ညနေရုံးဆင်းချိန် အိမ်ပြန်ရောက်တော့ မိသားစုထမင်းဝိုင်းနဲ့ဆုံသည်။ နာမည်ခံသားတစ်ယောက်ဖြစ်တာမို့ ထမင်းစားခန်းအပြင်ကနေသာ ရောက်ရှိကြောင့် ဦးညွှတ်ပြီး အသိပေးလိုက်ရုံသာ။ ထို့နောက် အပေါ်ထပ်က အခန်းထဲဝင်လာလိုက်ပြီး င်္အကျီတောင်မလဲနိုင်သေးဘဲ အိပ်ယာပေါ် လှဲချလိုက်သည်။
ဘယ်လောက်ထိ ခန္ဓာကိုယ်က ပင်ပန်းနေတယ်မသိ လှဲနေရင်းအိပ်ပျော်သွားပြီး ပြန်နိုးလာတော့ ည၁၀နာရီရှိနေပြီ။အဝတ်အစားတို့ ချွတ်ပြီး ရေချိုးလိုက်မှ ဗိုက်ထဲက အတော်ဆာနေကြောင်း အချက်ပြလို့။
ထို့ကြောင့် ရေမြန်မြန် ချိုးပြီး အောက်ထက်က ထမင်းစားခန်းကိုဆင်းလာလိုက်သည်။ အမြဲတမ်း တစ်ယောက်တည်းစားနေကျမို့ တိတ်ဆိတ်နေတဲ့ အိမ်ကြီးက အကျင့်သားရနေပြီး အထီးကျန်ဖို့တောင် သတိမရတော့။
ထမင်းပေါင်းအိုးထဲက အနည်းငယ်နွေးနေသေးသော ထမင်းနဲ့ အုပ်ဆောင်းအောက်က အေးစက်နေသော ဟင်းတစ်ခွက်နဲ့သာ ဗိုက်ဖြည့်လိုက်သည်။ည (၉) နာရီထိုးတာနဲ့ အစေခံတွေက အလုပ်တန်းလျားဘက်ကို ပြန်ကြသည်။သူတို့ရှိနေလည်း အစေခံတစ်ယောက်ရဲ့သားဆိုတော့ အိမ်တော်မှာရှိတဲ့ သူတိုင်းက ကိုယ့်ကို အရေးတယူ ဆက်ဆံမည် မဟုတ်။
ဆေးစရာရှိတာဆေးပြီး အိမ်အပြင်ဘက် ခြံထဲ ထွက်လာလိုက်သည်။ ယုဇနပင်နားက ဒန်းပေါ်မှာလှဲလိုက်ပြီး ခြေထောက်တစ်ဖက် ချကာ လွှဲနေရင်း ကောင်းကင်ကြီးကိုမော့ကြည်မိသည်။ မပြည့်သေးသော လခြမ်းကွေးလေးရယ် လေပြည်နဲ့အတူ ပါလာသော ယုဇနပန်း ရနံ့ရယ်က သင်းပြန့်ပြန့်။
တစ်ခါတစ်ရံ ကိုယ့်ရဲ့ ဖြစ်တည်မှုက အစ အားလုံးကို မေ့ပစ်ထားလိုက်ရင် အပူပင်ကင်းသလိုလို။ အချိန်ဘယ်လောက်ကြာအောင်နေမိတယ်မသိ လွှဲနေတဲ့ ဒန်းပေါ်မှာတင် ခြေထောက်တစ်ဖက်ချကာ သူမှေးခနဲ အိပ်ပျော်သွားပြန်သည်။
အိပ်မက် မက်နေသလို နိုးတစ်ဝက်နဲ့ အနားမှာ တစ်စုံတစ်ယောက် ရှိနေတာကို ခံစားမိသည်။တဖြည်းဖြည်းငြိမ်သွားတဲ့ ဒန်းနဲ့ ယုဇနပန်းအနံ့ကို သိရှိနေသော်လည်း မျက်လုံးများဖွင့်မရ။ အိပ်မက်ထဲက အမြင်အာရုံဝိုးတဝါးမှာ ကိုယ့်အပေါ် ကိုင်းညွတ်လာသော ခန္ဓာကိုယ်လေး။ နဖူးပေါ်မှ နွေးခနဲ အထိတွေ့နဲ့ ပါးပေါ်သို့ ညင်သာစွာအုပ်ကိုင်လိုက်သော လက်ချောင်းလေးတွေ။
ဝေဝါးနေတဲ့ အမြင်အာရုံမှာ ဖြူဖွေးနေတဲ့ လည်တိုင်လေးနဲ့အတူ ပတ္တြမားနီ ဆွဲသီးလေးက ရင်ညွှန့်မှာ ရှိနေတာကို တွေ့ရသည်။အပြာရောင်ရှပ်င်္အကျီကြားက ထင်းနေသော အနီရောင်ပတ္တြမားလေးနဲ့ အတူ သူ့မျက်နှာကို မြင်ချင်ပေမယ့် လှုပ်လို့မရပေ။အခုထိ နဖူးပြင်ပေါ် သူ့နှုတ်ခမ်း ဖိကပ်ထားတုန်းပဲ။
တဖြည်းဖြည်း မြူမှုံတွေလို ရစ်သိုင်းလာပြီး မြင်နေရသော အရိပ်ကလေးပျောက်ကွယ်သွားမှ အသိစိတ်ပြန်ကပ်လာသည်။ချက်ချင်း မျက်လုံးဖွင့်ကြည့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်မိသော်လည်း ဝေလီဝေလင်းအချိန် အလင်းရောင်သဲ့သဲ့အောက်မှာ ငြိမ်သက်နေသော ပန်းပင်တို့သာ ရှိနေသည်။
"အိပ်မက်ပဲ"
တစ်ညလုံး ဒန်းပေါ်မှာ အိပ်ပျော်သွားတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မအီမသာဖြစ်နေသော်လည်း စိတ်က လန်းဆန်းလျက်။ရင်ဘတ်ဆီမှ အနည်းငယ်မြန်နေသော ရင်ခုန်သံကြောင့် လက်နဲ့ဖိကာ အိပ်မက်ထဲက အကြောင်းပြန်တွေးမိတော့သေးသွယ်သော ခန္ဓာကိုယ်လေးနဲ့ ပတ္တြမားဆွဲသီးလေး၊ နောက်ပြီး နဖူးပေါ်က သူ့နှုတ်ခမ်းရာ။ ဘယ်သူမှန်းမသိပေမယ့် နွေးထွေးစေသော ခံစားချက်ကြောင့် ဒီအခိုက်တန့်လေးကို မေ့မသွားအောင် မှတ်ထားလိုက်မိသည်။
...............
မနက်လင်းတာနဲ့ အိမ်ကနေ ထွက်လာသော်လည်း နေ့ခင်း ၂နာရီလောက်မှ ထိုဒေသလေးကိုရောက်သည်။ ရွာထဲ ရောက်တော့ တောင်ကုန်းပေါ်သွားတဲ့လမ်းမေးပြီးမောင်းလာပေမဲ့ တောင်ခြေထိသာ ကားလမ်းပေါက်တာကြောင့်ကားကို ရပ်ထားခဲ့ပြီး ခြေလျှင်တက်လာလိုက်သည်။ ကျောက်ခဲသေးလေးတွေနဲ့ မြေနီရောင်ရောနေသော လမ်းလေးရဲ့ဘေးမှာ အုပ်ဆိုင်းနေသော သစ်ပင်ကြီးတွေ ရှိပြီးပင်စည်နဲ့ တချို့ ကျောက်တုံးကြီးတွေမှာ ရေညှိတက်နေတာကြောင့် ဒီဒေသက အမြဲ စိုစွတ်တဲ့ ရာသီဥတုဖြစ်မည်။အခုလည်း ချမ်းစိမ့်စိမ့်အအေးဓာတ်နဲ့အတူ ကောင်းကင်တစ်ခွင် ညို့မှိုင်းမှိုင်းတိမ်တို့ ဖုံးလွှမ်းနေတာကြောင့် နေရောင် မမြင်ရ။
ဆက်သွားနေရင်း တစ်နေရာ ရောက်တော့ အမျိုးသမီးနှစ်ယောက် ထိုတောင်ကုန်းပေါ်မှ ဆင်းလာတာ တွေ့ရသည်။အသက်လတ်ပိုင်း အမျိုးသမီးက ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်ရဲ့ လက်မောင်းကိုဆွဲကာ မာန်မဲနေဟန်ရှိသည်။နေရှိန်ကို မြင်တော့ တစ်ချက်သာ ကြည့်ပြီး ခပ်သွက်သွက် ဆင်းသွားကာ နောက်ကျောဘက်ရောက်တော့ ဆူပူနေတဲ့ စကားသံ တစ်စွန်းတစ...
"အဲ့ဒီဟာလေးနဲ့ မပတ်သက်ပါနဲ့လို့ပြောတာကို ညည်းအမှတ်မရှိဘူး"
"မေကြီးကလည်း ကိုခန့်က သူ့အဖိုးတစ်ယောက်လုံးဆုံးသွားတာလေ ရွာကလူတွေ တစ်ယောက်မှ မသွားပေမဲ့ သမီးကတော့ ဒီအတိုင်းကြည့်မနေနိုင်ဘူး"
"ဒီအတိုင်းကြည့်မနေနိုင်တော့ ညည်းက ဘာလုပ်ချင်သေးလို့တုန်းအေ့။ သူ့အဖိုးသေတာလည်း ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ဘုရား ကြွပေးတယ် မဟုတ်လား။နောက်ပြီး အဲ့ဟာလေးက သာမန်လူမဟုတ်ဘူး မကောင်းဆိုးဝါးဟဲ့ မကောင်းဆိုးဝါး ။ တစ်ရွာလုံးက ပယ်ထားတာကို ဘယ်သူက အရေးတယူလုပ်ပြီး သွားမှာလဲ ညည်းသာ ပြောမရဆိုမရနဲ့ မိနှောင်းငယ် ညည်းကြပ်ကြပ်သတိထား နောက်တစ်ခါ ဆို ငါ့ညီမတွေရှိတဲ့ မြို့ကို ပို့ပစ်မယ်မှတ် !"
ဆန့်ကျင်ဘက်လမ်း နှစ်ခုဝေးသွားတော့ ကြားနေရသော အသံတွေဟာလည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။အနည်းငယ်ဆက်တက်လာရာ မလှမ်းမကမ်းတွင် လှုပ်ရှားနေသော အဖြူရောင်သဏ္ဌာန်လေး။ အနားကိုလျှောက်သွားလိုက်ပြီး (၃)လှမ်းလောက်မှာ ရပ်နေသော်လည်း ကျောပေးထားသော ကောင်လေးက သူ့ကို မမြင်။ ပေါက်တူးတစ်လက်နဲ့ ကျွင်းတစ်ခုတူးနေပြီး ဘေးမှာ ဖျာလိပ်နဲ့ပတ်ထားသော အလောင်းတစ်လောင်းရှိနေသည်။
အရင်က ဇိမ်ခံကားတွေတန်းစီပြီး လိုက်ပို့သော အသုဘတွေကိုသာ မြင်ဖူးတာမို့ ဒီလို မြေမြုပ်သဂြိင္လုတာကို ပထမဆုံးမြင်ဖူးခြင်းပင်။ဖြူဖြူပိန်ပိန် ခန္ဓာကိုယ်ဖြစ်တာကြောင့် ပေါက်ပြားကို အားနဲ့ လွှဲပေါက်လိုက်ချိန်တိုင်း သေးသွယ်တဲ့ လက်မောင်းရင်းက ပြုတ်ထွက်သွားလေမလားလို့တောင် တွေးလိုက်မိသည်။
"ကိုယ် ဆက်ပြီး တူးပေးရမလား"
ကိုယ်တိုင်တောင် ဘာပြောလိုက်မိမှန်း မသိပေမယ့် ရုတ်တရက်ထွက်လာသော အသံကြောင့်ကောင်လေးလန့်သွားသည်။ဟန်ချက်ပျက်ပြီး ယိုင်သွားတဲ့ ပေါက်ပြားသွားက မြေမှုန်ကပ်နေသော သူ့ခြေချောင်းလေးတွေနား အနည်းငယ်သာ လိုတော့သည်။
" sorry မင်းလန့်သွားလား"
တုန်ရီနေသော လက်ကလေးတွေထံ အကြည့်ရောက်မိပြန်တော့ စိတ်ထဲမကောင်း။ ဒီကောင်လေးကို ဘာလို့ အသေးစိတ် လိုက်ကြည့်နေမိသလဲဆိုတာမသိပေမဲ့ ဆွဲငင်အားတစ်ခုခု ရှိနေသလို လှုပ်ရှားမှုတိုင်းကို မျက်နှာမလွှဲနိုင်။
တည်ငြိမ်အောင်ထိန်းနေပြီးခဏအကြာ နေရှိန်ကို ခပ်စူးစူး တစ်ချက်သာ ကြည့်ပြီး တွင်းကို ဆက်တူးနေသည်။ ထိုအနက်ရောင် မျက်ဝန်းတွေကို တစ်ချိန်က သိကျွမ်းခဲ့ဖူးသော တစ်စုံတစ်ယောက်လိုမျိုး တစ်နေရာရာမှာ ရင်းရင်းနှီးနှီးတွေ့ဖူးတယ်လို့ ခံစားရပြီး ခပ်အုပ်အုပ်ဆံနွယ်တွေက ချွေးစို့နေသောကြောင့် နဖူးမှာ အကြောင်းလိုက်လေးတွေ ကပ်နေသည်။ ပေါက်ပြားပေါက်လိုက်တိုင်း နားထင်မှမေးဖျားထိ ရှိနေသော ချွေးစက်တို့က မြေနီပေါ် လွင့်စင်လျက်။ငယ်ရွယ်နုပျိုခြင်းနှင့် အပြစ်ကင်းစင်သော ဒီမျက်နှာ ပိုင်ရှင်နဲ့ ကောင်လေးမှာ တစ်ရွာလုံးပစ်ပယ်ထားသည်အထိ ဘယ်လိုပြစ်ချက်တွေများရှိနေသလဲ။ခပ်နွမ်းနွမ်းအဝတ်အစားနဲ့ စကားတစ်ခွန်းမှ ပြန်မပြောဘဲ ဂရုမစိုက်တတ်တဲ့ အကျင့်လေးမှ အပ အပြစ်ဆိုတာ ရှာမရ။
မောဟိုက်နေသော အသံငယ်ထွက်လာချိန် ထပ်ပြီး ရပ်ကြည့်မနေနိုင်တော့တာမို့ သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။ထို့နောက် ပေါက်ပြားကို လွှဲယူကာ သူ့ကို ဘေးနားထိန်းတွန်းပြီး တွင်းဆက်တူးလိုက်သည်။
အားနဲ့လွှဲနေတာမို့ ကိုယ့်လက်ထဲကတော့ သူ ပြန်မလုရဲ။ဘေးမှာသာ ငြိမ်ငြိမ်လေးရပ်နေတာကို မျက်လုံးထောင့်ကနေ မြင်နေရသည်။
ဒူးလောက် နက်နေသော တွင်းမှ တဖြည်းဖြည်း ခါးဆစ်ထိ နက်အောင် တူးနေရင်း သူရပ်ခိုင်းမဲ့အချိန်ထိ တူးနေလိုက်သည်။တစ်ခါမှ မလုပ်ဖူးတာကြောင့် ဘယ်လောက်ထိ တူးရမယ်ဆိုတာ မသိ။ ဒီကောင်လေးကရော သိရဲ့လား။
အခုပုံစံကိုသာ အမေမြင်ရင် ငါ့သားလေး သုဘရာဇာအလုပ်တွေ လုပ်နေရသလားဆိုပြီး ရင်ထုကာ ငိုလိုက်မယ့်ဖြစ်ခြင်း ။ ကိုယ့်အဖြစ်ကလည်း ရယ်ရခက် ငိုရခက် Resort ဆောက်ဖို့ စီမံကိန်း ဆွဲရာကနေ အခုမြေတွင်းတူးသူ ဖြစ်နေသည်။