ်တယ်ဆိုတာတော့ ယုံတယ်မလား"
တိတ်ဆိတ်သွားတဲ့ စိုင်းခန့်ပုံစံကိုကြည့်ကာ သူက သဘောကျစွာရှိမြဲ။ထို့နောက် ခေါင်းပေါ်က ဆံနွယ်တို့ကို လှမ်းဖွပြီး ဧည့်ခန်းဘက်ထသွားသည်။TV က ဖွင့်ထားသော ငွေကြေးဈေးကွက် အကြောင်းကို စိတ်ဝင်တစားနားထောင်ရင်း
"ဗိုက်ဆာနေလိမ့်မယ် ကိုယ်ရုံးမသွားခင် ဝယ်ပေးခဲ့မယ်လေ ကလေးဘာစားချင်လဲ "
"ဆရာ meeting ရှိပါတယ် "
"ရွေ့လိုက် "
"အရေးကြီးတဲ့ ..... "
"......."
"ဟုတ် .....ဟုတ်ကဲ့ဆရာ ကျွန်တော် ရွေ့လိုက်ပါ့မယ် "
နေရှိန်သွေးရဲ့ နူးနူးညံ့ညံ့အကြည့်က စိုင်းခန့်သော်အတွက်ပဲဖြစ်ပြီး တခြားသူအတွက်ဆိုရင်တော့ အတွန့်မတက်စေမယ့် အကြည့်စူးစူးတွေသာ ရမည်။ထိုထဲမှာ တပည့်ရင်း ဖြစ်တဲ့ ကျော်ကျော်နဲ့ ဇော်မျိုးနိုင်လည်း အပါအဝင်။
စိုင်းခန့် ဘာမှပြန်မဖြေဘဲ ဧည့်ခန်းထဲ လျှောက်လာလိုက်ပြီး စားပွဲပေါ်က ပန်းအိုးကို ယူကာ TV ပေါ် လောင်းချလိုက်သည်။ အငွေ့တွေထွက်လာကာ TVပိတ်သွားမှ လက်ထဲ ကိုင်ထားဆဲ ဖန်ပန်းအိုးခွံနဲ့ ဈေးကြီးမယ် ထင်ရသော နံရံမှ မှန်ဘောင် ပန်းချီကားချပ်ကို လှမ်းပေါက်လိုက်ချိန်။
ခွမ်း!
ရုတ်တရက် စိုင်းခန့်ပေါ်ကို အုပ်မိုးလာသော အရိပ်တစ်ခုကြောင့် နေရှိန် ရိုက်လိုက်မည် အထင်နှင့် မျက်လုံးမှိတ်ထားမိသည်။ သို့သော် အားပြင်းတဲ့ ရိုက်ချက်အစား အသာယာပဲ ခေါင်းပေါ် အုပ်ကိုင်လိုက်တဲ့ သူ့လက်တွေကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ တစ်ကိုယ်လုံး သိုင်းဖက်ကာ ကွယ်လိုက်သည်မို့ ဘေးမှ ပြန့်ကျဲကျလာသော အစအနတွေကစိုင်းခန့် ခန္ဓာကိုယ်ကို နည်းနည်းလေးမှ မထိ။မှန်တွေနဲ့အတူ ဖန်ကွဲစတွေ ကျနေတာ ရပ်သွားမှ ပုခုံးနှစ်ဖက်ကို ကိုင်ကာ
"စူးသွားသေးလား ... ဘယ်နားရှမိသေးလဲ... လမ်းမလျှောက်သေးနဲ့အုံး ကလေး ဒီအတိုင်း ရပ်နေ"
စိုးရိမ်တကြီးပြောနေတဲ့ နေရှိန်ပါးပြင်မှာ သွေးစို့ရာတွေ။အိမ်အကူဒေါ်ကြီးနဲ့ သူ့တပည့်အပါအဝင် ခြံစောင့် လူရော ပြေးလာတော့မှ စိုင်းခန့် စိတ်ထဲ အားနာမိသွားသည်။တွေးလိုက်တဲ့ နည်းလမ်းက မမှန်ကန်တဲ့အပြင် ဒီလူက အံ့ဩစရာကောင်းလောက်အောင် သည်းခံနိုင်သည်။
ထပ်မလုပ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ တပြိုင်တည်း အခု လုပ်လိုက်မိတာတွေက နောင်တ အဖြစ် တွန်းပို့နေသည်။ပုံမှန်ဆို စိုင်းခန့်က ဒီလိုလူမျိုး မဟုတ်ပေမဲ့ နေရှိန်ဆိုတဲ့သူ့အနားရောက်ရင် တခြားတစ်ယောက်ဖြစ်သွားပြီး ခပ်ဆိုးဆိုးနဲ့ ရွဲ့ချင်သော စိတ်က ဝင်လာတတ်မြဲ။
လမ်းသွားလို့ ရအောင် အရင်ရှင်းခိုင်းပြီး အပေါ်ထပ် အခန်းဆီ တက်လာသည်။ အရေးကြီးတဲ့ စာရွက် စာတမ်းတွေနဲ့ သူ့ပစ္စည်းတွေအစား ကျွန်တော် ဗိုက်မဆာဖို့ အရေးကိုသာ အာရုံစိုက်နေပြီး ကိုယ်တိုင် ပေါင်မုန့်နဲ့ ကြက်ဥကြော်ပေးခဲ့သည်။
ထို့နောက် နေရှိန်ရဲ့ကား ခြံထဲက ထွက်သွားတာကို အခန်းထဲကနေ လှမ်းကြည့်နေပြီးမှ စားပွဲပေါ်က နွားနို့နဲ့ပေါင်မုန့်ကို အကုန်ယူစားလိုက်သည်။ ပန်းကန်ထားဖို့ အောက်ထက်ကိုဆင်းလာတော့ ဖန်ကွဲစတွေရှင်းနေသေးတဲ့ အိမ်အကူဒေါ်ကြီးနဲ့ ခြံစောင့်တို့ရဲ့ စကားတွေကြောင့်စိုင်းခန့်ခြေလှမ်းတို့ရပ်တန့်သွားသည်။ အောက်ကိုသာ ဂရုစိုက်ပြီးရှင်းနေတာမို့ လှေကားအကွယ်က စိုင်းခန့်ကိုသူတို့နှစ်ယောက်မမြင်ပေ။
"ဆရာမို့ သည်းခံတယ် ကျုပ်သာဆို တစ်ခါတည်း ရိုက်သတ်လိုက်မှာ "
ခြံစောင့်ဖြိုးမောင်ရဲ့ အသံ။
"ဟုတ်ပတော် အမျိုးမတော် ဘာမတော်နဲ့ အလကားလည်းတက်နေသေးတယ် သူ့ကိုယ်သူ အိမ်ရဲ့ အရှင်သခင်လို လုပ်ချင်ရာ လုပ်နေတော့တာပဲ"
"အမျိုးမတော်ပေမဲ့ အဲ့ကောင်လေးက ဟိုဟာလေ ဒေါ်ကြီးရဲ့"
"ဟဲ့ ဘယ်ဟာတုန်း ကျုပ်ကို ရှင်းအောင်ပြောစမ်းပါ"
"ဒေါ်ကြီးကလည်းဗျာ... ဒီအခြေနေတွေတောင် မရိပ်မိဘူလား .... အဲ့ကောင်လေးနဲ့ ဆရာက ညားနေတာဗျို့.... ညားနေတာ"
စိုင်းခန့်လက်ထဲက ပန်းကန်တို့ကို ဖိကိုင်ထားမိ၍ လက်ဖျားတွေ ကျဉ်လာသည်။ နေရှိန်က ဖက်တွယ်တာအပြင် လွန်လွန်ကျွံကျွံတစ်ခါမှ မလုပ်ပေမဲ့ တခြားသူတွေအမြင်မှာတော့ ထိုသို့ဖြစ်နေတာလား။
"ဘုရားရေ .... ဟုတ်ပါ့မလားဟဲ့"
"ဘာလို့ မဟုတ်ရမှာလဲ အဲ့ကောင်လေး ပုံစံကြည့်လိုက်လေ ပျော့တိပျော့ဖက်နဲ့ မိန်းကလေးရှုံးအောင် လှနေသေးတာ။ နောက်ပြီး ဒီလောက် ဒေါသကြီးတဲ့ ဆရာက အရမ်းသည်းခံနေမှတော့ ဒါပဲရှိတော့တာပေါ့"
"ဟယ် နင်ပြောတာသာ အမှန်ဆိုရင် ငါတော့ မောင်နေရှိန်ကို နှမြောလိုက်တာအေ။ သူ့ရုပ်ရည်အဆင့်တန်းနဲ့က တကယ့်ကို ဒိတ်ဒိတ်ကြဲမိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာ အခုတော့ဖြင့် ဒီကောင်လေးနဲ့ပဲ လုံးပါးပါးတော့မပေါ့"
"တိုးတိုးပြောစမ်းပါ အဒေါ်ကြီးရာ တော်ကြာ ကြားသွားပါအုံးမယ် "
"ကြား ကြားအေ ပိုက်ဆံပေးလို့ အိမ်ကူလုပ်တယ် ဆိုပေမဲ့ သူဌေးမဟုတ်တဲ့ ဒီကောင်လေးကို ကလေးထိန်းသလို ထိန်းနေရတာတော့ မဟုတ်သေးပါဘူး။ သူရှုပ်သမျှ လိုက်ရှင်းနေရတာ မောင်နေရှိန် စိတ်ရှည်ပေမဲ့ ကျုပ်တော့ စိတ်မရှည်ပေါင်"
"ကျွန်တော့်အထင်တော့ ဆရာက ဒီကောင်လေးကို တစ်နှပ်စားပဲနေမှာပါ ။ ဘာလို့ဆို လူပုံအလယ် ထုတ်မပြပဲ အိမ်ထဲမှာတင် ဖွက်ထားတာကြည့်လေ ။ ဒါမျိုးက ပွဲထုတ်လို့ ရတဲ့အရာမဟုတ်ဘူးဆိုတာ သိသာနေတာပဲ"
"အေး အဲ့ဒါတော့ ဟုတ်တယ် လူသိရှင်ကြားလည်း လက်ထပ်မှာ မဟုတ်ဘူး။ နောက်ပြီး မောင်နေရှိန် မိဘတွေက တကယ့်အသိုင်းဝိုင်းကြီးက သူဌေးတွေမလား။ ဒီကောင်လေးကို လက်ထပ်ရင်တောင် ကလေးမရနိုင်ဘူးလေ။အဖိုးတန်သားလေးက မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ နေလို့မရမှတော့ သူ့မိဘတွေသိရင်တော့ တားကြမှာပဲ"
"ဟုတ်တယ် ဆရာ့မိဘတွေသာ ဒီကောင်လေး ရှိနေတာသိရင် အိမ်ပေါ်ကနေ မောင်းချမှာ "
သူတို့ ပြောနေတာတွေက လွန်တယ်လို့မထင် ။ဒီနေရာက စိုင်းခန့်နဲ့ မသက်ဆိုင်ဘူးဆိုတာ လူတိုင်းသိနေတဲ့ အမှန်တရားပဲ။ကိုယ့် နေရာမှန်ကို ပြန်ရောက်ဖို့အတွက် သူ့မိဘတွေနဲ့ တွေ့ဖို့လိုပြီထင်သည်။
တကယ်လို့ ... ခင်ဗျားက ကျွန်တော့်ကို လက်ထပ်မယ်ဆိုရင်တောင် ....
ဟင့်အင်း ..
ရှိမလာနိုင်ဘူး နေရှိန်လို ပြည့်စုံတဲ့ လူတစ်ယောက်က စိုင်းခန့်လို ဘာမဟုတ်တဲ့ လူကို လက်ထပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာ။
နောက်ပြီး ... ကျွန်တော်လည်း သူ့ကို မုန်းတယ် ....
တင်းကြပ်စွာ နာလာသော ရင်ဘတ်ကြောင့် ထိုနေရာကအင်္ကျီကို လုံးခြေကာ စိုင်းခန့် အံ့ကြိတ်ထားမိသည်။သူ့ကိုမုန်းတယ် ပြောလိုက်တိုင်း ရင်ဘတ်ထဲက အတိုင်းဆမဲ့စွာ နာကျင်သည်ကိုတော့ ကိုယ်တိုင်လည်း နားမလည်နိုင်သေးတဲ့ ပုစ္ဆာတစ်ရပ်ပင်။
.....