တိတ်ဆိတ်နေတဲ့ မြေအောက်ခန်းက အေးစက်စက်လေထုထဲ လေချွန်သံတစ်ခုက တိုးတိုးလေး။ အဖြူရောင် မီးသီးတွေ ထွန်းထားတဲ့ အဲ့ဒီ မြေအောက်ခန်းရဲ့ အလယ်နားက သံခုတင်တစ်ခုမှာ အပိုင်းပိုင်းပြတ်နေတဲ့
အလောင်းတစ်လောင်းက ရုပ်ပျက်ဆင်းပျက်နိုင်စွာနဲ့ ရှိနေတယ်။
သွေးတွေပေနေတဲ့ ဓားတိုတစ်ချောင်းကို ဘေးစားပွဲပေါ်တင်လိုက်ရင်း ရိပေါ် သူ့လက်က သွေးတွေကို အ၀တ်တစ်ခုနဲ့ သုတ်လိုက်တယ်။
သူ့အကြည့်တွေက လွန်ခဲ့တဲ့မိနစ်က အသက်မဲ့သွားတဲ့ လူဆီမှာ ....။
" ခင်ဗျားက နောက်ဆုံးပဲ....ချန်း "
ရိပေါ်က ခပ်ဟိုက်ဟိုက် ရယ်ပြီး ထွက်သွားတော့ အေးစက်စက်မြေအောက်ခန်းက ပြန်တိတ်ဆိတ်သွားတယ်။
သေဆုံးပြီးသား ချန်းရဲ့ ၀ိဥာဉ်ကတော့ ဒီနေရာကို တစ်ယောက်တည်း လာခဲ့မိလို့ နောင်တရနေကောင်း ရနေလိမ့်မယ်။
လဲကျနေတဲ့ ရှောင်ကျန့်ကို မြင်တော့ အထိတ်တလန့် ဖြစ်သွားတဲ့ ချန်းက ရုတ်တရက် တိုက်ခိုက်ခံရမယ်လို့ မတွေးခဲ့မိဘူး ....။ သူ့လည်ပင်းဆီ ဓားတစ်ချောင်း တိုးဝင်မလာခင် အချိန်ထိ။
........
တစ်ချိန်လုံး ကျောင်းဝတ်စုံနဲ့ရှိနေခဲ့တဲ့ ရိပေါ်က ဖြူစွတ်နေတဲ့ ရှပ်အင်္ကျီကို စတိုင်ပန်အမဲနဲ့ တွဲဝတ်ထားတယ်။
ခပ်ဖြေးဖြေးလျှောက်လှမ်းလာတဲ့ ခြေလှမ်းတွေနဲ့ ရိပေါ်က လက်ထဲမှာ ကတိပါအနီရောင်ဘူးလေးတစ်ဘူးကို ကိုင်ထားတယ်။
ဝင်ထိုင်လိုက်တဲ့ ကုလားထိုင်ရဲ့ ဘေးက ခုတင်ထက်မှာတော့ လဲလျောင်းနေတဲ့ ရှောင်ကျန့်ရှိနေတယ်။
" ကော ..."
အနည်းငယ် အေးစက်နေတဲ့ ရှောင်ကျန့်လက်ကို ဆုပ်ကိုင်လိုက်တဲ့ ရိပေါ်ရဲ့ လက်တွေဆီက လက်ချောင်းလေးမှာ လက်စွပ်လေးတစ်ကွင်းက နေရာယူလို့ ...။
ဖွင့်ဟလိုက်တဲ့ ကတီပါဘူးလေးထဲမှာ ပုံစံတူ နောက်တစ်ကွင်းရှိနေတယ်။
" ကြိုက်လား ..ကော "
" ကျွန်တော် ကိုယ်တိုင်ရွေးထားတာ "
ရှောင်ကျန့်ရဲ့ လက်ချောင်းလေးမှာ အံဝင်ခွင်ကျဖြစ်အောင် ၀တ်ပေးရင်း ရိပေါ် ပြုံးနေတယ်။ သူ့ ဘ၀မှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ အပြုံးမျိုး ။
ရိပေါ်ရဲ့ မျက်ခမ်းသားတွေက အညိုရောင်ရေးရေး သန်းနေတယ်။ နှုတ်ခမ်းပါးနှစ်ခု ထိစက်သွားတဲ့ အခိုက်မှာ အဲ့ဒီ မျက်ခမ်းတွေဆီက မျက်ရည်တချို့ စီးကျတယ်။
" ကျွန်တော် ထင်ထားတာထက် ကောရဲ့ နှုတ်ခမ်းတွေက နူးညံ့တယ် "
" ကော ..."
ရိပေါ်က ရှောင်ကျန့်ရဲ့ လက်တွေကို တင်းတင်းဆုပ်ကိုင်ထားတုန်းပဲ။
" ကျွန်တော်လေ....ကောကို အရမ်းချစ်တာ "
ရိပေါ်က ဆုပ်ကိုင်ထားတဲ့ လက်လေးကို ဖွဖွကလေး နမ်းပြီး အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်လို အော်ရယ်တယ်။ မျက်ဝန်းတွေထဲက မျက်ရည်တွေက လျှံကျရင်း.....။
အချစ်က နာကျင်စေတယ် ....။
လူတစ်ယောက်ကို ရူးသွပ်သွားစေတဲ့အထိ။
......
ဝင်ခါနီး နေဟာ တိမ်တွေကြား တောက်ပစွာ လှနေတယ်။ လိမ္မော်ရောင်သမ်းနေတဲ့ တိမ်တွေက ဟိုတစ်စ ဒီတစ်စ။ အင်း...တစ်စုံတစ်ယောက်ရဲ့ နှလုံးသားလို ...။
အခန်းအပြင်ဘက် ၀ရံတာရဲ့ လက်တန်းပေါ် ထိုင်နေတဲ့ ရိပေါ်ရဲ့ ခြေထောက်တွေက ဖြေးဖြေးချင်းလှုပ်ရမ်းရင်း တွဲလျားကျနေတယ်။ ရိပေါ်ကတော့ တိမ်တွေကို ငေးကောင်းနေတုန်း။
မျက်ဝန်းတွေက အေးစက်နေတယ်။
အထိန်းအကွပ်မဲ့တဲ့ လေဟာနယ်ထဲ တိုးဝင်ပစ်လိုက်ရင်..ဆိုတဲ့ အတွေးကို ရိပေါ်တွေးနေတယ်။
သက်ပြင်းရှည်တစ်ခုကို ချရင်း ရိပေါ်က ပြုံးတယ်။
" ခဏနေကျ..တွေ့ကြမယ် ကော "
မျက်လုံးတွေ စုံမှိတ်ရင်း ခန္ဓာကိုယ်ကို ပေါ့ပါးစွာနဲ့ လှဲလောင်းခွင့်ပေးမလို့ ဟန်ပြင်နေတုန်းမှာပဲ အနောက်ဘက်က
ရုတ်တရက်လှမ်းဆွဲလာတဲ့ လက်တစ်စုံကြောင့် ရိပေါ် ခပ်သွက်သွက် အနောက်လှည့်ကြည့်လိုက်မိတယ်။
ဟက်ခနဲမြည်အောင် ရယ်ရင်း ရိပေါ်က ပြောတယ်။
ရဲအရာရှိဝတ်စုံကို ၀တ်ထားတဲ့ အဲ့ဒီလူကတော့ ရိပေါ် လက်မောင်းတစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားတယ်။
" ထပ်ပြီး ...ခင်ဗျားပဲလား "
" အင်း ... "
ရိပေါ်ရဲ့ မျက်လုံးတွေထဲ ပြီးခဲ့တဲ့နှစ်ဆီက အဖြစ်အပျက်ကို ပြန်မြင်တယ်။ သည်းသည်းထန်ထန်ရွာခဲ့တဲ့ မိုးကြောင့် အရုဏ်တတ်အလင်းရောင်တွေက အဲ့ဒီနေ့မှာ ပျောက်နေခဲ့တယ်။
အခန်းထောင့်မှာ ကျုံ့ကျုံ့လေးထိုင်နေခဲ့တဲ့ သူ့ကို အဲ့ဒီလူက အနွေးစောင်တစ်ထည်ခြုံပေးရင်း " ကြောက်နေလား" လို့ မေးခဲ့တယ် ....။
" ဆရာ...ဌာနက ဆက်သွယ်လာတယ် .... ယွမ်အာဆိုတဲ့ မိန်းကလေး အလောင်းကို ပြဇာတ်ရုံရဲ့ အခန်းတစ်ခန်းထဲမှာ ရှာတွေ့တယ်တဲ့ "
ဘေးနားရောက်လာတဲ့ ရဲဝန်ထမ်းက ပြောလာတဲ့ စကားကြောင့် သက်ပြင်းတစ်ခုချရင်း မျက်မှောင်တွေ ကြုံ့မိတော့တယ်။
" ရူးလိုက်တာ...၀မ်ရိပေါ် မင်းဘာတွေ လုပ်ခဲ့လဲ မင်းသိလား "
ရိပေါ်က အားရပါးရကို အော်ရယ်တယ်။ ရယ်သံတွေက တိတ်ဆိတ်နေတဲ့ ရပ်ဝန်းထဲ လွင့်ပြယ်လို့။
" ကျွန်တော် မရူးပါဘူး ...သူတို့က ရူးနေတာ "
ဒီတစ်ကြိမ်မှာတော့ အဲ့ဒီလူက ရိပေါ်ကို " ကြောက်နေလား " လို့ မမေးခဲ့တော့ဘူး ....။
တကယ်ဆို...ရိပေါ်ကြောက်နေခဲ့တာ ...။
လက်ကောက်ဝတ်တွေဆီမှာ ငွေမှင်ရောင် လက်ထိပ်ကွင်းက ခတ်နှောင်ထားတယ်။ တခဏအတွင်း ရောက်လာတဲ့ ရဲတွေက အတော်များတယ်။
ရိပေါ် စိတ်ထဲက ရယ်တယ်။
လူတစ်ယောက်ကို ဖမ်းဖို့ အဲ့လောက်ကြီး လိုလို့လား ..။ ရူးလိုက်ကြတာ ...။
ရဲဝန်ထမ်းနှစ်ယောက်က ရိပေါ်ရဲ့ ဘက်တစ်ဖက် ညာတစ်ဖက်မှာ ရှိနေပြီး အခန်းအပြင်ဘက် ခေါ်သွားဖို့ပြင်တယ်။
ခပ်နှေးနှေးခြေလှမ်းတွေနဲ့ ရိပေါ်ကတော့ အခန်းထဲ ခုတင်ပေါ်မှာ လှဲလျောင်းငြိမ်သက်နေတဲ့ ရှောင်ကျန့်ကို အခန်းပြင်ရောက်သည်အထိ လှည့်ကြည့်တယ်။
အဲ့ဒီနောက်မှာပေါ့ ။
တိတ်ဆိတ်နေတဲ့ အိမ်ကြီးထဲ ရိပေါ်ရဲ့ ခပ်ကျယ်ကျယ် အော်ရယ်သံ ထွက်လာတယ်။
သေချာသာ နားထောင်ကြည့်မယ်ဆို အတိုင်းမသိတဲ့ နာကျင်မှုတွေပါတယ် ....။
နောက်ပြီး ရိပေါ်မသိခဲ့တဲ့ နောက်တစ်ခုက
ငွေရောင်လက်စွပ်ကလေး စွပ်ထားတဲ့ လက်တစ်စုံက ဖြေးဖြေးလေး လှုပ်ရှားသွားခဲ့တာကိုပဲ ။
.............................
ပိုချစ်တဲ့လူက ပိုနာကျင်ရရုံပါဘဲ ...။
စေတန်ရဲ့ နာကျင်မှုဟာ အနီရောင်မဟုတ်ဘဲ
အဖြူရောင်လေးသာ ဖြစ်ခဲ့ ။
.............................
Double Update ပါ ။
Chapter 27 မတွေ့ကြမှာ စိုးလို့ 😚❤