သက်ကယ်မိုးပေါ်သို့ တဖြောက်ဖြောက်ကျနေသော မိုးစက်သံလေးများက ညသန်းခေါင်ယံရဲ့တေးသွားတစ်ပုဒ်လို။ခေါင်းရင်း ပြတင်းပေါက်မှ လာသော လေနုအေးကြောင့် အိပ်ပျော်နေသော ကောင်လေးရဲ့ ခါးတွင်ရှိနေသော စောင်ကို ပုခုံးထိ ဆွဲခြုံပေးလိုက်သည်။ နှစ်ယောက်အိပ် မွေ့ရာဆိုသော်လည်း ကျဉ်းလွန်းတဲ့တဲအိမ်လေးကြောင့် ကြမ်းခင်းအပြည့်ဖြစ်နေသည်။ မျက်နှာလေးကို လှမ်းကြည့်လိုက်တော့ ကြည်လင်စွာ သက်သောင့်သက်သာရှိနေသည်နှင့်အတူ နေရှိန် နှုတ်ခမ်းမှာ ကျေနပ်လေသော အပြုံးတစ်ပွင့်က တစ်ပြိုင်တည်း။
သို့သော် ထိုအပြုံးတို့က ကြာကြာမခံ။နေ့လည်က အကြောင်းတို့ ပြန်တွေးရင် ကြေကွဲစွာ ပြောပြလာသော ကောင်လေးရဲ့အသံဟာ နားထဲ ပဲ့တင်ထပ်နေသည်။
"အဖိုးက ဒီအိမ်လေး ဆောက်ပြီး မကြာခင်မှာ စုဘူးလေးကို စ စုခဲ့တယ်။သူ့မှာ ရှိသမျှလေးနဲ့ ကျွန်တော့်ဖို့ ရည်ရွယ်ပြီး လုပ်ပေးထားခဲ့တာ။
အသက်(၂၀)ပြည့် ရဟန်းခံပြီး ဆံချတဲ့ ရက်မှာ သူက တဘက်ကိုင်ပေးပြီး သာဓု ခေါ်ချင်ရုံလေးပါတဲ့။ဒါပေမဲ့ သူဆန္ဒတွေ ပြည့်ဝဖို့ ဘယ်လောက်မှ မလိုတော့တဲ့ ဒီရက်လေး အတွင်းမှာပဲ ...."
ဆို့နင့်မှုကြောင့် တိမ်ဝင်သွားသော အသံဟာ နေရှိန်ကိုပါ အသက်ရှူကျပ်လာစေသည်။ ပိုဆိုးတာက ကောင်လေး ပြောလိုက်တဲ့ နောက်ဆုံး စကားတွေဟာ ရင်ဘတ်ကို စူးချွန်တစ်ခုနဲ့ ထိုးနေသလိုပင်။
"ကံတရားက သူ့အလိုတိုင်းစီမံနေပေမယ့် အဖိုးဆုံးသွားတဲ့ ကိစ္စမှာတော့ ကျွန်တော့် ရင်ထဲ အစိုင်အခဲ တစ်ခုဖြစ်နေတယ်။
အဲ့ဒါက အဖိုးရဲ့ မျှော်လင့်ချက်တွေ ၊တစ်ယောက်တည်း ဖြစ်သွားတဲ့ ဒီခံစားချက်တွေအတွက် ခင်ဗျားသူဌေးကို ကျွန်တော် မုန်းတယ်။ဘာကိုမှ ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိပေမယ့် စေခိုင်းသူ ပတ္တမြားကုမ္ပဏီ ပိုင်ရှင် နေရှိန်သွေးဆိုတဲ့ လူကို မုန်းလို့ ရတယ်မလား" တဲ့
နေရှိန် ပြန်မဖြေမိ။ မင်းဆီမှာ လာနေတဲ့ ကိုယ်က အဲ့ဒီနေရှိန်သွေးဆိုတဲ့ လူပါလို့ သိသွားခဲ့ရင် ဒီထက်ပိုပြီး မုန်းသွားလေမလား။
ပိုမိုသည်းထန်လာတဲ့ မိုးနဲ့ အတူ လွင့်စင်လာသော ပြတင်းပေါက်မှ မိုးစက်တွေကြောင့် နေရှိန် တံခါးလှမ်းပိတ်လိုက်သည်။ထိုအချိန် ခါးကို ရစ်တွယ်လာသော လက်လေးတွေကြောင့် ငုံ့ကြည့်လိုက်တော့ ရင်ခွင်ထဲ မျက်နှာအပ်ကာ တိုးဝှေ့နေသော ကောင်လေး။
ခေါင်းအုံးနဲ့ လွတ်သွားရင် ဇက်နာမှာစိုးတာကြောင့် လက်မောင်းခုပေးလိုက်သည်။ သေးငယ်တဲ့ ခန္ဓာကိုယ်လေးက နေရှိန် ရင်ခွင်ထဲမှာ ပျောက်လုနီးပါး။ ရင်ဘက်ကို ရိုက်ခတ်နေသော ဝင်သက်ထွက်သက်လေးတွေဟာ နှလုံးသားကို မှုမမှန်အောင် ကလူနေသည်။တင်းကြပ်နေအောင် ဆွဲကာဖက်ထားလိုက်ချင်ပေမယ့် အသက်ရှူကျပ်သွားမှာ စိုးသောကြောင့် ဆံနွယ်လေးတွေကို နမ်းရှိုက်ရင်း ဝုန်းဒိုင်းကြဲနေတဲ့ ရင်ခုန်သံအား မသိချင်ယောင်ဆောင်လျက်။
ဒါလေးက ဘုရားသားတော် ဖြစ်မယ့်လူ။ မပြစ်မှားသင့်ဘူးဆိုပေမဲ့ လက်လွတ်ဖို့လည်း မတက်နိုင်ပြန်ဘူး။ကိုယ့်ရင်ခွင်ထဲ အကျအနနေယူထားသော ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်သာမက ခန္ဓာကိုယ်ပါ အပြီးတိုင် သိမ်းပိုက်လိုက်ချင်သည်။
သို့သော် ပိုင်ဆိုင်ဖို့တောင် မကြိုးစားရသေးခင် ဆက်တိုးလို့ မရတဲ့ ခြေလှမ်းတွေနဲ့ ကိုယ်က ဘယ်လိုရှေ့ဆက်ရမှာလဲ ....။
..................
ရာဘာဖိနပ်ပေါ်က ခြေဖဝါးနုနုလေးကို ကြည့်ကာ ထိုခြေရာလေးအတိုင်း နေရှိန် ထပ်ကြပ်မကွာလိုက်နေသည်။ခြေထောက်က ဒဏ်ရာ သက်သာတာနဲ့ သူနဲ့အတူ စမ်းချောင်းဆီကို ရေသွားချိုးရန် လိုက်လာခြင်း။နေရှိန်က ပုဆိုးတစ်ထည်သာ ပါသော်လည်း ကောင်လေးကတော့ ဝတ်စုံအပြည့်ရှိနေသေးသည်။
ချောင်းနားရောက်မှ အင်္ကျီ ချွတ်လိုက်တာကြောင့် နေရှိန်ခြေလှမ်းတို့ ရပ်တန့်သွားသလို အကြည့်ကလည်း နောက်ကျောပြင် သေးသေးလေးမှ မခွာမိ။နေမြင့်လေ အရူးရင့်လေဆိုသလို ဒီကောင်လေးနားနေလေ နေရှိန် ကိုယ့် ဒုက္ခကိုယ် ရှာမိလေပဲ။
အပစ်ကင်းစင်တဲ့ ကောင်လေးကတော့ ကမ္ဘာပျက်နေတဲ့ နေရှိန် အခြေနေကို မသိ။ အပေါ်ပိုင်း ဗလာဖြင့် မျက်နှာချင်းဆိုင် လှည့်လာသည်။
အသက်ရှူမှားသွားတဲ့ ကိုယ့်ကို သူကတော့ဖြင့် တည်ငြိမ်စွာပဲ တဘက်တစ်ထည်လှမ်းပေးသည်။
မျက်တောင်ခတ်ဖို့ အရမ်းကို နှမြောတာမို့ လုံးဝမခတ်။ လည်တိုင်တစ်လျှောက်က ညှပ်ရိုး၊ဖြူဝင်းနေတဲ့ ဗိုက်မှာ ချက်ရဲရဲလေး....
"........."
သူ့ရင်ဘတ်က ဘာလို့ပွင့်ချပ်သုံးခုဖြစ်နေတာလဲ ?
အရှေ့သို့တစ်လှမ်းတိုးလာကာ ရင်ဘတ်ကို သေချာကြည့်နေသော နေရှိန်ကြောင့် စိုင်းခန့် ကျောက်ရုပ်လို တောင့်တောင့်လေး ဖြစ်သွားသည်။
"ဘာ ...ဘာကို ကြည့်နေတာလဲ"
"ဒါအမှတ်လား"
လက်ညိုးထိုးကာ မေးလိုက်တဲ့ နေရာသို့ စိုင်းခန့် ငုံ့ကြည့်လိုက်တော့ နေရှိန်ရဲ့ ခေါင်းက သူ့ရင်ဘတ်ထဲ ဝင်တော့မယ့် အခြေနေမှာ ရှိနေသည်။ အနောက်သို့ တစ်လှမ်းဆုတ်သွားပြီး
"ဟုတ်တယ် အဲ့ဒါ မွေးရာပါ အမှတ်"
"အမှတ်ကို အညိုရောင်ပဲ မြင်ဖူးတာ ဒီလို အနီရောင် တစ်ခါမှ မမြင်ဖူးဘူး"
ကောင်လေးရဲ့ ရင်ညွန့်တည့်တည့်မှာ အနီရောင် အဝိုင်းပုံစံ အမှတ်ကလေး ရှိနေသည်။ထိုအနီဝိုင်းလေးကို ကြည့်နေရင်း အိပ်မက်ထဲက ပတ္တြမားဆွဲသီးလေးကို နေရှိန်သတိရသွားသည်။ ဆွဲသီးနဲ့ အမှတ်ပဲ ကွာတာ ရှိနေတဲ့ နေရာက တစ်ပုံစံတည်းပဲ။အဲ့ဒီအိပ်မက်ကလည်း သူနဲ့ တွေ့မယ့် မနက်မှာ မက်တာဆိုတော့ စပ်ဆက်မှုရှိနေလား။နေရှိန်စိတ်ထဲမှာ ဒီကောင်လေးနဲ့ အိပ်မက်ထဲက ကောင်လေးက တစ်ယောက်တည်းလို့ ခံစားမိနေသည်။
.....