လွတ်လပ်စွာ ပျံသန်းနေတဲ့ ငှက်ကလေးတွေမှာလည်း ပူဆွေးသောကတွေ စိုးရိမ်ခြင်းတွေ ရှိနေကြောင်း သိလိုက်ရတဲ့ခဏ ...
သူ့အတွက် ရည်ရွယ်ပြီး ကောင်းကင်မှာ ကြယ်တွေကို ပျိုးစေလိုက်တယ် ...။
သူအလိုရှိရာ ဆုတောင်းလိုက်တိုင်း ငါ့ကောင်းကင်ကနေ ကြွေစေဖို့ရာပေါ့ ...။
မေတ္တာသက်ဝင်မှုဟာ ဒီလိုမျိုး တဆင့်တိုး၍ ဆန်းကြယ်တဲ့ သဘောသဘာဝနဲ့ ဒီလူသားဆီသို့ ခပ်မြန်မြန် ချဉ်းနင်းဝင်ရောက် သွားခဲ့ပါတော့တယ် ...။
**** ***** ***** ***** *****
နတ်ဆိုးအုပ်စုရဲ့ တန်ခိုးစွမ်းအင်တွေဟာ လက်ညှိုးညွှန်ရာကို ရေဖြစ်စေတတ်ပါသလား။ ဒီမေးခွန်းရဲ့ အဖြေဟာ မိုင်းတို့အုပ်စုရဲ့ စွမ်းဆောင်ရည်မှာတင် သိနိုင်သွားပါ၏။ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ ဟန်နာလေးအတွက် အကူအညီတွေ ရလာခဲ့လေပြီ။
လစဉ်ကျောက်ကပ်ဆေးဖို့အတွက် လင်းရဝေဦးလေးရဲ့ ဆေးရုံမှာ အခမဲ့ ကုသခွင့်ကို ရခဲ့၏။
သစ်လွင်အမြွှာ နှစ်ယောက်ရဲ့ အဖေကလည်း ကျောက်ကပ်အစားထိုး ခွဲစိတ်နိုင်ရန်အတွက် ကျောက်ကပ်လှူဒါန်းမှုတွေကို ရရန်စီစဉ်ပေးမည်တဲ့။ ဒါက နိုင်ငံရေးအရ အမြတ်တစ်ခုအတွက် ကြိုးစားခြင်း ဖြစ်ပေမယ့်လည်း အကူအညီဖြစ်တာကတော့ အမှန်ပါပဲ။
အဲ့ဒါတွေအပြင် အလှူရှင် နည်းပါးနေတဲ့ ဆန်းတို့ဂေဟာလေး အတွက်လည်း KS groupရဲ့ ထောက်ပံ့လှူဒါန်းမှုတွေက ချက်ချင်းရောက်လာခဲ့လေ၏။ ဒါတွေအားလုံးဟာ တပတ်အတွင်း ရက်ပိုင်းလေးနဲ့ ပြောင်းလဲသွားခဲ့ရတဲ့ ပြည့်စုံမှုတွေပဲ ဖြစ်သည်။
ဂေဟာမှ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေ၊ အလုပ်သမားတွေ၊ ကလေးငယ်တွေလည်း ပျော်ရွှင်နေကြသလို ဆန်းလည်း အတော်လေး ပျော်ရွှင်နေရပါသည်။
နတ်ဆိုးတွေဟာ ကြင်နာတတ်ကြောင်း သူအခုရိပ်မိလိုက်ပါပြီ။ ဒါပေမယ့်လည်း သူ့ကို စိတ်ရှုပ်အောင် လုပ်နေသေးတာကတော့ ရှိမြဲရှိဆဲပါပဲ။
အခုလည်း ဂေဟာမှာ လုပ်အားပေး သွားလုပ်ရမယ့် သဏ္ဍာန်ဆန်းနဲ့အတူ အဲ့ဒီ့နတ်ဆိုးအုပ်စုဟာ လိုက်ပါချင်နေရဲ့။
"မင်းတို့က ဘာလိုက်လုပ်မှာလဲ ..."
"မင်းကရော ဘာသွားလုပ်မှာလဲ ..."
ဆန်းက ကျောင်းပိတ်ရက် အပန်းဖြေအိမ်ကနေ ကျောပိုးအိတ် တစ်လုံးနဲ့ ထွက်ခွာမယ့်ဆဲဆဲ။ မိုင်းတို့ လေးယောက်ကလည်း ကားသော့ကိုယ်စီနဲ့ လိုက်ရန် ဟန်ပြင်နေကြလေ၏။
"ငါက တစ်လတစ်ခါ အဲ့ဒီ့မှာ volunteer သွားလုပ်နေကြလေ ..."
"အေးလေ မင်းနဲ့အတူ ငါတို့လည်း volunteer လိုက်လုပ်ချင်လို့ပေါ့ဟ ..."
"Volunteer လုပ်ရတာ ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ သိရောသိရဲ့လား ..."
တစ်ဖက်ထဲ လွယ်ထားတဲ့ ကျောပိုးအိတ်လေးကို နှစ်ဖက်ပြောင်းချိတ်ရင်း ဆန်းကပြောလိုက်သည်။
"ငါတို့ကို အဲ့လောက်ထိ အထင်မသေးပါနဲ့ သဏ္ဍာန်ဆန်းရယ် နင်ကလည်း..."
နီနီက နှုတ်ခမ်းလေးစူကာ ပြောပြီး သူ့အနားမှာ လာရပ်လိုက်၏။ အထင်သေးတာမျိုး မဟုတ်ပေမယ့် ဒီ Rich kidsတွေဟာ volunteer အလုပ်တွေနဲ့ ဘယ်လိုအပ်စပ်ဖူးမှာလဲ။
"ငါ့နောက်လိုက်ပြီး အနှောင့်အယှက် ပေးချင်တာမျိုးဆိုရင်တော့ ...အခုထဲက ဒီမှာနေခဲ့လိုက်ကြရင် ကောင်းမယ် ..."
"မင်းနောက် လိုက်တယ်ဆိုတာ မှန်ပေမယ့် ...ငါတို့က တကယ်လုပ်အားပေး လုပ်ချင်လို့ လိုက်တာလေ ..."
မိုင်းက အဲ့ဒါပဲပြောပြီး အရှေ့ကနေ ထွက်သွားလေသည်။ ကျန်တဲ့သုံးယောက်ကလည်း သူ့အနောက်ကနေ လိုက်ကြ၏။ ဆန်းမှာလည်း ပြောလို့မနိုင်တော့တာမို့ လက်လျော့လိုက်ရတော့သည်။ ဒါတောင်မှ လမ်းမှာ ဆန်းက မိုင်းကို မေးနေသေးသည်။
"ဘာတွေကြံစည်နေပြန်ပြီလဲ ..."
"ဘာကိုလဲ ..."
"ငါ့နောက်လိုက်လာတာကို ပြောနေတာလေ ..."
"ဘာမှမကြံစည်ဘူး ...ပိတ်ရက်မှာ ဘာမှလုပ်စရာလည်း မရှိဘူး ပျင်းနေတာ ...အပန်းဖြေအိမ်မှာပဲ မင်းနဲ့အတူ အချိန်ဖြုန်းမလို့ လာတာပဲ ...ဒါပေမယ့် ဒီရောက်တော့ မင်းက ဂေဟာကိုသွားမှာဆိုတော့ ငါတို့လည်း လိုက်ဖြစ်သွားတာပေါ့ ..."
မိုင်းက ပေါ့ပေါ့ပါးပါး ပြောပြနေသည်။ တကယ်ပဲ ဘာအကြံအစည်မှ ရှိပုံမရပါ။ သူတို့တွေဆီကနေ အကူအညီ အမြောက်အများ လက်ခံထားပြီးတာမို့ ဒီတစ်ခုလောက်တော့ မငြင်းဆန်ချင်တော့ပေ။ လိုက်ချင်လည်း လိုက်ကြပါစေပေါ့။
**** ***** ***** ***** *****
2နှစ် 3နှစ်အရွယ် လမ်းလျောက်တတ်စ ကလေးငယ်တွေကို ရေမိုးချိုး အဝတ်အစားလဲလှယ်ပေးတဲ့ နေရာမှာ လုပ်အားပေး လုပ်နေကြသော နီနီသစ်လွင်နဲ့ နန်းသွေး။ နှစ်ယောက်သား အလုပ်လုပ်ရင်း စကားတွေလည်း ပြောဖြစ်ကြရင်းနဲ့ ရင်းနှီးသွားကြ၏။ နန်းသွေးဆိုတဲ့ ကောင်မလေးဟာ ချစ်စရာကောင်းပြီး ဖော်ရွေတဲ့သူလေးမှန်း နီနီ သိလိုက်ရပါသည်။
"နန်းသွေးက အခု ကျောင်းဘယ်မှာ တက်နေတာလဲ ..."
"H.V University မှာပဲလေ မမ ..."
"ဟုတ်လား ဘယ်မေဂျာကလဲ ..."
"Food and Nutrition major မှာ ပထမနှစ်ဂျူနီယာပါ..."
"ဝါသနာပါလို့လား အဲ့ဒီ့အပိုင်းကို ..."
"ဟုတ် နန်းသွေးက အစားအစာ အာဟာရဗေဒ ပညာရှင်တစ်ယောက် ဖြစ်ချင်တာလေ ..."
"ကောင်းပါတယ် အဲ့ဒါလည်း ..."
နီနီက ပြုံးပြလိုက်ပါသည်။ အဲ့ဒီ့အပြုံးလှလှတွေကို မြင်တော့ နန်းသွေးက ...
"မမက အရမ်းလှတာပဲနော် ..."
ကြားဖူးနေကျစကားမို့ နီနီက ဘာမှပြန်မပြောဖြစ်ဘဲ ပြုံး၍သာ တုံ့ပြန်လိုက်ပါသည်။
"နန်းသွေးလည်း ချစ်စရာကောင်းတာပါပဲ ..."
"ဟီး ..."
သွားလေးတွေ ပေါ်အောင် ရယ်မောနေတဲ့ ကောင်မလေးဟာ ဖြူစင်မှုတွေ ရှိနေလေရဲ့။
"ဆန်းက အပြင်မှာ နေတာဆိုတော့ ...နန်းသွေးကရော ဒီကျောင်းမှာပဲ နေနေတာလား အခုက ..."
"ဟင့်အင်း နန်းသွေးလည်း ကိုကို့လိုပဲ အပြင်မှာနေတာ... ဂေဟာက ထွက်လာတဲ့ တခြားအစ်မကြီးတွေနဲ့ အတူတူ အခန်းငှားနေတယ်လေ ... ဂေဟာမှာနေတဲ့ သူတွေက အရွယ်ရောက်လာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ထွက်သွားကြတဲ့ သူတွေကြီးပါပဲ ..."
"အင်းပေါ့ ..."
ရှင်သန် ရပ်တည်မှုတွေဟာ တချို့တွေအတွက်တော့ စွန့်စားခန်းတွေပါပဲ။
"နန်းသွေးကလေ မမတို့ကို ကိုကို့သူငယ်ချင်းတွေဆိုလို့ အံ့ဩနေတာ ..."
"ဟင် ဘာလို့လဲ ..."
ဆန်းရဲ့ နှုတ်ကနေ စိတ်လိုလက်ရနဲ့ သူငယ်ချင်းတွေပါလို့ ပြောပြထားတာတော့ မဟုတ်ပါ။ ဂေဟာကိုရောက်တော့ အားလုံးနဲ့မိတ်ဆက်ပေးရင်း သူငယ်ချင်းတွေအဖြစ်နဲ့ အလွယ်တကူ ပြောလိုက်တာမျိုး ဖြစ်သည်။
"ကိုကိုက အပေါင်းအသင်း အရမ်းနည်းတယ်လေ ...လူတိုင်းနဲ့ သိပ်မရောနှောတတ်ဘူး ...တစ်ယောက်ထဲ သီးသန့်နေတတ်တာ များတယ် ...ပြီးတော့ သူဒီကိုလာရင် သူငယ်ချင်းတွေ ဘာတွေလည်း ခေါ်လာလေ့မရှိဘူး ...ဒါက ပထမဆုံး ခေါ်လာဖူးတာပဲ ..."
ပထမဆုံးခေါ်လာဖူးတဲ့ ကိုကို့သူငယ်ချင်းတွေဟာ ဒီလိုလူချမ်းသာ အသိုင်းအဝိုင်းက သူတွေဖြစ်နေမယ်လို့ ထင်မထားခဲ့မိပေ။ ရုတ်တရက်ကြီး ဂေဟာအတွက် အထောက်အပံ့တွေက မျက်လှည့်ပြလိုက်သလို ရောက်လာခဲ့သည်။ အရာအားလုံး အဆင်ပြေသွားခြင်းက ဒီလေးယောက်ရဲ့ အကူအညီကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ H.V University မှာ ဒီလေးယောက်ရဲ့ နောက်ခံရာဇဝင်ကို မသိတဲ့သူ မရှိတာမို့ နန်းသွေးကလည်း သိပါသည်။
"ဟုတ်လား ...ဆန်းနဲ့ ငယ်ငယ်ထဲက အတူတူနေလာတာဆိုတော့ သူ့အကြောင်းတွေ နန်းသွေးက သိမှာပဲနော် ..."
"ဟုတ် ..."
မိုင်းအတွက် ကြုံတုန်း စုံစမ်းရမယ့် တာဝန်ရှိနေတာမို့ နီနီက မေးဖြစ်သွားရသည်။
"သူအရင်က ဒီမှာနေတုန်းကလည်း အဲ့လိုပဲလား ...ထူးထူးဆန်းဆန်း အမူအရာတွေ လုပ်တတ်တာလေ ..."
"အော် အဲ့ဒါလား ...ခစ် ခစ် ..."
နန်းသွေးက သဘောကျစွာ ရယ်နေလေသည်။
"ကိုကိုကလေ အဲ့လိုပဲသိလား ...သူ့စိတ်ထဲရှိတဲ့အတိုင်း လုပ်တတ်တာမျိုး ...ကျန်တာဘာမှ ဂရုစိုက်မနေဘူး ...ဒါပေမယ့် သူများတွေ ထိခိုက်မယ့် ကိစ္စမျိုးတွေတော့ သူ မလုပ်တတ်ပါဘူး ...သူက တကိုယ်ကောင်းဆန်တယ်လို့ ထင်ရပေမယ့် အရမ်း စိတ်သဘောထား ကောင်းတာ ..."
"အင်း အဲ့ဒါတော့ မမတို့လည်း သိတယ် ...ဆန်းက သူများတွေကို ကူညီတတ်တယ် ... စိတ်ကောင်းရှိတယ်ဆိုတာ ..."
နှစ်ယောက်သား စကားပြောလက်စကို ခဏရပ်ပြီး ကလေးအဝတ်အစားတွေ ထိုင်သိမ်းနေကြလေသည်။ နောက်မှ နီနီက စကားကို ထပ်ဆက်ကာ ...
"ဟိုလေ ဆန်းမှာ ..."
"ဟုတ် မမ ..."
"ရည်းစားရှိလားဟင် ..."
"ရှင် ...ခစ် ခစ် ...ဘာလဲ မမက ကိုကို့ကို ..."
နန်းသွေးက ရယ်နေပြီး တခုခုကို အဓိပ္ပာယ်လွဲသွားတဲ့ပုံပါပဲ။ ဒါကို နီနီကလည်း သဘောပေါက်လိုက်ပါ၏။
"ဟယ် မဟုတ်ပါဘူးနော် ...ဆန်းကို စိတ်ဝင်စားနေတာ မမ မဟုတ်ဘူး မမ သူငယ်ချင်း ..."
"အော် သူငယ်ချင်းအတွက် သတင်းစုံစမ်းနေတာပေါ့ ဒါဆို ..."
နီနီကလည်း သူငယ်ချင်းလို့ပဲ ပြောလိုက်ပြီး နန်းသွေးကလည်း ဘယ်သူ ဘယ်ဝါမှန်း ထပ်မမေး။သိချင်တဲ့ပုံမရပါ။
"အင်း ဆိုပါတော့ ..."
"ကိုကို့မှာက ရည်းစားမရှိပါဘူး ...ကိုကိုက ရည်းစားတစ်ခါမှ မထားဖူးဘူး ..."
"ဒါဆိုရင် သူကြိုက်နေတဲ့သူရော ရှိလား ..."
"ဟင့်အင်း နန်းသွေး သိရသလောက်ကတော့ ကိုကိုက အဲ့လိုကိစ္စတွေ စိတ်ဝင်စားပုံ မရဘူး ..."
"ဘာလို့လဲ ..."
"သေချာတော့ မသိပေမယ့် သူအမြဲ ပြောလေ့ရှိတဲ့ စကားတခွန်းရှိတယ် ...သူ ထပ်ပြီး စွန့်ပစ်ခံရမှာကို ကြောက်လို့ နှလုံးသားထဲကို ဘယ်သူမှ ဝင်မလာတာဘဲ ကောင်းပါတယ်တဲ့ ..."
"ထပ်ပြီး ...ဆိုတာက ..."
"ကိုကို့အမေက 10နှစ်သားအရွယ်မှာ သူ့ကို စွန့်ပစ်သွားခဲ့တာလေ ဒီဂေဟာမှာပေါ့ ..."
ပထမတခါ စွန့်ပစ်ခံရခြင်းက Trauma (အတိတ်က ဖြစ်ရပ်ကြောင့် ရတဲ့ စိတ်ဒဏ်ရာ) ကို ရစေခဲ့သည်ပဲ။ သဏ္ဍာန်ဆန်းသည်လည်း ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းခဲ့ရတာမျိုး မဟုတ်ခဲ့ပါလား။
ဒီလိုမျိုး စိတ်ဒဏ်ရာနဲ့ လူတစ်ယောက်ရဲ့ နှလုံးသားထဲကို သူငယ်ချင်းဖြစ်သူ မိုင်းက ဘယ်လိုနည်းဟန်တွေနဲ့ ဝင်ရောက်ရမှာလဲ။
ဒါက စိုးရိမ်စရာ ကိစ္စတစ်ခုတော့ ဖြစ်နေပါပြီလေ။ နီနီသစ်လွင် တစ်ယောက်ထဲ ကြိတ်၍ သက်ပြင်းချလိုက် မိပါတော့သည်။
**** ***** ***** ***** *****
ဂေဟာရဲ့ ဘောလုံးကွင်းငယ်ထဲမှာ ကလေးတွေနဲ့အတူ ဘောလုံးကစားနေကြတဲ့ လူကြီးသုံးယောက်။ သူတို့က မိုင်း၊ လင်းရဝေနဲ့ ကောင်းသစ်လွင်တို့ပဲ ဖြစ်လေသည်။ သူတို့ရဲ့ ကလေးဘဝ ပျော်ရွှင်စရာ မှတ်ဉာဏ်တွေထဲမှာတောင် ဒီနေ့လို ကစားရတာက ပို၍ ပျော်ရွှင်ဖွယ်ကောင်းနေပါသေး၏။
အဲ့ဒီ့မြင်ကွင်းကို ခပ်လှမ်းလှမ်း တနေရာမှ ဆန်းက ရပ်၍ ကြည့်နေလေသည်။ ကလေးတွေက ဘောလုံးကစားဖို့ သူ့ကိုပါ ခေါ်ထားတာ ဖြစ်ပေမယ့် သူက ဂေဟာမှူး ခိုင်းထားတာလေးတွေ ရှိနေ၍ မဆော့ဖြစ်ပေ။ အခုက လမ်းကနေ ဖြတ်သွားရင်း ခဏရပ်ကြည့်မိတာ ဖြစ်၏။
Rich kidsတွေက ဘာလုပ်နိုင်မှာလဲလို့ ခေါ်လာကာစက တွေးမိခဲ့ပေမယ့် ဒီရောက်တော့ အထင်နဲ့အမြင်ဟာ တလွဲစီဖြစ်ခဲ့သည်။ လိုအပ်တဲ့နေရာ တွေမှာ လုပ်အားပေးခိုင်းသမျှကို မငြီးငြူ မတွယ်ကပ်ဘဲ လေးယောက်လုံး လုပ်နိုင်ကြ၏။
ဆန်းက ဂေဟာမှူး ကျောင်းအုပ်ကြီးကို သူတို့အကြောင်း ပြောပြထားပါသည်။ မိုင်းတို့အုပ်စုအား အလုပ်ခိုင်းရမှာကို ကျောင်းအုပ်ကြီးကလည်း အားနာနေရသေး၏။
ဒါပေမယ့် မိုင်းတို့က ဖော်ရွေလွန်းပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဆက်ဆံ၍ ပေါင်းသင်းတတ်ကြ၏။ လူတိုင်းနဲ့ အဆင်ပြေစွာ လိုက်လျောညီထွေ လုပ်အားပေး လုပ်နိုင်ကြ၏။ ဒါက volunteer လုပ်နေကြ သူတွေအတိုင်းပါပဲ။
အခုလည်း ကလေးတွေနဲ့ ဘောလုံးကစားနေကြတဲ့ပုံက သူတို့ပါ တကယ့် ကလေးတွေလိုပင်။ ပျော်နေလိုက်ကြတာများ အပေါ်ယံ ဟန်ဆောင်မှုတွေ မပါဝင်နေပါ။ ဒီနေ့ တစ်နေ့လုံး မိုင်းတို့အုပ်စုမှာ နတ်ဆိုးတွေလို အပြုအမူတွေ ရှိမနေခဲ့။ သာမန်တက်ကြွပြီး ဟန်ဆောင်မှုကင်းတဲ့ လူငယ်တွေကဲ့သို့ပင်။
"သဏ္ဍာန်ဆန်း ..."
လင်းရဝေက သူ့ကိုမြင်သွားပြီး လက်ပြ လှမ်းခေါ်နေလေသည်။
"ဆန်း လာခဲ့ ငါတို့နဲ့ ဘောလုံးကစားမယ် ..."
မိုင်းက သူ့ကို လှမ်းခေါ်နေတာ ဖြစ်သည်။ သူက လက်ခါ ခေါင်းခါပြလိုက်ပြီး ...
"ငါမအားသေးဘူး လုပ်စရာရှိသေးတယ် မင်းတို့ပဲ ဆော့ကြတော့ ..."
ဒါပဲပြောပြီး သူ့လမ်းသူ ဆက်သွားဖြစ်၏။ မိုင်းကတော့ ထွက်သွားတဲ့ ဆန်းကို လှမ်းငေးကြည့်မိလိုက်တာမို့ ဘောလုံးလည်း အလုခံ လိုက်ရပါသေးသည်။
"ကဲ မိုင်း ...မင်း ဆက်ငေးမယ်ဆိုရင်လည်း ကွင်းထဲကထွက်ပြီး သူ့နောက်သာ ပြေးလိုက်တော့ ..."
"အေးလေ သူလုပ်တာ ဘောလုံးပါသွားပြီ ကြည့်ဦး ငါတို့ရှုံးတော့မယ် ..."
သူငယ်ချင်းတွေက သူ့ကို ပြောနေကြလေသည်။
လွယ်တော့ မလွယ်ပါ။ သူ့ကို ငေးကြည့်မိတိုင်း သူ့အကြောင်း တွေးမိတိုင်း မိုင်းရဲ့ စိတ်နဲ့ကိုယ်နဲ့ဟာ ဝေးကွာသွားတတ်ပါ၏။
**** ***** ***** ***** *****
ကောင်းသစ်လွင်နဲ့ လင်းရဝေက အခန်းသန့်ရှင်းရေးအတွက် လုပ်အားပေး သွားလုပ်နေကြပြီး မိုင်းကတော့ လျော်ပြီးသား အဝတ်တွေကို လှန်းပေးဖို့အတွက် ကျန်နေခဲ့ပါသည်။ အကြောင်းက ဆန်းသည် ဒီနေရာမှာ အလုပ်လုပ်နေတာမို့။
ဂေဟာရဲ့ မြက်ခင်းပြင်တစ်ခုမှာ အဝတ်လှန်းတဲ့ ကြိုးတန်းတွေ အများကြီး ရှိနေပါသည်။ လျော်ထားတာတွေက အဝတ်အစားတွေအပြင် အိပ်ယာခင်း၊ ခြုံစောင်တွေနဲ့ လိုက်ကာစတွေလည်းပါသည်။ ဒီကြိုးတန်းတွေမှာ တချို့တဝက်က နေရာယူထားပြီးပါပြီ။
ဆန်းတစ်ယောက်ထဲ အဝတ်လှန်းတဲ့ နေရာမှာ ရှိနေတာဖြစ်သည်။ တခြားအကူမရှိ။
အဲ့ဒီ့အချိန်တွင် အဝတ်စိုတွေ အပြည့်ထည့်ထားသော လက်ကိုင်ပုံးကြီး နှစ်လုံးကို တစ်ဖက်စီသယ်လာပြီး အနားရောက်လာတဲ့ မိုင်း။ အဝတ်လျော်ပေးတဲ့ အန်တီကြီးတွေ ဆီကနေ သူဒီကိုသယ်လာပေးတာပဲ ဖြစ်သည်။
အလာတုန်းက သူဝတ်လာတဲ့ အပေါ်ထပ် ဂျက်ကတ်ကို ချွတ်ထားပြီး လက်ပြတ်အင်္ကျီအနက်ပဲ ဝတ်ထားတာ ဖြစ်သည်။ လက်မောင်းကြွက်သားတွေဟာ လေ့ကျင့်ခန်း လိုက်စားထားသူမှန်း သိသာနေစေ၏။ ကျစ်လျစ်ပြီး ကြည့်ကောင်းလွန်းလှသည်။
"မင်းက ဟိုနှစ်ယောက်နဲ့ မလိုက်သွားဘူးလား ..."
သူ့ကိုမြင်တော့ ဆန်းက မေးလာသည်။
"အင်း ဟိုမှာက သန့်ရှင်းရေးလုပ်ဖို့ လူလောက်နေပြီပဲ ...ငါလိုက်သွားစရာမှ မလိုတာ ...ဒီမှာက မင်းတစ်ယောက်ထဲလေ ..."
"ငါတစ်ယောက်ထဲ ဘာဖြစ်လဲ ..."
"မင်းကိုကူပေးမယ့်သူမှ မရှိတာ တစ်ယောက်မှ ...အဝတ်တွေက အနောက်မှာ အများကြီးကျန်သေးတယ်...အခု ငါယူလာတာက တချို့တဝက်လေးရယ် ..."
မိုင်းက ရှင်းပြတော့ ဆန်းလည်း ဘာမှထပ်မပြောတော့ဘဲ အလုပ်ကိုပဲ ဆက်လုပ်နေလေသည်။ ပြင်းရှတဲ့ နေရောင်အောက်မှာ ကြိုးတန်း တစ်ယောက် တစ်ခုစီတွင် နှစ်ယောက်သား အဝတ်လှန်းနေကြသည်။ မျက်နှာချင်းဆိုင် အနေအထားမျိုးပါပဲ။ ဆန်းက သူ့ကို မကြည့်သော်လည်း သူကတော့ ဆန်းကိုသာ ကြည့်နေမိ၏။
အဖြူရောင် အိပ်ယာခင်းနဲ့ အဖြူရောင် ခြုံစောင်ကို လှန်းရန်ကြိုးစားနေသော စပို့ရှပ်လက်တို အဖြူရောင်နဲ့ ဒီလူသားလေး။ သူ့မှာ Trauma တစ်ခုရှိနေကြောင်း မကြာသေးခင် အချိန်က မိုင်း သတင်းရလိုက်ပါ၏။ အဲ့ဒါက နီနီ့ဆီမှပဲ ဖြစ်သည်။
နေ့လည်ခင်း ထမင်းစားချိန်တုန်းက ခဏဆုံဖြစ်ကြတော့ နီနီက ပြောလာတာပါ။
"နန်းသွေးဆီကနေ ငါသတင်း ကြားလာတယ် ...နင့်ရဲ့ ဆန်းမှာ ရည်းစားတော့ တခါမှ မရှိခဲ့ဖူးဘူးတဲ့...ဒါပေမယ့် ..."
"ဘာဖြစ်လဲ ဒါပေမယ့် ..."
"Trauma တစ်ခုတော့ ရှိနေတဲ့ပုံပဲ ..."
"ဘာလဲ အဲ့ဒါက ..."
"စွန့်ပစ်ခံရမှာကို ကြောက်တဲ့ Trauma ..."
"ဘာကြောင့်လဲ ..."
"နန်းသွေးပြောပြတာတော့ ဆန်းကို သူ့အမေက ဒီဂေဟာမှာ စွန့်ပစ်သွားခဲ့တာတဲ့ ...အဲ့ဒါကို သူအတော်လေး ခံစားခဲ့ရတဲ့ပုံပဲ ...အခုချိန်ထိ ထပ်ပြီး စွန့်ပစ်ခံရမှာကို ကြောက်နေတာမျိုး ...
ငါ နန်းသွေးကို မေးကြည့်တယ် ...ဆန်းဘာလို့ ရည်းစားမထားတာလဲ ဆိုတဲ့အကြောင်း ..."
"ဘာပြောလဲ ..."
"သူ ထပ်ပြီး စွန့်ပစ်ခံရမှာကို ကြောက်လို့ နှလုံးသားထဲကို ဘယ်သူမှ ဝင်မလာတာဘဲ ကောင်းပါတယ်တဲ့လေ...ဆန်းက အဲ့လိုပဲ ပြောလေ့ရှိတယ်တဲ့ ...ဒါဆိုရင် အဲ့ဒါက နင့်အတွက် စိုးရိမ်စရာ တစ်ခုပဲနော် မိုင်း ..."
"ဘာဆိုင်လို့လဲ ..."
"ဆိုင်တာပေါ့ဟ ...မိခင်ကတောင် သူ့ကို စွန့်ပစ်သွားခဲ့တယ်ဆိုတဲ့ စိတ်ဒဏ်ရာနဲ့ လူတစ်ယောက်က ထပ်ပြီးဒီလို ကြုံတွေ့ရမှာကို ကြောက်ကြမှာပဲလေ ...ဒါကဖြစ်သင့်တယ် မဟုတ်လား ...ဒီလိုထပ်မဖြစ်ချင်တော့လို့ ...နှလုံးသားကို တံခါးပိတ်ပြီး ငြိမ်သက်နေတဲ့သူကို နင်ဘယ်လို တံခါးသွားဖွင့်လို့ရမှာလဲ ...ဒါက အရမ်းခက်ခဲမယ် ထင်တယ် ..."
"ဒီမှာ ငါပြောပြမယ် ..."
"အင်း ပြော ..."
"ဘယ်သူမှ ဝင်မလာစေချင်လို့ တမင် တံခါးပိတ်ထားတာကို အပြင်ကနေ အတင်းကာရော သွားဖွင့်နေလို့ ဘယ်လိုမှ မရနိုင်ဘူး ..."
"ဟုတ်တယ်လေ ..."
"အထဲကနေ သူကိုယ်တိုင် တံခါးဖွင့်ပေးလာမယ့် အချိန်တစ်ခုကို ရောက်လာအောင် လုပ်မှရမယ် ..."
"အဲ့တော့ နင့်နည်းလမ်းက ..."
"ဖြည်းဖြည်းချင်း တံခါးကို သွားခေါက်နေရမယ် ...သူဖွင့်ပေးချင်လာတဲ့အထိ ...ဇွဲရှိရှိနဲ့ပေါ့ ..."
ဒီတံခါးတွေဟာ ကျောက်သားကဲ့သို့ မာကျောနေတာမို့ ဖွင့်နိုင်ဖို့ ခဲယဉ်းသလို တံခါးခေါက်ရတာကလည်း ခက်ခဲလှပါ၏။
"ဘာလဲ ..."
သူငေးကြည့်နေတာ ကြာသွားတော့ ဆန်းက လှမ်းမေးလာ၏။
"ဟင့်အင်း ..."
ခေါင်းခါပြလိုက်ပြီး သူပြန်ပြုံးပြလိုက်မိပါသည်။
"အလုပ်ကို သေချာလုပ် အချောင်မခိုနဲ့ ..."
"ဟုတ်ကဲ့ခင်ဗျ ..."
ရိုသေစွာ ပြောလိုက်တဲ့ မိုင်းရဲ့စကားကြောင့် ဆန်းမှာ ရယ်မိသွားရပါသည်။
ပြီးတော့ သူ့အလုပ် သူဆက်လုပ်နေရင်းနဲ့ မိုင်းကို မကြည့်ဖြစ်တော့ပါ။ တစ်မိနစ်လောက် ခြားပြီး မျက်နှာချင်းဆိုင်ကို ထပ်ကြည့်မိလိုက်သည်။ ဒါပေမယ့် မိုင်းက အဲ့ဒီ့နေရာမှာ ရှိမနေတော့ပေ။
မြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ မိုင်းကို ဆန်းက ရပ်နေတဲ့ နေရာကနေ ကြိုးတန်းတွေအကြား လိုက်ရှာကြည့်နေမိသည်။ မတွေ့ပါချေ။
"ဆန်း ..."
ခေါ်သံ ခပ်တိုးတိုး တချက်ဟာ ဆန်းရဲ့ ဘယ်ဘက်နားရွက်ဖျားလေးကနေ ကပ်၍ ဝင်လာခဲ့၏။ ရုတ်တရက် နောက်လှည့်ကြည့်လိုက်မိတော့ သူ့ကျောပြင်ဟာ မိုင်းရဲ့ ရင်ခွင်နဲ့ ဝင်တိုက်မိသွားလေသည်။
မျက်နှာနှစ်ခုကလည်း ခပ်နီးနီးသာ ရှိတော့၏။
ရင်ခုန်သံလား စိတ်လှုပ်ရှားမှုလား တခုခုကတော့ တစ်ယောက်ယောက်ရဲ့ ရင်ထဲကို တိုးဝင်လာခဲ့ပါသည်။ ဟင့်အင်း ဒါက ရုတ်တရက် ဖြစ်သွားတဲ့ အနေအထားကြောင့် လန့်သွားမိတာပဲ ဖြစ်ပါလိမ့်မည်။ ရင်ခုန်စိတ်လှုပ်ရှားတာ မဟုတ်နိုင်ပါ။
"ဘာလုပ်တာလဲ ...မင်းဆော့နေတာလား ...အလုပ်မလုပ်ဘဲနဲ့ ..."
လူချင်းခွာလိုက်ပြီးနောက် ဆန်းက စ၍အပြစ်ပြောတော့သည်။
"မဆော့ပါဘူး ..."
"ဒါဆို ဘာလုပ်တာလဲ ...စောစောကပဲ ဟိုမှာရပ်နေပြီးတော့ ...အခု ဘယ်လိုလုပ် ငါ့နောက် ကို ရောက်လာတာလဲ ..."
မိုင်းက တကယ်တော့ သူစနေတာပါ။ အလုပ်မလုပ်ဘဲ ဆန်းနဲ့ ကစားချင်နေပါ၏။
"မင်းက ငါ့ကို လိုက်ကြည့်နေတာလား ..."
"မျက်စိရှေ့မြင်နေရတာကို လိုက်ကြည့်တယ် ဖြစ်ရရောလား ..."
ဆန်းက ပြောရင်းနဲ့ အင်္ကျီစိုတစ်ထည်ကို ကောက်ကိုင်ကာ ရေခါလိုက်လေသည်။ ခါလိုက်တဲ့ ရေစက်တွေဟာ မိုင်းကို စင်ကုန်လေ၏။ တမင်လုပ်လိုက်သလိုပါပဲ။
ဒါကို မိုင်းကလည်း လက်တုံ့ပြန်ရန် အဝတ်စိုတစ်ခုကို ယူပြီး ပြန်ခါပစ်လိုက်လေသည်။
"ဟာ ငါ့ကို ရေတွေ စင်ကုန်ပြီဟ ..."
"တမင်စင်အောင် လုပ်တာလေ ..."
"မင်းကိုငါ အလုပ်လုပ်လို့ ပြောတယ်လေ လိုက်မဆော့နဲ့ ..."
"မသိဘူး ငါ့သဘောပဲ ..."
မိုင်းက ပြောရင်းနဲ့ ထပ်၍ ရေခါလိုက်ပြန်သည်။
"ဟာကွာ မင်းတော့ ...အေး တွေ့မယ် မင်း ..."
ဆန်းက အဝတ်စိုကို ခပ်ကြမ်းကြမ်း ရေခါပြီး မိုင်းကို စင်စေလိုက်၏။ နှစ်ယောက်သား အပြိုင်အဆိုင် ရေတွေခါပြီး ဆော့ဖြစ်သွားကြ လေသည်။ အဝတ်ကြိုးတန်းတွေကြားမှာ ပြေးလွှားရှောင်ပုန်းရင်းနဲ့ နှစ်ယောက်ထဲ ပျော်စရာကမ္ဘာငယ်လေး တစ်ခု ဖန်တီးမိသွား၏။
နေရောင်အောက်မှာ၊ မြက်ခင်းပြင်ပေါ်မှာ၊ အရောင်စုံအဝတ်တွေ ရှိနေတဲ့ ကြိုးတန်းတွေကြားမှာ၊ ယောင်္ကျားလေးနှစ်ယောက်ရဲ့ ဆော့ကစားနေမှု။
ကလေးဆန်သလို လူကြီးလည်းဆန်၏။
သဏ္ဍာန်ဆန်းရဲ့ မျက်နှာပေါ်မှာ တခါမှ မမြင်ခဲ့ဖူးသော အပြုံးအရယ်တွေကလည်း ဝေဝေဆာဆာနှင့်။ မိုင်းကလည်း ထိုအပြုံးအရယ်တွေကို တဝကြီး ငေးမောရင်း ရင်ခုန်စွာနှင့်။
Trauma ရှိတော့ရော ဘာဂရုစိုက်စရာ လိုသလဲ။
ဒီလူသားလေး ပျော်ရွှင်ဖို့ရာ သူဖန်တီးပေးနိုင်ရင် Trauma အခုတစ်ရာ မကလို့ ဘယ်လောက်ဖြစ်နေနေ သူမမှုပါ။
မေတ္တာသက်ဝင်မှုဟာ ဒီလိုမျိုး တဆင့်တိုး၍ ကြယ်တွေကို ပျိုးစေလိုက်သည်။
ဒါက ချစ်မိသူအတွက် ရည်ရွယ်သော ...။
**** ***** ***** ***** *****
(Author's note)
ညက updateတာ နည်းနည်း ညနက်သွားပါတယ်။
နေ့လည်က ခဏအိပ်ပျော်သွားမိလို့ စာရေးတာ နောက်ကျသွားပါတယ် 😆
အဲ့အတွက် readerလေးတွေကို ဒီဒီတောင်းပန်ပါတယ်နော် 😁
**** ***** ***** ***** *****