စမ်းချောင်းဘက်က ပြန်လာတော့ အိမ်ရှေ့မှာ ကျော်ကျော်နဲ့ ဇော်မျိုးနိုင် ရောက်နေကာ စိုင်းခန့်က သူုတို့ကို တစ်ချက်သာ ကြည့်ပြီးအိမ်ထဲဝင်သွား တာကြောင့် ချယ်ရီပင်အောက် ကွပ်ပျစ်ဆီ ခေါ်လာလိုက်သည်။
"ဘာအကြောင်းထူးလို့လဲ"
"ဦးကြည်ရဲ့ ရေနံတွင်းကိစ္စပါဆရာ။သူတို့ ရှယ်ယာအမြတ်ငွေ ခွဲဖို့ BOD ( Board of director ) Meetingရှိတယ်တဲ့။ဆရာ ပျောက်နေတယ် ဆိုတဲ့ ကောလာဟလ သတင်းလို ထွက်နေတော့ ကျွန်တော် တို့ ဘက်က ရမယ့် အမြတ်ငွေကို ကုမ္ပဏီ ရဲ့ အရင်းတည်ငွေထဲ ပြန်ထည့်မလို့ဆိုပြီး ကြားထားပါတယ်။အဲ့ meeting မှာ ဆရာကိုယ်တိုင် လူလုံး ထွက်ပြပြီး လက်မှတ်ထိုးမှ အဆင်ပြေနိုင်မှာ ။မဟုတ်ရင် နောက်နှစ်ကျမှပေါင်းပြီး အမြတ်ငွေယူဖို့ဆိုတာ အောင်မြင်နိုင်ချေက ခန့်မှန်းလို့မရသေးဘူး၊ အခု ရတုန်းယူထားမှ သေချာလိမ့်မယ်"
ဇော်မျိုးနိုင် စကားဆုံးတော့ တဲအိမ်လေး ဘက်ကို လှမ်းကြည့်မိသည်။ အချိန်ခဏလေးသာ ရှိတော့တာမို့ ကောင်လေးနားပဲ နေချင်သော်လည်း ဒီကိစ္စက တခြား ကုမ္ပဏီ ကိစ္စတွေလို မျက်နှာလွှဲလိုက်လို့မရ။ အနာဂတ်အတွက် စထားတဲ့ခြေလှမ်းဖြစ်သလို ဒီကောင်လေးအတွက် ရည်ရွယ်ထားတာတွေရှိလို့ အရေးကြီးသည်။
"ကောင်းပြီလေ ငါပြန်လိုက်ခဲ့မယ် ၊ မင်းတို့ ဒီမှာ ခဏ စောင့်နေအုံး"
နေရှိန် အိမ်ထဲဝင်လာတော့ကောင်လေးက ခေါက်ဆွဲခြောက် နှစ်ဘူးကိုဖောက်ကာ ရေနွေးတည်ဖို့လုပ်နေသည်။ အင်္ကျီအမြန်လဲလိုက်ပြီး ဘယ်လို ပြောရမလဲဆိုတာ ဦးနှောက်ကိုလည်း အလုပ်ပေးလျက်။နေရှိန် အဝတ်စားလဲပြီးတော့ စိုင်းခန့်က ခေါက်ဆွဲ ပြုတ်ပြီးသား ပန်းကန်နဲ့အတူ ပြန်ဝင်လာသည်။
"ဟိုနှစ်ယောက် မပြန်သေးဘူးလား။သူတို့ နှစ်ယောက်ဖို့ရော ထပ်ပြုတ်လိုက်မယ်"
နေရှိန်ပုံစံကို မမြင်သေး ပန်းကန်ကိုသာ ကြမ်းခင်ပေါ် ဂရုစိုက်ချရင်း မေးသည်။ထို့နောက် ဘာမြှပန်မဖြေတဲ့ နေရှိန်ကြောင့် အနောက်လှည့်ကြည့်လာပြီး ဝတ်စုံအပြည့်ကို မြင်တော့မှ သေချာကြည့်နေကာ မေးခွန်းများစွာရှိနေတဲ့ မျက်ဝန်းလေးတွေနဲ့အတူ တိတ်ဆိတ်စွာပဲ ခေါင်းငုံ့သွားတဲ့ကောင်လေးကြောင့် ခေါက်ဆွဲပန်းကန်ရှေ့ ဝင်ထိုင်လိုက်သည်။နှစ်ယောက် အတူတူ စားနေရင်း တစ်ချက်တစ်ချက်လှမ်းကြည့်နေတာကြောင့်
"ကိုယ့်အဖွား နေမကောင်းဖြစ်လို့တဲ့ အဲ့ဒါ ကိုယ်ခဏလိုက်သွားရမယ်"
"သြော်"
မရှိတော့တဲ့အဖွားကို ခုတုံးလုပ်ကာ မုသားသုံးလိုက်ရသည်။တူနဲ့ ညှပ်ယူနေသော်လည်း စိုင်းခန့်ပန်းကန်ထဲက ခေါက်ဆွဲဟာ အရာမယွင်းသေး။ နေရှိန်က အရည်သာကျန်တော့သည်။
"အဖွား သက်သာ သွားရင်...."
ခပ်တိုးတိုး မရဲတရဲအသံလေးက အဆုံးထိ ဆက်မပြောဘဲ ခေါင်းလေးငုံ့ထားဆဲ။
"အဖွားသက်သာသွားတာနဲ့ ကိုယ်ချက်ချင်းပြန်လာခဲ့မယ်နော်"
သူပြောချင်တာကို သဘောပေါက်တာမို့ ကိုယ်က ဆက်ပြောလိုက်တော့ ခေါင်းညိတ်ပြသည်။ ခဏလေးပဲ ခွဲရမှာတောင် ရင်ထဲ ဒီလောက် လေးလံနေရင် တစ်သက်လုံး ဝေးရမယ့် အချိန်ကို ဘယ်လိုရင်ဆိုင်ရမလဲ။ထွက်မသွားစေချင်တဲ့ ကောင်လေး အမူအယာကြောင့် နေရှိန် သဘောကျပေမယ့် ရင်မောရပြန်သည်။
စားပြီးသွားတော့ဘာပစ္စည်းမှ မယူပဲ အကုန်ထားခဲ့တာက သေချာပေါက်ပြန်လာမယ်ဆိုတာ သိစေချင်သည့် ရည်ရွယ်ချက်ပါ။ဆန့်ကျင်ဘက် အရပ်သို့ ကျောခိုင်းသော်လည်း အိမ်ရှေ့မှာ ရပ်နေသော ကောင်လေးကို ခဏခဏ လှည့်ကြည့်မိသည်။
နည်းနည်း ခပ်လှမ်းလှမ်းကိုရောက်တော့ ပြန်လှည့်ကြည့်ချိန် တဲအိမ်လေး ဘေးမှာ သူရှိမနေတော့တာကြောင့် သက်ပြင်းချကာပဲ လေးလံတဲ့ခြေလှမ်းတို့ကို ဆက်လျှောက်လိုက်သည်။ ဘေးက နှစ်ယောက်လည်း မုန်တိုင်းအဖျားခတ်သလို သူတို့ ဆရာ၏ပုံစံအား အလိုက်သိစွာ တိတ်တိတ်ဆိတ်ဆိတ်။
"ခဏလေး"
အနောက်နားဆီမှာ ခေါ်သံလေးတစ်ခုကြောင့် ချက်ချင်းပဲ လှည့်ကြည့်လိုက်တော့ ပြေးလာနေတဲ့ ကောင်လေး။ဖြစ်နိုင်ရင် ဆွဲဖက်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်ချင်သည်။အနားရောက်တော့မောနေတဲ့မျက်နှာလေးက နေရှိန်ကို ပြုံးပြကာ လက်ထဲသို့ အထုပ်လေးတစ်ထုပ်ထည့်ပေးသည်။အနက်ရောင် ပလတ်စတစ် အိတ်မို့ အတွင်းမှာ ဘာရှိလဲ မမြင်ရ။
"ဒါက ...?"
"ဟိုနေ့က ပစ္စည်းတွေ ပို့တော့ ခင်ဗျားရဲ့လစာ (၂)လလောက် ရ ၊မရ မသေချာဘူးဆို။ဆေးဖိုးဝါးခ လိုရင် သုံးဖို့ ဒါလေးယူသွား။ပြီးတော့အဖွားကို အမြန်ဆုံး ကျန်းမာလာအောင် ကုပေးခဲ့နော်"
"........."
ကိုင်ထားတဲ့ အထုပ်ကလေးကို ကြည့်ကာနေရှိန်လက်တွေ တုန်ရီလာပြီး ရင်ထဲမှာလည်း လှိုင်းထန်လာသည်။ ပြုံးပြနေဆဲ ကောင်လေးကို ကြည့်လိုက်တော့ ဆံပင်နဲ့ အင်္ကျီတွေမှာ ကပ်ငြိနေသေးသော ဝါးခြမ်းစလေးတွေ။ရင်ထဲ ဆို့နင့်ကာ နေရှိန် ယောက်ျားတန်မဲ့ မျက်ရည်ဝဲလာသည်။
"ဟို ... ပိုက်ဆံကလေ စီချိန်မရလိုက်လို့ အခေါက်လိုက်လေးတွေပဲ ထည့်ထားတာ ။ အနှုတ်တွေ သုံးရခက်ရင် ဈေးဆိုင်တို့၊ ဘဏ်တို့မှာ လဲလို့ရမယ် ထင်တယ် "
"ဒီ ပိုက်ဆံတွေက .... မင်း ရဟန်းခံဖို့...."
ထိန်းကာ ပြောနေသော်လည်း တိမ်ဝင်သွားသော အသံက အဆုံးထိ ထွက်မလာ။
"အာ ... ရပါတယ် ။ အသက်(၂၀) ပြည့်ပြီးသွားရင် ဘယ်အချိန် ပြန်စုစုရတာပဲ။ အဖွားက ပိုအရေးကြီးတယ် ။ နေမကောင်း အကြာကြီးမဖြစ်စေနဲ့။ ဆုံးရှုံး လိုက်ရတဲ့ ခံစားချက်ကို ကျွန်တော် ကောင်းကောင်းသိတာမို့ ခင်ဗျားကို အဲ့လို မဖြစ်စေချင်ဘူး။သွားတော့ "
"ကိုယ် ...."
"ကဲပါ ... မြန်မြန်သွားတော့။အားနာစရာမလိုဘူး။ဒါက ချေးလိုက်တာ။နောက်သေချာပေါက် ပြန်ဆပ်ရမယ်နော်"
သူ့အား နစ်နဲစွာ ကြည့်နေသော နေရှိန်ကို ကျောခိုင်းလှည့်စေကာ လက်လေးတွေနဲ့ အသာတွန်းထုတ်နေသည်။ စကားအများကြီးပြောလေ့မရှိသော ဒီကောင်လေးက အခုတော့ဖြင့် ခပ်ပြုံးပြုံးလေးစနောက်ကာ ကိုယ့်ကို နှစ်သိမ့်စကားတွေ ပြောပေးနေသည်။ဖြူစင်လွန်းတဲ့ ကောင်လေးအပေါ် လိမ်ခဲ့မိတဲ့ အပြစ်တွေအတွက် သေချာပေါက် ပြန်လည်ပေးဆပ်ရပါမည်။
လှည့်ထွက်ရင်း လက်ထဲက ပိုက်ဆံအထုပ်လေးကို ရင်ဘတ်မှာ ကပ်ကာ ပါးပြင်သို့ လိမ့်ဆင်းလာသော မျက်ရည်စက်တွေကို မသုတ်မိ။ ပြက္ခဒိန်မှာ ဝိုင်းထားသော နေစွဲလေးဟာ နောက်သုံးရက်မြောက်ဖြစ်တာကြောင့် ထိုရက်ကို နေရှိန် အမီပြန်လာမည်။
နောက်ပြီး ကိုယ့်ခံစားချက်တွေအပါအဝင် အရာအားလုံးကို ဝန်ခံမှာမို့ ခဏလောက်ပဲ စောင့်နေပေးပါ။မင်းက ကိုယ့်ရင်ခွင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာမှာ ရောက်ရှိနေပြီ။ လက်လွတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။