ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ...
ကျွန်တော်တို့ နှစ်သက် သဘောကျရတဲ့ အရာတွေဟာ...
တခါတလေမှာ နားလည်ရခက်စွာနဲ့ ပြောင်းလဲ သွားတတ်ပါတယ်။
တကယ်ကို နားလည်ရ ခက်စွာနဲ့ပါ ...။
**** ***** ***** ***** *****
"ဘာ ဘာပြောတယ် ...မင်း မင်းက ...သဏ္ဍာန်ဆန်းကို ...ဘာဖြစ်တယ် ..."
မိုင်း ပြောလိုက်တဲ့ စကားတချို့က သုံးယောက်လုံးကို error တက်သွားစေ၏။ ဆွံ့အပြီး ဘာဆက်ပြောရမယ် မသိသူနဲ့။ အလန့်တကြား စကားတွေ ထစ်ပြီး ပြောတဲ့သူနဲ့ ဖြစ်ကုန်သည်။
"စိတ်ဝင်စားတယ်လို့ ..."
မိုင်း သူငယ်ချင်းတွေကို ပြောပြဖြစ်တာက ဒီအကြောင်းအရာလောက်ပါပဲ။ နမ်းခဲ့မိခြင်းကိုတော့ သူထုတ်မပြောဖြစ်။ ဒါကိုသာ ကြားရင် ဒီသုံးကောင်ရဲ့ အဖြစ်က ရှော့ရသွားတဲ့ နှလုံးရောဂါသည်တွေလို ဖြစ်သွားနိုင်ပါ၏။
"စကားကို ပြီးစလွယ် မပြောစမ်းနဲ့ မိုင်း သေချာပြောစမ်း နင် ဘာဖြစ်ချင်နေတာလဲ ...စိတ်ဝင်စားတယ်ဆိုတာ ဘယ်အထိကို ပြောချင်နေတာလဲ ..."
နီနီက မိုင်းရဲ့ ဘေးနားသို့ ရွေ့ထိုင်လိုက်ပြီး သူ့မျက်နှာကို တည့်တည့်ကြည့်ကာ မေးနေလေသည်။
"ငါလည်း မသိဘူး သေချာတာကတော့ ငါသူ့ကို တကယ်ကို စိတ်ဝင်စားနေတာ ...သာမန် ခင်စရာကောင်းလို့ စိတ်ဝင်စားတာမျိုး မဟုတ်တာတော့ သေချာတယ် ..."
မျက်စိရှေ့မှာ ပြေးလွှားနေတဲ့ မြင်းတွေကို လှမ်းကြည့်ရင်း မိုင်းက ပြောနေပါသည်။ သူတို့အုပ်စုက အခု မြင်စီးကွင်းမှာ ရောက်နေတာပဲ ဖြစ်သည်။ မြင်းစီးကြတာက ပြီးသွားပေမယ့် မပြန်ဖြစ်သေးဘဲ ခဏအနားယူရာ view တစ်ခုမှာ ထိုင်နေကြတာပါ။
"မင်း သူ့ကို ကြိုက်နေတာမျိုးလား ..."
ကောင်းသစ်လွင်က မရဲတရဲလေး ပြောကြည့်နေသည်။
"အေး အဲ့လို ထင်တာပဲ ..."
"ဟမ် ..."
"မင်း ဂေးနေ ..."
လင်းရဝေရဲ့ စကားက တန့်သွား၏။ ထင်ချင်စရာပေမယ့် မဖြစ်နိုင်မှန်းလည်း သူတို့သိနေသည်။
"ငါမဂေးဘူးဆိုတာ မင်းတို့လည်း သိတာပဲ ငါတကယ်ကို မဂေးတာ ...ငါအခုထိ ဆန့်ကျင်ဘက် မိန်းခလေးတွေရဲ့ ကောက်ကြောင်းတွေကို တခြားယောင်္ကျားလေးတွေလို စိတ်ဝင်စားနေသေးတုန်းပဲ ..."
"ဒါဆို သဏ္ဍာန်ဆန်းကိုကျမှ ဘာလို့ ..."
"အေး ငါလည်း အဲ့ဒါကို ဒွိဟ ဖြစ်နေတာ ..."
ကိုယ့်သူငယ်ချင်း အကြောင်း ကိုယ်တွေသာ အသိဆုံးမို့ အရင်က မိုင်းဆန်းဟု စနောက်နေခဲ့ကြဖူးသည်။ အခုကျတော့ ဒါက စနောက်စရာ ကိစ္စတစ်ခု မဟုတ်တော့ပါ။ မိုင်းက သဏ္ဍာန်ဆန်းဆိုတဲ့ ဟာလေးကို တကယ်ကို ကြိုက်နေတဲ့ ပုံစံမျိုး ဖြစ်နေပြီမို့။
"မင်း ဒီလိုဖြစ်နေတာက ဖြစ်နိုင်ချေရှိတာကို ငါပြောပြမယ်..."
လင်းရဝေဆီက သုံးသပ်ချက် တချို့ထွက်လာလေသည်။
"မင်းက Bisexual ဖြစ်နေတာလည်း ဖြစ်နိုင်တယ် ..."
"ငါ bi မဟုတ်ဘူး ...ငါ့ကိုယ်ငါ သိတယ် ..."
ဒါကျတော့ မိုင်းက တိတိကျကျ ပြန်ဖြေလာသည်။
"သူကလွဲရင် တခြား ဘယ်ယောင်္ကျားလေးကိုမှ အဲ့လို မခံစားရဘူး ..."
"မင်းက အခု ဘယ်လိုခံစားနေရလို့လဲ ..."
မိုင်းက ချက်ချင်း ပြန်မဖြေဘဲ သူတို့ကို မျက်နှာစုံအောင် လိုက်ကြည့်နေသေးသည်။
"ပြောစမ်းပါဟဲ့ ငါတို့က သူစိမ်းတွေမို့လို့လား .
..နင်ငါတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြမှ ငါတို့က အကြံပေးလို့ရမယ် ...ကူညီသင့်ရင် ကူညီရမယ် မဟုတ်လား ...ဟုတ်တယ်နော် ကောင်း ...ရဝေ ..."
"အေးလေ ..."
"အေး ဟုတ်တယ် ..."
နှစ်နဲ့ချီပြီး ပေါင်းလာတဲ့ သူငယ်ချင်း အရင်းကြီးတွေမို့ ဒီလိုကိစ္စကို ဖွင့်ပြောပြဖို့အတွက် မိုင်းမှာ ဖိအားတွေ ရှိမနေပါ။
"ပြောရမယ်ဆိုရင် သူ့ကိုခင်ချင်မိရုံနဲ့တော့ ငါဒီလိုတွေ ခံစားမိပြီး ဖြစ်ပျက်နေမှာ မဟုတ်ဘူးလေ ..."
"အေးလေ အဲ့ဒီ့ မင်းဖြစ်ပျက်နေတာက ဘယ်လိုမျိုးလဲလို့ ...အဲ့ဒါကို မေးနေတာ ဖြေ ..."
"ဟိုကွာ ဘယ်လို ပြောရမလဲ ..."
"ဘယ်လို ပြောချင်လဲ ..."
"ငါစိတ်မရှည်တော့ဘူးနော် မိုင်း ..."
"အေး ငါရောပဲ ..."
"မင်းတို့ ကောင်တွေကလည်း ငါဒီမှာ ပြောစရာ စကားရှာနေရသေးတယ်ဟ ...ဘယ်လိုရှင်းပြရမှန်းကို မသိတာ ..."
"အော် ဖြစ်ရလေ ...မင်းကလေ ...ဘယ်သောအခါမှ ပြောစရာစကား မဲ့မသွားဖူးတဲ့ ဆီဇာသူရဇ္ဇဆိုတဲ့ မင်းကပေါ့လေ ..."
"အေးလေ အံ့ဩစရာ ...စကားကြွယ် ...စကားတတ် ...အခြေအနေနဲ့ အချိန်အခါအလိုက် စကားပြော ကောင်းတတ်တဲ့ ...မိုင်းဆိုတဲ့ ကောင်က အခုမှ သဏ္ဍာန်ဆန်း အပေါ် ဘယ်လို ခံစားရကြောင်း ကြတော့ ...ပြောမထွက်ဘူးပေါ့ ဟုတ်လား ..."
"မိုင်း နင်မဟုတ်မှလွဲရော ဝန်ခံရမှာ ရှက်နေတာလား ငါတို့ကိုလေ ..."
"အာ မဟုတ်ပါဘူး ...မင်းတို့ကို ငါက ဘာလို့ ရှက်ရမှာလဲ ...ဟိုတစ်ယောက် အရှေ့မှာတောင်မှ သူ့ကို စိတ်ဝင်စားတဲ့အကြောင်း ပြောထွက်သေးတာပဲ ..."
"ဘာ မင်းက သူ့ကို အဲ့လိုကြီး ပေါ်တင်ကြီး သွားပြောလိုက် ပြီးပြီပေါ့လေ ..."
"အေး ..."
ဖြေတဲ့သူက သာသာယာယာ အေးအေးဆေးဆေး။ ကြားလိုက်ရတဲ့ သူတွေကသာ မယုံနိုင်တွေ ဖြစ်နေကြရသည်။ မိုင်းတို့ ဘာတွေ ဘယ်လို ဒီလောက်ထိတောင် ပြောင်းလဲသွားသည်လဲ။ စဉ်းစားရခက်ခက်။
"Wow wow မိုင်း မင်းတော်တော် ဖြစ်နေတာပဲ ..."
ကောင်းသစ်လွင်က လက်ခုပ်နှစ်ချက် တီးပြီး ချီးကျူးနေတာလား ရွဲ့နေတာလား မသိ။
"ပါးစပ်ကနေ လွှတ်ခနဲ ပြောထွက်သွားတာကွာ တမင်ရည်ရွယ်တာတော့ မဟုတ်ဘူး ..."
"အဲ့လိုပြောတော့ ဟိုက မင်းကို ဘာပြန်ပြောလဲ ..."
"ပြောမှာပေါ့ သဏ္ဍာန်ဆန်းပဲ ဟာကို ဒီကောင့်ကို တစ်ခုခုတော့ ပြန်ပြောမှာပဲ ..."
"င့ါကို လက်သီးနဲ့ ထိုးသွားတယ် ..."
"ဘာ ...ဘယ်လို ..."
"ဟ တကယ်ကြီး ..."
"အဲ့ဒါကြောင့် ဟိုနေ့က မင်းနှုတ်ခမ်းပေါက်နေတာကိုး ..."
သဏ္ဍာန်ဆန်းနဲ့ စကားပြောပြီး ပြန်လာတော့ သူ့နှုတ်ခမ်းထောင့်မှာ သွေးစို့နေတာကို သူငယ်ချင်းတွေက မြင်ခဲ့သည်။ အဲ့ဒီ့နေ့က ဝိုင်းမေးကြတော့ မိုင်းက မဖြေပါ။ ချော်ပဲ လဲလာသလိုလို။ တစ်ခုခုနဲ့ပဲ တိုက်မိလာသလိုလိုနဲ့။
"ဒါတော့ သဏ္ဍာန်ဆန်း လွန်တယ် ...စိတ်ဝင်စားတယ်လို့ ပြောမိတာလေးကို လက်သီးနဲ့ ထထိုးစရာလားကွာ ..."
"အေးလေ မင်းကရော ပြန်မထိုးခဲ့ဘူးလား ..."
သူငယ်ချင်း ခံလာရတော့ သူတို့တွေက သိပ်မကျေနပ်။ အဖြစ်မှန်က သပ်သပ်ရှိကြောင်း သူတို့မသိ။ မိုင်းလည်း ရေငုံနှုတ်ပိတ်လျက်သာ နေသည်။ ဒီအကြောင်းအရာ အထိ ပြောပြဖို့က အခု မလိုအပ်သေးတာမို့။
"ဟင့်အင်း ..."
"ပြန်ဖြေပုံကလည်း မသိရင် သူကပဲ ခပ်အေးအေး နေတတ်တဲ့ သူလိုပဲ ..."
"အေးလေ မင်းဆိုတဲ့ကောင်က ဘယ်တုန်းက ငြိမ်ခံခေါင်းငုံ့ပြီး နေခဲ့ဖူးလို့လဲ ...တစ်ခုခုတော့ လက်တုံ့ပြန်ဖို့ လုပ်ရမယ် မဟုတ်လား ...မင်းက မိုင်းလေ ...အန္တရာယ်ရှိတယ် ပေါက်ကွဲလိုက်တာနဲ့ တစဆီ အကုန်လွင့်စင်ကုန်မယ့် မိုင်းလေ..."
"ထားလိုက်ပါကွာ ..."
"ဪ တတ်လည်း တတ်နိုင်တယ်နော် မသင်္ကာစရာပဲ ..."
"ဟုတ်ပ ...ပြောင်းလဲချက်က ..."
မိုင်းက အမှန်တိုင်း ဝန်မခံဘဲ ငြိမ်နေဆဲပင်။
"ကဲ ဆက်ပြော နင်ခံစားရတာက ဘယ်လိုမျိုးလဲဆိုတာ ..."
နီနီက စကားကို ပြန်ဆက်နေသည်။ သူမ အတော်လေး သိချင်နေမိပါပြီ။
"သူ့အနားဘဲ အမြဲသွားသွားနေချင်တယ် ...သူ
ကငါ့ကို မျက်နှာတည်တည်နဲ့ မောင်းထုတ်နေလည်း ငါသွားချင်နေတုန်းပဲ ...အရင်တုန်းက သူ့ကိုခင်ပဲ ခင်ချင်တာ ...အခုကျတော့ ခင်တာထက် ပိုပြီး စိတ်ဝင်စားတယ် သဘောကျတယ် ...သူ့ကို ငေးကြည့်နေမိရင်ကို ရင်ထဲတမျိုးပဲ ကျေနပ်နေမိတာမျိုး ..."
"ကြည်နူးတာ အဲ့ဒါ ကြည်နူးတာလို့ ခေါ်တယ် ...ကိုယ်သဘောကျတဲ့ သူကို ငေးကြည့်နေရရင် ဖြစ်တတ်တဲ့ စိတ်ခံစားချက် ..."
နီနီက မိုင်းရဲ့ စကားကို ဝင်ဖြည့်ပေးလိုက်သည်။
"Skin ship တွေမှာရော ခံစားချက်က ဘယ်လိုလဲ ..."
နီနီက အတွင်းကျကျ သေချာအောင် မေးနေလေသည်။ မိုင်းက အဲ့ဒီ့စကားကြောင့် တခုခုကို တွေးမိပြီး မျက်နှာက ပြုံးနေ၏။ သူတွေးမိသွားတာက free hugs ပွဲမှာ သူ့နားရွက်ဖျားတွေကနေ စီးဝင်လာတဲ့ "အဆင်ပြေသွားမှာပါ" ဆိုတဲ့စကားလေး။ ပြီးတော့ နီစွေးစွေး နှုတ်ခမ်းလေးတွေရဲ့ အထိအတွေ့။
"ဘာပြုံးတာလဲ ဖြေလေ skin ship မှာရော ဘယ်လိုလဲ ရင်တွေဘာတွေ ခုန်လား ..."
"ခုန်တယ် ..."
သဏ္ဍာန်ဆန်းနဲ့ အထိအတွေ့တိုင်းမှာ သူ့ရင်ထဲ လှုပ်ရှားသွားတဲ့ စည်းချက်တွေ ရှိသည်။ ဒါက ရင်ခုန်ခြင်းဟု မြည်ပါလိမ့်မည်။
"သေချာတယ် နင် သူ့ကို ကြိုက်နေတာ ..."
တိကျ သေချာတဲ့ အဆုံးအဖြတ်တစ်ခုကို တရားသူကြီးက ထုတ်ပြောလိုက်သလိုမျိုး။ နီနီသစ်လွင်ရဲ့ စကားက အဲ့ဒီ့လို မှန်မှန်ကန်ကန်။
"ဟုတ်တယ်မို့လား ကောင်းနဲ့ ရဝေ ...နင်တို့လည်း ငါ့လို မြင်တယ် မဟုတ်လား ..."
"အင်း အဖြေက ဟိုစကားပုံလိုပဲ လယ်ပြင်မှာ ဆင်သွားသလို ဆိုတာမျိုး ဟင်းလင်းပြင်မှာ ရှင်းရှင်းကြီးရယ် ..."
"အေးလေ ငါလည်း ဘာပြောနေလို့လဲ ငါသူ့ကို စိတ်ဝင်စားပါတယ် ကြိုက်ပါတယ်ဆိုမှ ..."
"မင်းပဲ ဒွိဟ ဖြစ်နေတာဆို ..."
"အဲ့ဒါက ငါမဂေးဘဲနဲ့ ယောင်္ကျားလေးတစ်ယောက်ကို ကြိုက်မိနိုင်လို့လား ဆိုတာကို ပြောချင်တာလေ ..."
"ဖြစ်နိုင်တာပဲလေ ... လူတစ်ယောက်ကို ချစ်မိသွားဖို့က အကြောင်းပြချက်တွေ မလိုဘူး ...မင်းဂေးနေမှ ယောင်္ကျားလေး တစ်ယောက်ကို ချစ်လို့ရမယ် ဆိုတာမျိုးက သတ်မှတ်ထားတာမှ မဟုတ်တာဘဲ ..."
"ငါသူ့ကို စိတ်ဝင်စားတယ် သဘောကျတယ် ဆိုရုံပဲ ရှိသေးတယ် ...မချစ်မိသေးဘူး အဲ့အဆင့်ထိ ..."
လင်းရဝေရဲ့ စကားကို မိုင်းက ငြင်း၏။
"လာပြန်ပြီ နောက်တမျိုး ..."
"မင်းဟာလေ ..."
"သဘောတော့ကျတယ် ချစ်တော့ မချစ်ဘူး ဒီလိုလား ...နင့်ဟာကလည်း ဇာတ်လမ်းတွဲတွေလို ပေကိုရှည်တယ် ...လိုရင်းရောက်ဖို့ အတော်သွားနေရတယ် ..."
သူငယ်ချင်းတွေ စိတ်မရှည်ပုံကို ကြည့်ပြီး မိုင်းက ရယ်နေလေသည်။
"ရယ်မနေနဲ့ မင်း... အခု ဘာလုပ်မှာလဲ ..."
"ဘာကို ဘာလုပ်ရမှာလဲ ..."
"သဏ္ဍာန်ဆန်းက အခု ငါတို့အပန်းဖြေအိမ်မှာ ရောက်နေပြီလေ ..."
"အေးလေ အဲ့ဒါဘာဖြစ်လဲ ..."
သဏ္ဍာန်ဆန်းက မနေ့ထဲက အဲ့ဒီ့ကို ပြောင်းနေပြီးတာပါ။ စာချုပ်ကိစ္စလည်း အဆင်ပြေစွာ ပြီးခဲ့သည်။ သဏ္ဍာန်ဆန်းက ဘာသံသယမှ မဝင်ဘဲ သူတို့အကွက်ထဲကို ငြိမ်းချမ်းစွာ တိုးဝင်လာခဲ့ပြီးပြီ။ ခက်တာက မိုင်းပဲ ဖြစ်သည်။
"မင်းပဲ ဒီည အဲ့ဒီ့မှာ ပွဲသွားလုပ်မယ်ဆို ..."
"အဲ့တော့..."
"ငါတို့ ဆုံရင် ဘာတွေ ဖြစ်လာနိုင်မလဲ ...ငါတို့ ဆင်ထားတဲ့ အကွက်မှန်း သူသိရင် ..."
"နည်းနည်းတော့ စကားများရုံပဲ ရှိမှာပေါ့ကွာ ..."
"သေချာလား အဲ့ဒီ့လောက်ပဲ ဆိုတာ ..."
"မင်းက သူ့ကို စိတ်ဝင်စားတယ် ...ဘာညာတွေ သွားပြောထားတာလေ ...ဟိုက မင်းကို ထိုးတောင် ထိုးလိုက်သေးတယ်ဆို ...မင်းတို့ ဆုံရင် ဘယ်လိုလုပ်ကြမလဲ ...ပြဿနာက သေးသေးလေးလို့ ငါတို့တော့ မထင်ဘူးနော် မိုင်း ..."
"သေးသေးမဟုတ်တော့ရော ဘာဖြစ်လဲ ...စာချုပ်နဲ့ လုပ်ထားတာ သူဘယ်လောက်ပဲ ထွက်သွားချင်ချင် သွားလို့မရအောင် အပိုင်ချုပ်ထားပြီးသား ...သူ့မှာ ပိုက်ဆံလည်း မရှိဘူး ...သွားစရာ နေရာလည်းမရှိဘူး ...ဒီနေရာမှ မဟုတ်ရင် သူလမ်းဘေး ရောက်တော့မှာလေ ..."
"သူ လမ်းဘေးရောက်သွားရင်ရော မင်းက ဒီတိုင်း ကြည့်နေမှာ မို့လို့လား ..."
"အဲ့ဒါ ငါ့သဘောပါ ..."
"အေး ပြီးတာပဲ နောက်မှ ပြဿနာကြီးလာလို့ကတော့ ..."
"ငါရှင်းမယ် သဏ္ဍာန်ဆန်းကို ငါနဲ့သာ လွှတ်ထားလိုက်ကြ ..."
"အေးပေါ့ ...အခုတော့ မင်းနဲ့ပဲ လွှတ်ထားရတော့မှာပေါ့...ငါတို့ကောင်က ကြိုက်နေတဲ့ ကောင်လေးဆိုတော့လည်း ..."
လင်းရဝေက ရွဲ့သလိုလိုနဲ့ အတည်ပြောနေသည်။
"ဘာလဲ မင်းတို့က ငြိုငြင်တာလား ..."
"ဘာမှ ငြိုငြင်စရာ မရှိဘူး ဟေ့ကောင် ...လုပ်ချင်တာသာလုပ် ကောင်လေးနဲ့ပဲ ကြိုက်ကြိုက် ကောင်လေးနဲ့ပဲ ယူယူ ..."
"မင်းကငါတို့ သူငယ်ချင်း ...အဲ့တော့ ကူညီရမှာက ငါတို့တာဝန်ပဲ ..."
"ဟုတ်တယ် အသေအချာပဲ ..."
နောက်ဆုံးတော့လည်း သူငယ်ချင်းကောင်းတွေက သူ့ဘက်မှာသာ။ ဘာလုပ်လုပ် ဘာဖြစ်ဖြစ် အနောက်မှာ အားပေးထောက်ခံနေတဲ့ သူငယ်ချင်းတွေ ရှိနေခြင်းက ဂုဏ်ယူရမယ့် ကိစ္စတစ်ခုလား။ ဒါမှမဟုတ် ထင်ရာစိုင်းတတ်တဲ့ သူ့အား စွမ်းအင် ဖြည့်ပေးနေကြတာလား။
**** ***** ***** ***** *****
"အားလုံးပြင်ဆင် ပြီးပြီဆိုတော့ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး ခင်ဗျ ..."
"ဟုတ်ကဲ့ ..."
တူညီဝတ်စုံတွေနဲ့ ဝန်ထမ်း သုံးလေးယောက်ရယ် Chef နှစ်ယောက်ရယ်က သူတို့ တာဝန်ပြီးပြီမို့ ဆန်းကို နှုတ်ဆက်ပြီး ပြန်သွားကြလေသည်။
ညနေခင်းထဲက ဟိုတယ်တစ်ခုက ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေ ရောက်လာခဲ့တာ ဖြစ်သည်။ အိမ်ပိုင်ရှင်တွေက ဒီည ဒီအပန်းဖြေအိမ်မှာ ပါတီပွဲလေး လုပ်မှာမို့ သူတို့က လာရောက် ပြင်ဆင်ပေးခြင်းဖြစ်သည်။
ဝန်ထမ်းတွေ ဆီကနေ ကြားရတာတော့ သူတို့က ဒီမှာ ပါတီပွဲတွေ ရှိတိုင်း လာရောက်ပြင်ဆင် ပေးနေကြတဲ့။ တခါတလေမှ ရောက်လာကြတဲ့ သူတွေမို့ အိမ်မှာ အိမ်အကူဝန်ထမ်း မထားတာပဲ ဖြစ်ပါမည်။
သူကလွဲရင် ဒီအိမ်မှာ တခြားနေတဲ့ ဝန်ထမ်းရယ်လို့ မရှိပါ။ အိမ်ယာဝင်းအတွက် လုံခြုံရေးရုံးက ဝန်ထမ်းတွေကတော့ ပင်မအဝင်ဂိတ်ပေါက်နဲ့ တခြားနေရာတွေမှာ 24နာရီ တာဝန်ထမ်းဆောင်နေကြ၏။ ဒီအိမ်ကြီးနဲ့ ဒီခြံဝင်းကြီးထဲမှာတော့ ဆန်းတစ်ယောက်ထဲသာ။
အလုပ်စာချုပ် ချုပ်တဲ့နေ့က အစ်မက ဆန်းကို ပြောသွားသေးသည်။ သူက ကိုယ်စားလှယ်ပါဟူ၍။ ပိုင်ရှင်က သပ်သပ်ရှိနေသေးသည်တဲ့။ ကိုယ့်အလုပ်ရှင် ဘယ်သူမှန်း သေချာခုထိ မသိရသေးဘဲ အလုပ်ဝင်ခဲ့တဲ့သူ။
မနေ့ထဲက အိမ်ပြောင်းလာတော့ နေရာအားလုံးကို လိုက်လေ့လာခဲ့သေးသည်။
သူနေခွင့်ရတဲ့ နေရာက အိမ်အောက်ထပ်က အခန်းတစ်ခုမှာ ဖြစ်သည်။ သူနေခဲ့ဖူးတဲ့ အဆောင်က အခန်းကျဉ်းလေးထက် ဒီအခန်းက နှစ်ဆလောက် ကျယ်ပါ၏။ ကုတင်မွေ့ယာနဲ့ တခြား အသုံးအဆောင်တွေက အစ အားလုံးပြည့်ပြည့်စုံစုံနှင့်။ နှစ်ထပ်အိမ်ကြီးက ကျယ်ဝန်းလှပြီး အတွင်းမှာက အခန်းတွေ အများကြီးရှိနေပါသည်။ အိမ်ရှင်တွေ လာရင် ဘယ်အခန်းတွေမှာ နေတတ်သည်လဲတော့ သူမသိပေ။
ဥရောပစတိုင် နှစ်ထပ်တိုက်ကြီးရဲ့ ထည်ဝါမှုက ခြံဝန်းကျယ်ကြီးအလယ်မှာ ခံ့ညားနေ၏။ ခြံထဲမှာလည်း မြက်ခင်းစိမ်းတွေက နေရာမလပ်ရှိနေပြီး သစ်ပင်ကြီး၊ငယ် တွေလည်း ရှိ၏။ အလှဆင်ပြီး စိုက်ပျိုး ဖန်တီးထားတဲ့ ပန်းဥယျာဉ်လည်း ရှိ၏။
ခြံအရှေ့ဘက်မှာက ဘတ်စကတ်ဘော ကစားဖို့လုပ်ထားတဲ့ နေရာငယ်လေး ရှိနေသည်။ မနေ့က ညနေကတောင် သူတစ်ယောက်ထဲ ကစားဖြစ်သေး၏။ ခြံဘေးမှာက တင်းနစ်ကွင်းတစ်ခု ရှိပြီး ခြံအနောက်ဘက်မှာက ရေကူးကန်ကြီး တစ်ခုလည်းရှိပါသည်။
ပါတီပွဲအတွက် ပြင်ဆင်ထားတဲ့ နေရာက အဲ့ဒီ့ရေကူးကန်ကြီး အနားမှာပဲ ဖြစ်သည်။ မှောင်စပျိုးလာနေပြီမို့ ပါတီပွဲမှာ အလှဆင်ထားတဲ့ မီးရောင်စုံတွေကို သူသွားဖွင့်ဖို့ ခြံနောက်ဘက်ကို ရောက်လာမိ၏။
ဟိုတယ်ကနေတောင် ဒီထိရောက်လာပြီး ပြင်ဆင်ပေးရတဲ့ ဝန်ဆောင်မှုကတော့ အထူးပြောစရာပင် မလို။ တန်ဖိုးကြီး အစားအသောက်တွေ ပြင်ဆင်ထားတဲ့ လူငါးယောက်စာ စားပွဲတစ်ဝိုင်းရယ်။ လှပတဲ့ မီးရောင်စုံတချို့ရယ်။ အဆင့်ဆင့် အထပ်ထပ် ကြီးမားတဲ့ ရေကူးကန်ကြီးတစ်ခုရယ်။
အားလုံးဟာ မှောင်စပျိုးအချိန်ရဲ့ နိဗ္ဗာန်တစ်ခုလေ အလား။ ဆန်းက မြင်ကွင်းကို ရေကူးကန်အစပ်နားကနေ ရပ်ကြည့်နေတာပဲ ဖြစ်သည်။
"ဘယ်လိုလဲ လှနေလို့လား ဒီလောက်တောင် ရပ်ကြည့်နေရအောင် ..."
အနည်းငယ် ရင်းနှီးနေတဲ့ အသံက ရပ်နေတဲ့ ဆန်းရဲ့ အနောက်ကနေ ထွက်လာလေသည်။ လှည့်ကြည့်လိုက်တော့ ဆီဇာနေရဇ္ဇတို့ အုပ်စုဖြစ်နေလေရဲ့။
"ဟင် မင်းတို့ ..."
visual လေးယောက်က ထုံးစံအတိုင်း ဝံ့ဝံ့ကြွားကြွား ချောမောလှပ နေကြသည်သာ။
ဒီနေရာ နိဗ္ဗာန်ဟာ အခုမှ Angelတွေ ရောက်လာလို့ ပို၍ ပြီးပြည့်စုံ သွားသလိုမျိုး။ ဒါပေမယ့် ဒီလေးယောက်ဟာ သူ့အတွက်တော့ Devil တွေသာဖြစ်သည်။ အထူးသဖြင့် ဆီဇာနေရဇ္ဇဆိုတဲ့သူ။
"မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ ..."
"ငါတို့အိမ် ငါတို့လာတာလေ ..."
"ဘာ ဘာပြောတယ် ...မင်းတို့က ငါ့ကို ..."
သဏ္ဍာန်ဆန်းက နုံအတဲ့သူ မဟုတ်လို့ မိုင်းတစ်ခွန်းလောက် ပြောလိုက်တာနဲ့ အကုန်လုံးကို သဘောပေါက်သွားခဲ့ရ၏။
"ဒါမင်းတို့ သက်သက်လုပ်တာပဲ ...ငါဒီအထိ ရောက်လာရတာ မင်းတို့ လှည့်ကွက်တွေပဲ ..."
"လှည့်ကွက်ဆိုတာထက် အကူအညီလို့ရော မထင်ဘူးလား ...ငါတို့က မင်းအခက်အခဲကို ကူညီပေးလိုက်တာလေ ..."
အခုထိ မိုင်းကသာ ပြောနေတာဖြစ်သည်။ ကျန်တဲ့သုံးယောက်ကတော့ သဏ္ဍာန်ဆန်းကို ပြုံးရယ်ပြပြီး နှုတ်ဆက်ရုံသာ။ ဒါပေမယ့် သူတို့ နှုတ်ဆက်ခြင်းက အရာမဝင်ပါဘူး။ ဆန်းက အဖက်လုပ်ပြီး တုံ့ပြန်လာမှုပင် မရှိ။
"မင်းတို့နဲ့ မပတ်သက်ချင်တဲ့ သူကို ...မင်းတို့ အကူအညီ လက်ခံမိသွားအောင် အကွက်ချတာက... လှည့်ကွက် မဟုတ်လို့ ဘာလဲ ..."
"မင်းထင်ချင်သလို ထင်နိုင်တယ် ...ဒါပေမယ့် ငါတို့ကတော့ မင်းကို တကယ်ကူညီပေးခဲ့တာ အဲ့ဒါကို မင်းနားလည်ရမယ် ..."
"နားမလည်နိုင်ဘူး အခု ငါအလုပ်ထွက်တယ် ဒီမှာ မလုပ်နိုင်ဘူး ..."
"မင်းလာချင်တိုင်းလာ ထွက်ချင်တိုင်း ထွက်သွားလို့ရတဲ့ ဘတ်စ်ကားမှတ်တိုင်တွေ ဘူတာရုံတွေ မဟုတ်ဘူးနော် ...ဒီနေရာနဲ့ မင်း ခြောက်လစာချုပ် ချုပ်ထားတာ သိတယ်မဟုတ်လား ..."
မိုင်းကလည်း တချက်မှ မလျော့မပေးဘဲ ခပ်ကျောကျော ပြောနေလေရဲ့။ ဘေးက သုံးယောက်မှာတော့ သူ့ကို နားမလည်နိုင်ပေ။ သူပဲ သဏ္ဍာန်ဆန်းကို ကြိုက်ပါတယ်ဆိုပြီး အခုကျတော့ စကားပြော နေတာက တင်တင်စီးစီး။
"မင်းတို့က ငါ့ကို လုံးဝ လှုပ်မရအောင် ချုပ်လိုက်တာပဲ ..."
"မင်းကို အဲ့လိုမှ မလုပ်ရင် ...ငါတို့အနားမှာ ထားဖို့ရော ကူညီပေးနိုင်ရော မဖြစ်နိုင်ဘူးလေ ..."
"ငါ့ကို ဒီအတိုင်း တစ်ယောက်ထဲ ထားပေးလို့ မရဘူးလား ဟမ် ...ငါအေးအေးဆေးဆေး နေချင်တယ် မင်းတို့နဲ့ မပတ်သက်ချင်ဘူး ..."
သဏ္ဍာန်ဆန်း မျက်နှာဟာ စိတ်ရှုပ်ထွေးနေပြီမှန်း အတော်သိသာနေ၏။ မျက်နှာပုံပျက် ပန်းပျက်နဲ့ မဲ့ရွဲ့နေတာမျိုးမဟုတ်။ တည်ငြိမ်တဲ့ မျက်နှာက မျက်ခုံးတွေတော့ စုကျုံ့ထား၏။ ပြီးတော့ မိုင်းကို စိုက်ကြည့်နေတဲ့ အကြည့်တွေက စူးစူးရဲရဲ။
သူကြိုက်သည်။ ဒီလိုအကြည့်တွေကို။ အေးတိအေးစက်နဲ့ ဘာမှမဖြစ်သလို ပြန်ပြန်ကြည့်တတ်တဲ့ သဏ္ဍာန်ဆန်းရဲ့ အမူအရာတွေထက် ဒီလို တခုခု ခံစားနေရတာမျိုးကို သူပိုကြိုက်၏။ ဒါက မိုင်းရဲ့ ဖြေရှင်းချက် မရှိတဲ့ ပုစ္ဆာတစ်ခု။
"မပတ်သက်ချင်လို့တော့ မရဘူး တစ်ခုခုတော့ ပတ်သက်မှကို ရမယ် ..."
"မင်းတို့အုပ်စုနဲ့ ပေါင်းဖို့ ငါ့ကို အကြပ်မကိုင်နဲ့ ...အပေါင်းအသင်းဆိုတာ နှစ်ဦးနှစ်ဖက် ခင်မင်ချင်စိတ် ရှိမှဖြစ်တာ ..."
"ကောင်းပြီလေ မင်းက ငါတို့အုပ်စုနဲ့ မပေါင်းချင်ဘူးဆိုရင်လည်း ရပါတယ် ...မပေါင်းနဲ့ပေါ့ ..."
မိုင်းက စကားပြောရင်းနဲ့ ဆန်းရဲ့ အရှေ့မျက်နှာချင်းဆိုင် အနားကို တိုးကာ လျောက်လာလေ၏။
"ဒါပေမယ့် ငါနဲ့တော့ တွဲရမယ် ...ဘယ်လိုလဲ ..."
"ဘာ ပြောတယ် ... မင်း..."
စိတ်က တိုသွားပြီး ရှေ့တိုးမည်အပြု။ မိုင်းက သူမတိုးခင် ထပ်တိုးလာတာမို့ ဆန်းမှာ အမြန်ရှောင်လိုက်ရ၏။ ပထမတခါတုန်းကလို အရမ်းနီးကပ်သွားတာနဲ့ အနမ်းခံရမယ့်အရေးကို တွေးမိသွားတော့... လူက အလိုလို Alarm ပေးပြီးသား ဖြစ်သွားရသည်။
ဒါပေမယ့် ရေကူးကန် အစပ်နားလေးမှာ ရပ်နေတဲ့သူမို့ နောက်ပြန်လဲကျ သွားမလို ဖြစ်သွားရတော့၏။
"ဟေ့ ဟေ့ ..."
"လဲတော့မယ် ..."
ရဝေ၊ နီနီ၊ ကောင်း သုံးယောက်လုံးမှာ အလန့်တကြားနဲ့ လှမ်းဆွဲကြဖို့ရာ ရှေ့တိုးလာကြသော်လည်း အနီးဆုံးမှ မိုင်းကပဲ ဦးသွားခဲ့လေသည်။ ရေကူးကန်ထဲသို့ နောက်ပြန်လဲကျဖို့ ယိုင်နေပြီဖြစ်တဲ့ ဆန်းအား မိုင်းက လက်ကောက်ဝတ်ကနေ လှမ်းဆွဲပေးထားတာမျိုး။ ဆန်းကလည်း ဖမ်းဆွဲထားတဲ့ သူ့လက်တွေကို ပြန်၍ လှမ်းကိုင်ထားပေမယ့် သိပ်တော့မထိမိပေ။
လူတစ်ယောက်လုံးရဲ့ ဝိတ်ကို လက်တစ်ဖက်ထဲနဲ့ပဲ ဖမ်းကိုင်ထားတာတောင် မိုင်းတို့က ကျားကန်ဆွဲနေရတာမျိုး မဖြစ်။ အသာလေးပင်။ ဘေးက သုံးယောက်ကလည်း အကူအညီ ပေးဖို့ မလှုပ်ကြပါ။ သဏ္ဍာန်ဆန်းကို သူနဲ့သာ လွှတ်ထားဖို့ အမိန့်က ကြိုရထားပြီးသားပဲလေ။
"ကဲ ဖြေစမ်း မင်း ...ငါတို့နဲ့ တစ်ခုခု ပတ်သက် ပေးမယ်ဆိုရင် မင်းရဲ့ စာချုပ်ကို ဖျက်ပေးမယ် ...ငါတို့နဲ့ မပတ်သက်ဘူးဆိုရင်တော့ မင်းဒီမှာပဲ ခြောက်လ မပြည့်မချင်း ဆက်လုပ် ဒါပဲ ..."
မိုင်းက သူ့ကို လဲမကျတော့အောင် ပြန်လည်ဆွဲမတင်ပေးပါ။ လက်ကို ဆွဲထားရင်းနဲ့ပဲ ဆက်ပြောနေဆဲ။
"ငါတို့ကြားမှာ တစ်ခုခု ပတ်သက်မှုတော့ ရှိနေမှရမယ် ...မင်းကို ငါ့အနားက ထွက်သွားခွင့်ကို ငါလုံးဝ မပေးချင်ဘူး သဏ္ဍာန်ဆန်း ..."
"မင်းလိုကောင်က လက်စားချေ လက်တုံ့ပြန်တတ်တဲ့ အကျင့်ပဲ ရှိတာ မဟုတ်ဘူးဘဲ ...အတ္တကြီးတာရော တကိုယ်ကောင်းဆန်တာရော အားလုံးရှိနေတာပဲ ...မင်းလိုကောင်နဲ့ ငါက ဘာလို့ ပတ်သက်ရမှာလဲ လုံးဝဘဲ ..."
"မင်းလိုကောင် ဟက်လား... မင်းလိုကောင် ...မင်းလိုကောင် ..."
မိုင်းက ဆန်းရဲ့ အဲ့ဒီ့စကားကို မနှစ်သက်။ ဒေါသတကြီး ပိတ်အော်ပစ်လိုက်တာ ဘေးက သုံးယောက်တောင်မှ ဝင်ဆွဲဖို့ ရှေ့တိုးလာကြရတဲ့အထိ။
"တစ်ယောက်မှ ငါ့အနား မလာကြနဲ့ ငါသူ့ကို သတ်ပစ်တော့မှာ ..."
သူတို့ဘက်ကို လှည့်အော်ပစ်လိုက်တော့ ခြေလှမ်းတွေက ရှေ့မဆက်ရဲတော့ဘဲ ရပ်ကုန်ကြ၏။
"မိုင်း ..."
"မဟုတ်သေးဘူးလေကွာ မင်းကလည်း ..."
"မင်းစိတ်လျော့လိုက်ပါဦး မိုင်းရယ် ..."
မိုင်းက ဘယ်သူ့စကားကိုမှ နားမထောင်ပါ။ ထင်ရာစိုင်းတဲ့ နေရာမှာ ဆီဇာနေရဇ္ဇ ဆိုတဲ့သူဟာ ညာဉ်ဆိုးတွေ ရှိနေပါ၏။
"မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ် ..."
ပြောလိုက်တဲ့ လေသံနဲ့ မျက်နှာ အမူအရာက ဘာကိုမှ ဂရုမစိုက်ဘဲ အရွဲ့ တိုက်ချင် နေတာ သိသာလျက်။
"ငါနဲ့ တွဲမလား ... ဒါမှမဟုတ် ငါတို့ အဖွဲ့ထဲကို ဝင်မလား ..."
သဏ္ဍာန်ဆန်းက မကျေမနပ် အကြည့် တစ်ချက်နဲ့ အံကြိတ်လိုက်ပြီး ...။
"တစ်ခုမှ မရွေးနိုင်ဘူး ..."
"မင်းကို ငါ လက်လွှတ် လိုက်မယ် ဆိုရင်တောင်မှ ဒီအဖြေပဲလား ..."
"သေချာတာပေါ့ ..."
"မိုင်း ဆိုတဲ့ ငါ့ကို စိမ်ခေါ်တာမျိုးက လောကမှာ မလုပ်သင့်တဲ့ အရာပဲ သဏ္ဍာန်ဆန်း ..."
အဲ့ဒီ့ စကား တစ်ခွန်းနဲ့ အတူ သူပြုံးလိုက်တဲ့ အပြုံးတချက်က သဏ္ဍာန်ဆန်းကို ငေးခနဲ ဖြစ်သွားစေသည်။ ဒီအပြုံးတွေက သေစေနိုင်လောက်တဲ့ ညှို့ချက်တွေ အပြည့်နဲ့ နတ်ဆိုး တစ်ကောင်ရဲ့ အပြုံးမျိုး။ ဒီအပြုံးတွေ မြင်ရတိုင်း သဏ္ဍာန်ဆန်း ရင်ထဲမှာ အလိုမကျမှု ပေါင်းများစွာနဲ့။
"Good bye ..."
နှုတ်ဆက်ပြီး ကိုင်ထားတဲ့ လက်ကိုလည်း တကယ် လွှတ်ချ ပစ်လိုက်တဲ့ မိုင်း။
"ဝုန်း ..."
လူတစ်ယောက် ရေထဲ ပြုတ်ကျသွားတဲ့ အသံနဲ့ အတူ စင်ထွက် လာတဲ့ ရေစက်များ။ အနားမှာ ရပ်နေကြတဲ့ သုံးယောက် ကလည်း ရုတ်တရက်မို့ လန့်သွားပြီး ...။
"မိုင်း ဟေ့ကောင်..."
"ဟာ ... မိုင်း ..."
"ကွိုင်ပဲ ..."
ရေထဲမှာ ငုတ်ချည် ပေါ်ချည်နဲ့ ကြိုးစား ပမ်းစား အသက်ရှုနေရတဲ့ သဏ္ဍာန်ဆန်း။
"သူ ရေ မကူးတတ်ဘူး ထင်တယ် မိုင်း ..."
သူငယ်ချင်းတွေက သတိပေး လိုက်ပေမယ့် မိုင်းက အေးအေးဆေးဆေး ရပ်၍သာ ကြည့်နေဆဲ။
"မင်း သူ့ကို တကယ် သတ်ပစ်လိုက် မှာတော့ မဟုတ်ပါဘူးနော် မိုင်း ..."
"ဟေ့ကောင် သူ ရေမွန်း နေပြီဟ ..."
မိုင်းက သူငယ်ချင်းတွေရဲ့ စကားသံတွေကို ဂရုမစိုက်။ ရေထဲမှာ အသက်လုနေတဲ့ သူကိုသာ စိုက်ကြည့်ရင်း ပြုံးနေ၏။
"မင်း ငါ့ကို ဘယ်အချိန်ထိ အာခံနေမှာလဲ ...
ကယ်ပေးဖို့ တောင်းဆို လိုက်စမ်း သဏ္ဍာန်ဆန်း ..."
ဆန်းက ရေထဲမှာ အသက်လု ကြိုးပမ်း နေခဲ့ရသော်လည်း ကယ်ပေးဖို့ တစ်ခွန်းမှ မတောင်းဆိုပေ။ အချိန်က အနည်းငယ်မျှ ကြာသွားခဲ့ပြီး ဆန်းရဲ့ တစ်ကိုယ်လုံး ရေအောက်ထဲ တဖြေးဖြေး နစ်မြှပ်သွားခဲ့လေတော့သည်။
"ဝုန်း ..."
ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့တဲ့ အသံက ရေထဲကို တစုံတယောက်က ဒိုင်ဗင်ထိုးဆင်းသွားတာပဲ ဖြစ်သည်။ သူက မိုင်းပဲ ဖြစ်၏။
ရေထဲ မနစ်မြှပ်ခင် အချိန်ထိ ဒီအတိုင်း အေးတိအေးစက် ရပ်ကြည့်နေခဲ့တဲ့သူ။
အဆုံးထိ မိုင်းသာ မလှုပ်ရှားပါက ရဝေနဲ့ ကောင်းက ရေထဲလိုက်ဆင်းဖို့ အတွေးက ရှိနေပြီးသားပါ။ အခုတော့ မိုင်းက ပိုမြန်သွားခဲ့ပါ၏။
ခဏအကြာ ရေပြင်ပေါ်သို့ နှစ်ယောက်လုံးရဲ့ ပုံရိပ်တို့က ပေါ်လာလေသည်။ မိုင်းက သဏ္ဍာန်ဆန်းကို ဆယ်ယူလာခဲ့ပြီး ရေကန်ဘောင် အစပ်သို့ ခေါ်လာခဲ့၏။ အပေါ်မှာ ရှိနေတဲ့ သုံးယောက်က သဏ္ဍာန်ဆန်းကိုရော မိုင်းကိုပါ ဝိုင်းကူပြီး ဆွဲတင်ပေးလိုက်ကြပါသည်။
"သဏ္ဍာန်ဆန်း ...သဏ္ဍာန်ဆန်း ...ဟေ့ကောင် ဆန်း ...ငါခေါ်နေတာ ကြားရဲ့လား ဆန်း ..."
ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထား ချထားပေးတဲ့ သဏ္ဍာန်ဆန်းအား မိုင်းက အတင်းခေါ်ပြီး လှုပ်နှိုးနေသည်။ သူ့အသံတွေမှာ စိုးရိမ်တကြီးနဲ့ ပူပန်မှုတွေက အတိုင်းသား။ ဆန်းရဲ့ ပါးပြင်တွေကို ပုတ်နှိုးလိုက် CPR ကို Mouth-to-Mouth လုပ်ပေးလိုက်နှင့် သူတစ်ယောက်ထဲ ဗျာများလွန်းနေခဲ့၏။
(CPR _Cardio Pulmonary Resuscitation နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း/ Mouth to Mouth _ပါးစပ်မှ ပါးစပ်အတွင်းသို့ လေမှုတ်သွင်းနည်း)
"အဟွတ် အဟွတ် ..."
ဆန်းရဲ့ ပါးစပ်ကနေ ရေတချို့ အန်ထွက်လာခဲ့ပြီး လူကလည်း သတိပြန်လည် လာခဲ့၏။ ဒီတော့မှ မိုင်းမှာ စိတ်အေးနိုင်ပြီး ခြေပစ်လက်ပစ် ထိုင်ချလိုက်မိတော့သည်။
ဆန်းက မျက်လုံးလေး အနည်းငယ်သာ ဖွင့်ကြည့်ပြီး သတိကောင်းကောင်း မရသေးပေ။
"နီနီ ဆရာဝန်ခေါ် မြန်မြန် ..."
"အေး အေး ..."
နီနီက ဖုန်းတလုံးနဲ့ အိမ်ဘက်ကို ဦးတည်သွားလေ၏။ လင်းရဝေနဲ့ ကောင်းသစ်လွင်တို့က ဆန်းကို အိမ်ထဲသယ်ပို့ရန် နှစ်ယောက်သား ပြင်လိုက်ကြပေမယ့်လည်း ...
"နေ နေ ငါသယ်မယ် ..."
သဏ္ဍာန်ဆန်းကို မိုင်းက သူကိုယ်တိုင် ကျောပိုးပြီး အိမ်ထဲသယ်သွားလေရဲ့။ လင်းရဝေနဲ့ ကောင်းသစ်လွင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိသွားရသည်။
နှစ်ယောက်လုံးအတွေးက အတူတူပင် ဖြစ်နေလောက်ပါသည်။
ရေထဲကို စောစောက လွှတ်ချလိုက်တဲ့ သူဟာ အခုတော့ သူ မဟုတ်သလို ပါပဲလား။
ဒီလိုပဲ အချစ်ဟာ တွန်းချလိုက် ပြန်ကယ်တင်လိုက်နဲ့ အမျိုးစုံ ကြိုးခုံတတ်ပါသလား ...။
ဟုတ်ပါတယ်။ အချစ်ဟာ ဒီလိုပဲ နားလည်ရခက်စွာ ပြောင်းလဲသွား တတ်ပါတယ်။
**** ***** ***** ***** *****