တစ်ယောက်ကို တစ်ယောက်က ယုံကြည်မယ် ...။
တစ်ယောက်က တစ်ယောက်ကို နားလည်မယ် ...။
ငါတို့ကြားမှာ ချစ်ခြင်းမေတ္တာကလွဲရင် တခြားအရာတွေ ရှိမနေစေချင်ဘူး ...။
တကယ်တော့ မင်းဟာ ငါ့အတွက် ချစ်သူဆိုတာထက် ပိုတဲ့သူပါပဲ ...။
**** ***** ***** ***** *****
စီနီယာ သဏ္ဍာန်ဆန်းက သူနဲ့ဈေးလိုက်ခဲ့ဖို့ ခေါ်တာကြောင့် သုတဟန်လည်း ပါလာခဲ့ရသည်။ ဈေးရောက်တော့ ဟင်းချက်စရာ ပစ္စည်းတွေ လိုက်ဝယ်နေပြန်သည်။ မအူမလည်နဲ့ သုတဟန် မေးလိုက်မိတော့ ...
"စီနီယာ ဟင်းချက်စရာတွေ ဝယ်တာကို ဘာလို့ ကျွန်တော့်ကို ခေါ်လာတာလဲဟင် ..."
"မင်းကို ညနေစာ ချက်ကျွေးမလို့လေ ..."
"ဗျာ ..."
"မင်း ကင်းမွန်တို့ ပုစွန်တို့ ကြိုက်လား..."
ပင်လယ်စာ ဆိုင်ရှေ့မှာ ရပ်ပြီး သုတဟန်ကို လှည့်မေးလိုက်တာ ဖြစ်သည်။
"ဟုတ်ကဲ့ ..."
သူပြန်ဖြေလိုက်တော့ ဝယ်ရန်ရွေးချယ်လိုက်သော သဏ္ဍာန်ဆန်း။
"မဟုတ်သေးဘူးလေ စီနီယာ ...ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကို ထမင်းချက်ကျွေးရတာလဲလို့ ..."
"ဒါလေးယူမယ်နော် အန်တီ ..."
ဆန်းက သူရွေးချယ်ထားတဲ့ ပင်လယ်စာအချို့ကို လက်ညှိုးညွှန်ပြပြီး ဈေးသည်အန်တီကြီးကို ပြောလိုက်ပါသည်။ ပိုက်ဆံရှင်းပြီး နှစ်ယောက်သား ဆိုင်ထဲကနေ ထွက်လာတော့မှ ...
"ငါခိုင်းတဲ့အတိုင်း ငါ့ကိုကူညီပေးခဲ့တဲ့ မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းချက်ကျွေးမလို့ပါ ...ဆိုင်တခုခုမှာ လိုက်ဝယ်ကျွေးလည်း ဖြစ်ပေမယ့် ...ဒါက ဖြစ်သလိုနိုင်တယ်လေ ပြီးတော့ ဈေးအကြီးဆုံးတွေလည်း ငါမဝယ်ကျွေးနိုင်ဘူး...ပြီးစလွယ် ကျေးဇူးတင်ကြောင်းမပြချင်လို့ တကူးတက ငါက ညနေစာချက်ကျွေးမှာ ..."
"ကျွန်တော်ကူညီပေးတာက အခုထိ ဘာမှ အကြောင်းမထူးသေးဘူး မဟုတ်လား...စီနီယာ လိုချင်တဲ့ အကြောင်းပြချက်ကို စီနီယာ ဆီဇာနေရဇ္ဇက ပြောပြပြီလား ..."
"ဟင့်အင်း မပြောပြသေးပါဘူး ...ဒါပေမယ့် ငါတို့ ရပ်လိုက်ကြရအောင် ...ရပ်လိုက်တော့မယ် ..."
"ဟင် ဘာဖြစ်လို့လဲ စီနီယာ ..."
"ငါခေါင်းမာပြီး ဆက်အရွဲ့တိုက်နေမယ်ဆိုရင် ကြာရင် မင်းတခုခု ထိခိုက်မိလိမ့်မယ် ...မိုင်းအကြောင်း ငါသိတယ် ...သူမင်းကို ဒုက္ခပေးမှာ ..."
"ကျွန်တော် ထိခိုက်မှာစိုးလို့လား ..."
"အဲ့ဒါလည်း ပါသလို ...မိုင်းကိုလည်း ငါလူဆိုးမဖြစ်စေချင်ဘူး ..."
နောက်ဆုံးတော့ အကြောင်းပြချက်ဟာ စီနီယာ ဆီဇာနေရဇ္ဇနဲ့ သွယ်ဝိုက်ပတ်သက်နေမှန်း သုတဟန်လည်း ရိပ်မိလိုက်ရပါသည်။ ဒီနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ထိ ဂရုစိုက်ပြီး ချစ်ကြသည်လဲ။ တကယ်ကို မနာလိုစရာ ကောင်းလောက်ပါသည်။
"ကျွန်တော် စီနီယာ ဆီဇာနေရဇ္ဇကို တကယ်မနာလိုဖြစ်မိတယ် ..."
"ဘာလို့လဲ ..."
နှစ်ယောက်သား အတူတူ လမ်းလျောက်နေရင်းနဲ့ ဆန်းက သူ့ကို လှည့်ကြည့်လိုက်သည်။
"စီနီယာ့လိုလူက သူ့ကို ဒီလောက်ထိ ဂရုစိုက်ပြီး ချစ်နေပေးလို့လေ ..."
ဆန်းက ဘာမှပြန်မဖြေဘဲ ပြုံးပြလိုက်မိပါသည်။ စိတ်ထဲမှာတော့...
"မိုင်းလိုလူက ငါ့ကို ဘယ်လောက်ထိ ချစ်မြတ်နိုးသလဲဆိုတာ မင်းမှမသိသေးတာ ..."
အကွက်ချ ကြံစည်မှုလေးဟာ သူ့ကို လူဆိုးလေး မဖြစ်စေချင်တာကြောင့် လက်လျော့လိုက်မိသည် အထိပါပဲ။ မိုင်းပြောသလိုပေါ့။ ငါ့ကိုနိုင်တာမင်း မင်းကိုနိုင်တာလည်းငါ ဆိုတာလို ...။
တစ်ယောက်ကို တစ်ယောက် နားလည်ပေးနိုင်မှုဟာ ဒီလိုမျိုးလေး ...။
**** ***** ***** ***** *****
နှစ်ယောက်သား ဟင်းချက်စရာတွေ ဝယ်လာတဲ့ အိတ်တွေကို လက်တွေမှာ အပြည့်သယ်လာရင်း အပန်းဖြေအိမ်ကို ပြန်လာကြလေသည်။
"မင်းရရဲ့လား သယ်လို့နိုင်ရဲ့လား သုတဟန် ..."
"အာ စီနီယာကလည်း ဒီလောက်လေးကတော့ နိုင်ပါတယ်ဗျ ...အဟီး ..."
"ဧည့်သည်ကို ခိုင်းစားသလို ဖြစ်နေမှာစိုးလို့ မေးနေတာကွ ..."
နှစ်ယောက်သား စကားပြောရင်း ရယ်မောရင်းနဲ့ အိမ်ထဲဝင်လာကြစဉ် ...ဧည့်ခန်းထဲမှာ တစုံတယောက်က သူတို့ကို ဆီးကြိုနေလေရဲ့။
သူကတော့ မိုင်းပဲ ဖြစ်သည်။
ဧည့်ခန်းထဲက ဆိုဖာမှာ လက်ပိုက်ထိုင်နေတဲ့ မိုင်းက သုတဟန်ကို မြင်လိုက်တော့ မျက်နှာတင်းတင်းနဲ့ ထလာလေသည်။
"မင်းတို့က ဒီအခြေအနေထိတောင် ဖြစ်နေကြတာလား ...အိမ်ထိတောင် ခေါ်လာတယ်ပေါ့ ဟုတ်လား ..."
"မဟုတ်ဘူး မိုင်း ငါရှင်းပြမယ် ခဏလေး ..."
မိုင်းက ဆန်းပြောတဲ့ စကားကို လက်မခံဘဲ ဆန်းကိုကျော်၍ အနောက်မှာ ရပ်နေသော သုတဟန်ရှိရာဆီသို့ တန်းသွားလေသည်။ မိုင်းရဲ့ ဆုပ်ထားတဲ့ လက်သီးတွေဟာ သုတဟန်ကို ရည်ရွယ်တော့မှာကို ဆန်း သိလိုက်ပါသည်။ လက်ထဲက အထုပ်တွေကို ပစ်ချလိုက်ပြီး မိုင်းရဲ့ ကျောဘက်ကနေ သိုင်းဖက်၍ တားလိုက်မိ၏။
"မလုပ်နဲ့ မိုင်း မလုပ်ပါနဲ့ ..."
"လွှတ်စမ်း ငါ့ကို ...မင်းက ဒီလောက်တောင် သူ့ကိုကာကွယ်ချင်နေတာလား သဏ္ဍာန်ဆန်း ..."
"မလုပ်နဲ့ ငါရှင်းပြတာကို အရင်နားထောင်ဦး ..."
မိုင်းက လုံးဝလက်မခံပါ။ ဖက်ထားတဲ့ ဆန်းကို ရအောင်အားနဲ့ ခါထုတ်လိုက်ပြီး သုတဟန်ကို ထိုးရန်လက်က ပြေးဝင်သွားလေသည်။ သုတဟန် အရှေ့ကနေ ဆန်းကပြေးဝင်၍ ကာရပ်လိုက်တာမို့ လက်သီးချက်ဟာ ဦးတည်မှု လွဲသွားခဲ့ရပါ၏။
"ခွပ် ..."
"အ ..."
အရှိန်က ပြင်းသည်။ ကြမ်းပြင်မှာ ပစ်လဲကျသွားရတဲ့အထိပင်။
"စီနီယာ ..."
"ဆန်း ..."
မရည်ရွယ်ဘဲ အရှိန်မထိန်းနိုင် ဖြစ်သွားရတာမို့ မိုင်းလည်း ထိပ်လန့်သွားရပါသည်။ မိုင်းနဲ့ သုတဟန်တို့ နှစ်ယောက်သား လဲကျသွားတဲ့ ဆန်းကို ပြေးထူမိကြ၏။
"ဆန်း ..."
"စီနီယာ ရရဲ့လား ..."
နှုတ်ခမ်းပေါက်သွားပြီး သွေးစအချို့ကိုပါ မြင်လိုက်ရသည်။ မိုင်းရဲ့ ဒေါသက သုတဟန် ဆီမှာမဟုတ်တော့ဘဲ ဆန်းကို ထိုးလိုက်မိတဲ့ သူ့လက်အပေါ်မှာ ဖြစ်သွားသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရင်း ပြန်စိုက်ကြည့်နေလေသည်။ ပြီးတော့ ထရပ်လိုက်ပြီး နံရံကို လက်သီးနဲ့ ပြေးထိုးလိုက်တဲ့အထိ။
"ဟာကွာ ..."
"သုတဟန် မင်းပြန်တော့ ...ငါနောက်မှ မင်းကို ထမင်းဖိတ်ကျွေးတော့မယ် ...အခုက အဆင်မပြေတော့ဘူး ..."
"ကျွန်တော်က ရပါတယ် စီနီယာရဲ့ ...ဒါပေမယ့် စီနီယာတို့ကို နှစ်ယောက်ထဲ ထားခဲ့လို့ ဖြစ်ပါ့မလား ...စီနီယာ့ကို သူတခုခုကို လုပ်နေရင်ရော ..."
သုတဟန်က မိုင်းရဲ့ ဒေါသကိုမြင်ပြီး လန့်နေပုံရ၏။ ဆန်းကို ထားခဲ့ဖို့အတွက် စိုးရိမ်နေသလိုမျိုး။
"ရတယ် ငါတို့ကိစ္စ ငါတို့ဘာသာ ရှင်းလို့ရတယ် ...သူငါ့ကို ဘာမှမလုပ်နိုင်ဘူး ...မင်းကိုပဲ လုပ်မှာ ...အဲ့ဒါကြောင့် မင်းပြန်တော့ ..."
"ဟုတ် ဟုတ်ကဲ့ ...အဲ့ဒါဆို ကျွန်တော်ပြန်တော့မယ်နော် ..."
ကြောက်ကြောက်လန့်လန့်နဲ့ သုတဟန်က ထွက်သွားပြီး ဆန်းလည်း မိုင်းကို ပြေးဆွဲရပါ၏။ ဆန်းသာ မဆွဲရင် နံရံကို သူဘယ်နှချက်တောင် ထိုးနေဦးမှာလဲ ...။
"တော်တော့ မိုင်း ..."
သူ့ဘက်ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင် ဖြစ်သွားတော့မှ ပုခုံးတွေကို ဆန်းက ဆုပ်ကိုင်လိုက်လေသည်။
"မင်းမှာ ဦးနှောက်မရှိဘူးလား ...ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်တာ ဦးနှောက်မရှိတဲ့ လုပ်ရပ်ပဲ ..."
"မင်းကို လုပ်လိုက်မိတာလေ ...မင်းကိုထိခိုက်မိသွားတဲ့ ဒီလက်ကို ငါခွင့်မလွှတ်နိုင်ဘူး ..."
"ဒါက မတော်တဆ ဖြစ်သွားတာ ...မတော်တဆမှုတစ်ခုပဲ ...မင်းငါ့ကို မနာကျင်စေဘူးဆိုတာ ငါကောင်းကောင်းသိတယ် ...စိတ်ကိုလျော့လိုက်တော့ မိုင်း..."
မျက်ဝန်းတွေကို ငေးကြည့်ပြီး သူ့စကားတွေကို နားထောင်ဖို့ ဆန်းကကြိုးစားနေပါသည်။ မိုင်းကလည်း အဲ့ဒီ့ မျက်ဝန်းတွေကို ပြန်ငေးကြည့်ရင်း စိတ်ကိုလျော့လိုက်မိလေတော့သည်။
ဆန်းကို ရင်ခွင်ထဲ ထည့်ပြီး ခပ်တင်းတင်း ဖက်တွယ်ထားမိရင်း ...
"ငါ့ကိုပဲ ချစ်ပါ ...ငါ့ကိုပဲ ...တခြား ဘယ်သူ့ကိုမှ လက်မတွဲပါနဲ့ ...ငါကလွဲရင် ဘယ်သူ့ကိုမှ မင်းအနားမှာ မမြင်ချင်ဘူး ...ငါက ဒီလိုပဲ အတ္တကြီးတယ် ...အကျင့်လည်း မကောင်းဘူး ..."
"အင်းပါ ငါသိပါတယ် ...ငါသိတယ် ...မင်းငါ့ကို ဘယ်လောက်ချစ်လဲ ဆိုတာ ...မင်းအကျင့်မကောင်းလည်း ငါကပြုပြင်ပေးမှာပါ ...ငါကလည်း မင်းကိုပဲ ချစ်မိနေတာ..."
ဆန်းက မိုင်းရဲ့ ကျောပြင်လေးကို ပုတ်ပေးရင်း စိတ်လျော့ရန် ကလေးချော့သလို ပြောနေလေရဲ့။
"အဲ့ဒါဆို ဘာလို့ ဒီကောင့်ကို အိမ်ခေါ်လာတာလဲ ..."
"ကျေးဇူးဆပ်မလို့ အိမ်ခေါ်လာတာ ..."
"ဘာ ကျေးဇူးဆပ်တာက မင်းတစ်ယောက်ထဲနေတဲ့ အိမ်ကို သူ့ကိုခေါ်လာစရာလား ...ဘာကျေးဇူးကို ဘယ်လိုဆပ်မလို့လဲ ...သဏ္ဍာန်ဆန်း မင်းနော် ...ဒီအိမ်ကို ငါမသိအောင်လို့ ဘယ်ကောင်တွေကို ခေါ်လာပြီးပြီလဲ ..."
"ကျွတ်စ် ...တကယ်ပဲ စိတ်ဓာတ်မကောင်း သဘောထားမကြီးတဲ့ ကောင်တွေကို ထိန်းချုပ်ရတာ ခက်ခဲတယ် ..."
ဆန်းက စိတ်ပျက်သလိုလေး စုတ်သပ်၍ ဧည့်ခန်းထဲက ဆေးသေတ္တာထားတဲ့ နေရာကို လျောက်သွားလေသည်။
"ကောင်တွေဆိုတော့ မင်းက ငါ့လိုကောင်မျိုး ဘယ်နှယောက်နဲ့ ပတ်သက်ခဲ့ပြီးလို့လဲ ..."
"မင်းတစ်ယောက်နဲ့တင် အတော် စိတ်ပျက်နေပြီ ..."
"ဪ အဲ့ဒါကြောင့် စိတ်သဘောထားကောင်းတဲ့ သုတဟန်ကို ရွေးလိုက်တယ်ပေါ့ ဒီလိုလား ..."
ဆေးသေတ္တာကို ယူပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်တဲ့ ဆန်းက မိုင်းကို လက်ယပ်လှမ်းခေါ်လိုက်တာမို့ မိုင်းလည်း အနားမှာ သွားထိုင်ရလေသည်။
"မင်း အဲ့ဒီ့လောက်တောင်ပဲ ဉာဏ်တုံးရသလား ...မင်းကိုပဲ ချစ်ပါတယ်ဆိုမှ ...ငါက ဘယ်သူ့ကို ရွေးချယ်ရဦးမှာလဲ ...ဘယ်လောက်ရှင်းပြပြ နားမလည်ဘူး ဉာဏ်ရည်နိမ့်နေတာလား မင်း..."
မိုင်းရဲ့ နားထင်ကို လက်ညှိုးနဲ့ထိုးပြီး ပြောလိုက်သော ဆန်း။ အဲ့ဒီ့လက်ကို မိုင်းက ဖမ်းကိုင်လိုက်ပြီး ...
"အဲ့ဒါဆိုပြော ဘာလို့ သုတဟန်က ဒီအိမ်ကိုပါလာတာလဲ ..."
"ဆေးထည့်ရင်း ပြောပြမယ် ... မင်းလက်ပေး ..."
ဒဏ်ရာရနေတဲ့ လက်ကို ဆွဲယူလိုက်ပြီး ဆန်းက ဆေးထည့်ပေးရန် ပြင်လိုက်လေသည်။ လက်ချောင်းတွေရဲ့ လက်ဆစ်တွေမှာ ပွန်းပဲ့စုတ်ပြတ်နေပြီး သွေးတွေလည်း ဗရပွနှင့်။
"ကြည့်ဦး ...ရူးလိုက်တာ ...ဒီလောက်ထိတောင်မှ ..."
"မင်းလည်း ရူးတာပဲ ...ဘာလို့ ငါ့လက်သီးရှေ့ကို ပြေးဝင်လာတာလဲ ..."
မိုင်းက ဆန်းရဲ့ မျက်နှာလေးကို လက်တဖက်နဲ့ မေးဖျားကနေ ဆွဲကိုင်လိုက်ပြီး ပြောလိုက်တာပါ။
"အပြစ်မရှိတဲ့ သူများကို ထိခိုက်မှာစိုးလို့ပေါ့ ...ပြီးတော့ မင်းကိုလည်း လူဆိုး မဖြစ်စေချင်ဘူး ..."
"ဘာလို့လဲ ငါက အစထဲက လူဆိုးပဲလေ ..."
"ငါက လူဆိုးတွေကို မကြိုက်ဘူး ..."
မိုင်းက ဒီစကားကြားတော့ ငြိမ်သွားခဲ့ပြီး ဆန်းကိုကြည့်နေလေရဲ့။
"မင်းပြောတယ်မဟုတ်လား ...ငါ့ကိုနိုင်တာမင်း မင်းကိုနိုင်တာငါဆို ...အဲ့ဒါဆိုရင် မင်းကိုငါက ပြုပြင်ပေးနိုင်ရမယ် မဟုတ်လား ...
ထပ်ပြီးတော့ ဆိုးသွမ်းတာတွေ၊ မကောင်းတဲ့လုပ်ရပ်တွေ မလုပ်နဲ့တော့ မိုင်း ...ငါချစ်တဲ့ကောင်လေးက ဒီလိုမျိုးဆိုရင် ငါသဘောမကျဘူး ..."
မိုင်းက ချက်ချင်းပြန်မဖြေဘဲ ပြုံးနေပါသည်။ တကယ်ကို ချိုမြိန်စွာနဲ့ပါ။
"ဟုတ်ကဲ့ခင်ဗျ ...ကျွန်တော် ခင်ဗျားစကားကို နားထောင်ပါ့မယ် ...လိမ်လိမ်မာမာလေး နေပါ့မယ် ..."
"မရွဲ့နဲ့ ..."
ပြောလည်းပြော လက်ကလည်း ဆေးထည့်နေတဲ့ ဂွမ်းစကို ဖိပစ်လိုက်တာမို့ ...
"အား လားလား ...စပ်တယ်ကွ ..."
မိုင်းထအော်မိသွားရသည်။ မျက်နှာတစ်ခုလုံး ရှုံ့မဲ့၍ ဆန်းကိုပြန်ကြည့်နေလေသည်။
"စောစောက နံရံကိုလက်သီးနဲ့ ထိုးနေတုန်းကတော့ မနာဘူးပေါ့ ..."
"အဲ့ဒါက သွေးပူနေတာကိုး ...အခုက သွေးအေးသွားပြီလေ ...အဲ့တော့ စပ်တယ် နာလည်း နာတယ် ..."
"သေလိုက် ..."
"မသေခင် သုတဟန်ကိစ္စကို ဆက်ရှင်းဦး ...မင်းတို့က ဘာတွေလဲ ...သူက ဘာလို့ဒီအိမ်ကို ပါလာရတာလဲ ..."
"ဒီလိုကွာ ..."
တမင်ရည်ရွယ်၍ မနာလိုအောင် ကြံစည်ခြင်းအား ဆန်းက ရှင်းပြလာလေသည်။
"မင်းကွာ ငါ့မှာတော့ စိတ်တွေတိုလိုက်ရတာ ...ဘာလို့အဲ့လိုလုပ်တာလဲ ..."
"မင်းငါ့ကို တချိန်လုံး ဖုံးကွယ်ထားတဲ့အကြောင်းရင်းကို ငါသိချင်လို့လေ ...မင်းကို စိတ်တိုအောင် ဆွပေးမိရင် ငါသိချင်တာ သိလာရမယ်လို့ ထင်မိတာကိုး ..."
"ငါ့ကိုကျတော့ အကျင့်မကောင်းဘူး ဘာဘူးနဲ့ မင်းလည်းအတူတူပဲ ...လှည့်ကွက်တွေနဲ့ ငါ့ကိုတမင်အရူးလုပ်တာ ...အကျင့်မကောင်းတဲ့ ကောင် ..."
"အတူတူပဲ အဲ့တော့ ကျေပြီ ..."
လက်ကို ပတ်တီးစည်းပေးခြင်း အဆုံးသတ်သွားတော့ မိုင်းကပြန်၍ ဆန်းရဲ့ နှုတ်ခမ်းကို ဆေးထည့်ပေးလာလေသည်။ ဆန်းကလည်း ခေါင်းလေးအနည်းငယ် မော့ထားပေးရင်း ...
"မင်း ငါ့ကို အခုထိမဖြေဘူးလား ...မင်းဘာလို့ ငါ့ကို ဒီလိုတွေ ပစ်ထားရသလဲဆိုတာ ..."
"ငါမင်းကို ပစ်ထားမိလို့လား ...ငါမင်းဆီကို ပြေးလာတွေ့နေတာပဲလေ အခွင့်ကြုံတိုင်း ...အခုလိုမျိုးပေါ့ ..."
"တကယ်ပဲ အဆုံးထိမပြောဘူးလား ...ငါ့ကို မချစ်ဘူးလား ..."
"သိရဲ့သားနဲ့ အဲ့ဒီ့စကားကို ခဏခဏ မမေးနဲ့ ဆန်း ...ငါမပြောဘူးဆိုတာက မင်းကိုစိတ်မရှုပ်စေချင်ရုံပဲ ..."
"အဲ့ဒါကိုက မင်းငါ့ကို နားမလည်ပေးတာပဲ ...မင်းရင်ဆိုင်နေရတာတွေကို ငါနဲ့အတူ မျှဝေပေးသင့်တယ် မဟုတ်ဘူးလား ...အချစ်က ပါးစပ်ကနေပဲ ချစ်တယ် ချစ်တယ် ပြောနေရုံနဲ့ လေးနက်နေတာမျိုးမှ မဟုတ်တာ... ယုံကြည်မှု နားလည်မှုတွေလည်း လိုအပ်တယ်လေ..."
ဆန်းပြောသမျှကို မိုင်းက ခဏတာ ငြိမ်၍နားထောင်နေပြီးမှ ...
"ကောင်းပြီ ငါပြောပြမယ် ...ဒါပေမယ့် မင်းငါ့ကို ကတိတော့ပေး ...ငါပြောပြတာတွေကို နားထောင်ပြီး မင်းစိတ်မညစ်ရဘူး ...ပြီးတော့ ဘာပဲဖြစ်ဖြစ် ငါ့ကိုယုံကြည်ပေးရမယ် ..."
"အင်းပါ ငါကတိပေးတယ် ...ပြောမှာသာပြောပြ ..."
မိုင်းရဲ့အဖေဆီမှ ဆန်းနဲ့ပတ်သက်ပြီး ခြိမ်းခြောက်ခံထားရတာတွေကို ဖြေးဖြေးချင်းပြောပြလိုက်မိပါသည်။ ဖြေရှင်းချက်တွေကြားတော့ ဆန်းက သူ့ကိုတွေတွေကြီး ငေးကြည့်နေခဲ့မိ၏။ မိုင်းဟာ သူထိခိုက်မှာ စိုးတာကြောင့် တစ်ယောက်ထဲ ကြိတ်ပြီးရင်ဆိုင်နေခဲ့တာတဲ့လား။
သူဟာ မိုင်းရဲ့ အားနည်းချက်တစ်ခု ဖြစ်နေခဲ့တာတဲ့လား။
"အဲ့ဒီ့အကြောင်းတွေကို ငါ့ကို အစထဲက မင်းပြောပြခဲ့သင့်တာ ...အဲ့ဒါဆိုရင် ငါဒီလိုမျိုး မင်းကိုအရွဲ့တိုက်ပြီး လျောက်လုပ်နေမိမှာ မဟုတ်ဘူး ...မင်းငါ့ကို ကစားနေတယ်လို့လည်း ငါထင်မိမှာ မဟုတ်ဘူး ..."
ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသွားတဲ့ ဆန်း။
"တောင်းပန်ပါတယ် ဆန်းလေး ...ငါက မင်းဒီအကြောင်းတွေ ကြားရင် စိတ်ညစ်သွားမှာပဲလို့ တွေးမိတာ ...အခက်အခဲတွေကြုံလာလို့ မင်းကိုငါ စွန့်ပစ်သွားမှာကို မင်းစိုးရိမ်နေမှာပဲလို့ တွေးပူမိနေတာ ..."
"အဲ့ဒါဆိုရင် မင်းငါ့ကိုအစထဲက မချစ်ခဲ့သင့်ဘူး ..."
"ဟင် ...ဘာလို့ ..."
"မင်းကိုငါ ချစ်မိလာအောင်လည်း မင်းမလုပ်ခဲ့သင့်ဘူး ..."
"မင်းဘာတွေပြောနေတာလည်း ဆန်း ..."
"ငါပြောတာကို သေချာနားထောင် ...ငါတို့ တစ်ယောက်ကိုတစ်ယောက် ချစ်မိနေခဲ့ပြီးမှတော့ ကြုံလာရမယ့် ပြဿနာတွေကို ရင်ဆိုင်ရမှာပဲ ...
မင်းသိလား ...ငါကလေ ဘာမှကြိုမတွေးဘဲနဲ့ မင်းကိုချစ်တယ်လို့ ဝန်ခံခဲ့မှာ မဟုတ်ဘူး ..."
"မင်းပြောချင်တာက ဒီလိုတွေ ဖြစ်လာမှာကို မင်းကကြိုတွေးခဲ့ပြီးသားပေါ့ ..."
"ဟုတ်တယ်လေ အရင်က ငါမင်းကို မပြောခဲ့ဖူးဘူးလား ...မင်းဘဝနဲ့ ငါ့ဘဝက မတူဘူး ...ငါနဲ့လက်တွဲရင် မင်းရင်ဆိုင်ရမှာတွေက ကြီးလိမ့်မယ်လို့ ..."
"အင်း ..."
သူခေါင်းညိတ်ပြလိုက်မိပါသည်။ အရင်တုန်းက သဏ္ဍာန်ဆန်း သူ့ကို ပြောခဲ့ဖူးတာမို့။
"အဲ့တော့ စိတ်မပျက်နဲ့ မင်းတစ်ယောက်ထဲ ကြိတ်ပြီးဖြေရှင်းဖို့လည်း မစဉ်းစားနဲ့ ...အခုမင်းရဲ့ အစီအစဉ်တွေကို ငါ့ကိုပြောပြ ...ငါတို့ တိုင်ပင်ညှိနှိုင်းရမယ် ..."
ချစ်သူက သူ့ထက်ဉာဏ်ပိုကောင်းပြီး အကွက်ကျကျ လှုပ်ရှားတတ်ပါ၏။ ဆန်းက သူ့အတွက်တော့ တကယ့်ဆရာသခင်လေးလို။
"ငါ့အဖေ အစီအစဉ်အတိုင်း ဒီမှာကျောင်းပြီးရင် USမှာ နောက်တဘွဲ့ထပ်ယူရမယ်... မင်းနဲ့ အဲ့ဒီ့အချိန်တွေမှာ ခဏတော့ ဝေးနေရလိမ့်မယ်ထင်တယ် ..."
"ဟုတ်ပြီ ဘွဲ့ယူပြီးရင်ရော မင်းဘာဆက်လုပ်မလဲ ..."
"KSမှာ ငါနေရာယူရမယ် ...ဆက်ခံသူနေရာကို ငါရပြီးရင် ကျန်တာငါလုပ်ချင်ရာ လုပ်လို့ရပြီ ...ငါ့မှာအာဏာရှိနေပြီ ...မင်းကို ထိခိုက်စေမယ့် ဖေဖေ့ကို ကြောက်နေစရာ မလိုတော့ဘူး ...ငါမင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီလေ..."
"နောက်ထပ် ဘယ်နှနှစ်လဲ ..."
"ခန့်မှန်းခြေ လေးနှစ်လောက်ပေါ့ ..."
မိုင်းက ဆန်းရဲ့လက်တွေကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်ပါသည်။
"ဒီနှစ်တွေကြားမှာ ဖေဖေမသိအောင်လို့ ငါမင်းကို လာလာတွေ့ပါ့မယ် ...ငါ့ကိုယုံပါ ...ငါမင်းကို ဘယ်တော့မှ လက်မလွှတ်ဘူး ..."
ဒီယောင်္ကျားဟာ အရည်အချင်းတွေ ရှိပြီး အောင်မြင်မှုတွေကိုပဲ ပိုင်ဆိုင်လေ့ရှိကြောင်း သူသိထားသည်။ အထင်ကြီးစရာ ကောင်းတဲ့ ချစ်သူကို ယုံကြည်ပြီး သူ့အစီအစဉ်တွေ အတိုင်း လိုက်ဖို့ ဆန်း ဆုံးဖြတ်လိုက်မိပါသည်။
မိုင်းရဲ့ ပါးပြင်တဖက်ကို နွေးထွေးသော အနမ်းတချက် ပေးလိုက်တဲ့ ဆန်း။ ပြီးတော့ ...
"ယုံတယ် ...မင်းငါ့ကို ဘယ်တော့မှ လက်မလွှတ်ဘူးဆိုတာ ငါယုံတယ် ...မင်းအစီအစဉ်တွေအတိုင်း မင်းဆက်လုပ်ပါ ...ငါ မင်းအနောက်ကနေ လိုက်ပေးမယ် ..."
မိုင်း ပြုံးလိုက်မိပါသည်။ ပြေလည်မှုတွေက ဒီလိုမျိုး သာသာယာယာ ရသွားခဲ့လေပြီ။
ဆန်းရဲ့ နှုတ်ခမ်းတွေကို သူအနမ်းပေးလိုက်မိပါသည်။ ပထမတစ်ခါတုန်းကလည်း သူတို့ ဒီဧည့်ခန်းထဲမှာပဲ။ ဒါကတော့ ဒုတိယအကြိမ်မြောက်ပင်။ ဘယ်နှကြိမ်မြောက် ဖြစ်နေပါစေ။ ရင်ခုန်သံတွေကတော့ နူးညံ့မနေပါချေ။ တစ်ခါထက် တစ်ခါ ပို၍ ကြမ်းတမ်းလာသလိုပါပဲ။
ပြီးတော့ သူ့ရဲ့ အနမ်းတွေရောပဲပေါ့။
အချိန်တစ်ခု ကြာသွားတော့မှ ဆန်းက တစ်ခုခုကို သတိရသွားပြီး မိုင်းကိုတွန်းလိုက်ကာ ...
"မိုင်း နေဦး ခဏ ..."
"ဘာလဲကွာ ...ဘာလဲ ...ဘာဖြစ်ရပြန်ပြီလဲ ..."
မိုင်းက စိတ်မရှည်သလိုပုံစံနဲ့ ခတ်ဆတ်ဆတ် ပြန်အော်လာလေသည်။ ဒါပေမယ့် ဆန်းရဲ့ ဦးခေါင်းလေးကို ကိုင်ထားတဲ့ လက်တွေကိုတော့ မလွှတ်သေးပေ။ သူ့မှာ ရပ်တန့်ဖို့ အစီအစဉ်က မရှိသေးတာမို့။
"ငါ့နှုတ်ခမ်းကို မင်းစောစောက ဆေးတွေလိမ်းထားပေးတယ် မဟုတ်ဘူးလား ...ဆေးတွေ မင်းပါးစပ်ထဲကို ရောက်ကုန်ပြီထင်တယ် ဟေ့ကောင် ..."
"ဟမ် ..."
ဒီတော့မှ မိုင်းက စဉ်းစားမိပြီး သူ့ပါးစပ်ကိုသူ လက်နဲ့ပြန်အုပ်ကာ အံ့ဩသွားလေသည်။ မျက်လုံးတွေကလည်း ဝိုင်းလို့။
"ငါ ငါ မျိုချလိုက်မိပြီ ထင်တယ် ..."
ဆန်းရဲ့ နှုတ်ခမ်းတစ်ခုလုံးကို စုပ်ယူမျိုချတော့မတတ် နမ်းနေတာမို့ လိမ်းထားတဲ့ ဆေးတွေလည်း လည်ချောင်းထဲ ဝင်သွားလောက်ပါပြီလေ။
"မင်းဟာလေ အရမ်းအငမ်းမရပဲ ...ငတ်နေလို့လား အဲ့လောက်တောင် နမ်းရအောင် ..."
"မင်းကရော ဘာလို့အခုမှ ထပြောတာလဲ မနမ်းခင်ထဲက သတိပေးလေ ငါ့ကို..."
"ပေးချိန်တောင်ရလို့လား ...မင်းက အတင်းပဲ ..."
"သူလည်း ငြိမ်နေပြီးတော့များ ..."
နှစ်ယောက်သား ရန်တော့ဖြစ်မိလိုက်ကြသေးသည်။ ကြည်နူးရင်ခုန် နေရာကနေ စကားထများရပြန်၏။
"တော်စမ်းပါ ...အခုဘယ်လိုလုပ်မလဲ ...ဒဏ်ရာထဲထည့်တဲ့ ဆေးတွေစားမိရင် သေတတ်လား ..."
"ငါလည်း မသိဘူးလေ ..."
"မင်းက အရမ်းတော်တဲ့ကောင်လေ ဒါလေးတောင် ဗဟုသုတမရှိဘူးလား ..."
"လူတိုင်းက အရာရာကို တတ်သိနားလည်နေမလားကွ ..."
"သွားသွား ထ ...ပါးစပ်ထဲ လက်ထည့်ပြီး ထိုးအန်ကြည့်လိုက် ...ငါအင်တာနက်မှာ ရှာကြည့်လိုက်ဦးမယ် ...သေမသေ ..."
"ဟာ ...ဟေ့ကောင် ...ဗိုက်ထဲရောက်ရင် ဘာဖြစ်နိုင်မလဲလို့ မရှာဘဲနဲ့ သေလား မသေလားကို အဓိကထား ရှာမလို့လားဟ ..."
ထထွက်သွားဖို့ ပြင်နေပြီးမှ ဆန်းရဲ့"သေမသေ" စကားကြောင့် ပြန်လှည့်အော်နေသောမိုင်း။
"အဓိကက အဲ့ဒါပဲလေ ...မသေရင် ပြီးပြီပေါ့ ...မြန်မြန်သွားအန်လေ ...ဘာကြည့်နေတာလဲ ...မင်းသေရင် ငါနဲ့မညားဘဲ နေနေမယ် ..."
ဆန်းရဲ့စကားကြောင့် သွားပြေးအန်ရအခက်။ ထိုင်ရယ်ရအခက်။ ဒီတစ်ယောက်ဟာလေ ...။
စိတ်ပူလို့ ပြောတဲ့စကားက ဟာသလိုပါပဲ။
ချစ်လည်း ချစ်ရတယ်။ ကြောက်လည်း ကြောက်ရတယ်။ အားလည်း ကိုးရတယ်။ ဆရာလည်း တင်ရပါရဲ့။ သဏ္ဍာန်ဆန်းရေ ...မင်းဟာလေ ...ငါ့အတွက် ချစ်သူဆိုတာထက် အများကြီးကို ပိုပါတယ်ကွာ။
**** ***** ***** ***** *****