အိပ်ယာဝင်၍ အိပ်ရန်ပြင်နေတဲ့ ကောင်းသစ်လွင်ဆီသို့ တစုံတယောက်က ဖုန်းဆက်လာခဲ့ပါသည်။ ကြည့်လိုက်တော့ လင်းရဝေ ဆီကနေ ဖြစ်နေပါ၏။
"အေးပြော ရဝေ ..."
"... ... ... ... ..."
"ဘာ ...ဆန်း ပျောက်သွားလို့ ဟုတ်လား ..."
"... ... ... ... ..."
"မိုင်းက ပြန်လာမလို့လား ..."
"... ... ... ... ..."
"အေး ...ငါသိပြီ အခု ငါလာခဲ့မယ် ...နီနီ့ကို ငါရဲစခန်းလွှတ်လိုက်မယ် ..."
ဖုန်းကို အမြန်ချ၍ အဝတ်အစားပင် မလဲလှယ်နိုင်ပါ။ အိမ်နေရင်း အဝတ်အစားနဲ့ပင် ကားသော့ယူ၍ အခန်းထဲကနေ ထွက်လာခဲ့လေသည်။
ပြီးတော့ အစ်မဖြစ်သူ အခန်းရှေ့သွား၍ ...
"ဒေါက်... ဒေါက် ..."
"နီနီ ...နီနီ ...အစ်မရေ နီနီ ..."
အခန်းတံခါးကို ဆက်တိုက် ခေါက်ပြီး နာမည်ကို အော်ခေါ်နေမိ၏။ သိပ်မကြာလိုက်ပါ။ နီနီသစ်လွင်က တံခါးလာဖွင့်ပေးလေသည်။ စာကြည့်မျက်မှန်လေးနဲ့ နီနီသစ်လွင်က မအိပ်သေးတဲ့ပုံပင်။
"ဘာလဲ ဘာလို့ ဒီလောက် အော်ခေါ်နေတာလဲဟဲ့ ...ငါ စာလုပ်နေတာ ..."
"အစ်မ ..."
ကောင်းသစ်လွင် အမူအရာက ပျာယာခတ်နေသလိုမျိုး မတည်ငြိမ်ပေ။ လက်ထဲမှာလည်း ဖုန်းနဲ့ ကားသော့နဲ့ အပြင်သွားမယ့် ပုံစံမျိုး။
"ဒီအချိန်ကြီးကျမှ ဒီပုံစံနဲ့ နင်က အပြင်ဘာသွားလုပ်မလို့လဲ ..."
"အခုပဲ ရဝေဆီက ဖုန်းလာတယ် ...မိုင်း သူ့ဆီကို လှမ်းဆက်တာ ...ဆန်း ...သဏ္ဍာန်ဆန်း ပျောက်သွားလို့ ..."
"ဘာ ...ဘာရယ်...ဟဲ့ မထိပ်သာ မလန့်သာဟယ် ...ဘာလို့ ဆန်းက ရုတ်တရက်ကြီး ဘယ်လို ပျောက်သွားတာလဲ ...ဘယ်လိုဖြစ်တာလဲ ..."
"မိုင်းနဲ့ ဖုန်းပြောနေရင်းနဲ့ သူနဲ့ အဆက်အသွယ် မရတော့တာတဲ့ ...အဲ့ဒီ့မတိုင်ခင် လူသုံးယောက်က သူ့ဆီလိုက်လာနေတယ်လို့ ဆန်းက ပြောတယ် ..."
"ဒါဆို အဲ့ဒီ့လူတွေ ခေါ်သွားတာများလား ..."
"မသိသေးဘူး ဖြစ်နိုင်ချေတော့များတယ် ...ဒါမှမဟုတ် သူအဲ့ဒီ့နေရာမှာ ဒဏ်ရာရပြီး ရှိနေနိုင်မလား တခုခုပဲ ...မသေချာဘူး ...အဲ့ဒါ ငါအခု အဲ့ဒီ့နေရာကို လိုက်သွားရမယ် ...ရဝေကတော့ သွားနှင့်နေပြီ ..."
"ဘယ်နေရာမှာ ပျောက်သွားတာလဲ ..."
"အလုပ်ကနေ ဂေဟာအပြန်မှာလို့ ကြားတယ် နေရာ အတိအကျ မသိသေးဘူး ...အခု ငါရော ရဝေရော သူ့ဖုန်းကို ဆက်တိုက်ခေါ်နေတာပဲ ...ကိုင်မယ့်သူ မရှိဘူး ...ဂေဟာကို ပြန်တဲ့ လမ်းတလျောက်မှာ လိုက်ရှာရတော့မှာပဲ ..."
နီနီတစ်ယောက် ရင်ဖိနေရသည်။ စိတ်ပူနေမှုက နှစ်ယောက်လုံးဆီမှာ။
"သူပြန်ပေးဆွဲ ခံရတာလား ..."
"ပြန်ပေးဆွဲရအောင် ဆန်းမှာ ဘာပိုင်ဆိုင်မှုတွေ ရှိနေလို့လဲ ...အလစ်သမား လုယက်သူတွေ ဆိုရင်တော့ နေရာမှာတင် သူ့ကို တိုက်ခိုက်သွားတာမျိုး ဖြစ်နိုင်တယ် ...နင် ရဲစခန်းကိုသွားပြီး တိုင်ချက် သွားဖွင့်ထားလိုက် နီနီ ...ငါသွားပြီ ..."
"အေး အေး ...ငါအခု သွားလိုက်မယ် ..."
"သူနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ နေရာကို ငါတို့ ရှာတွေ့ရင် နင့်ဆီ လှမ်းအကြောင်းကြားလိုက်မယ် ..."
"အေး ..."
"ဪ ပြီးတော့ ..."
လှည့်ထွက်သွားရန် ပြင်လိုက်ပြီးမှ ကောင်းသစ်လွင်က ပြန်လှည့်ပြောလိုက်တာက ...
"မိုင်း အခု ရရာလေယာဉ်နဲ့ ချက်ချင်းပြန်လာမယ်လို့ ပြောတယ် ...မနက်ဖြန်လောက် ရောက်လိမ့်မယ် ..."
"ဟယ် ချက်ချင်းကြီး ထပြန်လာတာလား ..."
"ရဝေဆီ ဖုန်းဆက်နေထဲက ပြန်လာမလို့ လေယာဉ်လက်မှတ်ဝယ်ဖို့ လုပ်နေတာတဲ့ ..."
"ဖြစ်ပါ့မလား သူ့အဖေက ..."
"အဲ့ဒါတော့ မသိဘူး ...နောက်ကိစ္စ နောက်မှ ရှင်းရတော့မှာပေါ့ ...အခုက သူ့အတွက် ဆန်းလောက် အရေးကြီးတာ ရှိဦးမလား ..."
ဒါလည်း ဟုတ်သည်။ ဆန်းက ရုတ်တရက်ကြီး ပျောက်သွားမှတော့ မိုင်း ဘယ်လို ငြိမ်နေနိုင်မှာတဲ့လဲ။
"နီနီ နင် အဖေ့ကို သေချာရှင်းပြလိုက်တော့နော် ...တော်ကြာ ငါ့ကို ဒီအချိန်ကြီး အပြင်ခိုးထွက်တယ်ဆိုပြီး ပြောနေဦးမယ် ..."
"အင်းပါ ငါပြောလိုက်မယ် ..."
ကောင်းသစ်လွင်က ခြေလှမ်းသွက်သွက်နဲ့ အိမ်အောက်ထပ် ဆင်းသွားလေပြီ။ နီနီလည်း အဝတ်အစား မလဲဖြစ်တော့ပေ။ ဖုန်းနဲ့ ကားသော့ကို ပြေးယူပြီး ဖခင်ဖြစ်သူ အခန်းဘက်ကို ထွက်လာခဲ့ရ၏။ ခွင့်ပြုချက် တောင်းရဦးမည်လေ။ သိပ်အချိန်ကြာကြာ မယူလိုက်ရပေ။ အရေးပေါ် အခြေအနေမို့ ခွင့်ပြုချက်က မြန်ဆန်စွာ။
**** ***** ***** ***** *****
လမ်းမကြီးပေါ်မှာ သတိလစ်သွားပြီးထဲက အချိန်မည်မျှ ကြာသွားခဲ့သလဲ မသိ။ သူအသိဝင်လာတော့ မျက်လုံးကို ဖြေးညှင်းလေးပင်စွာ အားယူ ဖွင့်ကြည့်လိုက်မိ၏။ တထပ်အိမ်တစ်လုံးဟု ယူဆရသော နေရာ။ အိမ်ရှေ့ခန်း ဧည့်ခန်းဖြစ်ပုံရတဲ့ ကြမ်းပြင်တနေရာမှာ သူရှိနေသည်။ မှန်ပြတင်းပေါက်တွေ ဘက်ကို အကြည့်ရောက်သွားတော့ အပြင်ဘက်မှာ အမှောင်ရိပ်က ရှိနေဆဲပင်။ ပြီးတော့ ငှက်အော်သံလိုလို အသံစူးစူးတွေလည်း ကြားနေမိသည်။
သူ့လက်ကောက်ဝတ် နှစ်ဖက်ကို ကြိုးနဲ့ နောက်ပြန် ပူးချည်ခံထားရပြီး သူ့ခြေကျင်းဝတ် နှစ်ဖက်သည်လည်း ထို့အတူပင်။ သူ့ပါးစပ်ကိုလည်း တခုခုနဲ့ ပိတ်ကာထားပုံရသည်။ အသံထွက်ရန် ကြိုးစားလို့မရ။ လူကလည်း ကြမ်းပြင်မှာ ဒီအတိုင်း လှဲချခံထားရတာမျိုး။
အခန်းပတ်ဝန်းကျင်ကို သေချာလိုက်ကြည့်မိလိုက်တော့ စားပွဲတစ်လုံး အနားမှာ တခုခုစားသောက်နေတဲ့ သုံးယောက်ရှိနေသည်။ အစားအသောက်ကိုပဲ အာရုံရောက်နေတာမို့ သူသတိရလာပြီး လိုက်ကြည့်နေသည်ကို ချက်ချင်းသတိမထားမိကြ။ နောက်တစ်ယောက်ကတော့ အခန်းထဲက ဆိုဖာတစ်လုံးတွင် ကျောခိုင်းထိုင်နေပြီး ဖုန်းတစ်လုံးနဲ့ ဘာတွေ လုပ်နေသည်မသိ။
ဒီအိမ်ဧည့်ခန်းလို နေရာက အတော်ကျယ်၏။ အခန်းထဲမှာ အနွေးဓာတ်ရရန် ဖြစ်ပုံရသော မီးခိုးခေါင်းတိုင်နဲ့ ဆက်ထားတဲ့ မီးလင်းဖို တစ်ခုလည်း ရှိသည်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သရေချပ်တွေ၊ ဂျိုတွေနဲ့ ရုပ်ကြွင်းအချို့ကိုလည်း အခန်းထဲမှာ သူ့နေရာနဲ့သူ အလှပြထားလေရဲ့။ မီးလင်းဖိုရဲ့ အပေါ် နံရံတွင် အမဲပစ် ရိုင်ဖယ် သေနတ်တစ်လက်ကိုလည်း ချိတ်ဆွဲထားသေး၏။ တကယ်ပဲ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ ...။
"ဟိုကောင် သတိရလာပြီ ..."
စားသောက်နေတဲ့ တစ်ယောက်က သူ့ကို သတိထားမိသွားပြီး ပြောလိုက်လေသည်။ ကျန်တဲ့သူတွေပါ သူ့ထံသို့ အကြည့်ရောက်လာကြ၏။ ဆိုဖာပေါ်က ကျောခိုင်းနေတဲ့ တစ်ယောက်ကလည်း သူ့ကို လှည့်ကြည့်ပြီး အနားကို လျောက်လာလေသည်။
"သတိရလာပြီလား သဏ္ဍာန်ဆန်း ..."
အဲ့ဒီ့တစ်ယောက်က တလှမ်းချင်း လျောက်လာပြီး သူ့ကို ခါးထောက်ရပ်ကြည့်နေပါသေးသည်။ အနီးကပ် မြင်လိုက်ရတော့မှ ဒီတစ်ယောက်သည် သူ့ကို ဆေးမှုနဲ့ ပြဿနာတက်အောင် လုပ်သွားသော ဝဏ္ဏအောင်ဖြစ်နေလေရဲ့။
ဒီတစ်ယောက်ကို သူမမှတ်မိဘဲ နေမလား။
"ငါ့ကို မှတ်မိတယ် မဟုတ်လား ..."
သူ့အနားမှာ ဒူးတဖက်ထောက်၍ ထိုင်ချလိုက်ပြီး ပြောလိုက်သည်။ အမူအရာကို ကြည့်ရုံနဲ့ ဆန်းသူ့ကို မှတ်မိနေတာကို ဝဏ္ဏအောင်ကလည်း သိ၏။ အပိတ်ခံထားရတဲ့ ဆန်းရဲ့ ပါးစပ်ကနေ တခုခုပြောချင်နေပေမယ့် အသံက မထွက်လာပေ။ ဝဏ္ဏအောင်က သူ့ပါးစပ်မှာ ကပ်ထားတဲ့ ကပ်ခွာတိတ်ကို ဆတ်ခနဲ ဖြုတ်၍ ဖွင့်ပေးလိုက်လေသည်။
"မင်း ဒါ ဘာလုပ်တာလဲ ..."
လွတ်လပ်သွားတာနဲ့ ဆန်းဆီကနေ စကားသံတွေ ထွက်လာခဲ့ပါသည်။
"ငါဘာလုပ်တာလဲ သိချင်ရင် ဒီပုံတွေကို အရင်ကြည့်လိုက် ..."
ဝဏ္ဏအောင်က သူ့ဖုန်းကို ဆန်းမြင်အောင် ပြလာသည်။ ဓာတ်ပုံတွေကို ဖုန်းနဲ့ ပြန်ရိုက်ထားတဲ့ ပုံတွေပါ။ မိုင်းနဲ့ ကောင်မလေး တစ်ယောက်။
တစ်ပုံချင်း ရွေ့ပြီး သူ့ကို ပြနေလေသည်။ ဖက်နေ တွဲကနေတဲ့ ပုံတွေကအစ အိပ်ရာထဲက ပုံတွေ အဆုံး။
"ဒါဘာလဲ ..."
"ကြည့်တာနဲ့ မသိနိုင်ဘူးလား ...မင်းကောင် ဖောက်ပြန်ထားတာလေ ...ဒါတွေက ပြုပြင်ထားတဲ့ ပုံတွေ မဟုတ်ဘူးနော် ...သေချာကြည့် ...မင်းရည်းစားက ငါနဲ့စေ့စပ်ထားတဲ့ ကောင်မလေးနဲ့ အိပ်ခဲ့တာ ..."
မိုင်းနဲ့ သူ့ရဲ့ ပတ်သက်မှုကိုလည်း ဝဏ္ဏအောင်က သိနေမှန်း ဆန်း သဘောပေါက်လိုက်ပါသည်။
"မိုင်းက ငါ့ကို သစ္စာဖောက်မယ့်ကောင် မဟုတ်ဘူး ..."
"ဟား ဟား ဟား ...မင်း အရမ်းယုံမနေနဲ့ ဒီကောင့်ကို ...ဆီဇာနေရဇ္ဇ ဘယ်လိုလူလည်းဆိုတာ မင်းကောင်းကောင်းသိသင့်တယ် ...အပျော်ရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ကောင်...မိန်းမတွေ ဘယ်နှယောက်နဲ့ သူအိပ်ခဲ့ဖူးသလဲ မင်းသိလို့လား ...အရမ်း ပြီးပြည့်စုံချင်ယောင် ဆောင်နေပေမယ့် ဘာတစ်ခုမှ ကောင်းတဲ့ကောင် မဟုတ်ဘူး ..."
ဒီအကြောင်းအရာတွေကိုက တကယ်မဖြစ်နိုင်ဘူးလို့ ဆန်း ထင်နေမိ၏။ မိုင်း သူငယ်ချင်းတွေဆီကနေ တခါမှ ဒီလို မကြားဖူးခဲ့ပေ။ သူငယ်ချင်း အချင်းချင်းမို့ ဖုံးထားပေးတာလား။ ဒါလည်း မဖြစ်နိုင်။ မိုင်းက ဒီလိုလူ မဖြစ်နိုင်မှန်း ဆန်း ကောင်းကောင်းသိ၏။
"မင်းပြောတာတွေ ငါမယုံဘူး ...မိုင်း အကြောင်း ငါအသိဆုံးပဲ ...သူက ဒီလိုလူမဟုတ်ဘူး ..."
"ကောင်းပြီ ...အဲ့ဒါဆိုရင် ဒီပုံတွေကိုတော့ မင်းငြင်းလို့ မရဘူး မဟုတ်လား ...သူတကယ်ပဲ ငါ့ကောင်မလေးနဲ့ အိပ်ခဲ့တာ ...ဘာလို့လဲ သိလား ...မင်းကိုငါ ပြဿနာရှာခဲ့ဖူးလို့ ...သူကငါ့ကို ဒီလိုမျိုး လက်တုံ့ပြန်လိုက်တာတဲ့လေ ...ဟား ဟား ဟား ..."
အခုမှ ဆန်း နားလည်လိုက်ပါတော့သည်။ လက်တုံ့ပြန်ခြင်းတွေက အဆုံးမသတ်ခဲ့။ တစ်ယောက်က တစ်ယောက်ကို။ တစ်ယောက် တလှည့်။ မိုင်းရဲ့ လုပ်ရပ်အတွက် ဝဏ္ဏအောင်က သူ့ကို ဒီလို ဖမ်းခေါ်လာခြင်း ဖြစ်နိုင်သည်။ အကြောင်းရင်းက အားလုံးကို သဘောပေါက်သွားစေ၏။
"မင်းတို့ရဲ့ လက်စားချေ အနိုင်လိုချင်မှုတွေက ဘယ်တော့မှ ပြီးမှာလဲ ...တစ်ယောက်နဲ့ တစ်ယောက် ဒီလိုမျိုး မပြီးနိုင်တဲ့ ပြဿနာတွေနဲ့ သံသရာတွေ လည်နေပြီ ..."
"အနိုင်ရဖို့ ဘာလိုပဲဖြစ်ဖြစ် ယှဉ်ပြိုင်ရမှာပဲ ...ငါ့ကို လာထိတဲ့ကောင်ကို ပြန်ခံစားစေရမယ် ..."
နှလုံးသားက နာကျင်ခံစားရလို့လား။ ဒါမှမဟုတ် ဆီဇာနေရဇ္ဇရဲ့ အနိုင်ရသွားမှုကို မခံချင်ဖြစ်နေတာမျိုးလား။
"ဟေ့ ...သူ့ကို နည်းနည်းလောက် နှိပ်စက်လိုက်ကြစမ်း ..."
စားပွဲအနားက သုံးယောက်က အမိန့်ရသည်နဲ့ သူ့ထံရောက်လာကြ၏။ ပြီးတော့ တစ်ယောက်က သူ့ကို ဆွဲထူ၍ ထိုင်စေလိုက်ကာ ထိန်းချုပ်ထားပေးသည်။ ကျန်တဲ့နှစ်ယောက်က သူ့ကို နာကျင်စေဖို့ရာ အမျိုးမျိုးသော ကိုယ်ထိလက်ရောက်မှုတွေ လုပ်ကြပါတော့သည်။
"ဘုန်း ...ဘုန်း ..."
"အ အား ..."
"မင်းရဲ့ နာကျင်မှုတွေကို မင်းကောင် မြင်ဖို့အတွက် ငါလုပ်ပေးမယ် ...အခုတော့ ဒဏ်ရာတွေ ရယူလိုက်ဦးပေါ့ ..."
လက်သီးချက်ပေါင်းများစွာနဲ့ ခြေကန်ချက်ပေါင်းများစွာကို သူခံစားနေရသည်။ နာကျင်မှုတွေက ကိုယ်ခန္ဓာ အနှံ့အပြားမှာပါပဲ။ သူ့မေးရိုးတွေ နာကျင်နေပြီး ငံကျိကျိ သွေးအရသာတွေဟာ သူ့ပါးစပ်ထဲကနေ အပြင်သို့ စီးကျလာခဲ့သည်။ အလူးအလိမ့် ခံစားခဲ့ရရင်း အချိန်တစ်ခု ကြာလာတော့မှ ...
"တော်ပြီ ..."
ဝဏ္ဏအောင်က ရပ်ဖို့ အမိန့်ပေးလိုက်ပြီး တယောက်ယောက်ဆီကို ဖုန်းခေါ်နေပါသည်။ ဒါပေမယ့် တဖက်က တော်တော်နဲ့ မကိုင်ချေ။ ထပ်ခါ ထပ်ခါ ခေါ်နေရလေ၏။
"တောက် ဒီခွေးကောင်က ငါ့ဖုန်းကို မကိုင်ဘဲ ချပစ်နေတာပဲ ..."
ဖုန်းကိုကြည့်ပြီး ဆဲလိုက်ပါသေးသည်။ ပြီးနောက် ဆန်းကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူလိုက်၏။ အဲ့ဒီ့ပုံတွေကို သူဖုန်းခေါ်သူထံကို ပို့လိုက်ပါသည်။
"ကြည့်ရသေးတာပေါ့ ...မင်း ဒီပုံတွေ မြင်ရင် ငါ့ဖုန်းကို ကိုင်မကိုင်ဆိုတာ ..."
ခဏနေတော့ တဖက်က ဖုန်းပြန်ခေါ်လာပါ၏။ ဝဏ္ဏအောင်က ပြုံးနေပြီး တမင်မကိုင်ဘဲ နေနေသည်။ သုံးလေးခါကျမှ ဖုန်းကိုနားထောင်လိုက်ပြီး speakerပါ ဖွင့်ထားလိုက်သည်။
"ဝဏ္ဏအောင် ...မင်း ငါ့ဆန်းကို ...ငါ့ဆန်းကို ဖမ်းခေါ်သွားတာ မင်းလား ...မင်း ဘာလုပ်တာလဲ ဟေ့ကောင် ... တောက် ..."
အသံက ဒေါသစွက်နေပြီး မာ၏။ တောက်ခတ်သံကလည်း ခပ်ပြင်းပြင်း။
"ဒီကိစ္စတွေက မင်းကြောင့် ဖြစ်လာတာတွေကြီးပဲ ဆီဇာနေရဇ္ဇ ...စိတ်လျော့ ဟေ့ကောင် စိတ်လျော့ ..."
"ဆန်း တခုခု ဖြစ်ရင် မင်းကိုငါ သတ်ပစ်ပြီး တစစီလုပ်ပစ်မယ် ဝဏ္ဏအောင် ..."
"အဲ့ဒီ့မတိုင်ခင်မှာ ငါက သူ့ကို အရင်သတ်ပြီး ရှောင်ပြေးလိုက်မယ် ဆိုရင်ရော ..."
"ဝဏ္ဏအောင် ...ဝဏ္ဏအောင် ..."
ဒေါသတွေနဲ့ နာမည်ကို ခေါ်နေတာက အံကြိတ် ကြိမ်းဝါးနေတာမျိုး။
"ငါ့ကို လက်စားမချေခင်မှာ မင်းရင်ကွဲပြီး အရင် သေသွားမလားပဲ ...ဟုတ်တယ်မို့လား ...ဟား ဟား ဟား ..."
မိုင်း ပေါက်ကွဲပြီး စိတ်တိုဒေါသထွက်နေတာကို ဝဏ္ဏအောင်က ပျော်နေလေသည်။
"မင်း ကောင်လေးကို ကြည့်ချင်လား ...ငါက သဘောကောင်းတယ်နော် ဆီဇာနေရဇ္ဇ ...ရေမြေခြားနေတဲ့ မင်းတို့ကို ဒီလိုမျိုး ငါက တွေ့ခွင့်ပေးမှာပါ ...ဟား ဟား ..."
ပြောပြီးတာနဲ့ ဝဏ္ဏအောင်က cameraကို ပြောင်းဖွင့်လိုက်ပြီး ဆန်းနဲ့ မိုင်းကို မြင်စေလိုက်သည်။
"ဆန်း ...ဆန်းလေး ..."
"မိုင်း ..."
မြင်လိုက်ရတဲ့ မြင်ကွင်းက မိုင်းကို ရူးစေလောက်သည်။ ဆန်း မျက်နှာပြင် တခုလုံးမှာ ညိုမဲရာ ပွန်းပဲ့ရာတွေနဲ့ သွေးစို့ပြီး စိမ့်ထွက်နေတာတွေလည်း ရှိ၏။ သဏ္ဍာန်ဆန်း အရမ်းနာကျင်နေပြီမှန်း အမူအရာကို ကြည့်ရုံနဲ့ သိစေလောက်သည်။
"ခဏ ခဏလောက် သီးခံနေနော် ဆန်း ...ငါမင်းကို ရအောင် ကယ်ထုတ်ပေးမယ် ...ငါ့ကို ယုံတယ် မဟုတ်လား ..."
"အင်း ...ငါ ငါ အဆင်ပြေပါတယ် ...မင်းကိုယုံပြီး ငါစောင့်နေမယ် မိုင်း ..."
ဝေဒနာတွေကြားကနေ သူပြန်ဖြေလိုက်သံက ခပ်ယဲ့ယဲ့။
"ကယ်ထုတ်မယ်တဲ့လား ...ပြည်ပမှာ ရှိနေတဲ့ကောင်က ဘယ်လို ကယ်မှာလဲ ...သူရဲကောင်းကြီးက စကားတွေကို အပိုတွေ ပြောနေတာပဲဟ ..."
"ငါအခု ပြန်လာတော့မှာ ...ငါနဲ့ ညှိနှိုင်းကြရအောင် ဝဏ္ဏအောင် ...မင်း တောင်းဆိုတာ မှန်သမျှ ငါလုပ်ပေးမယ် ...မင်းမကျေနပ်တာ ငါလေ သူမှမဟုတ်တာ ..."
ဒီတစ်ယောက်ကြောင့် ဆီဇာနေရဇ္ဇတို့ ပြန်လာဖြစ်မယ်ဆိုတာကို ဝဏ္ဏအောင် သိ၏။ ဒါပေမယ့် ဒီလောက်ထိကြီး မြန်ဆန်လွန်းစွာ အပြေးအလွှား ပြန်လာလိမ့်မယ်လို့တော့ မထင်မိခဲ့။
"မလိုဘူး ငါဘယ်လို ညိနှိုင်းတာမျိုးမှ မလိုချင်ဘူး ...ငါလိုချင်တာ မင်းရင်ကွဲပြီး ခံစားရမှာကိုပဲ ..."
"မဟုတ်ဘူး မင်း ဆန်းကို ဘာမှလုပ်လို့မရဘူး ...လုပ်ခွင့် မပြုနိုင်ဘူး ..."
"မင်း ငါ့ကို အမိန့်တွေ ပေးမနေနဲ့ ဆီဇာနေရဇ္ဇ ...အခု မင်းကောင်လေးက ငါ့လက်ထဲမှာနော် ...အခုချက်ချင်း မင်းပြန်လာလည်း မနက်ဖြန်လောက်မှ ဒီကို ရောက်လာမှာ ...မင်းရဲ့ ဟိုသုံးကောင်ကလည်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါတို့ရှိနေတဲ့ နေရာကို ချက်ချင်းရှာတွေ့နိုင်မှာ မဟုတ်ဘူး ...ဘာလို့လဲဆိုတော့ ငါက နေရာကောင်းကို ရှာတွေ့ထားတာ... ခြေစလက်စ ဘာမှမကျန်နိုင်အောင်လည်း အကုန်ရှင်းထားခဲ့ပြီးသား ..."
မိုင်း ဆောက်တည်ရာ မရ ဖြစ်နေပါသည်။ သူ့သူငယ်ချင်း အုပ်စုက ဘယ်လောက် ကြိုးစားပြီး ရှာရှာ ချက်ချင်း မတွေ့နိုင်တာကတော့ အမှန်ပင် မဟုတ်လား။
"သူ့ အင်္ကျီကို ချွတ်လိုက် ..."
ဆန်းအနားက လူသုံးယောက်ကို ဝဏ္ဏအောင်က ထပ်မံ ခိုင်းစေလိုက်ပြန်သည်။ အင်္ကျီ ဆွဲချွတ်ခံလိုက်ရတော့မှ တကိုယ်လုံးက အညိုအမဲ ဒဏ်ရာတွေက ပို၍ မြင်မကောင်းတော့။
ဆန်း အခြေအနေကို ကြည့်ပြီး မိုင်းဆီကနေ ဝဏ္ဏအောင်ကို ဆဲရေးလိုက်တဲ့ စကားတွေက ထွက်လာခဲ့လေသည်။ ဒေါသကြောင့် မျက်စိမျက်နှာ ပျက်နေတဲ့ မိုင်းပုံစံက တကယ့်ကို ရူးတော့မယ့်အတိုင်းပင်။
"ကြည့်စမ်း မင်းကောင်လေးကို..."
ဝဏ္ဏအောင်က ဆန်းရဲ့ အနားမှာ လာ၍ကပ်ထိုင်လိုက်ပြီး မျက်နှာ၊ ပုခုံး၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်အထိ လိုက်ထိကိုင်ပြလေသည်။ နာကျင်နေတဲ့ ဆန်းက ရုန်းနေပေမယ့် ဘေးမှာ ချုပ်ကိုင်ထားတဲ့သူတွေက ရှိနေပါ၏။
"အသားအရေလည်း လှတယ် ...ရုပ်ရည်ကလည်း မဆိုးဘူး ...အထိအတွေ့ ညက်ညောမှုကလည်း မိန်းခလေးတစ်ယောက်နဲ့ သိပ်မကွာဘူး ...မင်း ငါ့ကောင်မလေးနဲ့ ဖြစ်ခဲ့သလိုမျိုး သူ့ကိုငါ ခံစားကြည့်လိုက်ရမလားပဲ ...ဟင် ဘယ်လိုလဲ ဆီဇာနေရဇ္ဇ..."
"မလုပ်နဲ့ ...ဝဏ္ဏအောင် မင်း သူ့ကို လုံးဝ မထိနဲ့ ...ငါ ငါ မင်းကောင်မလေးနဲ့ တကယ် ဘာမှ မဖြစ်ခဲ့ဘူး ...မင်းကိုငါ လက်တုံ့ပြန်ချင်ရုံနဲ့ သူ့ကိုမူးအောင်တိုင်ပြီး ဓာတ်ပုံပဲရိုက်ခဲ့တာ ...ငါတို့ ဘာမှမဖြစ်ခဲ့ဘူး ..."
နောက်ဆုံး အဖြစ်မှန်တွေချပြ၍ ဝဏ္ဏအောင်ကို စိတ်လျော့စေရန် ရည်ရွယ်မိ၏။
"မင်းစကားကို ငါက ယုံရမှာလား ...အခု ဟိုတစ်ယောက်ကတောင် ငါနဲ့ စေ့စပ်ပွဲဖျက်မယ်လို့ ပြောနေပြီ ...မင်းနဲ့သူ တကယ်အိပ်ခဲ့တာပါတဲ့ ..."
ဆီဇာနေရဇ္ဇနဲ့ တစ်ညအိပ်ပြီးမှ သူလိုလူကို စွန့်ပစ်လိုက်တဲ့ ချစ်သူ။ ဝဏ္ဏအောင် မကျေနပ်ဆုံးက ဆီဇာနေရဇ္ဇနဲ့ ယှဉ်၍ သူက ရှုံးနိမ့်လိုက်ရခြင်းကိုပင်။
"ငါတကယ်ပြောနေတာ ငါသူနဲ့ လုံးဝမအိပ်ခဲ့ဘူး ..."
"ငါမယုံဘူး ..."
ဘယ်လိုပြောပြော လက်မခံတဲ့ ဝဏ္ဏအောင်ပင်။ ဒါကြောင့် မိုင်းက တစ်မျိုးပြောင်းပြောလိုက်ပါသည်။
"ဟိုအနောက်က လူတွေ ..."
ဆန်းကို ချုပ်ထားတဲ့ သုံးယောက်ကို သူရည်ရွယ်တာမှန်း သိလိုက်ကြသည်။
"ခင်ဗျားတို့က ဝဏ္ဏအောင် သူငယ်ချင်းတွေတော့ မဖြစ်နိုင်ဘူး ...သူငှားထားတဲ့ လူတွေ မဟုတ်လား ..."
"အဲ့ဒါ မင်းနဲ့ ဘာဆိုင်လဲ ...ငါငှားထားတဲ့ လူတွေကို ဘာအတွက် မေးနေတာလဲ ..."
အဖြေက ဝဏ္ဏအောင် စကားထဲမှာ ပါသွားခဲ့လေပြီ။ လူငှားထားခြင်း။
"ငါဘယ်သူလဲ ခင်ဗျားတို့ သိလား ...ငါက KS groupရဲ့ အမွေဆက်ခံသူပဲ ..."
KS group နာမည်ကြားတော့ သုံးယောက်သား မိုင်းကို စိတ်ဝင်စားသွားကြ၏။
"ခင်ဗျားတို့ လိုချင်သလောက် ကြိုက်သလောက်ကို တောင်းနိုင်တယ် ...သူ့ကို လွှတ်ပေးမယ်ဆိုရင် ခင်ဗျားတို့ အချီကြီးမိလိမ့်မယ် ...ဝဏ္ဏအောင် ပေးတဲ့ ပိုက်ဆံထက် ပိုင်ဆိုင်မှုတွေ အများကြီး ခင်ဗျားတို့ ရရစေမယ် ...ငါပေးနိုင်တယ် ...ဘယ်လိုလဲ ..."
အပေးအယူက စိတ်ဝင်စားစရာမို့ သုံးယောက်ရဲ့ အာရုံက မိုင်းဆီမှာ။ ဝဏ္ဏအောင်က ဒီအဖြစ်ကို ကြည့်ပြီး အော်ရယ်လိုက်ပါသည်။
"ဟား ဟား ဟား ...ဆီဇာနေရဇ္ဇ မင်းက ငါ့ကို သူတို့နဲ့ ရန်တိုက်ပေးနေတာပဲကွ ...ဒီမှာ ...မင်းတို့သုံးယောက် သူ့စကားကို ယုံတော့မလို့လား ...ပိုက်ဆံနဲ့ မျှားပြီးမင်းတို့ကို ထောင်ချောက်ဆင် ဖမ်းတာမျိုးလည်း ဖြစ်နိုင်တယ်လေ ..."
"မဟုတ်ဘူး ...ငါတကယ်ပေးမှာ ခင်ဗျားတို့ကိုလည်း ရဲလက်မအပ်ဘူး ...ငါ့ချစ်သူကို လွှတ်ပေးရင် ငါကတိတည်မယ် ...သူက ငါ့အတွက် အရမ်းအရေးကြီးတယ် ...အဲ့ဒီ့အတွက် ငါလုံးဝ ကတိဖျက်မှာ မဟုတ်ဘူး ..."
ဝဏ္ဏအောင်နဲ့ မိုင်းရဲ့ အကြားမှာ သုံးယောက်လုံး ဘယ်သူ့စကားကို နားထောင်သင့်သလဲ တွေဝေကုန်ကြ၏။
"ကဲ တော်ပြီ ဒီလောက်ပဲ ဆီဇာနေရဇ္ဇ...မင်း ချစ်သူလေးကို ငါခံစားကြည့်လိုက်ဦးမယ် ...အဟား ဟား ..."
"ဝဏ္ဏအောင် မင်း သူ့ကို ထိရဲထိကြည့် ..."
"ထိတော့ ဘာဖြစ်လဲ ..."
ဝဏ္ဏအောင်က ဆန်းရဲ့ မျက်နှာမေးဖျားကို လက်နဲ့ ခပ်ကြမ်းကြမ်း ဆွဲကိုင်လိုက်ပြီး ...
"မင်းကောင်လေးက ချစ်စရာလေးပဲ ဆီဇာနေရဇ္ဇရဲ့ ..."
"ဝဏ္ဏအောင် မင်းရဲ့ ရွံစရာကောင်းတဲ့ လက်ကို အခုချက်ချင်း ဖယ်လိုက်စမ်း ..."
"ဘိုင့် ဘိုင့် ဆီဇာနေရဇ္ဇ ..."
အနိုင်ရသူ တစ်ယောက်လို ပြုံးရွှင်ရယ်မောရင်း ဖုန်းကိုပိတ်လိုက်တဲ့ ဝဏ္ဏအောင်။ ဆန်းမှာ ဝဏ္ဏအောင်ရဲ့ စကားတွေကြောင့် စိုးရိမ်စိတ်တွေ ဖြစ်လာရပါသည်။
ယောင်္ကျားတစ်ယောက်ကို ယောင်္ကျားတစ်ယောက်က အဓမ္မကျင့်နိုင်ဖို့က ပုံမှန်ဆို သိပ်လွယ်ကူလွန်းတာတော့ မဟုတ်။ ဒါပေမယ့် အခုက သူ့မှာ ချည်နှောင်ခံထားရတာတွေအပြင် ချုပ်ကိုင်ထားတဲ့ သုံးယောက်ကလည်း ရှိသေးသည်။ ပြန်ခုခံနိုင်ဖို့က မဖြစ်နိုင်ပေ။
"သိပ်လည်း လန့်မနေနဲ့ဦး ...မင်းကိုငါ ဘာမှ မလုပ်ဘူး ..."
ဆန်းရဲ့ အမူအရာကိုကြည့်ပြီး ဝဏ္ဏအောင် ပြောလိုက်သည်။
"ငါ ယောင်္ကျားချင်း ဖီးလ်မလာဘူး ...မင်းရဲ့ကောင်ကို အနိုင်ပိုင်းပြီး စိတ်ဆွပေးလိုက်တာ ..."
အခုမှ ဆန်း အနည်းငယ် စိတ်လျော့သွားရသည်။
"ငါ တကယ်အံ့ဩတယ် ...မင်းကို ..."
ဝဏ္ဏအောင်က ဆန်းကို ကြည့်ပြီး ပြောလိုက်တာပါ။
"ဆီဇာနေရဇ္ဇလိုလူက မင်းကြောင့် ဒီလောက်ထိ သွေးပျက်ပြီး အရူးမီးဝိုင်းဖြစ်နေတာ... သိပ်အံ့ဩစရာ ကောင်းတယ် ...မင်းသူ့ကို ဘယ်လိုများ မြှူစွယ်ဖြားယောင်းထားလဲ သဏ္ဍာန်ဆန်း ..."
"အချစ်စစ်မှာ မြှူစွယ်ဖြားယောင်းမှုတွေ မလိုအပ်ဘူး ...ဒါကို မင်းမှမသိနိုင်တာ ...ဘာလို့လည်း ဆိုတော့ မင်းရဲ့အချစ်က အတုအယောင်ကြီး ဖြစ်နေခဲ့တာကိုး ..."
သစ္စာဖောက်ခံလိုက်ရတဲ့ ဝဏ္ဏအောင်ရဲ့ အချစ်ရေးကို ဆန်းက တမင် ထည့်ပြောလိုက်သည်။
"မင်း ...မင်းကများ ငါ့ကို ...ကဲကွာ..."
"ဖြောင်း ...ဖြောင်း ..."
မျက်နှာပြင်ကို လက်ပြန်ရိုက်ချလိုက်ခြင်းက နှစ်ချက်။ လည်ထွက်သွားတဲ့ ခေါင်းက တော်တော်နဲ့ ပြန်မထောင်နိုင်ခဲ့ပေ။
"ငါပြောလိုက်တဲ့ စကားက တကယ့်ချက်ကောင်းကို ထိသွားတာပဲ ..."
ဆန်းက သိပ်ကို မထီမဲ့မြင်ဆန်၏။ ပြောလိုက်တဲ့စကားရော လုပ်လိုက်တဲ့ မျက်နှာအမူအရာကအစ အရွဲ့တိုက်ခြင်းက သိသိသာသာ။
"မင်းတော်တော် စောက်ကြောတင်းတာပဲ ...ငါ့လက်ထဲမှာ တောင်းပန်ခယ နေရမယ့်ကောင်က ဒီလိုမျိုး ပြန်အာခံရဲတယ်ပေါ့ ...သိပ်ပြီးတော့ အကြောမတင်းနဲ့ ...မင်းအသက်က ငါ့လက်ထဲမှာ ..."
"ငါသေသွားရင် မင်းအသက်ရော ဒီအတိုင်း တည်မြဲနေနိုင်မယ်လို့ ထင်လို့လား ...မိုင်းက မင်းကို ကမ္ဘာမြေအဆုံးထိ လိုက်သတ်လိမ့်မယ် ...မိုင်းရဲ့ အစွမ်းအာဏာက ဘယ်အထိ ပေါက်ရောက်သလဲဆိုတာ မင်းအသိဆုံးပဲ မဟုတ်လား ...မင်း ဒီတသက် ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ..."
နာကျင်မှုတွေနဲ့ လူက ယိုင်နဲ့နဲ့။ ဒါတောင် ဝဏ္ဏအောင်ကို ခြိမ်းခြောက်နိုင်ပါသေးသည်။ ဝဏ္ဏအောင် အနည်းငယ်တော့ မျက်နှာပျက်သွားသည်။ ပြီးမှ ...
"တောက် မင်းရော ဟိုကောင်ရော နှစ်ကောင်လုံး စောက်ကျင့်တွေက အတူတူတွေပဲ ...လူကို စိတ်တိုအောင် ဆွပေးပြီး ကြီးကြီးကျယ်ကျယ်တွေ တော်တော်ပြောနိုင်တဲ့ ကောင်တွေ ...ဟေ့ သူ့ကို အခန်းထဲ သွားထည့်ပိတ်ထားလိုက် ..."
"ဟုတ်ကဲ့ ..."
နှစ်ယောက်က ဆန်းကို အတွင်းဘက် အခန်းရှိရာသို့ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။ ကျန်ခဲ့တဲ့တစ်ယောက်က ဝဏ္ဏအောင်ကို မေးလာပါသည်။
"သူ့ကို ဘာဆက်လုပ်မှာလဲ ..."
"သူ့ကို ရက်ကြာကြာ ဖမ်းထားပြီးတော့ တမြေ့မြေ့ နှိပ်စက်ပြီး ဒုက္ခိတဖြစ်အောင် လုပ်ရမလား...ဒါမှမဟုတ် တစ်ခါထဲ သတ်ပစ်လိုက်ရမလားဆိုတာ ငါစဉ်းစားနေတုန်းပဲ ...ဘယ်နည်းလမ်းက ဆီဇာနေရဇ္ဇကို ပိုပြီးတော့ ရင်ကွဲနာကျစေမလဲဆိုတာကိုပေါ့ ..."
ရက်စက်သည်ထက် ပို၍ ရက်စက်ချင်သည်လား။ နာကျင်သည်ထက် ပို၍ နာကျင်စေချင်သည်လား။ အမုန်းတရားတွေက ဘယ်သောအခါမှ မအေးချမ်း။ ငြိမ်းချမ်းခြင်းလည်း မရှိ။ ငြိမ်းချမ်းမှာလည်း မဟုတ်။
**** ***** ***** ***** *****
ညကြီးအချိန်မတော်။ ညအတော်လေး နက်နေမှ ဦးဆီဇာမင်းထင်ရဲ့ ဆီသို့ ဖုန်းတစ်ခု ဝင်လာခဲ့ပါသည်။ အိပ်ပျော်နေပြီးပေမယ့် အခါခါ ခေါ်နေတဲ့ ဖုန်းသံကြောင့် နိုးလာခဲ့ရ၏။ အခန်းမီးကို ဖွင့်လိုက်ပြီး ဖုန်းရှိနေတဲ့ ခုတင်ဘေးက စားပွဲပေါ်ကို လက်လှမ်းလိုက်သည်။
ကြည့်လိုက်တော့ သားဖြစ်သူဆီကို ထည့်ပေးလိုက်တဲ့ USက လူယုံတစ်ယောက်ဆီမှ။
"အေး ဘာကိစ္စလဲ... ဒီအချိန်ကြီးမှ ..."
"အရမ်းအရေးကြီးလို့ ချက်ချင်း သတင်းပို့မှ ဖြစ်မှာမို့လို့ပါ ဥက္ကကြီး ..."
"ဘာကိစ္စမို့လို့လဲ ..."
"သ သခင်လေး အိမ်ကနေ ထွက်သွားပါတယ် ..."
"ဘာပြောတယ် ...သူက ဘယ်သွားတာလဲ ..."
"Passport ယူပြီး လေယာဉ်လက်မှတ်တွေလည်း မှာနေတယ် ...အဲ့ဒီ့ကို ပြန်လာမလို့တဲ့ ..."
"မင်းတို့က သူ့ကို ဘာလို့မတားကြတာလဲ ..."
"ကျွန်တော်တို့ သူ့ကို အကုန်ဝိုင်းတားပါတယ် ဥက္ကကြီး ...ဒါပေမယ့် သခင်လေးက အကုန်လုံးကို ထိုးကြိတ်တိုက်ခိုက်ပြီး အတင်းထွက်သွားတာပါ ..."
"မင်းတို့ တော်တော် အသုံးမကျတဲ့ ကောင်တွေပဲ ...ဒီလောက်လူတွေ အများကြီးကို ဒီတစ်ယောက်လေးတောင် မနိုင်ကြဘူးလား ..."
"သခင်လေးက ကိုယ်ခံပညာလည်း တတ်ပြီး ကျွန်တော်တို့ကလည်း သူ့ကို အရမ်းမတိုက်ခိုက်ရဲလို့ပါ ..."
"ပြောလိုက်ရင် ဆင်ခြေတွေကြီးပဲ ...အခု သူ့ရဲ့ လေယာဉ်ချိန်နဲ့ airlineကို ရအောင် စုံစမ်းပြီး ငါ့ဆီကို လှမ်းပို့ ...အခုချက်ချင်းနော် ..."
"ဟုတ် ဟုတ်ကဲ့ပါ ဥက္ကကြီး ..."
ဖုန်းချရင်းနဲ့ လူက စိတ်တိုစွာ သက်ပြင်းကြမ်းကြမ်းချလိုက်ပြီး အံကြိတ်လိုက်မိသည်။
"ချက်ချင်းကြီး ရုတ်တရက်ကြီး သူဘာလုပ်တာလဲ ...ကတိကို အလွယ်တကူ ဖျက်တတ်တာ ဆီဇာမင်းထင်ရဲ့ သားမဟုတ်သလိုပဲ ...မင်း ပြောင်းလဲလွန်းနေပြီ ဆီဇာနေရဇ္ဇ ..."
ဒီည သူပြန်အိပ်၍ ပျော်နိုင်ပါဦးမည်လား။
ညဟာ နက်နက်။ အိပ်မပျော်နိုင်တဲ့ လူက ခက်ခက်။ သူမွေးထားတာ တဦးတည်းသောသား ဖြစ်ပေလို့သာပဲ။ ဆီဇာနေရဇ္ဇလိုလူ နှစ်ယောက် သုံးယောက်များ မွေးထားမိရင် သူဘယ်လို လုပ်မည်လဲ။ စိတ်ပင်ပန်း လွန်းလှပါသည်။
ဒါပေမယ့်လည်း ဒါက သူသိပ်ချစ်ရတဲ့ သူ့သွေးသား ဖြစ်တာမို့။ ဆိုးသမျှ အုပ်ထိန်းပေးနေရဦးမှာပင်။ သူက ဖခင်တစ်ယောက် ဖြစ်နေတာမို့။
**** ***** ***** ***** *****