လူတစ်ယောက်ကို အမြင်နဲ့ ဆုံးဖြတ်လို့မရဘူး။
"လူအကြောင်း ပေါင်းကြည့်မှသိ" ဆိုတဲ့ အဲ့ဒီ့စကားက အကြောင်းမဲ့ ပေါ်ထွက်လာတာမျိုးမှ မဟုတ်တာ။
တစ်ခါလောက်လေး အပေါ်ယံ မြင်ခဲ့ဖူးရုံလောက်နဲ့ အတွင်းစိတ် တစ်ခုလုံးဟာ ဒီတိုင်းပဲလို့ ထင်မိမယ်ဆိုရင် မင်းမှားလိမ့်မယ်။
တခါတရံမှာ တချို့လူတွေဟာ မင်းထင်ထားသလိုမျိုး မရိုးရှင်းနေဘူး။
ရှုပ်ထွေးမှုတွေ အကြားမှာ ဖြူစင်မှုတွေ ရှိနေတယ်။
နတ်ဆိုးတွေဟာ ကြင်နာတတ်ကြောင်း မင်းသိလိုက်ရတဲ့ ခဏ ကမ္ဘာမြေဟာ ပိုပြီး နွေးထွေးသွားလိမ့်မယ်။
**** ***** ***** ***** *****
ကျောင်းစာကြည့်တိုက်ထဲက စားပွဲတစ်လုံးမှာ တစ်ယောက်ထဲ စာထိုင်ဖတ်နေတဲ့ နီနီသစ်လွင် အနားကို မိန်းခလေးသုံးယောက် ရောက်လာခဲ့ပါသည်။ သူတို့ကို နီနီက အပြုံးလှလှလေးနဲ့ နှုတ်ဆက်လိုက်၏။
"နီနီ ငါတို့ Photo Club ကိုဝင်ဖို့ နင့်ကို ဖိတ်ခေါ်ချင်တယ် ...ဝင်ပါလားဟင် ..."
ပြုံးနေတဲ့ နီနီ့မျက်နှာလေးက တချက်တော့ တွေဝေသွားသေးသည်။ ပြီးမှ အပြုံးမပျက် ပြန်ဖြေ၏။
"Photo Club ကစိတ်ဝင်စားဖို့တော့ ကောင်းမယ့်ပုံပဲ ...ငါ့အတန်းချိန်တွေနဲ့ အဆင်ပြေရင်တော့ ဝင်မယ်လေ နော် ..."
"အင်း ဝင်ဖြစ်အောင် ဝင်နော် နီနီ... ငါတို့ နင့်ကို ကြိုဆိုနေမယ် သိလား ..."
"အင်းပါ ကျေးဇူးပဲနော်..."
"ဪ နီနီ ပြီးတော့လေ ...မနက်ဖြန် ငါ့မွေးနေ့ပါတီ ရှိတယ်သိလား အဲ့ဒါ လာခဲ့ပါလားဟင် ..."
ပထမတစ်ယောက်က ကျောင်းကလပ်မှာ ပါဝင်ဖို့ နောက်ထပ်တစ်ယောက်က မွေးနေ့ပါတီကို လာစေချင်လို့။ တောင်းဆိုမှုတွေနဲ့ အနားရောက်လာကြတဲ့ ကျောင်းသူသုံးယောက်။ ဘာပဲဖြစ်နေနေ နီနီကတော့ အပြုံးလေးတွေနှင့်သာ။
"ဟုတ်လား လာခဲ့မှာပေါ့ဟ ..."
"အင်း လာခဲ့နော် မွေးနေ့ပါတီမှာ ငါတို့ကဲကြမယ် ..."
"အွန်း အွန်း ..."
"ဟိုလေ ...နင်လာရင် ..."
မွေးနေ့ဖိတ်နေတဲ့ တစ်ယောက်က တခုခုကို ပြောဖို့ မရဲတရဲလေးနှင့်။
"ဘာလဲဟင် ..."
"နင့်ကိုပဲ ဖိတ်တာမဟုတ်ဘူးနော် ဆီဇာနေရဇ္ဇတို့ သုံးယောက်ကိုလည်း ဖိတ်တယ်သိလား ...သူတို့ကိုပါ ခေါ်ခဲ့နော် ..."
ဒီတော့မှ သူမ ဆိုလိုချင်တဲ့ စကားနဲ့ ရည်ရွယ်ချက်ကို နီနီကလည်း ရိပ်မိလိုက်သည်။
"ဪ အင်းပါ သူတို့ကို ငါပြောပြလိုက်ပါ့မယ် ...ငါတို့ မနက်ဖြန် ချိန်းထားတာတွေ မရှိရင်တော့ မွေးနေ့ကို ရောက်အောင်ကို လာခဲ့မယ် စိတ်ချ ..."
"လာခဲ့နော် ငါမျှော်နေမယ်သိလား ..."
နီနီ့အဖြေကြောင့် တက်ကြွသွားတဲ့ သူမ။
"အင်းပါ ..."
စကားပြောပြီးနောက် နီနီက စားပွဲပေါ်မှ စာအုပ်အချို့ကို ကောက်သိမ်းလိုက်ပြီး ...
"ငါသွားစရာ ရှိသေးလို့ ခွင့်ပြုဦးနော် သူငယ်ချင်းတို့ ..."
"အင်း တာ့တာနော် နီနီသစ်လွင် ..."
"တာ့တာ ..."
လက်ပြနှုတ်ဆက်ပြီး နီနီတစ်ယောက် ထွက်လာခဲ့မိသည်။ ကျောင်းသူသုံးယောက်ကတော့ အဲ့ဒီ့နေရာမှာပဲ ရပ်ကျန်နေခဲ့ကြ၏။ အလိုရှိရာ အဆင်ပြေသွားတာမို့ ပျော်ရွှင်ကျေနပ်နေကြတဲ့ မျက်နှာတွေဟာ အဲ့ဒီ့နေရာ အခြမ်းမှာပေါ့။
နီနီကတော့ ယူဖတ်ပြီးတဲ့ စာအုပ်တစ်အုပ်ကို ပြန်ထားဖို့အတွက် တစ်ဖက်အခြမ်းက စာအုပ်စင်ကို သွားနေတာဖြစ်သည်။
"နီနီသစ်လွင်သာ ငါတို့ Photo Clubကို ရောက်လာခဲ့ရင် ကလပ်မန်ဘာတွေ ချက်ချင်းတိုးလာမှာပဲ ..."
"အေးပေါ့ဟဲ့ ကျောင်းရဲ့နာမည်ကြီး အချောအလှရှိနေတဲ့ ကလပ်ထဲကို ယောင်္ကျားလေးတွေက အလုအယက် ဝင်ချင်ကြမှာလေ ...ငါက အဲ့ဒါကြောင့် နီနီ့သစ်လွင်ကို ခေါ်လိုက်တာ ..."
"ငါရောပဲ ...ငါ့မွေးနေ့ပါတီကို သူ့ကိုဖိတ်လိုက်ရင် ဟိုသုံးယောက်ပါ ပါလာအောင်လို့လေ ..."
"မိန်းမနော် အကြံကိုက ဟွန်း ..."
"ခစ် ခစ် ...ပါတီကျရင် အဲ့ဒီ့သုံးယောက်နဲ့ ရင်းနှီးအောင် လုပ်ရမယ် ..."
"ဆီဇာနေရဇ္ဇတို့ သုံးယောက်နဲ့ ရင်းနှီးချင်ရင် အရင်ဆုံး နီနီသစ်လွင်ကို ရအောင်ပေါင်းပေါ့ဟဲ့ ..."
"ငါလည်း လိုက်ပေါင်းနေတာပဲ ဒါပေမယ့် အရမ်းရင်းနှီးဖို့က မလွယ်ဘူး ...နီနီက သူတို့အုပ်စုမှာပဲ အနေများတာ ..."
"ဟုတ်တယ်နော် နီနီသစ်လွင်က မိန်းခလေးတွေနဲ့ တွဲသွားတွဲလာ အရမ်းမရောဘူး ...ဆီဇာနေရဇ္ဇတို့ လင်းရဝေတို့နဲ့ပဲ အမြဲတတွဲတွဲ ..."
"တခြားမိန်းခလေးတွေနဲ့ ဘယ်ရောမလဲဟယ် ...ဒီလိုပြီးပြည့်စုံနေတဲ့ သူ့သူငယ်ချင်းကောင်လေးတွေကို တခြားသူတွေနဲ့ ရင်းနှီးသွားမှာ သူလည်း တွန့်တိုလို့ နေမှာပေါ့ ..."
"အမလေး မနာလိုဖြစ်ရမှာက ငါတို့ပါနော် ...သူ့လို အချောအလှလေးက visualအမိုက်ဆုံး ယောင်္ကျားလေးတွေကြားမှာ ...သူတို့အတူ ရှိနေကြရင် နတ်သမီးလေးကို ဝန်းရံနေကြတဲ့ နတ်သားလေးတွေလိုပဲ ...တခြားမိန်းခလေးတွေခမျာ အရမ်းမနာလိုချင်စရာ ကောင်းနေတာ..."
"အေးလေ အဲ့ဒါတော့ ဟုတ်တယ် ..."
မနာလိုခြင်းတွေကို ပေါ့ပေါ့ပါးပါး ရယ်မောပြောဆိုနေကြတဲ့ ကျောင်းသူသုံးယောက်ရဲ့ စကားတွေသည် စာအုပ်စင်ကြီး တစ်ဖက်အခြမ်းမှာ ရှိနေတဲ့ နီနီသစ်လွင်အား တိတ်ဆိတ်ငြိမ်သက်နေစေ၏။ ခိုး၍ နားထောင်နေတာမျိုးတော့ မဟုတ်ပါ။ နီနီ ထွက်သွားပြီ အထင်နဲ့ လွတ်လပ်စွာ ပြောဆိုနေကြတဲ့ သူတို့စကားကို အမှတ်မထင် ကြားမိသွားတာမျိုး။
စာအုပ်စင်မှာ စာအုပ်ကို နေရာတကျ ထားပြီးတာတောင် အဲ့ဒီ့စကားတွေကြောင့် လူကကျောက်ရုပ်လို ငြိမ်နေလျက်သား။ နောက်မှ "ငါထွက်သွားသင့်တယ်" ဟု အတွေးဝင်လာပြီး လှည့်ထွက်မည်အပြု ...။
မလှမ်းမကမ်း နေရာမှာ နီနီ့ကို ရပ်ကြည့်နေတဲ့ တစုံတယောက်ကြောင့် လူကတုံ့ခနဲ ရပ်သွားရ၏။ သူက သဏ္ဍာန်ဆန်း ဖြစ်သည်။ ဆန်းက စာအုပ်စင်နားမှာ စာအုပ်ရှာနေတဲ့ပုံပါပဲ။
စာအုပ်စင် တဖက်အခြမ်းမှာ ပြောနေတဲ့ စကားတွေကို နီနီကြားသလို သူလည်း ကြားမိလောက်သည်။ ဒါကြောင့် နီနီ့ကို ဒီလိုမျိုး ကြည့်နေတာ ဖြစ်နိုင်၏။ ဆန်းက တခုခု ပြောမယ့်ပုံနဲ့ နှုတ်ခမ်းတွေ လှုပ်သွားလေသည်။
"နီ ..."
ဒါကို ရိပ်မိသွားတဲ့ နီနီသစ်လွင်က ...
"ရှူး ..."
နှုတ်ခမ်းမှာ လက်ညှိုးတစ်ချောင်းကပ်ပြီး ခပ်တိုးတိုးလေး "ရှူး"လုပ်နေ၏။ တိတ်တိတ်နေရန် သတိပေးခြင်းပါ။ ပြီးတော့ ဆန်းရဲ့ အနားကို ခပ်မြန်မြန်သွားလိုက်ပြီး လက်ကနေ ဆွဲခေါ်သွားလေတော့သည်။
စာကြည့်တိုက် အပြင်ဘက် လူရှင်းတဲ့နေရာ ရောက်တော့မှ လက်ကို ဖြုတ်လိုက်ပြီး ...
"ငါ့အကြောင်း အတင်းပြောနေတဲ့ နေရာမှာ ...ငါ့နာမည်ကို လှမ်းခေါ်စရာလားဟဲ့ ...သူတို့တွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ ..."
"တမင်ကြားအောင် ခေါ်မလို့ဘဲလေ...နင်ဒီနေရာမှာ ရှိနေကြောင်း သူတို့ သိရမယ်မဟုတ်လား..."
"ဟယ် ဘယ်လိုလုပ် ကောင်းမလဲ ..."
"မကောင်းစရာ ဘာရှိလဲ ..."
သဏ္ဍာန်ဆန်းက နီနီ့ကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။
"ငါကခိုးနားထောင်နေသလို ဖြစ်သွားမှာပေါ့ဟ ..."
"ဖြစ်ဖြစ်ပေါ့ ဘာဖြစ်လဲ ...ကိုယ့်အကြောင်း ပြောနေလို့ ကိုယ်ကနားထောင်မိတာ ...ကိုယ့်အမှားလည်း မရှိဘူး အနေခက်စရာလည်း မလိုဘူး ..."
"ဒါပေမယ့် ..."
"နင်တို့အုပ်စုကလေ လုပ်သင့်တာကို မလုပ်ဘဲ မလုပ်သင့်တာကိုကျတော့ လုပ်ကြတယ်နော်..."
"ဟမ် ဘာကို ..."
"ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို မကောင်းသလိုဘဲ ပြန်ဆက်ဆံသင့်တယ် မဟုတ်လား ...နောက်ကွယ်ကနေ လက်တုံ့မပြန်ဘဲနဲ့ ဒဲ့ပြောသင့်တယ် ...သူတို့က နင့်ကို အသုံးချနေတာကို နင်သိတယ် ...ဒါပေမယ့် ဖော်ရွေမှုဆိုတဲ့ ပြယုဂ်တစ်ခုအတွက် ဟန်ဆောင်ပြလိုက်တယ် ...အဲ့ဒါက နည်းလမ်းအမှားကြီးပဲ ..."
"ငါ့အတွက် ဒါတွေက ရိုးနေပါပြီ သဏ္ဍာန်ဆန်းရယ် ...မနာလိုခံရတာတွေ အသုံးချခံရတာတွေနဲ့ပဲ ကြုံခဲ့ရဖူးတော့ ... မိုင်းတို့ လင်းရဝေတို့ကလွဲရင် တခြားမိန်းခလေး သူငယ်ချင်းတွေနဲ့ ငါအပေါင်းအသင်း မလုပ်ချင်မိတော့ဘူး ...ငါတို့က လူတွေကို ခွဲခြားဆက်ဆံလိုက်တာ မဟုတ်ဘူး ...လူတွေက ငါတို့ကို ဒီလိုဖြစ်အောင် လုပ်ပစ်လိုက်တာ ..."
နီနီသစ်လွင်တစ်ယောက် ဘာလို့ ယောင်္ကျားလေးအပေါင်းအသင်းနဲ့ပဲ ရှိနေရသလဲဆိုတာကို အခုတော့ အနည်းငယ် နားလည်သွားရသလိုပင်။
"ငါလည်း မိန်းခလေးသူငယ်ချင်းတွေ လိုချင်တာပေါ့ ...ငါ့ဆီကနေ ဘယ်လို မျှော်လင့်ချက်မှ မရှိဘဲ တကယ်စိတ်ရင်းအမှန်နဲ့ ပေါင်းသင်းမယ့် သူမျိုးတွေ ...ဒါပေမယ့် နင်သိလား သဏ္ဍာန်ဆန်း ...အဲ့ဒီ့လိုလူတွေ အရမ်းရှားတယ် ..."
သူမရဲ့ အလှအပအတွက် အမြဲဂုဏ်ယူပြီး ပြောနေတတ်တဲ့ ဒီမိန်းခလေးဟာ တကယ်တော့ အစစ်အမှန် သူငယ်ချင်းတွေကို အလိုရှိနေတဲ့ သာမန်ခပ်အေးအေး ကောင်မလေးပါပဲ။
"ရှားတာမှန်ပါတယ် ...ဒါပေမယ့် လုံးဝမရှိတာမျိုးတော့ မဟုတ်ဘူး ...နင်အဲ့လိုလူတွေနဲ့ မဆုံရသေးလို့ပါ ..."
နီနီက ဆန်းကို ငေးကြည့်နေပြီး ...
"ဒါနဲ့ နင်ဘာလို့ ငါ့ကိုလာခေါ်တာလဲ သဏ္ဍာန်ဆန်း ..."
"ဘာကိုလဲ ..."
"နင်ပဲ ငါတို့အုပ်စုကို နင်နဲ့ လာမပတ်သက်နဲ့ ...ငါ့ဆီ မလာကြနဲ့ဆိုပြီး ...အော်ထုတ်နေကြလေ ...အခုကျတော့ ငါ့အတင်း ပြောခံနေရတာကို နင်အရင် ဝင်ပါလာတာနော် ..."
အသံနေအသံထားက ဆန်းပြောနေကြ လေသံမျိုးနဲ့ နီနီက ပြောနေတာဖြစ်သည်။ ပြီးတော့ မျက်နှာကလည်း ပြုံးရယ်လို့။
"ငါ့ကိုအရင် လာရောတာ နင်နော် ...ငါမဟုတ်ဘူး ..."
ဒီတော့မှ ဆန်းက လမ်းဆက်လျောက်သွားလေသည်။ နီနီလည်း သူ့နောက်ကနေ လိုက်ပြီး ...
"ဘာလို့လဲလို့ ဟင် ...ငါ့ကို ခင်လို့လား ဟုတ်လား ...သူများတွေ ငါ့အတင်းပြောနေတာ ကြားတော့ နင်မနေနိုင်လို့မို့လား ဟုတ်လား ..."
"မနေနိုင်စရာ ဘာရှိလို့လဲ ငါနဲ့အနေသာကြီးပဲ ..."
"ဒါဆို ဘာလို့ဝင်ပါတာလဲ ..."
"ငါဘယ်မှာ ဝင်ပါလို့လဲ ..."
"နင် အဲ့ဒီ့နေရာမှာ ငါ့နာမည်ခေါ်လိုက်တာလေ ...အဲ့ဒါ ဝင်ပါဖို့ အစပျိုးတာပဲပေါ့ ..."
"မြင်ရကြားရတာက တလွဲတွေဖြစ်နေတာကိုး ...အသုံးချတဲ့ သူတွေက ကျေနပ်ပျော်ရွှင်နေတယ် ...အသုံးချခံရပြီး အပြောခံရတဲ့သူကတော့ ငြိမ်ပြီးကုပ်နေရော ...ဒါက ငါ့ရှေ့မှာ ရှိနေတာ အဆင်ပြေမနေဘူးလေ ..."
"တကယ်အဲ့လိုကြောင့်လား ငါ့ကိုခင်လို့ မဟုတ်ဘူးပေါ့ ..."
"အေး ..."
ဆန်းက တစ်လုံးပဲ ပြန်ဖြေပြီး ခြေလှမ်းတွေကို ကျဲပစ်လိုက်၏။ နီနီ့ခမျာ ဘေးကနေ မနည်းမှီအောင် လျောက်လိုက်နေရပါသည်။
"နင်သာ ငါ့သူငယ်ချင်းရဲ့ crush မဟုတ်ရင် ... ငါနင့်ကို တကယ် crush မိလိမ့်မယ်သိလား ...နင့်စိတ်ဓာတ်ကို ငါတကယ်သဘောကျတယ် ..."
နီနီသစ်လွင်က ရယ်မောပြီး ဘေးကနေ လိုက်ပြောနေလေသည်။ ဒီစကားကို ကြားတော့ ဆန်းရဲ့ ခြေလှမ်းတွေက ရပ်သွားပြီး နီနီ့ကို ငဲ့ကြည့်လိုက်၏။ ဒါပေမယ့် ဘာမှတော့မပြောပါ။
"တကယ်ပြောတာ ငါနင့်စိတ်ဓာတ်ကို တကယ် သဘောကျတယ် ငါနဲ့သူငယ်ချင်း လုပ်မလား ဆန်း ..."
"မလုပ်ချင်ဘူး ..."
"ဒါဆို ငါ့မောင်လေးအဖြစ် နေမလား ..."
"မနေဘူး ..."
အငြင်းဝါကျတွေပဲ ဆက်တိုက်ပြောနေတဲ့ ဆန်းအား နီနီက စနောက်ဖို့ ကြံစည်လိုက်လေသည်။
"ဒါဆိုရင် ငါ့သူငယ်ချင်းမိုင်းရဲ့ ကောင်လေးအဖြစ် မလုပ်ချင်တာ မဟုတ်ဘူးပေါ့..."
"မဟုတ်ဘူး ..."
"အော် ဒါဆို လုပ်ချင်တယ်ပေါ့ ..."
ဒီတော့မှ ဆန်းမှာ ကိုယ့်အဖြေ မှားသွားပြီမှန်း ပြန်သတိထားမိသွားရ၏။ ပတ်ရှုပ်ပြီး ပြောနေတဲ့ စကားအကွက်ထဲကို သတိမထားမိဘဲ ဝင်မိသွားတဲ့ ဆန်း။
"မဟုတ်ဘူး ငါပြောချင်တာက ..."
"အော် အေးပါ သိပြီ သိပြီ ငါ့သူငယ်ချင်းမိုင်းရဲ့ ကောင်လေးအဖြစ် နင်က လုပ်ချင်တယ် ဟုတ်တယ်မို့လား အဲ့လို ..."
"အဲ့လို မဟုတ်ဘူး ..."
"နင်ပဲ မလုပ်ချင်တာ မဟုတ်ဘူးဆို ဒါဆို လုပ်ချင်တယ်လို့ ဆိုလိုတာပဲပေါ့ ...အင်း ဒီကိစ္စ ငါ မိုင်းကို ပြန်ပြောပြလိုက်ပါ့မယ် ...ဟုတ်ပြီလား ..."
ဆန်း စကားမှားသွားတာကို နီနီက ပြုံးစိစိနဲ့ ဆက်ပြီး စနောက်နေဆဲ။
"မဟုတ်ဘူးလို့ ငါပြောနေတယ်လေ မဟုတ်ပါဘူးဆို ..."
နှစ်ယောက်သား ကျောင်းဝင်းထဲက လမ်းမအလယ်မှာ မျက်နှာချင်းဆိုင် ရပ်နေမိကြ၏။ တစ်ယောက်က စိတ်ရှုပ်ပြီး ကြည့်နေပြီး တစ်ယောက်ကတော့ စနောက်ရလို့ ပျော်နေလေရဲ့။ အဲ့ဒီ့အချိန်တွင် သူတို့ အနားသို့ ကောင်မလေးတစ်ယောက် ရောက်လာခဲ့လေသည်။
"ကိုကို ..."
သူတို့နဲ့ အသက်မတိမ်းမယိမ်း ရှိပုံရတဲ့ အဲ့ဒီ့မိန်းခလေးဟာ သဏ္ဍာန်ဆန်းကို ကြည့်ပြီး ခေါ်လိုက်တာပဲ ဖြစ်သည်။ သူမရဲ့ မျက်နှာမှာတော့ ဝမ်းနည်းရိပ်အချို့ သန်းနေလေရဲ့။ ဆန်းကလည်း ဒီမိန်းခလေးကို သိနေတဲ့ပုံပါ။
"နန်းသွေး ..."
"ကိုကို ..."
နန်းသွေးဆိုတဲ့ မိန်းခလေးက သဏ္ဍာန်ဆန်း ရင်ခွင်ထဲကို ဝင်လာပြီး ဖက်တွယ်ထားလေ၏။ ပြီးတော့ သူမက အနည်းငယ် အသံတွေတုန်နေလေရဲ့။
"ကိုကို ...အဟင့် ဟင့် ..."
"နန်းသွေး ဘာဖြစ်လို့လဲ ဘာဖြစ်လာတာလဲ ကိုကို့ကို ပြောဦးလေ ..."
ဆန်းက သူ့ရင်ခွင်ထဲက ကောင်မလေးကို ပုခုံးနှစ်ဖက်ကနေ ကိုင်ပြီး မျက်နှာကို စိုက်ကြည့်ကာ မေးနေ၏။
"ဟန်နာ ဟန်နာလေးလေ သိလား ...အဟင့် ..."
ပြောချင်တဲ့ အကြောင်းအရာကို ဆန်းကလည်း ရိပ်မိသွားပုံရသည်။
"ကိုကိုတို့ တနေရာမှာ စကားသွားပြောရအောင် နန်းသွေး ...ဒီမှာက ကျောင်းလမ်းမကြီးမှာ ဖြစ်နေတယ်လေ ..."
ဖြတ်သွားဖြတ်လာ လူတွေလည်း ရှိနေပြီး ဘေးမှာက နီနီလည်း ရှိနေတာမို့ တနေရာမှာ စကားပြောဖို့က လိုအပ်နေပါပြီ။ နန်းသွေးဆိုတဲ့ ကောင်မလေးရဲ့ လက်ကို ဆွဲပြီး တနေရာကို ထွက်သွားဖို့ ပြင်လိုက်စဉ် ...
"ဆန်း ငါပြောလို့ မပြီးသေးဘူးလေ ..."
"နေစမ်းပါ နင်ငါ့ကို စချင်ရင် နောက်မှစတော့ ...ဒီမှာ ငါ့ကိစ္စက ပိုအရေးကြီးတယ် ..."
ဆန်းက စိတ်ဆိုးပြီး အော်သွားတာမျိုး မဟုတ်ပါ။ နီနီသစ်လွင်ကို ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလိုက်တာ ဖြစ်သည်။
နှစ်ယောက်သား ထွက်သွားကြတော့ နီနီ တစ်ယောက်ထဲ တွေးမိလိုက်တာက ...
"အဲ့ဒီ့ ကောင်မလေးက သူ့ရည်းစားများလား ..."
မသေချာသော်လည်း အတွေးက ရောက်စေ၏။ ဒါကိုသာ မိုင်းသိရင် ဘယ်လို လုပ်မည်လဲ။ ပြန်ပြောပြ ရမှာလား။ မပြောပြ ရဘူးလား။ တွေဝေနေဆဲအချိန်တွင် ...
"အဲ့ဒါ ဘယ်သူလဲ ..."
မေးခွန်းနဲ့အတူ အနားရောက်လာသူက မိုင်း။ ပြီးတော့ လင်းရဝေနဲ့ ကောင်းသစ်လွင်။ ဘယ်ကနေ ဘယ်လို ရောက်ချလာကြသည် မသိ။ ရောက်လာတဲ့အချိန်ဟာ တကယ့်ကို ကွက်တိ။ သဏ္ဍာန်ဆန်းနဲ့ အတူ ထွက်သွားတဲ့ ကောင်မလေးကိုပါ မြင်သွားတဲ့ပုံ။
"နင်တို့က ဒီကို ဘယ်လို ..."
"နင့်ဆီလိုက်လာတာလေ ..."
ရဝေက ပြန်ဖြေလိုက်သည်။
"ငါမေးတာ ဖြေ ...ဟိုတစ်ယောက်က ဘယ်သူလဲလို့ ..."
"ငါလည်း မသိဘူးလေ..."
"နင် သူတို့နှစ်ယောက် အနားမှာ ရှိနေတာ မဟုတ်ဘူးလား ..."
မိုင်းက နီနီ့ကို ခပ်ဆတ်ဆတ်လေး ပြန်ပြောလိုက်လေ၏။
"ရှိတာတော့ ဟုတ်ပေမယ့် ...ဘယ်လို ပတ်သက်မှုရှိလဲဆိုတာ ငါ့ကို ရှင်းပြသွားတာမှ မဟုတ်တာ ...ငါက ဘယ်လိုသိမှာလဲ ...ဆန်းက အဲ့ဒီ့ကောင်မလေးကို နန်းသွေးလို့ ခေါ်တယ် ...အဲ့ဒီ့ကောင်မလေးက သူ့ကို ကိုကိုတဲ့ ...ငါသိလိုက်ရတာ အဲ့ဒါပဲ ...ပြီးတော့ ပြဿနာတခုခု ရှိနေတဲ့ပုံပဲ ကောင်မလေးက ငိုနေတယ် ...ဆန်းကလည်း သူ့ကိစ္စ အရေးကြီးတယ်ဆိုပြီး ငါ့ကို ထားခဲ့တယ် ..."
သိလိုက်ရသလောက် နီနီက မိုင်းကို ပြန်ဖြေလိုက်ပါသည်။ ဒါပေမယ့် မိုင်းမျက်နှာပေါ်က မျက်ခုံးတွေကတော့ တွန့်ကွေးနေကြဆဲပဲ။
"ကိုကို ကိုကိုတဲ့လား ..."
မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီဖြစ်သော ဆန်းတို့နှစ်ယောက် ထွက်သွားတဲ့ အရပ်ဆီကို လှမ်းကြည့်နေတဲ့ မိုင်း။
သူ့မျက်နှာက သုန်မှုန်နေပြီး အလိုမကျ ဖြစ်နေတဲ့ ပုံစံ။ ရာသီဥတုဟာ သာယာမှု မရှိကြောင်း အနီးအနား ဝန်းကျင်က လူတွေကလည်း ရိပ်မိသိရှိနေပါ၏။
"သဏ္ဍာန်ဆန်း အကြောင်း မင်းတို့စုံစမ်းတုန်းက ရည်းစားရှိလား မရှိလား မပါခဲ့ဘူးမို့လား ..."
မသာယာတဲ့ ရာသီဥတုဟာ ဘေးကလူတွေ ဆီကိုပါ လှည့်လို့လာ၏။
"မပါဘူးလေ အဲ့တုန်းက စုံစမ်းတုန်းက ရည်းစားရှိ မရှိကိစ္စက လိုမှမလိုအပ်တာ ...အဲ့ဒါကြောင့် မစုံစမ်းမိဘူးလေ ..."
စုံစမ်းသူက ကောင်းသစ်လွင်ပဲ ဖြစ်သည်။
"အေး အခုလိုအပ်သွားပြီ ...ရအောင် စုံစမ်း..."
အမိန့်ပေး စေခိုင်းသူကတော့ မိုင်း။
"မင်းက အဲ့ဒီ့ကောင်မလေးကို သဏ္ဍာန်ဆန်းရဲ့ ရည်းစားလို့ ထင်နေတာလား ..."
လင်းရဝေရဲ့ စကားကိုကြားတော့ နီနီက ဆက်မပြောဖို့ မျက်ရိပ်မျက်ကဲ ပြနေလေသည်။ ဒါပေမယ့်အချိန်က မမှီ။
"ရင်ခွင်ထဲ ဝင်ငိုနေတာက ဘယ်လိုဆက်နွှယ် ပတ်သက်မှုမျိုးလို့ မင်းတို့ထင်လဲ ..."
သုံးယောက်လုံး ပါးစပ်ပိတ်နေကြပါသည်။ စကားကို မဆက်ရဲ။ မိုင်းရဲ့ အခြေအနေက သိပ်မကောင်းဘူးမို့လား။ ဒီလိုပါပဲလေ သဝန်တိုမှုဆိုတာက ဘယ်သောအခါက တည်ငြိမ်အေးဆေးဖူးလို့လဲ။ ထိတာနဲ့ ငြိပြီး လှုပ်တာနဲ့ မြှပ်၏။
**** ***** ***** ***** *****
တညနေလုံး ကျောင်းမှာ လိုက်ရှာနေတုန်းက ရှာလို့မတွေ့ခဲ့ပါ။ အိမ်ပြန်ရောက်တော့မှ ခြံထဲမှာ ဘတ်စကတ်ဘော ကစားနေတဲ့ သဏ္ဍာန်ဆန်းကို မိုင်းက မြင်လိုက်ရ၏။
ဆန်းက ဘောလုံးကို ပစ်မှတ်အပေါက်ထဲ ဝင်အောင် ပစ်နေတာမျိုး မဟုတ်။ အဲ့ဒီ့အပေါက်ရဲ့ အနောက်မှာ ခံထားတဲ့ ဘုတ်ပြားကြီးကို ဘောလုံးနဲ့ တမင်ပစ်ပေါက်နေတာပဲ ဖြစ်သည်။
မိုင်းတစ်ယောက် အိမ်ထဲတောင် မဝင်ဖြစ်။ ဘတ်စကတ်ဘော ကစားတဲ့ နေရာဆီကို လျောက်သွားမိလေသည်။ ကျောပိုးအိတ်ကိုလည်း ကြမ်းပြင်တနေရာ အောက်ဘက်မှာ ဖြစ်သလို ပစ်ချထားလိုက်ပြီး ပြန်ကန်ထွက်လာတဲ့ ဘောလုံးကို အသာလေး ဝင်ယူလိုက်ပါ၏။
ပြီးတော့ ဘောလုံးကို ပုတ်နေရင်းနဲ့ သဏ္ဍာန်ဆန်းအား ကြည့်နေပုံက မကြည်တဲ့ အကြည့်နဲ့။
"ဒါဘာလုပ်တာလဲ ..."
"မင်းကရော ဘာလုပ်နေတာလဲ ...ပစ်မှတ်ထဲ ဝင်အောင်ပစ်နေတာ မဟုတ်ဘဲနဲ့ တမင်ဒီလို ပစ်နေတာဆိုတော့ ...ဘာလဲ စိတ်နဲ့လူနဲ့ ကပ်မနေဘူးလား ..."
မိုင်းက ပြောရင်းနဲ့ ဘောလုံးကို ဝင်အောင်သွင်းလိုက်ပါ၏။
"ငါ့ကို မနှောင့်ယှက်နဲ့ ဆီဇာနေရဇ္ဇ ငါဒီနေ့ တကယ်ကို စိတ်မကြည်ဘူးနော် ..."
"ဘာလဲ မင်းကောင်မလေးကြောင့်လား ..."
"ဘယ်က ကောင်မလေးလဲ ..."
ဆန်းက ဆီဇာနေရဇ္ဇရဲ့ စကားကို နားမလည်။ ဒီနေ့ သူ့မှာ စိတ်ညစ်စရာတွေ ရှိနေပါ၏။ ဒါကြောင့် ညနေအတန်းကိုတောင် မတက်ဖြစ်ခဲ့ပါ။
"မင်းရဲ့ Free Hugs က နေရာတိုင်း အချိန်တိုင်းမှာပဲနော် ..."
ဘောလုံးက သူ့လက်ထဲမှာပဲ ရှိနေဆဲ။ စကားတွေကလည်း အခုထိ ဘာကိုဆိုလိုချင်နေမှန်း မသိ။ ဆန်းက ပိုပြီး စိတ်တိုလာကာ ဘောလုံးကို ဝင်လုဖို့ ကြိုးစားလိုက်လေ၏။
"ပြောချင်တဲ့ စကားကို ဒဲ့ပြော ...ငါ့ကို ပဟေဠိတွေ လာလုပ်မနေနဲ့ ..."
ပြောရင်းနဲ့ ဘောလုံးက ဆန်းရဲ့လက်ထဲ ပြန်ရောက်သွားပြန်သည်။ ပြီးတော့ ဆန်းက ပစ်မှတ်ထဲ ဝင်အောင်ထည့်လိုက်၏။ ပြန်ထွက်လာတဲ့ ဘောလုံးကို နှစ်ယောက်သား လုဖြစ်ကြရင်း စကားတွေကတော့ ပြောနေကြဆဲ။
"မင်းရင်ခွင်က လူတကာ ဆွဲသွင်းနေတာပဲလား ..."
"ဘာပြောတယ် ..."
မိုင်းရဲ့ စကားက ဆန်းကို ကြောင်သွားစေပြီး လက်ထဲက ဘောလုံးကိုပါ အလုခံလိုက်ရလေသည်။ နောက်မှ နေ့လည်က ကိစ္စကို သတိရသွားမိ၏။ သူ့ကို နီနီသစ်လွင် ပြောပြလိုက်တာပဲ ဖြစ်ပါလိမ့်မည်။
"ငါ့သဘောနဲ့ငါ ဘယ်သူ့ကိုပဲ ရင်ခွင်ထဲ ထည့်ထည့် မင်းကိစ္စမဟုတ်ဘူး ..."
ဒီတစ်ခါ ဘောလုံးပေးလိုက်ရသူက မိုင်းပဲဖြစ်သည်။ ဘောလုံးက ပစ်မှတ်အပေါက်ထဲကနေ ပြန်ထွက်လာတိုင်း ရယူနိုင်သူက ခဏခဏလူပြောင်းနေခဲ့၏။
ဘောလုံးကို လုယူဖို့ ကြိုးစားတိုင်း နှစ်ယောက်လုံးရဲ့ အထိအတွေ့တွေက ပူးကပ်နေလျက်။ ဘောလုံး အလုမခံရဖို့အတွက် လှည့်လှည့်ပြီး ပုတ်သွားတဲ့ ဆန်းကို ဒီတခါမှာတော့ မိုင်းက အနောက်ဘက်ကနေ သိမ်းကြုံးဖက်ထားလိုက်ပါသည်။
"ငါ့သဘောပဲ ဆိုတဲ့စကားက မိုင်းဆိုတဲ့ ငါ့အတွက်ပဲ...အဲ့ဒါငါ့ရဲ့စကား ..."
ဘောလုံးကို မဟုတ်တော့ဘဲ လူကိုအလုခံလိုက်ရတာမို့ ဆန်းကလည်း လက်တံတောင်ဆစ်နဲ့ နောက်ပြန်လွှဲပြီး ရိုက်၏။ ခြေထောက်တွေနဲ့ နောက်ပြန်ကန်ပစ်၏။ ဒါပေမယ့် ချက်ကောင်းမထိဘဲ အဖျားခတ်ရုံသာ။
"ဒီမှာ သဏ္ဍာန်ဆန်း ငါကလေ တိုက်ကွမ်ဒိုနဲ့ ဂျူဒိုမှာ ခါးပတ်အနက် ရထားတာသိလား ...မင်းငါ့ကို နိုင်မယ်ထင်နေလား ..."
ပြောလဲပြော လူကိုပါ ကြမ်းပြင်ပေါ် လှဲချပစ်လိုက်တဲ့ မိုင်း။ သဏ္ဍာန်ဆန်း ပြန်ထလို့မရအောင် အပေါ်ကနေ ခွထားကာ သူ့ပုခုံးတွေကို အင်အားသုံးပြီး ဖိထားလိုက်၏။ လွယ်တော့မလွယ်ပါ။ သဏ္ဍာန်ဆန်းက လူကြည့်တော့ ဖြူသွယ်သွယ် ကောင်လေးဆိုပေမယ့် အင်အားကတော့ မခေပေ။
"ဖြေစမ်း အဲ့ဒီ့ကောင်မလေးက ဘယ်သူလဲ ..."
"မင်းသိစရာ မလိုဘူး ..."
သူ့ရဲ့အောက်မှာ ရောက်နေသည့်တိုင် သဏ္ဍာန်ဆန်းတို့က အလျော့မပေးသေးပေ။ လက်တွေက တွန်းထိုး ရုန်းကန်နေတုန်း။
"မင်းကောင်မလေးလား ..."
ဒီအဖြေကို မသိရမချင်း သူလွှတ်ပေးဖို့ အစီအစဉ်လုံးဝ မရှိပါ။ ကောင်းသစ်လွင်ရဲ့ စုံစမ်းမှုက အခုထိ အဖြေရောက်မလာသေး။ ဒါကို ထိုင်စောင့်နေဖို့ကလည်း သူစိတ်မရှည်နိုင်ပေ။ အဓိကလူက မျက်စိရှေ့ ရှိနေတာကို ဘာအတွက် လိုက်စုံစမ်း နေရဦးမှာလဲ။ တိုက်ရိုက်မေးလိုက်ခြင်းက အမြန်ဆုံး အဖြေတစ်ခုပဲ မဟုတ်လား။
"ဆီဇာနေရဇ္ဇ မင်းငါ့ကို လွှတ်စမ်း ..."
အသံက သနားခံပြီး တောင်းဆိုနေတာမျိုး မဟုတ်။ အမိန့်ပေးနေတာမျိုး။
"မင်းဖြေရင် ငါလွှတ်မယ် ..."
"မင်းသိဖို့ မလိုအပ်တာကို ဘာလို့သိချင်နေရတာလဲ ..."
ဆီဇာနေရဇ္ဇက သူ့ရဲ့စကားကြောင့် ပြုံးလိုက်၏။ အဲ့ဒီ့မျက်နှာဟာ သူ့ရဲ့ အပေါ်စီးကနေ စီးမိုးတည်ရှိနေပါသည်။ ချောမောမှုက သပ်သပ်၊ နတ်ဆိုးကဲ့သို့ အပြုံးမျိုးက သပ်သပ်။ ဒါပေမယ့် နှစ်မျိုးပေါင်းစပ်မှုက ဘယ်လိုဆွဲဆောင်မှု တမျိုးပါလိမ့်။
"ငါက မင်းကို စိတ်ဝင်စားနေတာလေ ...မင်းသိတယ်မို့လား ...အဲ့ဒီ့တော့ မင်းကောင်မလေး ဟုတ်မဟုတ် ငါသိဖို့ လိုအပ်မနေဘူးလား ..."
ဆန်းက ပြန်မဖြေမိ။ သူ့မျက်ဝန်းတွေကိုသာ ကြည့်နေလေသည်။
"မင်းဘာလို့ ခဏခဏ မေ့နေတာလဲ မင်းအမြဲ သတိရနေဖို့အတွက် ငါနေ့တိုင်း ပြောပြပေးနေရမလား ပြော ...သဏ္ဍာန်ဆန်း ငါမင်းကို စိတ်ဝင်စားတယ် ...သဏ္ဍာန်ဆန်း ငါတို့တွဲရအောင် ...သဏ္ဍာန်ဆန်း ငါမင်းကို ..."
"တော်တော့ ..."
ပြောတဲ့သူက အရွဲ့တိုက်ပြီး ပြောနေကာ ကြားနေရတဲ့ သူကလည်း ပိတ်အော်၍ တားပစ်လိုက်သည်။ အပေါ်အောက် ဒီလိုအနေအထားမျိုးနဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး ဒီစကားတွေ ပြောနေခြင်းက သူ့ကို အနေရခက်လာစေ၏။
"အဲ့ဒါ ငါ့ကောင်မလေး မဟုတ်ဘူး ..."
အဲ့ဒီ့စကား တစ်ခွန်းနဲ့တင် အားလျော့သွားတဲ့ မိုင်းအား ဆန်းက ဖယ်ထုတ် ပစ်လိုက်နိုင်သည်။ နှစ်ယောက်သား လူချင်းခွာလိုက်တော့ ကြမ်းပြင်ပေါ်က တနေရာစီမှာ ထိုင်လျက်သား။
ခွန်အားသုံးလိုက် ရလို့လားတော့ မသိ။ နှစ်ယောက်လုံး မောဟိုက်နေကာ အသက်ရှုသံတွေလည်း ပြင်းလို့ပါပဲ။ ချွေးတွေကလည်း ချက်ချင်း ရွဲစိုကုန်ကြ၏။
"ဒါဆို သူက ဘယ်သူလဲ မင်းကို ကိုကိုလို့လည်း ခေါ်တယ်ဆို ..."
နီနီသစ်လွင်ရဲ့ သတင်းပေး ကောင်းမှုအား ဆန်းစိတ်ထဲကနေ ကြိတ်ပြီး မေတ္တာပို့ပေး မိသွားရ၏။ မလိုအပ်တာတွေဆိုရင် သူမလည်း နေရာတကာ ပါနိုင်လွန်းပါသည်။
"ဖြေလေ ..."
"ငါ့ကောင်မလေး မဟုတ်ဘူးဆိုရင် ပြီးပြီပေါ့ မင်းသိချင်တာ အဲ့ဒါမဟုတ်လား ..."
"ကိုကိုလို့ခေါ်ပြီး မင်းရင်ခွင်ထဲ ဝင်ငိုတယ်ဆိုတော့ ဒါက ဘယ်လိုအခြေအနေလဲ ...မင်းနဲ့တွဲနေတဲ့ ကောင်မလေးလည်း မဟုတ်ဘူးဆိုတော့ ...မင်းကိုကြိုက်နေတဲ့ ကောင်မလေးလား ..."
မိုင်းက ထရပ်လိုက်ပြီး ထိုင်နေတဲ့ ဆန်းကို လက်ကမ်းပေးလိုက်၏။ ဆွဲထူပေးမယ့် သဘော။ ဒါပေမယ့် ဆန်းက သူ့လက်ကို ရိုက်ပြီး ဖယ်ချလိုက်ကာ သူ့ဘာသာ ထရပ်လိုက်ပါသည်။
အဲ့ဒီ့နောက် ဆန်းက အိမ်ဘက်ကို ခြေဦးလှည့်လိုက်၏။
"မင်း ငါ့ကို မပြောပြဘူးဆိုရင် ငါအဲ့ဒီ့ကောင်မလေးအကြောင်း မရရအောင် လိုက်စုံစမ်းမှာနော် ...စုံစမ်းပြီး တခုခုပြဿနာ ရှာမိရင် ငါ့ကို အဆိုးမဆိုနဲ့ ..."
အဲ့ဒီ့စကားကို ကြားလိုက်တော့ ဆန်းရဲ့ ခြေလှမ်းတွေက တုံ့ခနဲရပ်သွားပြီး လူကလည်း ချက်ချင်း ပြန်လှည့်ကြည့်လာသည်။ စိတ်ရှုပ်နေတဲ့ မျက်နှာနဲ့ မသာယာသော အကြည့်တွေဟာ မိုင်းဆီ ရောက်လာလေ၏။
ဆီဇာနေရဇ္ဇ အကြောင်းကို တချို့တလေ သိနေတဲ့သူမို့ ပြဿနာရှာမယ့် ကိစ္စဟာ တကယ် လုပ်နိုင်သည်ဟု တွေးမိသွားရသည်။ ပြောရင် ပြောတဲ့အတိုင်း လုပ်လေ့ရှိတဲ့ ဒီသတ္တဝါကောင်ဟာ တကယ့် အန္တရာယ်ပါပဲ။
"ငါနေခဲ့တဲ့ မိဘမဲ့ ဂေဟာက ညီမလေး ...ငယ်ငယ်ထဲက အတူတူနေပြီး ကြီးပြင်းလာတာ ..."
"ဪ ... အဲ့ဒါဆိုရင် ငိုတာကရော ..."
မေးနေတဲ့ပုံစံက တခုချင်း သေသေချာချာ။ ဘယ်လောက်တောင် သိချင်စိတ်တွေ ပြင်းပြနေသည်လဲ။
"မင်း မေးခွန်းတွေက မပြီးနိုင်တော့ဘူးလား ..."
"ငါမေးတာက သူကဘယ်သူလဲ ဘယ်လိုပတ်သက်လဲ ဘာလို့မင်းရင်ခွင်ထဲမှာ လာငိုရသလဲ ...ဒီအချက်တွေကို ပထမထဲက တခါထဲ မေးလိုက်ပြီးသားပဲလေ ...မင်းဘာသာ အကုန်မဖြေဘဲ တခုစီဖြေနေတာ ..."
"အဲ့ဒါဆို ငါ့အမှားပေါ့ ..."
"အေး ဟုတ်တယ် ..."
စိတ်တိုပြီး ဆန်းမှာ သက်ပြင်းတွေပင် ချလို့။ မိုင်းကတော့ ပုခုံးနှစ်ဖက်ကို တွန့်ပြ၍ ခပ်ကြောကြောပုံစံနှင့် ပြန်ဖြေ၏။
"ငါတို့ဂေဟာက ဟန်နာဆိုတဲ့ ကလေးလေး နေမကောင်းဘူး ကျောက်ကပ်ရောဂါနဲ့ ...အဲ့ဒါ ဆေးဆက်ကုဖို့ ငွေကြေးအလှူရှင်က နှုတ်ထွက်သွားတယ် ဒီမနက် ...အခက်တွေ့နေရတယ် ...နန်းသွေးက အဲ့ဒီ့သတင်းကြားလို့ ငါ့ဆီလာပြောပြရင်း ငိုနေတာ ..."
"ဪ အဲ့ဒါလား အကြောင်းရင်းက ...ဘာများလဲလို့ ..."
အခုမှ စိတ်ပေါ့သွားတဲ့ အမူအရာမျိုးနဲ့ မိုင်းက သူ့ဆံပင်တွေကို တချက်လှန်တင်လိုက်ပြီး ဆန်းရဲ့အနားကို လျောက်လာလေသည်။
"မင်းအတွက် ဘာမှမဟုတ်ပေမယ့် ငါတို့အတွက်ကတော့ ဒါက အတော်လေး စိတ်ဖိစီးစရာပဲ ...အဲ့ဒီ့ ကလေးလေး ဟန်နာက အဲ့ဒီ့လို မဖြစ်မနေ ငွေကြေးလိုအပ်တဲ့ ရောဂါဖြစ်နေလို့ ...သူ့မိဘတွေက မစောင့်ရှောက်နိုင်တော့ဘဲ ဂေဟာမှာ လာပစ်သွားတာ ...အခု အလှူရှင်လည်း မရှိတော့ဘူးဆိုရင် ဒါက အသက်တချောင်းအတွက် အရမ်းအရေးကြီးနေပြီလေ ...ဒါကိုမင်းက ..."
ဆန်းရဲ့ ပုံစံက အတော်လေး စိတ်ညစ်နေတဲ့ အမူအရာ။
"သဏ္ဍာန်ဆန်း မင်းဘာတွေ တပ်ပျက်နေတာလဲ ...ခေါင်းလေး ဘာလေးသုံး သိလား ..."
"ဘာပြောတာလဲ မင်း..."
မိုင်းရဲ့ အင်္ကျီရင်ဘတ်စကို ဆွဲဆုပ်လိုက်ပြီး ဆန်းက သူ့ဒေါသကိုပြ၏။
"မင်းအနားမှာ ရှိနေတဲ့ ငါတို့က ဘယ်လိုလူတွေလဲဆိုတာ မင်းမေ့သွားပြန်ပြီလား ..."
ဆန်းက သူပြောချင်တာတွေကို အခုထိ နားမလည်သေးပေ။ အူလည်လည် မျက်နှာလေးနဲ့ ကြည့်နေတုန်း။
"သစ်လွင်အမြွှာ နှစ်ယောက်ရဲ့ အဖေက နိုင်ငံရေးသမား သူ့မှာပြည်သူတွေ ထောက်ခံမှုရဖို့အတွက် ထောင်ထားတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိတယ် ...လင်းရဝေရဲ့ မိသားစုမှာလည်း ဖောင်ဒေးရှင်းတစ်ခု ရှိတယ်ဆိုပေမယ့် အဲ့ဒါက ပညာရေးဖောင်ဒေးရှင်းမို့လို့ ထားလိုက်တော့ ...ဒါပေမယ့် ဒီကောင့်ဦးလေးက နာမည်ကြီး ဆေးရုံတစ်ခုရဲ့ ပိုင်ရှင် ...ပြီးတော့ ငါ ..."
မိုင်းက ပြောနေရင်းနဲ့ သူ့အင်္ကျီစတွေကို ဆုပ်ထားတဲ့ ဆန်းရဲ့ လက်တွေကို အပေါ်ကနေ အုပ်၍ ထပ်ကိုင်လိုက်ပြီး ...
"ငါက KS groupက ဆိုတာ မင်းလုံးဝ သတိမရဘူးလား ...ဒီနိုင်ငံမှာ KS group ဖောင်ဒေးရှင်းတွေ ဘယ်လောက် များလိုက်သလဲ ...မင်းလိုတဲ့ အကူအညီကို ငါတို့တွေက အားလုံးဖြည့်ဆည်းပေးလို့ ရတဲ့သူတွေလေ ...မင်းအဲ့ဒါကို တကယ်ပဲ မေ့နေတာလား သဏ္ဍာန်ဆန်း..."
အမှန်တိုင်း ဝန်ခံရရင် ဆန်း တကယ်ပဲ သတိမရပါ။ မပတ်သက်ချင်ဘူးလို့ ပြောပြောနေမိရင်းနဲ့ တကယ်ပဲ ဆက်နွှယ်ဖို့ မတွေးမိလိုက်။
"ငါတို့နဲ့ မပတ်သက်ချင်လို့ ဒီလိုကိစ္စမှာ အကူအညီ မလိုဘူးလို့တော့ မင်းမပြောဘူးမို့လား ...မင်းက အဓိကျခြင်းနဲ့ မကျခြင်းကို ကောင်းကောင်း ခွဲခြားတတ်ပါတယ် ..."
ဆန်းက အင်္ကျီစတွေကို ဖြေလွှတ်ပေးလိုက်ပြီး ခေါင်းလေး ညိတ်ပြလိုက်သည်။
"ငါနားလည်ပါတယ် ငါအဲ့ဒီ့လို ခေါင်းမမာတတ်ဘူး ...မင်းတို့သာ တကယ်လက်ခံမယ်ဆိုရင် ငါ့ကို ကူညီပေးလို့ရမလား ...ဟင့်အင်း မဟုတ်ဘူး အဲ့ဒီ့ဟန်နာလေးရဲ့ အသက်ကို ကယ်ပေးပါ ...ငါတောင်းဆိုပါတယ် မိုင်း ..."
ပထမဆုံးအကြိမ် တောင်းဆိုခြင်းနဲ့အတူ မိုင်းလို့ ခေါ်လိုက်တဲ့ အသံလေးက သူ့ရင်ထဲမှာ သိမ့်ကနဲ လာထိလေသည်။
"မင်းတောင်းဆိုလိုက် ...ဘာမဆို ငါဖြည့်ဆည်းပေးမယ် ...အရာအားလုံးဟာ မင်းရဲ့ပျော်ရွှင်မှု အတွက်ပဲ ဖြစ်စေရမယ် ...ငါ့ကိုယုံ ..."
သူရဲကောင်းဟာ အဲ့ဒီ့လို ခေါ်သံလေး တစ်ချက်နဲ့တင် အရာရာ လိုက်လျောပြီး စစ်ကိုရှုံးစေ၏။
"ကျေးဇူးတင်ပါတယ် မိုင်း ...တကယ်ပါ ဒါက ရင်ထဲကနေ လာတာပါ ..."
"အင်းပါ ငါအဲ့ဒီ့ကလေးအတွက် ဒီညအားလုံးစီစဉ် ပေးလိုက်မယ် ...မင်းစိုးရိမ်ပြီး စိတ်ပူမနေနဲ့တော့ ..."
"အင်း ..."
"လာ အိမ်ထဲသွားမယ် ရေချိုးကြရအောင် ..."
သူ့စကားကြောင့် ဆန်းက မျက်လုံးအဝိုင်းသားနဲ့ ပြန်ကြည့်နေလေသည်။
"မင်းကို တခုခု တောင်းဆိုလိုက်လို့ ငါ့ဆီကနေ တခုခု ပြန်လိုချင်နေတာလား ..."
"ဟာ ဒီကောင်ကတော့ ဘာတွေ တွေးနေပြန်တာလဲ ...ငါနှာဘူး တဏှာရူးမဟုတ်ဘူးဟ ...သူများအသက်တစ်ချောင်းနဲ့ ပတ်သက်နေတာကို ငါက အခွင့်ကောင်းယူပြီး မင်းကို အကြပ်ကိုင်စရာလား ...ငါ့ကို ဘာထင်နေတာလဲ ..."
"မင်း ပြောပုံကိုလည်း ကြည့်ဦး ရေချိုးကြရအောင်ဆို ..."
"နှစ်ယောက်လုံး ချွေးတွေရွဲနေပြီလေ အဲ့ဒါရေချိုးဖို့ လိုပြီပေါ့ဟ ...မင်းအခန်းမှာလည်း ရေချိုးခန်းရှိသလို ငါ့အခန်းမှာလည်း ရှိတာပဲ ...ကိုယ့်အခန်းမှာ ကိုယ်ချိုးမှာပေါ့ ...နှစ်ယောက်အတူတူ ချိုးဖို့ပြောနေတယ်လို့ ထင်နေတာလား မင်းက ..."
ဒီတော့မှ ဆန်းမှာ သူ့ကို အားနာသွားရ၏။ ကိုယ်က အတွေးတွေ ချော်နေခဲ့သည်ပဲ။
"ဆောရီး ..."
"အေး အရမ်းကိုပဲနော် မင်းက ...ထင်ချင်သလိုထင် ...လုပ်ချင်သလိုလုပ် ...မေ့ချင်တာတွေလည်းမေ့ ...တကယ်ပါပဲ သဏ္ဍာန်ဆန်း ရယ် ..."
သူ့စကားကြောင့် ဆန်းက ပြုံးနေလေသည်။ အဲ့ဒီ့အပြုံးတွေက တကယ်ကို လှပါ၏။ နူးညံ့ပြီး ချစ်စရာကောင်းလွန်းတဲ့ ပန်းပွင့်ငယ်တွေဟာ သူ့မျက်စိရှေ့မှာ ဝေဝေဆာဆာ ရှိနေသည်။
ဒီပန်းပွင့်ငယ်တွေကို သူ့အတွက်ပဲ ပွင့်လန်းစေချင်၏။ သူ့အရှေ့မှာပဲ။ သူ့ပိုင်ဆိုင်တဲ့ အရပ်အဝန်းမှာပဲ။ သူ့အပိုင်ဖြစ်ကြောင်း တံဆိပ်ကပ်ချင်သည်။
စိတ်ဝင်စားခြင်း အတိုင်းအတာကနေ တဆင့်ကျော်လွန်လာခဲ့တဲ့ ဒီခံစားချက်တွေဟာ ဘယ်လိုအရာတွေပါလိမ့် ...။
နှလုံးသားကို ဆွဲခေါ်သွားလိုက်တာများ ကောက်ကောက်ကို ပါလို့ ...။
**** ***** ***** ***** *****
(Author's note)
စာရေးတာ နည်းနည်းလေး ကြာသွားလို့ update နည်းနည်းလေး နောက်ကျသွားပါတယ်ဗျ 😁
ဒါပေမယ့် ဖတ်ကြည့်လိုက်ပြီးတဲ့ နောက်မှာ readerတွေ စိတ်မပျက်ဘူးလို့တော့ ထင်မိတာပါပဲ အဟီး 😆
**** ***** ***** ***** *****