သဏ္ဍာန်ဆန်းရဲ့ ဆေးစစ်ချက် အဖြေက negative ထွက်လာခဲ့ပြီး ရှာဖွေမှု သက်သေခံ ဆေးဝါးကလည်း အရေအတွက်မများ။ ဒါကြောင့် သုံးစွဲမှု ရောင်းဝယ် ဖြန့်ဖြူးမှုတို့နဲ့ စွပ်စွဲလို့ မရတော့ပေ။
KS groupရဲ့ ကျော်ကြားမှု အရှိန်အဝါရယ် နာမည်ကြီးရှေ့နေတွေရဲ့ ကြိုးစားမှုတို့ကြောင့် သဏ္ဍာန်ဆန်းရဲ့ အမှုက အာမခံနဲ့ ထွက်လာလို့ ရခဲ့ပါသည်။ ဆေးယစ်ဆေးဝါးမှု ဖြစ်တာမို့ အမှုကတော့ အပြီး ပြတ်သွားတာမျိုး မဟုတ်။ ဆက်လက်စုံစမ်းနေကြဆဲ။
ရဲစခန်းထဲကနေ ထွက်လာကြတော့ ရှေ့နေကြီးက အရှေ့ဆုံးမှာ။ ပြီးတော့ မိုင်း။ သဏ္ဍာန်ဆန်းကတော့ မိုင်းရဲ့ အနောက်ကနေ ဒွိဟစိတ်တွေနဲ့ တစ်လှမ်းချင်း လိုက်လာနေ၏။
ငါတော့ သွားပြီဟု ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ နည်းလမ်းပျောက်နေချိန်မှာ မိုးကျရွှေကို လိုမျိုး သူ့ဆီရောက်လာခဲ့တဲ့ ဆီဇာနေရဇ္ဇ။
"ငါမင်းကို ဒီကနေ ရအောင် ထုတ်ပေးမယ် ..."
အချုပ်ခံ ထားရတဲ့ သံတိုင်တွေ တဖက်ခြမ်းကနေ ဆန်းကိုကြည့်ပြီး ပြောနေတဲ့ ဆီဇာနေရဇ္ဇ။ သူ့မျက်နှာပေါ်မှာ လေးနက်မှုတွေ အပြည့်။
"ဘာလို့လဲ ...ငါ့ပြဿနာကို မင်းက ဘာလို့ ဝင်ရှင်းပေးတာလဲ ..."
"မင်း ဒီထဲက ထွက်လာပြီးတဲ့ အခါမှ ငါတို့ဆက်ပြောကြတာပေါ့ ..."
ဆီဇာနေရဇ္ဇက သူ့ကို ရှင်းပြပြောဆိုခြင်း မရှိ။ နှစ်ရက်နဲ့ နေ့တပိုင်းအတွင်း ဒီသံတိုင်တွေ ကြားကနေ သူလွတ်မြောက်လာခဲ့၏။ အချုပ်ထဲ ရှိနေခဲ့တုန်းကလည်း သူ့အတွက် ဘာမှ လိုအပ်သည် မရှိခဲ့။ ဆီဇာနေရဇ္ဇတို့ လေးယောက်လုံးက အလှည့်ကျ သူ့ဆီ ရောက်လာကြသေးသည်။ အကြောင်းရင်းကို မေးတော့လည်း လေးယောက်လုံးက တိတိကျကျ သူ့ကို ပြန်မဖြေပေ။
"ကျေးဇူးတင်ပါတယ် ရှေ့နေကြီး အခုလို ကြိုးစားပေးတဲ့အတွက် ..."
မိုင်းက သဏ္ဍာန်ဆန်း အမှုကို လိုက်ပေးနေတဲ့ ရှေ့နေကြီးကို လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်း ဆိုလိုက်သည်။
"ရပါတယ်ဗျာ ...လုပ်ပေးရမှာပေါ့ အစ်ကိုလေးရဲ့ သူငယ်ချင်းကိစ္စပဲ ...ပြီးတော့ သူကလည်း တကယ်အပြစ်မရှိတာ သေချာနေတော့ အမှုကနေ မကြာခင် လုံးဝကင်းလွတ်သွားမှာပါ မပူပါနဲ့ ..."
"ဟုတ်ကဲ့ ..."
သူ့ကိစ္စမဟုတ်ဘဲ မိုင်းက အပြုံးတွေနဲ့ ကျေးဇူးတင်နေတာကြောင့် ဘေးမှာရပ်နေတဲ့ ဆန်းပါ အနေရ ခက်လာတော့သည်။ အနားကို ခြေလှမ်းတိုး သွားမိ၏။ ဒါကို မြင်တဲ့ မိုင်းက ...
"သဏ္ဍာန်ဆန်း ..."
နာမည်ကိုခေါ်ပြီး မေးငေါ့ပြ၏။ သဘောက ရှေ့နေကြီးကို ကျေးဇူးတင်စကား ပြောဖို့အတွက်ပဲ ဖြစ်သည်။ ဆန်းက စိတ်ထဲရှိသလို လွတ်လပ်စွာ နေချင်နေမည်။ ဒီလိုမျိုး အလေးထားရမယ့် အရာတွေ ကျေးဇူးတရားတွေကိုတော့ သူနားလည်ပါသည်။ ရိုင်းစိုင်းပြီး မိုက်ရူးရဲဆန်တတ်တဲ့ သူတစ်ယောက် မဟုတ်ပါ။
"ကျေးဇူးတင်ပါတယ် ရှေ့နေကြီး ကျွန်တော့်ကို ဒီအမှုကနေ လွတ်မြောက်အောင် လုပ်ပေးလို့ ..."
လက်ဆွဲနှုတ်ဆက်ရင်း ကျေးဇူးတင်ကြောင်း ဆိုလိုက်တဲ့ သဏ္ဍာန်ဆန်း။
"ရပါတယ် ဒါက အန်ကယ့်အလုပ်ပါ...KS groupရဲ့ အမွေဆက်ခံသူ တစ်ယောက်က တောင်းဆိုလာတာကို မဖြစ်မနေ လုပ်ပေးရမယ့် တာဝန်ရှိပါတယ် ...ကျေးဇူး တကယ် တင်ရမယ့်သူက မင်းရဲ့သူငယ်ချင်းကိုပါ ...သူက မင်းကို ဒီအမှုကနေ အမြန်ဆုံးလွတ်မြောက်ဖို့ အန်ကယ့်ဆီ အထူးအကူအညီ တောင်းထားတာ ..."
ရှေ့နေကြီးက ဆီဇာနေရဇ္ဇကို ကျေးဇူးတင်ခိုင်းနေ၏။ သူက ဆန်းကို ကြည့်ပဲ ကြည့်နေသည်။ ဘာစကားမှ မပြော။ ဆန်းကလည်း ကျေးဇူးတင်ရန် စကားပြောထွက်ဖို့ နှောင့်နှေးနေဆဲ။
"အန်ကယ့်ကို ပြန်ခွင့်ပြုပါဦး ..."
"ဟုတ်ကဲ့ ကောင်းပါပြီ ..."
ရှေ့နေကြီး ပြန်သွားတော့ နှစ်ယောက်ထဲ ကျန်နေခဲ့သည်။ ဒီတော့မှ ဆန်းက သူအသိချင်ဆုံး ကိစ္စကို စမေးပါတော့၏။
"ပြော..."
"ဘာပြောရမှာလဲ ..."
မိုင်းက စကားပြောနေရင်းနဲ့ ခြေလှမ်းရွေ့သွားလေသည်။ ဦးတည်ရာက ပါကင်ထိုးထားတဲ့ သူ့ရဲ့ Navy blue color ပြိုင်ကားဆီသို့။
"မင်းပဲ ငါလွတ်လာရင် ကူညီရခြင်း အကြောင်းပြောပြမယ်ဆို ...အခု ပြောလေ ..."
"ပြောပြမယ် ...ငါမင်းကို အိမ်ပြန်လိုက်ပို့ရင်းနဲ့..."
"မင်းက ဘာလို့ ငါ့ကို လိုက်ပို့မှာလဲ ..."
"အိမ်ကို သက်သောင့်သက်သာ ပြန်စေချင်လို့ပေါ့ဟ ..."
"မလိုပါဘူး ငါ့ဘာသာ အိမ်ကို ဘယ်လိုပုံစံနဲ့ ပြန်ပြန် ..."
"မင်းဟာလေ ..."
မိုင်းက သူ့ကို လက်ညှိုးထိုး၍ အပြစ်တင်ချင်နေပါသည်။
"မင်းလက်ထဲ ပိုက်ဆံဘယ်လောက် ရှိလို့လဲ ..."
အဖမ်းခံရထဲက ပိုက်ဆံအိတ်ပင် ပါမလာတာမို့ လက်ထဲ ငွေနဲ့တူတာ အကြွေစေ့ပင် ရှိမနေပါ။ ဒါကို သိနေတဲ့ မိုင်းက အိမ်ပြန်လိုက်ပို့ဖို့ ပြောနေတာပဲ ဖြစ်သည်။
"ငါတို့ကို ကြည့်မရရင်တောင်မှ ဂျစ်မတိုက်နဲ့ သဏ္ဍာန်ဆန်း ...အကူအညီဆိုတာ လိုအပ်ရင် ယူရတယ်ကွ ...မာန မကြီးနဲ့ ..."
"ငါဘယ်တော့မှ မာနမကြီးခဲ့ဖူးဘူး ...ငါနေချင်သလို နေတတ်တဲ့သူ ဆိုပေမယ့် သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာကိုတော့ ခွဲခြားနားလည်တယ် ...အဲ့ဒါကြောင့် မင်းတို့ ငါ့ကို အခုလို ကူညီပေးတာကို ငါလက်ခံလိုက်တာ ...ကျေးဇူးလည်း တကယ်တင်မိတယ် ..."
မိုင်းက ပြုံးနေပါသည်။ သဏ္ဍာန်ဆန်းဆီမှ ကျေးဇူးတင်ကြောင်း စကားက ကြားရခဲသည် မဟုတ်ပါလား။ နှစ်ယောက်သားက လမ်းလျောက်ရင်း စကားပြောလာကြတာ ဖြစ်သည်။
"ဒါပေမယ့် ကူညီရခြင်း အကြောင်းရင်းကတော့ ပြောပြသင့်တယ်လေ ...ငါတို့က ဒီလောက် ဆက်ဆံရေး ကောင်းနေတဲ့ သူတွေမှ မဟုတ်ကြတာ ...တစ်ယောက် ဒုက္ခရောက်နေတာကို တစ်ယောက်က အစအဆုံး ကူညီပေးရတဲ့အထိ ..."
"အဲ့ဒါက မင်းဘက်ကလေ... ငါတို့ဘက်ကတော့ မင်းကို တကယ် ခင်ချင်လို့ ကူညီပေးခဲ့ကြတာ ...ပြီးတော့ ..."
မိုင်းက စကားကို ရပ်လိုက်ပြီး သဏ္ဍာန်ဆန်းကို လှည့်ကြည့်လိုက်၏။ ကားအနားကိုလည်း နှစ်ယောက်လုံး ရောက်နေခဲ့လေပြီ ဖြစ်သည်။
"ဘာဖြစ်လဲ ဆက်ပြော ..."
"ဆက်ပြောမယ် ကားပေါ်တက် ..."
မိုင်းက ကားတံခါးပါ ကိုယ်တိုင်ဖွင့်ပေး၍ ဝင်စေ၏။ ဆန်းက ချက်ချင်း မဝင်သေးဘဲ ရပ်ကြည့်သေးသည်။
"ဝင်လေ ငါဆက်ပြောမှာကို မင်းသိချင်တယ်မို့လား ..."
နောက်ဆုံးတော့ သဏ္ဍာန်ဆန်း သူ့ကားထဲ ရောက်လာခဲ့ပါသည်။ ဆန်းက ကားထဲ ရောက်ပြီးတာနှင့် ...
"ပြောတော့ ..."
"မင်း ဘယ်လိုတွေ ဖြစ်နေတာလဲ သဏ္ဍာန်ဆန်း ...မင်း အိမ်ကို ပြန်မရောက်မချင်း တလမ်းလုံး စကားတွေ ပြောသွားလို့ ရတယ် ...ဘာတွေကို လောနေတာလဲ ...ခါးပတ်တပ်လိုက်ဦး ..."
ကားထိုင်ခုံ ခါးပတ်တပ်ဖို့ ပြောရင်းနဲ့ မိုင်းရဲ့ လက်ကပါ ကိုယ်တိုင် တပ်ပေးဖို့ ရှေ့တိုးလာခဲ့ပါသည်။ မိုင်းရဲ့ ကိုယ်လုံးတခြမ်းလုံးက သူ့ဘက်ကို စောင်းငဲ့လာတာမို့ ...
"ငါကလေး မဟုတ်ဘူး ကိုယ့်ဘာသာ လုပ်တတ်တယ် ..."
သူ့ရင်ဘတ်ကို ပြန်၍ ပိတ်တွန်းလိုက်ပြီး သဏ္ဍာန်ဆန်းက ဘုဆတ်ဆတ် ပြောလိုက်သည်။
"ဆောရီး ကလေးနဲ့ မှားသွားလို့ ..."
"ဘာကွ ..."
မိုင်းက တမင်သက်သက် ရွဲ့လိုက်တာ ဖြစ်သည်။ သူပြောပြီး သူပဲ ရယ်နေမိ၏။ တကယ်ဆို အစစ အရာရာ ဘာလို့ အသေးစိတ် သူ့အတွက် လိုက်လုပ်ပေးနေမိမှန်း ကိုယ့်ကိုယ်ကိုယ်ပင် သတိမထားမိလိုက်ပါချေ။ စကားပြောနေရင်းနဲ့ ကားတံခါးလည်း ဖွင့်ပေးမိသည်။ ထိုင်ခုံခါးပတ်လည်း တပ်ပေးဖို့ လုပ်မိသည်။
တကယ်ဆို သဏ္ဍာန်ဆန်းက ကလေးလေးလည်း မဟုတ်။ မိန်းခလေးတစ်ယောက်လည်း မဟုတ်ပါဘဲနဲ့ သူကဘာလို့ ဂရုစိုက်ပေးနေမိတာလဲ။ သူ့လုပ်ရပ်တွေကို သူကိုယ်တိုင်တောင် နားလည်ရ ခက်လာရပါပြီ။
"မင်း လိပ်စာပြော ..."
"(.....)ရပ်ကွက် (.....)လမ်း ..."
ကားရဲ့ လမ်းညွှန်စက်မှာ လိပ်စာကို ရိုက်ထည့်လိုက်ပြီး ကားကို စ၍ မောင်းထွက် လိုက်လေသည်။
"မင်း ဗိုက်ဆာလား ...တစ်ခုခု စားချင်လား ..."
"မဆာဘူး ..."
"အိမ်ရောက်ရင် ရေမိုးချိုးပြီးတော့ ကောင်းကောင်း အနားယူလိုက် ...
အမှုကိစ္စတွေ ဘာမှ တွေးပူမနေနဲ့ အရင်လိုပဲနေ ...
အဲ့ဒီ့ကိစ္စတွေ အကုန်လုံး ငါဖြေရှင်းပေးမယ် ...
မင်း လုံးဝ ထပ်ပြီး ဒုက္ခမရောက်စေရဘူး ..."
ကားကို မောင်းနေရင်းနဲ့ တစ်ခုပြီး တစ်ခုဆက်တိုက် ပြောနေသော ဆီဇာနေရဇ္ဇ။ ဆန်းကတော့ သူပြောသမျှတွေကို ပြန်ဖြေတာ နည်းနည်း။ ပြန်မဖြေတာက များများ။ စကားသာ ကောင်းကောင်း ပြန်မပြောတာ အကြည့်ကတော့ မိုင်းဆီမှာသာ။
ညာဘက်လက် တစ်ဖက်ထဲနဲ့ ကားမောင်းနေတဲ့ မိုင်းရဲ့ ဘေးတိုက်ပုံစံ အနေအထားက ကြည့်ကောင်းနေတာတော့ မှန်ပါသည်။ ဒါပေမယ့် သူကြည့်နေတာက အဲ့ဒီ့ visual ကိုမဟုတ်။ အတိုင်းသား မြင်နေရသော ဆီဇာနေရဇ္ဇရဲ့ ဟန်ဆောင်မှုကင်းတဲ့ စိတ်ပူပေးခြင်းတွေကိုပဲ ဖြစ်သည်။
ဘာလို့ ဒီလောက်တောင် အကူအညီတွေ ပေး၍ စိုးရိမ်ပူပန် ပေးနေရသည်လဲ။ သူတို့အုပ်စုနဲ့ သူက ဒီလောက်လည်း ဆက်ဆံရေး ပြေပြစ်သည် မဟုတ်ပါဘဲ။
"ကျောင်းမှာလည်း မင်းအကြောင်း ဘယ်သူမှ သိပ်မသိကြဘူး ...ကျောင်းလာရမှာကိုလည်း စိုးရိမ်မနေနဲ့ဦး ..."
"ပြောလည်း ဂရုမစိုက်ဘူး ...ငါက မဟုတ်တာ လုပ်ထားတာမှ မဟုတ်တာ ...လူတွေရဲ့ အမြင်ကို ငါစိတ်မဝင်စားဘူး ..."
သဏ္ဍာန်ဆန်းဆိုတဲ့ သတ္တဝါလေးက ဒီလိုပဲ ပြန်ပြောလာမှာကို မိုင်း သိနေပါသည်။ လူတွေရဲ့ အမြင်ကို စိတ်မဝင်စား ဂရုမစိုက်တတ်သည့် typeက သဏ္ဍာန်ဆန်းပဲလေ။
"မင်း ငါ့ကို ဘယ်အချိန် ပြောပြမှာလဲ ..."
မိုင်းပြောလာမှာကို စောင့်ဆိုင်းနေရင်းနဲ့ သူ စိတ်မရှည်တော့တဲ့ ပုံပါပဲ။ ဖုံးကွယ်ထားရမယ့် ကိစ္စတစ်ခု မဟုတ်ပေမယ့် ပြောဖို့ရာ ချင့်ချိန်နေရတဲ့ မိုင်း။
"မင်း အိမ်ရှေ့ရောက်မှ ပြောကြတာပေါ့ ...အခု ငါကားမောင်းနေလို့ ...စကားပြောရင်း ကားမောင်းတာက အန္တရာယ်များတယ်လေ ..."
တလမ်းလုံး သူပဲ တတွတ်တွတ် ပြောနေပြီးမှ အခုကျတော့ အန္တရာယ်များသည်တဲ့။ တတ်လည်း တတ်နိုင်တဲ့ ဆီဇာနေရဇ္ဇ။ သူ့စကားနဲ့ သူမို့ တလမ်းလုံး စကားမပြောဖြစ်ဘဲ ငြိမ်နေခဲ့၏။ မိုင်းမပြောတော့ သဏ္ဍာန်ဆန်းကလည်း လုံးဝရေငုံနှုတ်ပိတ်။ နာရီဝက်လောက် မောင်းခဲ့တဲ့ ခရီးက တိတ်ဆိတ်လို့ပါပဲ။
"ရောက်ပြီ အဲ့ဒီ့ အဖြူရောင်တိုက်က ငါ့အဆောင်ပဲ ..."
မိုင်းက သဏ္ဍာန်ဆန်း ညွှန်ပြတဲ့ လေးထပ်တိုက်အဖြူ အရှေ့မှာ ကားကို ရပ်ပေးလိုက်ပါသည်။ နှစ်ယောက်သား ကားထိုင်ခုံခါးပတ်ကို ဖြုတ်နေရင်းနဲ့ မိုင်းဆီကနေ အသံထွက်လာခဲ့၏။
"အဲ့ဒီ့ဆေး ကိစ္စက ..."
မိုင်း ဆက်ပြောလာမှာကို ဆန်းက ငြိမ်ပြီး နားထောင်နေခဲ့ပါသည်။ မိုင်းက သူ့မျက်နှာကို လှမ်းကြည့်ပြီး ...
"ဘားမှာ ဟိုရက်က မင်းနဲ့ဆုံခဲ့တဲ့ ...ကျောင်းတုန်းက ငါတို့ရန်ဘက်က လုပ်သွားတာ ..."
"ဘယ်လို ..."
ဆန်းက မျက်ခုံးလေး စုကျုံ့၍ သူ့ကို စိုက်ကြည့်နေသည်။
"မင်းတို့ရဲ့ ကျောင်းတုန်းက ရန်စက ငါနဲ့ ဘာဆိုင်လို့ ဘယ်လို လာနွယ်ရတာလဲ ..."
"မင်းကို ငါတို့သူငယ်ချင်းမို့လို့ သူက တမင် ချောက်ချပြီး လုပ်လိုက်တာ ..."
"တောက် ..."
တောက်ခတ်သံက ခပ်ပြင်းပြင်း။ မျက်နှာကလည်း စိတ်တိုသွားတဲ့ အမူအရာ။
"ငါအဖမ်းခံရတဲ့ နေ့က သူ ဘားကိုလာတာ ငါမမြင်ဘူး ..."
"ဟုတ်တယ် သူကိုယ်တိုင် လုပ်တာမဟုတ်ဘူး ...သူများကို ပိုက်ဆံပေးပြီး ခိုင်းတာထင်တယ် ...ကောင်းနဲ့ ရဝေက အခု အဲ့ဒီ့သက်သေကို ရဖို့ စုံစမ်းပေးနေတယ် ..."
"အဲ့ဒီ့ကောင် အခု ဘယ်မှာလဲ ..."
"ပြည်ပကို ထွက်ပြေးသွားပြီ ...ဒီကောင်က သတ္တိကြောင်တယ် ...သူလုပ်ပြီးရင် အဲ့ဒီ့လိုပဲ ရှောင်ပြေးတတ်တာ ...ဟိုး အထက်တန်းကျောင်းတုန်းကလိုပဲ ...ဒါပေမယ့် မပူပါနဲ့ ငါမင်းအတွက် သေချာပေါက် လက်တုံ့ပြန်ပေးမယ် ...ဒီကောင့်ကို ငါမြေလှန်ရှာနေတယ် ..."
"ငါ့အတွက်လို့ မပြောစမ်းပါနဲ့ ...မင်းတို့အုပ်စုကို ရန်စသွားလို့ ပြန်လက်တုံ့မှာ မဟုတ်လား ...မင်းတို့ ပြဿနာတွေထဲ ငါက မဆိုင်ဘဲ ရောထွေး ပါသွားခဲ့တာ..."
"ငါတောင်းပန်ပါတယ် တကယ်ကို ..."
"အဲ့ဒါကြောင့် မင်းတို့အုပ်စုက ငါ့အတွက် ဒီလောက် လုပ်ပေးနေကြတာကိုး ..."
ဆန်းရဲ့ နှုတ်ခမ်းတို့က တစ်ချက် မဲ့သွား၏။ အကြောင်းရှိလို့ ကောင်းပေးခဲ့ကြသည်ကို သူက တကယ်ကျေးဇူး တင်မိသွားသေးသည်။ စိတ်ထဲ ပျက်သွားတဲ့ ကျေးဇူးတရားက မျက်နှာပေါ်မှာပါ မလိုလားမှုကို ထင်ဟပ်လာခဲ့သည်။
"ငါတို့ကြောင့် ဆိုတာလည်း တဝက်ပါသလို မင်းကြောင့် ဆိုတာလည်း တဝက်ပါတယ် ..."
"ဘာကို ငါ့ကြောင့်လဲ ..."
"မင်းကို ငါတို့က တကယ်ခင်ချင်နေကြတာ မင်းအခုလို ဒုက္ခရောက်တော့ ငါတို့မနေနိုင်ဘူးလေ ...အဲ့ဒါကြောင့် ဒီလောက်ထိ ကူညီပေးခဲ့တာ ...မင်းကြောင့်ပဲ ..."
"အဲ့ဒါကြောင့် မင်းတို့အုပ်စုကို ငါနဲ့ လာမရှုပ်ကြနဲ့လို့ ပြောတာ ..."
ဆန်းက ဆီဇာနေရဇ္ဇရဲ့ ပုခုံးစွန်းကို လက်ညှိုးနဲ့ ဖိပြီး တစ်ခွန်းပြောလိုက် စောင့်တွန်းလိုက်နှင့်။
"မင်းတို့ လာရှုပ်ကြလို့ ငါ့ရဲ့ နေ့စဉ်ဘဝတွေက စိတ်ရှုပ်စရာတွေ ရှိလာရတာ ...
တကယ် စိတ်ပျက်စရာတွေပဲ ..."
ပထမတော့ မိုင်းက ငြိမ်နေပေမယ့် နောက်ဆုံးကျမှ သူ့ကိုတွန်းထိုးနေတဲ့ သဏ္ဍာန်ဆန်းရဲ့ လက်ကို ဖမ်းဆုပ်ကိုင်ထား ပစ်လိုက်ပါသည်။
ဆန်းက ပြန်ရုန်းနေပေမယ့် မိုင်းက လုံးဝမလွှတ်။ ယောင်္ကျားလေး အချင်းချင်း ဆိုပေမယ့် မိုင်းရဲ့ သန်မာမှုကတော့ မြဲမြဲမြံလှ၏။
"ငါ့ကို လွှတ်စမ်း ဆီဇာနေရဇ္ဇ ..."
"ငါပြောတာ အရင်နားထောင်ဦး ..."
မိုင်းက သဏ္ဍာန်ဆန်းရဲ့ ဒေါသမျက်ဝန်းတွေကို စေ့စေ့ စိုက်ကြည့်ရင်းနဲ့ ...
"ငါတို့အုပ်စုက ဘယ်လောက်ပဲ ဟန်ဆောင်မှုတွေ ရှိနေနေ မင်းအရှေ့မှာတော့ အဲ့လိုမျိုး မဟုတ်ဘူးဆိုတာ မင်းကောင်းကောင်း သိတယ်...
လူတစ်ယောက်ရဲ့ စိတ်ရင်း တကယ်ဟုတ် မဟုတ် ...လူ့အကဲ မခတ်တတ် ရလောက်အောင် မင်းဆိုတဲ့ကောင်က မနုံ,အပါဘူး ...
မင်းကို ငါတို့ တကယ်ခင်ချင်တယ် ...ငါတို့ အဖွဲ့ထဲကိုလည်း ဝင်စေချင်တယ် ...
အဲ့ဒါကြောင့် ငါတို့ မင်းနဲ့ လိုက်ပတ်သက်နေကြတာ ...မင်းကို တမင်လိုက်ရှုပ်နေတာမျိုး မဟုတ်ဘူး ...
အဲ့ဒါကို မင်း မြင်အောင်ကြည့်စမ်းပါ သဏ္ဍာန်ဆန်းရဲ့ ..."
မိုင်းက စကားကို ဆုံးအောင် ပြောပြီးတော့မှ လက်ကို ပြန်လွှတ်ပေးလိုက်သည်။ သဏ္ဍာန်ဆန်းက သူ့ကို စိုက်ကြည့်နေပြီး လက်သီးပါ ဆုပ်နေသေး၏။
"ဘာလဲ ငါ့ကို ထိုးချင်နေတာလား ...လာ ထိုးလိုက် ...ဒီမှာ ..."
မျက်နှာကို ရှေ့တိုးပေးလာတဲ့ မိုင်းကို ကြည့်ပြီး သဏ္ဍာန်ဆန်းက လက်သီးဆုပ်ကို ပြန်ဖြေချလိုက်ပါသည်။ သူတို့အမှားအတွက် သူတို့ ပြန်ပြီး ကူညီပေးခဲ့တဲ့ အဖြစ်ကို ထောက်ထားပြီး ဆန်းက စိတ်လျော့လိုက်တာ ဖြစ်သည်။
"မင်းတို့လို မွန်းကြပ်မှုတွေကြား ပိတ်လှောင်နေတဲ့ ကောင်တွေနဲ့ ငါအပေါင်းအသင်း မလုပ်ဘူး ...ငါနဲ့ နောက်ထပ် လာမပတ်သက်ကြနဲ့တော့ ..."
ဆန်းက သူ့ကို အပြတ်ပြော၍ ကားပေါ်ကနေ ဆင်းသွားလေတော့သည်။ ဆန်း ဆင်းသွားတော့ ကားစတီယာရင်ကို လက်နဲ့ ထု၍ စိတ်တိုမှုကို ဖြေလျော့လိုက်တဲ့ မိုင်း။
"ကလေးသာဆိုရင် နားရွက်ဆွဲလိမ်ပြီး ဆုံးမတယ် ...ဒီလောက်တောင် နားလည်ရခက်ပြီး တယူသန်ရမလား ဆိုပြီးတော့ ..."
တစ်ယောက်ထဲ ဒေါသတွေနဲ့ ပြောဆိုနေရင်း သဏ္ဍာန်ဆန်းကိုလည်း လှမ်းကြည့်နေမိသေး၏။ တိုက်ဖြူရှေ့မှာ အမျိုးသမီးကြီး တစ်ယောက်နဲ့ စကားရပ်ပြောနေတဲ့ ဆန်း။ သူအခုထိ အိမ်အပေါ်ထပ်ကို မတက်ရသေးပါ။ အမျိုးသမီးကြီးက တစ်ခုခုကို ပြောနေပုံရသည်။ သဏ္ဍာန်ဆန်းက မျက်နှာ မကောင်းတာကိုလည်း သူမြင်နေရပါ၏။
လမ်းထဲကနေ ထွက်ဖို့ ကားကို ကွေ့လိုက်ရင်း တိုက်ဖြူအရှေ့ကနေ ဖြတ်လာမိသည်။ ရပ်ကွက်လမ်းမို့ ကားသွားလမ်းနဲ့ လမ်းဘေးမှာ ရပ်စကားပြောနေတဲ့ အကွာအဝေးက ခပ်နီးနီးရယ်။
"အဆောင်ပြောင်းဖို့ သားကို အန်တီ အချိန်တစ်ပတ်ပေးမယ် ..."
ဖြတ်သွားရင်း ကြားလိုက်ရတဲ့ စကားတစ်ခွန်းက ကားဘရိတ်ကိုပါ နင်းမိသွားစေ၏။ တုံ့ခနဲ ရပ်သွားတဲ့ သူ့ကားကို ဆန်းကလည်း လှမ်းကြည့်နေပါသည်။ အန်တီကြီးကတော့ သူ့စကားကို ဆက်၍ ပြောနေဆဲ။
"စိတ်တော့မကောင်းပါဘူး ...အဆောင်ကို ရဲတွေက ဒီလိုမျိုး ဝင်ရှာဖွေတာတွေ ဖြစ်တော့ ရုတ်ရုတ်သဲသဲ တအားဖြစ်သွားခဲ့တာ ...ပတ်ဝန်းကျင်မှာရော အဆောင်က တခြားသူတွေ အတွက်ပါ အဆင်မပြေဘူးပေါ့ ...အဆောင်လည်း နာမည်ပျက်လိမ့်မယ် ဒီမှာ သားဆက်နေရင် ..."
မူးယစ်ဆေးမှု ဖြစ်တာမို့ ပတ်ဝန်းကျင် ရိုက်ခတ်မှုနဲ့ လူတွေရဲ့ ကောလဟလတွေက သူ့ကို ဖယ်ထုတ်စေဖို့ ဖြစ်လာခဲ့ပုံပါပဲ။ အန်တီကြီးက သူပြောပြီးတာနဲ့ ထွက်သွားခဲ့သော်လည်း ဆန်းကတော့ လမ်းဘေးမှာ ရပ်ကျန်နေဆဲ။
မိုင်းသည်လည်း ကားကို ဆက်မမောင်းဖြစ်ဘဲ လမ်းမပေါ်မှာ ရပ်တန့်နေဆဲ။
နှစ်ယောက်လုံး အကြည့်ချင်း ဆုံနေပေမယ့် တခွန်းမှ မပြော။ လှုပ်ရှားခြင်းလည်း မရှိ။ သဏ္ဍာန်ဆန်းရဲ့ အမူအရာနဲ့ မျက်ဝန်းတွေကို အကဲခတ်ကြည့်ရသလောက်ကတော့ ...စိတ်ရှုပ်ထွေးနေတာတွေ မြင်နေရ၏။ ဒေါသစိတ်လည်း အနည်းငယ် လွှမ်းမိုးနေလျက် ...။
"ငါဆင်းသွားပြီး တစ်ခုခု ကူညီရမလား"ဟု မေးဖို့ တွေးမိပေမယ့်လည်း ...
သဏ္ဍာန်ဆန်းလို လူစားမျိုးက လက်ခံမှာ မဟုတ်တာ အသေအချာပင်။ ဗေဒင်မေးရင်တောင် လွဲရင် လွဲနေဦးမည်။
အခုတောင်မှ သူ့ကို ကြည့်နေတဲ့ အကြည့်က "ဆင်းမလာခဲ့နဲ့ အခုချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွား" ဆိုတာမျိုး။
စိတ်ကို စိတ်နဲ့စား၍ အကြည့်ကို အကြည့်နဲ့ သတ်၏။
**** ***** ***** ***** *****
(Author's note)
Part-10 က ဒီအခန်းကို ဒီနေရာထိပဲ ရေးမှ လှမှာမို့ ...အနည်းငယ် တိုသွားရပါတယ်။
အရမ်းမတိုပါဘူးနော် 😁
မနက်ဖြန် အပိုင်းက ရှည်လွန်းရင်လည်း ရှည်လွန်းမယ် ဒါမှမဟုတ် နှစ်ပိုင်းလည်း ဖြစ်ချင် ဖြစ်သွားပါမယ် 🤗
မနက်ဖြန် အခန်းတွေက readerတွေရဲ့ ရင်ခုန်သံတွေကို လက်ကမ်းကြိုဆိုပါလိမ့်မယ် 💛💙
ရင်ခုန်ကြပါစေလို့ မျှော်လင့်ပါတယ် 😆
reader တွေ ရင်မခုန်ကြရင်တော့ ကျွန်တော် ရေးတာ ညံ့လို့ပဲ ဖြစ်မှာပေါ့နော့် 😅
**** ***** ***** ***** *****