ဘောလုံးကို ကြမ်းပြင်သို့ သုံးချက်ခန့် ထောက်ကစားပြီးနောက် တစ်ချက်ခုန်၍ လေပေါ်သို့ မြှောက်ပစ်လိုက်သည်။ လက်မောင်းအားနှင့် အကွာအဝေးကို ချိန်ဆတွက်ချက်၍ ပစ်လိုက်သော အံ့မဟော်၏ ဘောလုံးလေးသည် hoop ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။
ကွင်းလယ်ကနေ ပစ်လိုက်သော အံ့မဟော်ရဲ့ ပထမဆုံးဘောလုံးဟာ အတားအဆီးမရှိ လှလှပပ ဝင်သွားတာကြောင့် ကြည့်နေကြသော သူများထံမှ အံ့ဩသည့် အသံများ ထွက်လာကြသည်။
"လင်းသန့်... မင်းခေါ်လာတဲ့ တစ်ယောက်က shooting skill အလွင့်ကြီးပါ့လား"
"လွင့်ဆို လင်းသန့်မောင် training ပေးထားတဲ့သူပဲ... ဒီလောက်တော့ ရှိတာပေါ့"
လက်ကို ပိုက်၍ ဂုဏ်ယူနေသော ဟန်ဖြင့် လင်းသန့်မောင် အမှတ်ဝင်ယူလိုက်သည်။ အံ့မဟော်ကတော့ သူ့အား ခပ်ပြုံးပြုံး လှမ်းကြည့်ကာ ပစ်လိုက်သော ဘောလုံးကို ပြန်ကောက်၍ နောက်တစ်ကြိမ် ထပ်လေ့ကျင့်ရန် ဟန်ပြင်နေသည်။
"ဟိုကောင်တွေကလည်း ကြာလိုက်တာကွာ... ငါတို့ရောက်နေတာ နာရီဝက်လောက် ရှိနေပြီ"
နေမျိုးရဲ့ ညီးတွားသံအဆုံး ကွက်တိဆိုသလိုပင် သူတို့နှင့် ချိန်းဆိုထားသည့်အဖွဲ့ ရောက်ချလာသည်။
အားလပ်ရက်တွင် လင်းသန့်တို့အဖွဲ့ ဘက်စကက်ဘောကစားရန် အသိတစ်ယောက်အဖွဲ့နှင့် ချိန်းထားခြင်းဖြစ်သည်။ ငါးယောက်တစ်သင်းစီ ကစားမှာဖြစ်၍ သူတို့သူငယ်ချင်းလေးယောက်နှင့် အတူကစားရန် အံ့မဟော်ကိုပါ ခေါ်လာခဲ့ခြင်းဖြစ်သည်။
"မင်းတို့ကလည်း ကြာတာကွာ"
"ဆောရီး ဘရို... ကျွန်တော့်အဖွဲ့ထဲက တစ်ယောက်က လာဖို့အဆင်မပြေတော့လို့ နောက်တစ်ယောက် ထပ်ရှာနေတာ"
"အခုအဆင်ပြေလား"
"ပြေတယ်... သူငယ်ချင်းတစ်ယောက်ကို အစားခေါ်လာခဲ့တယ်၊ ကျွန်တော်တို့အဖွဲ့မှာ လူလဲဖို့ အပိုမပါဘူးနော်"
"မင်းကလည်းကွာ... ငါတို့က လူချမှာ ကျနေတာပဲ၊ ငါတို့ဘက်လည်း ငါးယောက်ကွက်တိပဲ"
"ဟုတ်လား ဟဲဟဲ"
ကစားပွဲစတော့မည်ဖြစ်၍ ခပ်လှမ်းလှမ်းတွင် တစ်ယောက်တည်း သွေးပူလေ့ကျင့်ခန်း လုပ်နေသော ထွဋ်ခေါင်အား လှမ်းခေါ်လိုက်သည်။ အံ့မဟော်နှင့် တစ်ခါတုန်းက ပြဿနာဖြစ်ဖူးခဲ့သဖြင့် ထွဋ်ခေါင်သည် အံ့မဟော်အား သိပ်အမြင်မကြည်။ သူ့ဟာသူ တစ်ယောက်တည်း သီးသန့်နေနေသည်။
"စကြတော့မလား..."
"စမယ်လေ"
ဒိုင်မရှိသဖြင့် အချင်းချင်း အချက်ပြကာ ပွဲကို စလိုက်သည်။
စပေးဘောကို ဟိုဘက်အဖွဲ့က ဦးဆောင်ပြီး ပထမပွဲကို စတင်လိုက်ကြသည်။ တစ်ဖက်အသင်းက တိုက်စစ်ကို ဖိအားပေးကစားသဖြင့် ပထမပွဲတွင် လင်းသန့်မောင်တို့အတွက် အဖွင့်မလှပေ။ break time တစ်ကြိမ်သာ ယူပြီး ရှစ်မှတ် ဆယ့်ခြောက်မှတ်ဖြင့် ပထမပွဲကို ရပ်နားလိုက်ကြသည်။
ထက်ဝက်ခန့် အမှတ်ကွာနေသဖြင့် ဒုတိယအချီတွင် သူတို့ဘက်က ပေါ့ဆလို့ မဖြစ်တော့ပေ။
"အံ့မဟော်နဲ့ငါ နေရာချင်း လဲကစားမယ်၊ ငါရယ် ဟန်သာရယ် နေမျိုးရယ်က defend ပိုင်းကို တာဝန်ယူမယ်၊ မင်းနဲ့အံ့မဟော်က attack လုပ်"
လင်းသန့်က ထွဋ်ခေါင်ကို ဦးတည်ပြီး ပြောလိုက်သည်။
"ဖြစ်ပါ့မလား..."
"ဖြစ်ပါတယ်... အံ့မဟော်မှာ shooting skill ရှိတယ်၊ မင်းရဲ့ passing skill နဲ့ တွဲကစားရင် ပိုအဆင်ပြေမယ်၊ drippling က ငါဦးဆောင်မယ်၊ အံ့မဟော်... လုပ်နိုင်မယ်မလား"
အံ့မဟော်က လက်ညှိုးနှင့် လက်မကို ဝိုင်းပြ၍ အဆင်ပြေကြောင်း ပြောသည်။ ဤသို့ဖြင့် ဒုတိယအချီကို စတင်ခဲ့ကြသည်။
ဒုတိယအချီတွင် စပေးဘောကို သူတို့ဘက်က ရတာကတစ်ကြောင်း၊ နေရာလဲလိုက်တာ မှန်သွားတာက တစ်ကြောင်းရယ်ကြောင့် အမှတ်က ဟိုဘက်အသင်းကို အမီလိုက်လာသည်။
ဘောလုံး သယ်ဆောင်ရာမှာ ပြဿနာ အနည်းငယ် ရှိသော်လည်း ဂိုးသွင်းရာတွင် အံ့မဟော်၏ လက်သည် ရွှေချထားဖို့ ကောင်းလောက်အောင် တော်လွန်းသည်။ တစ်ဖက်အသင်း၏ ဖြတ်ထုတ်မှုကြောင့်ကလွဲရင် Hoop ထဲသို့ သွင်းလိုက်တိုင်း မဝင်သည့် ဂိုးရယ်လို့ မရှိရအောင် လက်တန်းလွန်းလှသည်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက သူသင်ပေးတာကို ကချောက်ကချက်နှင့် လိုက်ကစားခဲ့သည့် အံ့မဟော်မှဟုတ်ပါ့မလားဟု လင်းသန့်မောင် အံ့ဩမိသည်။
အံ့မဟော်၏ shooting skill နှင့် ထွဋ်ခေါင်၏ passing skill တို့ ပေါင်းစပ်လိုက်သောအခါ ဒုတိယပွဲသည် ပထမပွဲလို မဟုတ်ဘဲ မြိုင်လာသည်။ အပျော်တမ်းကစားခြင်း ဖြစ်သော်လည်း နှစ်သင်းစလုံးသည် စိတ်ဝင်စားမှုအပြည့်နှင့် အာရုံစူးစိုက်ကစားသဖြင့် ပွဲက ကောင်းလှသည်။
အမှတ်က တဖြည်းဖြည်း အမီလိုက်လာကာ အံ့မဟော်နှင့် ထွဋ်ခေါင်လည်း ပို၍ အတွဲညီလာသည်။ ပွဲမစခင်အချိန်က ထွဋ်ခေါင်သည် အံ့မဟော်အပေါ် အမြင်မကြည်သော်လည်း ပွဲချိန်ကြာလာသည်နှင့်အမျှ မသိလိုက် မသိဖာသာနှင့် ပိုရင်းနှီးလာသည်။ ဘောလုံးတစ်လုံး သွင်းလိုက်တိုင်း တစ်ယောက်နှင့်တစ်ယောက် လက်ဖဝါးချင်း ရိုက်၍ အောင်ပွဲခံရာမှ ရင်ချင်းအပ်ပြီး ပျော်ရွှင်စွာ ခုန်ဖက်မိသည်အထိ ရင်းနှီးမှုက တဖြည်းဖြည်းတိုးလာသည်။
အမှတ်က မီရုံမက ကျော်တက်သွားသည်။ ပွဲချိန်ပြီးဆုံးရန် မိနစ်အနည်းငယ်အလိုတွင် နှစ်ဆယ့်သုံးမှတ် ဆယ့်ကိုးမှတ်နှင့် လင်းသန့်တို့အသင်းက ဦးဆောင်သွားသည်။ ပွဲချိန်တစ်လျှောက်လုံး အေးအေးဆေးဆေး ကစားလာခဲ့သော်လည်း ပွဲပြီးကာနီးတွင် ဟိုဘက်က ညစ်ချင်လာသည်။
"စည်းကျော်သွားပြီ ညီလေး"
တစ်ဖက်အသင်းထဲမှ တစ်ယောက်သည် ဘောလုံးကို သယ်ရင်း စည်းကျော်သွားသည်ကို ဟန်သာတစ်ယောက် ကာကွယ်ဖို့ ကြိုးစားရင်း မြင်လိုက်သည်။ သို့သော်လည်း ထိုသူသည် ဟန်သာ့အော်သံကို မကြားဟန်ပြုကာ ဂိုးသွင်းလိုက်သည်။
"ဟေး... ဖောင်းတယ်လေကွာ"
"ဘယ်မှာဖောင်းလို့လဲ"
ခပ်တည်တည်နှင့် ငြင်းကာ ဂိုးသွင်းပြီး သူ့အသင်းဘက်ကို ပြန်ပြေးသွားသည်။
"နေမျိုး... မင်းမြင်လိုက်တယ်မလား"
"အေး မြင်တယ်...ဒီကောင် ဘာလဲကွ"
နှစ်ယောက်သား မကျေနပ်မှုကြောင့် ရှေ့ကိုတိုးလိုက်ကြသည်။
"ကိုယ့်လူတို့... ခုနက ဂိုးက ဖောင်းတယ်နော်၊ စည်းအပြင်ကို ရောက်သွားလို့ ငါတို့ဘက်က ပြန်စရမှာ"
"ဟုတ်လား မဂိုးဘူးလား"
ပျော်မြူးနေသည့် ကျန်တဲ့အသင်းသားတွေက သူတို့မမြင်လိုက်ရတာကြောင့် အူကြောင်ကြောင်နှင့် ပြန်မေးလာသည်။ ခုနကကောင်က သူမဟုတ်သလို ရှေ့ကိုထွက်လာသည်။
"ဘယ်မှာ ဖောင်းလို့လဲဗျ၊ အမှတ်မီမှာစိုးလို့ ညစ်တာလား"
"ညစ်ရအောင် ဒါက အပျော်ကစားနေတဲ့ ပွဲနော် ညီလေး၊ ကလေးကွက်တွေနဲ့ လာမစားနဲ့၊ မင်းစည်းကျော်သွားတာကို ငါတို့နှစ်ယောက်လုံး မြင်လိုက်တယ်"
"ခင်ဗျားတို့နှစ်ယောက်ပဲ မြင်လိုက်တာလေ၊ ကျန်တဲ့လူတွေကိုလည်း မေးကြည့်ပါဦး၊ မဟုတ်ဘဲနဲ့ အခုလိုကြီး လုပ်ကြံပြောတာကတော့ ရုပ်ပေါက်ပါတယ်ကွာ"
တစ်ဖက်လူရဲ့ စကားကြောင့် ဟန်သာ့စိတ်ထဲ တင်းခနဲ။ တစ်ခုခုပြန်ပြောရန် ဟန်ပြင်လိုက်သော်လည်း
"အိုခေ အစ်ကိုတို့... စည်းကျော်တယ်ဆိုတဲ့ နေရာကနေ ပြန်စလိုက်ပါ၊ ခုနက အမှတ်ကို ကျွန်တော်တို့ ပြန်နှုတ်လိုက်မယ်"
ဒေါသကြောင့် မဖြစ်သင့်တာ မဖြစ်ခင် တစ်ယောက်က ဝင်တားသည်။ ဟန်သာလည်း စိတ်ကို လျှော့လိုက်ကာ ပွဲကို ပြန်စလိုက်သည်။
ပွဲချိန်ပြီးဖို့ နီးလာလေ ယှဉ်ပြိုင်မှုက ပိုပြင်းထန်လာလေ။ တဖြည်းဖြည်း အပျော်ကစားပွဲနှင့်တောင် မတူတော့။ ပြိုင်ပွဲဝင်ကစားသမားများ အင်တိုက်အားတိုက် ကစားနေကြသလိုပင်။
ခုနက ပြဿနာရှာသည့်ကောင်သည် အံ့မဟော်ကို ပစ်မှတ်ထားကာ တိုက်ခိုက်သည်။ အံ့မဟော်က အဓိက ဂိုးသွင်းသူမို့ အံ့မဟော်ဘေးမှာပဲ ကပ်လျက်မခွာ နေနေသည်။ သာမန်ဖြတ်ထုတ်ရုံလောက်မဟုတ်ဘဲ သွင်းသမျှ ဘောလုံးမဝင်အောင် အားသုံး၍ တွန်းတိုက်သည်။ အကျႌကို ဆွဲသည်။ ညစ်သည်။ အံ့မဟော်လည်း ပြန်လည်ခုခံပေမဲ့ ယခုပွဲသည် အံ့မဟော်အတွက် ပထမဆုံး အသင်းအဖွဲ့နှင့် ကစားသည့်ပွဲ ဖြစ်တာကြောင့် ဘယ်လိုမှ အခွင့်အရေးမရပေ။
ရုတ်တရက် ထွဋ်ခေါင်သည် လက်ထဲက ဘောလုံးအား အံ့မဟော်ကို ပေးရမည့်ဟန်ပြင်ပြီး အံ့မဟော်ဘေးမှ ကောင်၏မျက်ခွက်ကို တည်ပစ်လိုက်သည်။ ရည်ရွယ်ချက်ရှိရှိ အားနှင့် ပစ်လိုက်တာမို့ ဖောင်းခနဲ မြည်သံအပြီး သကောင့်သား၏ နှာခေါင်းမှ သွေးတို့ ယိုစီးကျလာသည်။
"ဟိတ်ကောင်... မင်းဘာလုပ်တာလဲ"
ထိုသူသည် နှာခေါင်းကို လက်ဖြင့် အုပ်ရင်း ထွဋ်ခေါင်ဆီသို့ ဒေါသတကြီး လျှောက်လှမ်းလာသည်။
"မျက်စိနောက်လို့ ခွေးကို ခဲနဲ့ထုလိုက်တာလေ၊ မင်း ဘာဖြစ်ချင်လဲ"
ထွဋ်ခေါင်ကလည်း ရှေ့သို့ ထွက်လာရင်း ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ အပျော်တမ်း ကစားပွဲမှ လူချင်းချတော့မည့် ရန်ပွဲဖြစ်တော့မှာမို့ သူ့လူ ကိုယ့်လူဆွဲကာ လူချင်းခွဲလိုက်ကြသည်။
ရှူးရှူးရှားရှားဖြစ်နေသည့် နှစ်ယောက်သည် အချင်းချင်း အော်ဟစ်ဆဲဆိုရင်း ပွဲပြီးကာနီးမှ ပွဲပျက်သွားရသည်။ တစ်ဖက်အသင်းက လူတွေသည် သူတို့လူ လွန်တာကို သိသည်။ ထို့ကြောင့် မပြန်ခင်တွင် လင်းသန့်တို့အား လာရောက်တောင်းပန်စကားဆိုသည်။
"အားနာလိုက်တာ အစ်ကိုတို့ရာ... အဲ့တစ်ယောက်က ကျွန်တော့်အသိမဟုတ်ဘူး၊ အစားထိုးခေါ်လာခဲ့တာ"
"ရပါတယ်ကွာ... ငါတို့ဘက်ကလည်း ခုလိုလုပ်လိုက်တာ လွန်တာပဲ"
"သူပုံမကျတာကို ကျွန်တော်တို့လည်း သိပါတယ်၊ ရုတ်တရက် လူလျော့သွားလို့ အသိတစ်ယောက်က ထည့်ပေးလိုက်တဲ့ လူမို့လို့ အခုလိုတွေ ဖြစ်ကုန်ရတာ၊ နောက်တစ်ခေါက် အဆင်ပြေပြေနဲ့ ထပ်ဆော့ချင်သေးတယ်"
"မင်းအကြောင်းကို ငါတို့သိပါတယ်၊ အားတဲ့အခါ ဆက်သွယ်လိုက်ပေါ့"
"ဒါဆို ကျွန်တော်သွားတော့မယ်"
ထိုတစ်ယောက်က ခေါင်းငြိမ့်ရင်း နှုတ်ဆက်စကားဆိုကာ ထွက်သွားတော့သည်။
လင်းသန့်မောင်တို့အဖွဲ့လည်း အခုထိ ဒေါသမပြေသေးသော ထွဋ်ခေါင်အား စိတ်လျှော့ရန် ဝိုင်းဝန်းနှစ်သိမ့်ပြီးနောက် စားကြသောက်ကြရန် အနီးအနားရှိ စားသောက်ဆိုင်ဆီသို့ ဝင်လိုက်ကြသည်။
"အဲ့ကောင်ကို နောက်တစ်ခေါက် တွေ့ရင် တွေ့တဲ့နေရာမှာ အသေဆော်ပြီပဲ"
"ကဲ... တော်ပါတော့ကွာ၊ မင်းလုပ်လိုက်လို့ ဟိုမှာ နှာရိုးကျိုးပြီလားတောင် မသိဘူး"
"နည်းသေးတယ်... ဖြစ်နိုင်ရင် စိတ်ရှိလက်ရှိ ဆွဲထိုးပစ်ချင်တာ၊ နေပါဦး... ငါမေးဦးမယ်၊ မင်းက ဘာလို့ အဲ့ကောင်ပြုသမျှ နုနေရတာလဲ၊ မင်းလုပ်တော့မလား လုပ်တော့မလား စောင့်နေရင်း မနေနိုင်တော့လို ငါပစ်ထည့်လိုက်တာ"
ထွဋ်ခေါင်က အံ့မဟော်ကို မအားမလို အားမရ ပြောသည်။
"ကျွန်တော်က ခုမှ ကစားဖူးတာလေ၊ စည်းကမ်းတွေကို အခြေခံလောက်ပဲ နားလည်တာ၊ အဲ့ကောင်ညစ်နေမှန်းသာသိရင် အစောတည်းက ပြန်ချပြီးနေပြီ၊ ကျွန်တော့်ဘက်က အမှားဖြစ်မှာစိုးလို့ သည်းခံနေခဲ့တာ"
အံ့မဟော်စကားကို ကြားရသောအခါ ထွဋ်ခေါင် အားနာသလို ဖြစ်သွားသည်။
"ဒါနဲ့ မင်းနာမည်က"
"အံ့မဟော်"
"နောက်လည်း အတူကစားကြတာပေါ့ အံ့မဟော် "
"ခင်ဗျား အားရင်ပေါ့"
"မင်းကရော"
"ကျွန်တော်က အချိန်တိုင်း အားနေတာ"
ထွဋ်ခေါင်နှင့် အံ့မဟော်ကိုကြည့်၍ လင်းသန့်မောင် စဉ်းစားနေမိသည်။
ဘယ်အချိန် အံ့မဟော်က လူတွေနဲ့ အလွယ်တကူ ရင်းနှီးတက်သွားတာလဲ။ ကျူရှင်တက်ရင်း ပေါင်းသင်းဆက်ဆံရေး တိုးတက်လာတာလား။
"ငါတို့ ခရီးအတွက် ဘယ်ကိုသွားကြမှာလဲ၊ စဉ်းစားကြပြီးပြီလား"
လင်းသန့်မောင် ပြောလိုက်တော့ ထွဋ်ခေါင်နဲ့အံ့မဟော်ရဲ့ စကားစပြတ်သွားသည်။
"မသိဘူးလေ၊ ငါ့သဲလေးက တောင်ပေါ်မြို့ကို သွားချင်တယ်လို့တော့ ပြောတယ်"
"နိုး...နိုး ငါကတော့ ပင်လယ်ဘက်ပဲ သွားချင်တယ် မင်းရောမလား ထွဋ်ခေါင်"
ဟန်သာက နေမျိုးစကားကို ငြင်းဆန်ပြီး ထွဋ်ခေါင်ကိုပါ သူ့ဘက်ပါအောင် ဆွယ်လိုက်သည်။
"ငါက ဘယ်ကိုဖြစ်ဖြစ်ရတယ်၊ ဖြစ်နိုင်ရင် မနက်ဖြန်တောင် ထသွားလိုက်ချင်သေး၊ ဟိုတစ်ယောက်က မင်္ဂလာဆောင်တော့မယ်၊ ငါတို့ အခုထိ ခရီးမထွက်ရသေးဘူး"
"ပုလောကို သွားကြမလား"
"ပုလော?"
လင်းသန့်မောင် အကြံပြုသည့်မြို့အား ထိုင်နေသည့် လူအားလုံး မကြားဖူးကြပေ။
"ပုလောက ထားဝယ်နဲ့ မြိတ်ကြားမှာ ရှိတဲ့ မြို့လေး၊ မြို့ငယ်လေးဆိုပေမဲ့ တောင်ပေါ်မြို့မကျ ပင်လယ်မြို့မကျတဲ့ မြို့လေး၊ တောင်တက်လို့လည်း ရတယ်၊ ရေတံခွန်စိမ့်စမ်းတွေလည်း ရှိတယ်၊ မင်းတို့အကုန်လုံးအတွက် အငြင်းပွားစရာ မလိုဘဲ အဆင်ပြေလောက်တယ်"
"ဟုတ်လား... မင်း ရောက်ဖူးသလား"
"မရောက်ဖူးဘူး၊ ကျူးက သွားချင်တယ်ပြောဖူးလို့ စုံစမ်းထားတာ"
အံ့မဟော်ရဲ့ မျက်နှာအမူအယာ တင်းခနဲ တည်သွားသည်။ သို့သော် မည်သူမျှ သတိမထားမိကြ။
"ကျွန်တော်လည်း လိုက်ချင်တယ် ကိုလင်း"
"အင်း လိုက်ခဲ့လေ၊ မင်းလည်း စာမေးပွဲပြီးကတည်းက ဘာမှလုပ်စရာမရှိလို့ ပျင်းနေမှာပေါ့"
အံ့မဟော် ကျေကျေနပ်နပ် ပြုံးလိုက်သည်။ လိုချင်တာကို ရဖို့ ဒီလောက်တော့ ရင်းနှီးရမည်။ ဖိတ်ကြားခြင်းကို လိုချင်ပေမဲ့ ယခုအချိန်မှာ ခွင့်ပြုခြင်းလောက်နှင့် ရောင့်ရဲနိုင်ရမည်ကို သူနားလည်သည်။
"ဒါဆို ဘယ်တော့သွားကြမလဲ"
"လာမယ့် ဆန်းဒေး"
ပန်းတိုင်ကို ရောက်ဖို့ ဖြတ်သန်းရမယ့် နယ်မြေတွေကို အကျွမ်းတဝင်ရှိဖို့ သေချာပေါက် လိုအပ်တာပေါ့။ လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရတာ ကျွန်တော့်အတွက် သိပ်ခက်တာပဲ ကိုလင်း။
°°°°°°°