မနေ့ညနေက မိုးရေထဲမှာ တစ်ယောက်တည်း အချိန်အကြာကြီး ဘတ်စကက်ဘော ကစားလိုက်ရာ ဒီကနေ့တွင် နှာတချီချီနှင့် အံ့မဟော်တစ်ယောက် ဖျားလေတော့သည်။ အိပ်ယာထကာစ ကိုယ်တွေလက်တွေ ကိုက်ခဲနေသည်ကို အညောင်းမိတာလောက်ပဲဟု ထင်မှတ်ကာ ဆေးမသောက် ဘာမသောက်နှင့် ကြိုတင်မကာကွယ်မိလိုက်ချေ။ တစ်ကိုယ်လုံး မလှုပ်ရှားချင်တော့အောင် နုံးချိနေသဖြင့် ဒေါ်နန်း ပြုတ်ပေးသည့် ဆန်ပြုတ်ပူပူကို သောက်ပြီးတာနှင့် အိပ်ယာထဲ ဝင်ခွေနေရန် ဟန်ပြင်လိုက်သည်။
မာမီ့အရိပ်အယောင်ကို ရှာကြည့်သော်လည်း ဆေးခန်းထိုင်ချိန်ဖြစ်သဖြင့် မာမီက အိမ်မှာရှိမနေ။နေမကောင်းဖြစ်လျှင် ဟိုလူ့ကိုတမ်းတသလို ဒီလူ့ကိုတမ်းတသလို ဖြစ်ချင်လာသည့် မိမိကိုယ်ကိုယ် အံ့မဟော်စိတ်ပျက်သည်။
ဒီနေ့စာလာမသင်နဲ့တော့ဟု ကိုလင်းအား စာပို့၍ ကုတင်ပေါ်တွင် စောင်ကို တစ်ကိုယ်လုံး လုံခြုံအောင် ပတ်ကာ အိပ်ပျော်စေရန် ကြိုးစားလိုက်သည်။ သိပ်မကြာခင် ကိုလင်းဆီမှ ပြန်စာဝင်လာသည်။
*ဘာဖြစ်လို့လဲ
*နေမကောင်းလို့
နောက်ဆုံးစာကို ပြန်ပြီးနောက် ဖုန်းကို စက်ပိတ်လိုက်ကာ မျက်လုံးတို့ကို တင်းတင်းမှိတ်၍ မြန်မြန်အိပ်ပျော်စေရန်အတွက် စိတ်အစုံကို အာရုံပြုလိုက်သည်။
မှေးတေးတေးနှင့် အိပ်မက်ကမ္ဘာထဲ တဝဲလည်လည်ဖြစ်နေခိုက် လူတစ်ယောက် သူ့အခန်းထဲသို့ ဝင်လာသည်။ မိမိခန္ဓာကိုယ်အား ဟိုစမ်း ဒီစမ်းလုပ်ကာ အိပ်မပျော်တပျော်ဖြစ်နေသော သူ့အား ဂယောက်ဂယက် အိပ်မက်တွေကြားထဲမှ လှုပ်နှိုးနေသည်။ အထိအတွေ့တို့ကို ကောင်းကောင်းသိရှိသော်ငြား မျက်လုံးတို့ကို ဖွင့်ပစ်လိုက်ရန်အတွက် ခဲဆွဲထားသော မျက်ခွံတို့က ခွင့်မပြုချေ။
နေမကောင်းလို့ဟု စာပြန်ပြီး သူထပ်ပို့သည့် ဘယ်လိုဖြစ်တာလဲ.. ဆေးသောက်ပြီးပြီလား အစရှိသော မေးခွန်းတွေအား ပြန်စာထပ်မလာတော့သဖြင့် လင်းသန့်မောင် အိမ်အရောက် လိုက်လာခဲ့ခြင်းပေ။ အံ့မဟော် ပြောသည့်အတိုင်း တကယ်နေမကောင်းဖြစ်နေခြင်းကို ခြစ်ခြစ်တောက်ပူနေသော အံ့မဟော်ရဲ့ ခန္ဓာကိုယ်က သက်သေခံနေသည်။ တစ်အိမ်လုံးတွင်လည်း ဦးဘမောင်နှင့် ဒေါ်နန်းမှလွဲ၍ မည်သူမျှမရှိ။
လင်းသန့်မောင် ဒေါ်နန်းဆီမှ အံ့မဟော်အား ရေပတ်တိုက်ရန် အဝတ်စနှင့် ရေဇလုံကို တောင်းလိုက်သည်။ မှိန်းနေသော အံ့မဟော်အား ခဏထစေရန် နှိုးသော်လည်း အင်းအဲနှင့် ညည်းညူပြီး ပြန်ငြိမ်သွားသည်။
နှိုးလို့ရမည့် အရိပ်အယောင်မမြင်တာကြောင့် မနှိုးတော့ဘဲ အဝတ်စအား ရေရွှဲရွှဲ နှစ်ကာ အံ့မဟော်၏ မျက်နှာတစ်ပြင်လုံးနှင့် လက်ဖဝါးတွေအား ရေပတ်တိုက်ပေးလိုက်သည်။ ထို့နောက် နဖူးပြင်ပေါ်သို့ ရေစိုဝတ်ကို ကပ်ပေးရင်း အပူကျစေရန် ဘေးမှာထိုင်၍ ခဏခဏလဲပေးနေလိုက်သည်။
အချိန်ကြာလာသည့်အခါ အံ့မဟော်ရဲ့ အဖျားက သိသိသာသာ ကျလာသည်။ ခိုကဲ့သို့ အံ့မဟော်ဆီမှ တဟင်းဟင်း ညည်းညူနေသည့် အသံသည် တိုးတိတ်လာရာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အံ့မဟော်ရဲ့ လက်ဖျားမှာ ချွေးစလေးတွေ စို့လာတာကို ခံစားမိချိန်၌ အိပ်ပျော်နေသော အံ့မဟော်ကို နောက်တစ်ကြိမ် သူထပ်နှိုးလိုက်သည်။ အပူက အတော်ကျသွားပြီမို့ ဒီတစ်ကြိမ်တွင် အံ့မဟော်နိုးလာပြီး မပွင့်တပွင့်ဖြစ်နေသော မျက်ဝန်းတို့ဖြင့် သူ့အား ငေးကြည့်လာသည်။
"အံ့မဟော်... နိုးပြီလား"
ခေါင်းတောင် မညိတ်ပြနိုင်လောက်အောင် နွမ်းနယ်နေတာကြောင့် မျက်ဝန်းတို့ကို မှိတ်ပြခြင်းဖြင့် အဖြေပြန်ပေးလိုက်သည်။ အခုမျက်စိရှေ့မှာ မြင်နေရတဲ့ လူက ကိုလင်းအစစ်လား.. အိပ်မက်ပေပဲလား သူမခွဲခြားနိုင်သေး။
"နိုးရင် ခဏလေးထ... အဝတ်လဲရအောင်၊ မင်းတစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနေတယ်"
အဖျားသွေးကြောင့် အံ့မဟော်ရဲ့ ပါးနှစ်ဖက်ဟာ ခပ်ရဲရဲဖြစ်နေသည်။
အပြင်ဘက်မှာ မှောင်ရီပျိုးနေပြီမို့ ပြတင်းပေါက်မှ ဝင်လာသည့် လက်ကျန်အလင်းဖြင့် မီးခလုတ်တို့ကို မဖွင့်ရသေးသော်လည်း တစ်ယောက်မျက်နှာတစ်ယောက် သဲသဲကွဲကွဲ မြင်နေရသေးသည်။
"ဆေးသောက်ပြီးပြီလား"
အိပ်ယာထက်မှ နေ၍ သူ့အား လှုပ်တယ်ဆိုရုံမျှ ခေါင်းကို ခါပြပြန်သည်။
ဒီလောက်ဖျားနေတာတောင် ဆေးမသောက် ဘာမသောက်နှင့် အိပ်ဖို့ပြင်နေရတယ်လို့။ ကရုဏာဒေါနဲ့ ဆူပူလိုက်မည် ဟန်ပြင်လိုက်သော်လည်း ပါးနှစ်ဖက်သာ သွေးရောင်လွှမ်းနေပြီး ကျန်တဲ့တစ်ကိုယ်လုံးက ဖြူဖပ်ဖြူရော် ဖြစ်နေတာကို ကြည့်၍ မဆူရက်ပြန်။
"ဆေးရောရှိလား၊ မရှိရင် ငါအိမ်ပြန်ယူလိုက်မယ်၊ အဝတ်ထုတ်ပေးခဲ့မယ်... လဲထားချေ"
ဗီရိုထဲမှ သင့်တော်သည့် အဝတ်တွေကို အံ့မဟော်အတွက် ထုတ်ပေးခဲ့ပြီး အိမ်သို့ အမြန်ပြေးကာ ဆေးဝါးတချို့ကို ပြန်ယူရသည်။
အံ့မဟော်အခန်းသို့ သူ ပြန်ရောက်ချိန်၌ မြင်ကွင်းက အိမ်မပြန်ခင် လွန်ခဲ့တဲ့ မိနစ်ပိုင်းနှင့် မတူညီစွာ ခြားနားပြောင်းလဲနေသည်။
မဖွင့်ရသေးသော မီးခလုတ်အား အံ့မဟော်က ဖွင့်လိုက်သည်ထင်။ လင်းထိန်နေသော အခန်းထဲတွင် သူထုတ်ပေးခဲ့သည့် အဝတ်အစားကို ဝတ်ဆင်လျက် အံ့မဟော်သည် ကုတင်ပေါ်တွင် သာသာယာယာပင် ဂိမ်းဆော့ခြင်းအမှုကို ပြုနေသည်။
အံ့မဟော်လက်ထဲက ဖုန်းကို သူဆွဲယူလိုက်ကာ...
"ဖျားနေတာကို ဘာလို့ ဂိမ်းဆော့နေတာလဲ၊ မျက်ရိုးတွေကိုက်ပြီး ခေါင်းမူးနေလိမ့်မယ်"
အံ့မဟော်ပုံစံက ခုနကအခြေအနေနှင့် လုံးဝမတူတော့ပေ။ မျက်ဝန်းညိုတို့က ရီဝေနေသော်လည်း လူပုံစံကြည့်ရတာ လန်းဆန်းနေသလို။ အဖျားများ ကျသွားပေလို့လား။
"ဘာလို့ ပြန်လာတာလဲ ကိုလင်း၊ ကျွန်တော်အိပ်တော့မယ်"
နှာခေါင်းသံ အနည်းငယ်ပါနေသော်လည်း အသံကလည်း ကြည်ကြည်လင်လင်ပင်။ အိမ်ခဏမပြန်ခင် အချိန်တုန်းက အိပ်ယာပေါ်မှာ တဟင်းဟင်းနှင့် ညည်းညူရင်း အဖျားတက်နေသည့် အံ့မဟော်မှ ဟုတ်ပါလေစဟု သူတွေးမိသည်။
"ဆေးသောက်ပြီးမှ အိပ်ရမယ်... ရော့..."
လက်ဖဝါးထဲနွေးနွေးထဲသို့ ဆေးလုံးလေးတွေကို ထည့်ပေးလိုက်တော့
"မလိုဘူး ကိုလင်း၊ မနက်ကျ အိပ်ယာနိုးရင် အလိုလို ကောင်းသွားလိမ့်မယ်"
ဒီတစ်ကြိမ်တော့ မျက်မှောင်ကြုတ်ရသူမှာ လင်းသန့်မောင်ပင်။
"ဘာကို မလိုတာလဲ၊ ဆေးမသောက် ဘာမသောက်နဲ့ ပျောက်သွားရအောင် မင်းဖြစ်နေတာက ခေါင်းမူးခေါင်းကိုက်ရုံလေး မဟုတ်ဘူးနော် အံ့မဟော်"
"မလိုဘူးဆို မလိုဘူးပေါ့ဗျာ၊ ခေါင်းမူးခေါင်းကိုက်မကလို့ ခေါင်းပါကွဲသွားပလေ့စေ ကျွန်တော်မလိုပါဘူးလို့ ပြောနေရင် မလိုဘူးလို့ပဲ သိလေ"
နေမကောင်းဖြစ်နေတဲ့ လူကပဲ စိတ်မရှည်သလို ပြန်လုပ်ပြနေသည်။ ဆူပူသည့် စကားလုံးတို့ကို ပြောလိုက်ရန် ဟန်ပြင်လိုက်သော်ငြား ပါးစပ်က ထွက်လာသည်မှာ
"ကြောက်လို့လား"
လင်းသန့်မောင် ရည်ရွယ်သည်က ဆေးသောက်ဖို့ ကြောက်နေလို့လားဟူ၍ပင်။ ဖျတ်ခနဲ ကြည့်လာသည့် မျက်ဝန်းတွေထဲမှ ရှုပ်ထွေးသော အဓိပ္ပါယ်တွေကိုတော့ သူအဖြေမရှာတက်။
"ဟုတ်နေတာပဲ... မကြီးမငယ်နဲ့ ဆေးကြောက်ရတယ်လို့ အံ့မဟော်ရာ၊ ခဏ.. ငါ့မှာ သကြားလုံးရှိတယ်၊ ဆေးကို မြန်မြန်မျိုချပြီးရင် ဒီသကြားလုံးလေးကို စားလိုက်"
အင်္ကျီအိတ်ကပ်ထဲမှ သူပေးလိုက်သော သကြားလုံးလေးကို မယူသေးဘဲ အံ့မဟော်သည် စူးစူးစိုက်စိုက်ကြည့်နေရင်း...
"ဆေးထက် ကျွန်တော်ပိုကြောက်တာရှိတယ် ကိုလင်း၊ အဲ့တာဘာလဲသိလား"
ပူနွေးနေသော လက်ချောင်းများဖြင့် သကြားလုံးကို အံ့မဟော် ယူလိုက်သည်။ ထို့နောက် မမြင်ဖူးသည့် အထူးအဆန်းပစ္စည်းသဖွယ် အပေါ်သို့ မြှောက်ကြည့်နေပြန်သည်။
"ခင်ဗျား ကျွန်တော့်ကို နောက်တစ်ကြိမ် အခုလိုမျိုး သကြားလုံးလေး ထပ်မပေးတော့မှာကိုပဲ"
"......."
"တစ်ခါလက်ခံလိုက်မိရင် အခါးဓာတ်နဲ့ ကြုံတဲ့အခါတိုင်း ခင်ဗျားပေးခဲ့ဖူးတဲ့ သကြားလုံးလေးကိုပဲ ကျွန်တော်တမ်းတနေမိတော့မှာ၊ အခုတစ်ခါ ခင်ဗျား ကျွန်တော့်ကို ဒီသကြားလုံးလေး စွန့်ကြဲလိုက်ပေမဲ့ တစ်သက်လုံးစာအတွက် ကျွန်တော်လိုအပ်နေရင် ခင်ဗျားပေးနိုင်မှာမို့လို့လား"
အခန်းထဲတွင် ကုတင်ပေါ်မှ ကောင်လေး၏ တိုးသဲ့သဲ့ စကားသံမှ လွဲ၍ အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။
"ကျွန်တော့်ကို မသနားနဲ့၊ ဂရုမစိုက်နဲ့၊ ကြာရင် ခင်ဗျားကြောင့် ကျွန်တော် တကယ်ပဲ ပျော့ညံ့မိတော့မယ် ကိုလင်း"
အံ့မဟော်၏ စကားအပြီး အချိန်အနည်းငယ်ကြာအထိ လင်းသန့်မောင် နေရာမှာပင် မလှုပ်မယှက် ရပ်နေမိသည်။ တချက်ချက်မြည်နေသော စက္ကန့်လက်တံသံ တစ်ပတ်ပြည့်ရန် အနည်းငယ်အလိုရောက်တော့မှ လင်းသန့်မောင်ဆီက သက်ပြင်းချသံသဲ့သဲ့ ထွက်လာသည်။ ထို့နောက် အံ့မဟော်လက်ထဲတွင် အပူရှိန်ကြောင့် ခပ်နွေးနွေးဖြစ်နေသော သကြားလုံးလေးကို ပြန်ယူလိုက်ကာ...
"နွေးထွေးမှုဆိုတာ အဆုံးအစမရှိ ကျယ်ပြန့်လို့ မင်းတောင်းတဲ့ အချိန်တိုင်း ငါပေးနိုင်ပါတယ် အံ့မဟော်၊ ပျော့ညံ့တဲ့အချိန်တိုင်း ငါက နှစ်သိမ့်ပေးမှာမို့ နောက်တစ်ကြိမ် သကြားလုံးမရမှာကို မင်းပူစရာမလိုပါဘူး၊ အဲ့တာကြောင့် ငါ့ရှေ့မှာ အဆင်ပြေချင်ယောင် ဟန်ဆောင်မနေနဲ့"
ခါးသက်လှသည့် ဆေးလုံးတွေဟာ အစာအိမ်အတွင်းကို ဘယ်လိုနည်းနဲ့ ရောက်သွားလဲဆိုတာ သူမသိ။ အသိစိတ်တစ်ခုလုံးကို လွှမ်းခြုံထားသည်မှာ ကိုလင်းဖောက်ပေးသည့် သကြားလုံးလေးရဲ့ နှစ်လိုဖွယ် အချိုဓာတ်။ လျှာဖျားမှတစ်ဆင့် ခန္ဓာကိုယ် သွေးကြောအနှံ့သို့ လူးလွန့်စီးဆင်းနေသလို။
အချိန်တွေဟာ ရပ်တန့်တတ်သလား။
အံ့မဟော်၏ အမြင်အာရုံတွင် ကိုလင်းကလွဲပြီး မည်သည့်အရာမှ စိုးမိုးနိုင်ခြင်း မရှိတော့ပေ။
အချစ်...
ဒါဟာ အချစ်...
နောက်တစ်ကြိမ် အတည်ပြုစရာ မလိုတော့အောင် တဒုတ်ဒုတ်မြည်နေသော နှလုံးခုန်သံက တိကျသေချာလှသော စစ်ချက်ကို ထုတ်ပေးနေသည်။
ပန်းရနံ့တို့ မွှေးကြိုင်မနေသော်လည်းမေတ္တာရနံ့တို့ဖြင့် ထုံမွမ်းနေသည်။
လေတိုးသံဝေ့ဝေ့ကို မကြားရသော်လည်း နူးညံ့သိမ်မွေ့သော အထိအတွေ့ကို ခံစားလို့ရနေသည်။
နောက်ဆုံးတော့ နှလုံးသားဟာ တစ်စုံတစ်ခုကို သိခဲ့ရပြီ။
အချစ်ဟာ သိပ်ကို မက်မောချင်စရာ ကောင်းလွန်းလှသည်။
°°°°°°°
အပြင်မှာ တံစက်မြိတ်စိုရုံမျှ ခပ်ဖွဲဖွဲရွာနေသည့် မိုးက တဖြည်းဖြည်းနဲ့ အရှိန်ယူကာ သည်းလာသည်။ စက်တင်ဘာလသို့ ဝင်လာပြီဖြစ်၍ မိုးအကုန် ဆောင်းအကူးကာလပေမို့ အနှောင်းပိုင်းမိုးနှင့်အတူ အဦးပိုင်းအအေးဓာတ်က ဆိုင်လေးအတွင်းမှာ လွန်ကဲနေသည်။
အံ့မဟော်နှင့် လင်းသန့်မောင်တို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြသေးဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေမိကြသည်။
Westlife အဖွဲ့၏ My love သီချင်းသံက ကော်ဖီဆိုင်လေးထဲမှာ အေးစိမ့်စိမ့်လေထုကို ဖြတ်ကာ ဆိုင်အတွင်းရှိ လူတွေ၏ အကြားအာရုံဆီသို့ ပျံ့လွင့်လျက်ရှိသည်။
စားပွဲကို လက်နဲ့ ခေါက်ရင်း နားထဲမှာ ကြားနေရသည့် သီချင်းသံကို ဟိုနေရာဆိုလိုက် သည်နေရာဆိုလိုက်နှင့် အံ့မဟော် ခပ်တိုးတိုးလိုက်ညီးမိသည်။ ကိုလင်းကတော့ သူ့ရှေ့မှာ ထိုင်လျက် ငြိမ်သက်ဆဲ ငြိမ်သက်မြဲ။
ခဏအကြာ ကိုလင်းမှာထားသည့် Latte တစ်ခွက်နှင့် ကိတ်ပန်းကန်ကို ဝိတ်တာလေးက လာချပေးသည်။ ထိုအခါမှ ကော်ဖီကို သောက်ရင်း ကိုလင်းတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။
"မင်းတကယ် ဘာမှမသောက်ဘူးလား အံ့မဟော်"
ကိုလင်းရဲ့ အမေးကို အံ့မဟော်တစ်ယောက် နှုတ်ခမ်းလှုပ်ရုံမျှ သီချင်းလိုက်ညီးနေရင်း ခေါင်းခါအဖြေပေးလိုက်သည်။ ကော်ဖီမကြိုက်သော်လည်း ကိုလင်းထိုင်ချင်တယ်ဆိုသဖြင့် ဒီဆိုင်သို့ သူရောက်နေခြင်း။ အချိန်ခဏအကြာမှ...
"ဒီကိတ်မုန့်ကိုတော့ စိတ်ဝင်စားတယ်... စားလို့ရမလား"
"မင်းစားဖို့"
ဘာလဲ ဒီလူ။
သူ့အတွက် ရည်ရွယ်ပြီး မှာပေးထားတာလား။
အတွေးနှင့်အတူ အံ့မဟော်၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားသည်။
အစောပိုင်းတုန်းက ဘာရယ်မဟုတ် မြင်နေရသည့် စတော်ဘယ်ရီကိတ်လေးသည် ကိုလင်းစကားအဆုံးမှာ မူလထက်ပို၍ စားချင်စဖွယ်ဖြစ်နေသလို။ မျက်စိရှေ့မှ ကိတ်ပန်းကန်လေးကို သူ့ဘက်သို့ နီးကပ်အောင် ဆွဲယူလိုက်ကာ တစ်ဇွန်းစားကြည့်လိုက်သည်။
ကိတ်မုန့်အရသာထက် တစ်စုံတစ်ယောက်က သူ့အတွက်ရည်ရွယ်၍ ပြုလုပ်ပေးသော တစ်စုံတစ်ရာဟူသော ပီတိအဟုန်၏ ချိုမြိန်မှုက လျှာဖျားမှတစ်ဆင့် နှလုံးသားထဲသို့ စီးဆင်းသွားသည်။
"ငါ မင်းကို ပြောစရာရှိတယ်"
"ပြောလေ"
"ငါ့စာမေးပွဲ နီးလာပြီမို့လို့ ငါ မင်းကို စာလာမပြနိုင်တော့ဘူး"
ကိတ်မုန့်ကို ဖဲ့ယူနေသော ဇွန်းဖျားအား ကိုင်ထားသည့် အံ့မဟော်ရဲ့ လက်ချောင်းတွေဟာ နေရာမှာ တုံ့ခနဲ။
"နောက်ပြီး သိပ်မကြာခင်မှာ House surgeon ဆင်းရတော့မယ်၊ ငါ့မှာ အရင်လို အားချိန်တွေ ရှိမှာမဟုတ်တော့ဘူး"
အံ့မဟော် ဘာမှပြန်မပြောမိ။
ကိတ်မုန့်ကိုပဲ စိတ်ဝင်တစား ကြည့်နေမိသည်။
"ငါ မင်းကို ဒီနှစ် အောင်စေချင်တာ သိတယ်မလား"
"သင်ပေးမယ့် ဆရာမရှိဘဲ ဘယ်လိုလုပ် အောင်မလဲဗျ"
မဆိုင်တာ သိပေမဲ့ တမင်အကန်ကို ပြောကာ ပတ်ရမ်းလိုက်သည်။ တကယ်ဆို ကိုလင်းက သူ့အား ဘာအကျိုးအမြတ်မှ မမျှော်ကိုးဘဲ စေတနာသက်သက်ဖြင့် သင်ပြပေးခဲ့သူပေမလား။
"အဲ့ကိစ္စကို ငါစီစဉ်ပြီးသွားပြီ၊ ငါ ဘော်ဒါတစ်ခု မင်းအတွက် ပြောပေးထားတယ်၊ ငါတက်ခဲ့တဲ့ ဘော်ဒါ... အဲ့ကဆရာတွေ အကုန်လုံးကလည်း သိပ်တော်ကြတာ"
ကိတ်မုန့်ကလည်း ပါးစပ်ထဲမှာ အရသာမရှိတော့သလို။ ဘာတွေ ရင်ခံနေတာလဲမသိ။
"ဘော်ဒါဆိုရင်တော့ စိတ်မဝင်စားဘူးနော်၊ ခင်ဗျားဟာခင်ဗျား သင်ချင်သင် မသင်ချင်လည်းနေ"
"မဟုတ်ဘူးလေ အံ့မဟော်ရဲ့၊ ဒီအတိုင်း ဝင်ဖြေရင် အောင်ဖို့ ဘယ်သေချာမလဲ၊ ဘော်ဒါဆိုပေမဲ့ မင်းအဲ့မှာနေစရာမလိုဘူး၊ စာသင်တဲ့အချိန်လေးပဲ သွားတက်ရမှာ၊ ငါအားလုံးပြောထားပြီးပြီ"
နူးနူးညံ့ညံ့လေသံနှင့် သူလိုရာကို ငြင်းမရအောင် ချော့မော့သလို ပြောလာသည်။ မိမိအကျိုးအတွက် ပြောနေသည် မှန်သော်ငြား အံ့မဟော် မနာခံချင်။ အပြစ်မရှိသည့် ကိတ်မုန့်လှလှလေးကို ဇွန်းဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထိုးဖွခြင်းဖြင့် လက်မခံချင်ကြောင်းကို သွယ်ဝိုက်ပြသလိုက်သည်။
"နော်... တက်မယ်မလား၊ အောင်အောင်ဖြေလိုက်စမ်းပါကွာ၊ မင်းသာ ဆယ်တန်းအောင်ရင် ငါမင်းကို ဆုကြီးကြီးချမယ်"
မှုန်ကုပ်နေသော မျက်ခုံးနှစ်သွယ်က အနည်းငယ် ပြေလျော့လာသည်။
ဆုတဲ့...
ကိုလင်းဆီကဆိုရင်တော့ သေချာပေါက်လိုချင်မိသည်။
"ဘာဆုလဲ"
"မင်းလိုချင်တာရှိရင် ပြောလေ၊ အောင်စာရင်းထွက်တာနဲ့ ငါပေးမယ်"
"တကယ်လား... ကြေးကြီးရင်ရော"
"ငါတက်နိုင်တဲ့အထဲက တောင်းပေါ့ကွာ၊ မတက်နိုင်တာတော့ မတောင်းနဲ့ပေါ့"
"သေချာပေါက် ပေးနိုင်တာကိုပဲ တောင်းမှာပါ၊ ခင်ဗျားကတိကို တည်ပါစေနော် ကိုလင်း"
"သေချာပေါက် တည်ရမှာပေါ့၊ ဒါဆို ပိတ်ရက်ကျရင် ငါ မင်းကို လိုက်ပို့ပေးမယ်"
"အိုခေ"
ကျွန်တော်တောင်းမယ့်အရာက ဝတ္ထုပစ္စည်း မဟုတ်ပေမဲ့ သိပ်ကို အဖိုးတန်တယ်။ ခင်ဗျားစတဲ့ဇာတ်မို့ အဆုံးသတ်ဖို့အတွက် ခင်ဗျားမှာ တာဝန်အပြည့်ရှိသွားပြီ ကိုလင်း။
~~~~~~~
ကတိစကားမမည်တဲ့ ရစ်ပတ်ခြင်းတွေကြား နှလုံးသားတစ်စုံဟာ ညအမှောင်နဲ့အတူ ကခုန်ရင်း ပျော်ဝင်ခဲ့တယ်။
ပိုင်ဆိုင်လိုခြင်းဟူသော လောဘဟာ နွေးထွေးမှုတွေမှာ မြစ်ဖျားခံကြောင်းကို အကြင်သူသိပါလေစ။
သိပ်ကို နုနယ်တဲ့ ထိကရုန်းငယ်ရယ်မို့ ချစ်ခြင်းမေတ္တာရဲ့ ခလုတ်တစ်တိုက်မှာ တစ်ဘဝစာ ဦးညွှတ်သွားဖို့ လုံလောက်ခဲ့ရပြီ။
ကျွန်တော့်ကမ္ဘာရဲ့ အသက်ဝင်ခြင်းဟာ ခင်းဗျားအပြုံးတွေမှတစ်ပါး အခြားမရှိတော့။
°°°°°°°