နီနီ့ဆီကနေ ကြားလိုက်ရတဲ့ စကားကြောင့် ရဝေ့မှာ သောက်လက်စ ရေပင် လည်ချောင်းထဲ အဝင်မဖြောင့်တော့။ ရေခွက်ကို စားပွဲပေါ် အမြန်ပြန်ချ၍ အံ့ဩတကြီး မေးလိုက်မိ၏။
"ဘာ ...အပိုင်လိုချင်တာ ..."
"ဟဲ့ နင့်အသံကလည်း ...လျော့ဦးဟ ..."
သူတို့ရောက်နေတာက ကျောင်းကန်တင်းမှာ ဖြစ်သည်။ အနီးနားမှာ တခြား ကျောင်းသားတွေလည်း အနည်းငယ် ရှိနေကြ၏။ သူတို့ဝိုင်းမှာတော့ သုံးယောက်သာရှိပြီး မိုင်းကတော့ ရှိမနေပေ။
သဏ္ဍာန်ဆန်းဆီမှာ မစ်ရှင် ကျရှူံးခဲ့တဲ့ ကိစ္စအား မနေ့ထဲက အားလုံး သိပြီးကြပါပြီ။ အခုက မိုင်းမရှိတုန်း မိုင်းရဲ့ အထူးအဆန်း စကားတွေအား နီနီက ဖောက်သည် ပြန်ချနေတာ ဖြစ်သည်။
"သူ တကယ် အဲ့ဒီ့လို ပြောတာလား ..."
ကောင်းသစ်လွင်ကလည်း လေသံနှိမ့်၍ ထပ်မေးနေပြန်၏။
"အေးလို့ ဟုတ်ပါတယ်ဆိုမှ သူ အဲ့လိုကြီး ထပြောတာ ...ငါတောင် အံ့ဩသွားတယ် မနေ့က..."
ဗိုက်ဆာလို့ အဆာပြေလာစားတဲ့ မုန့်တွေကို သုံးယောက်သား ပါးစပ်ထဲတော့ ထည့်နေကြ၏။ ဒါပေမယ့် အတွေးတွေက တစ်နေရာမှာ ရောက်နေကြလျက်။
"ငါတို့ သူငယ်ချင်း ဂေးသွားတာလား ..."
ပထမဆုံး တွေတွေဝေဝေနဲ့ ထပြောလာသူက ကောင်းသစ်လွင်။
"မဖြစ်နိုင်ဘူး မိုင်း အကြောင်း ငါတို့အသိဆုံးပဲ မဟုတ်လား ..."
လင်းရဝေက ငြင်းလိုက်၏။
"ငါလည်း မနေ့က အဲ့ဒီ့စကားကြားပြီး နင့်လိုပဲ တွေးမိလိုက်တာ...မိုင်းတစ်ယောက်တော့ ဂေးနေပြီ ထင်တယ်ဆိုပြီး ...ဒါပေမယ့် ငါတို့ ပေါင်းလာတာ မနေ့ တနေ့ကမှ မဟုတ်တာ ...ပြီးတော့ မိုင်းက ငါတို့မသိအောင် ဘာမှလုပ်လေ့ မရှိဘူးလေ ...တစ်ခုခုဆို သူငါတို့ကို ပြောပြနေကြပဲ ..."
"အဲ့ဒါဆို အပိုင်လိုချင်တာက ဘာစကားလဲ ..."
"ကောင်းရာ မိုင်းက သူသဘောကျတဲ့ အရာတွေဆိုရင် အပိုင်လိုချင်တယ်လို့ ပြောနေကြပဲကို ..."
လင်းရဝေ ပြောတာက မမှား။ တစ်ဦးတည်းသောသား မိုင်းက လိုချင်တာ မှန်သမျှ အကုန်ရခဲ့တဲ့ လိုတရကောင်လေး။ သူသဘောကျတဲ့ အရာတွေဆိုရင် အကုန်ပိုင်ဆိုင်ချင်တဲ့ ဆန္ဒတွေ ရှိသည်။ အလိုရှိရာကို မပိုင်ဆိုင်ဘဲ တခါမှ မရှိခဲ့ဖူးတာမို့ မိုင်းက နည်းနည်းတော့ လောဘကြီးပါ၏။
"ဟ ...အခုလိုချင်တာက ကုန်တိုက်မှာ တင်ထားတဲ့ လူအရုပ်မှ မဟုတ်တာ ..."
"သူသဘောကျလို့ ရင်းနှီးချင်တယ် ...ခင်ချင်တယ် ...သဏ္ဍာန်ဆန်းကို သူ့အပေါင်းအသင်း ဖြစ်စေချင်တယ် ...ဒီလို ပိုင်ဆိုင်ချင်တာ မျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ...ငါတို့ သုံးယောက်ကိုလည်း သူပြောနေကြပဲလေ ...မင်းတို့က ငါ့သူငယ်ချင်းတွေ ငါပိုင်တာ ဆိုပြီးတော့ ..."
လင်းရဝေ ပြောတဲ့ အချက်ကို ကောင်းသစ်လွင်က...
"ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမယ့် သဏ္ဍာန်ဆန်းကို သူသိတာ ဘယ်လောက် ကြာသေးလို့ ခင်ချင်သွားရတာလဲ ..."
"အဲ့ဒါတော့ သူတင်မဟုတ်ဘူး ငါတောင် အဲ့တစ်ယောက်ကို တကယ်ခင်ချင်သွားတာ ..."
နီနီက သဏ္ဍာန်ဆန်း အကြောင်းပြောရင်း ပြုံးနေပြန်သည်။ သူတို့တွေကလွဲရင် တခြားသူစိမ်းကို အပေါင်းအသင်း လုပ်ချင်တယ်ဟု မပြောတတ်သည့် နီနီ။ သူ့ဆီမှ ဒီလို စကားကို ကြားလိုက်ရတော့ ရဝေနဲ့ ကောင်းတို့ စိတ်ဝင်စား သွားကြ၏။
"နင့်ကို သွားပြီး မိတ်ဖွဲ့ဖို့ ဆွဲဆောင်ခိုင်းလိုက်တာ အခုနင်က သူ့ဆီမှာ ကျရှူံးလာခဲ့တယ်ပေါ့ နီနီ ..."
ကောင်းက အစ်မဖြစ်သူကို ကြည့်ပြီး ရယ်နေ၏။
"ဟုတ်တယ် လုံးဝကို ကျရှူံးသွားတာ ...သူ့ပုံစံကြည့်တော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ကြောင်တောင်တောင်လေးလို့ ထင်ရပေမယ့် သူများကို ကူညီတတ်တဲ့ စိတ်အခံလည်း ရှိတယ် ...ငါတို့ အကြောင်းတွေ သိသွားတာတောင်သူက လွတ်လပ်ခွင့်ဆိုတဲ့ ရှု့ထောင့်ကနေ ကြည့်တာ ...ငါတို့ကို လုံးဝ စိတ်မဝင်စားဘူး ...သူ့စိတ်ဓာတ်ကို သဘောကျတာ မိုင်းတင်မဟုတ်ဘူး ငါရောပဲ ..."
"နင်တို့နှစ်ယောက် ဒီလောက်တောင် ဖြစ်နေကြတာ အဲ့ဒီ့ သဏ္ဍာန်ဆန်းဆိုတဲ့ တစ်ယောက်ကို ငါကိုယ်တိုင် လေ့လာ ကြည့်ရသေးတာပေါ့ ..."
"နင်က ဘယ်လို လေ့လာမှာလဲ ကောင်း ..."
"နင့်လိုပဲ ငါ့နည်းလမ်းနဲ့ ငါပေါ့ဟ ..."
"နင့်နည်းလမ်း ဆိုတာကို ငါသိတယ်နော် ကောင်း ...ပြဿနာ မရှာနဲ့ ...ဟိုက သူ့ကို လာမရှုပ်ကြနဲ့လို့ ပြောထားတာ ...သွားရှုပ်မိရင် စိတ်တိုပြီး ငါတို့ အကြောင်းတွေ လိုက်ဖွနေလိမ့်မယ် ..."
နီနီက မောင်ဖြစ်သူ အကြောင်းကို သိနေတာမို့ တားမြစ်လိုက်သည်။
"ငါသိပါတယ်ဟ ...ငါက သူ့ကို နည်းနည်းလေး လေ့လာကြည့်ရုံပဲ ...စိတ်ချ ဘာပြဿနာမှ မရှာဘူး ..."
"မင်းရဲ့ လေ့လာရေးမှာ ငါပါ လိုက်ခဲ့မယ် ..."
လင်းရဝေကလည်း ပါဝင်ဖို့ ပြောလိုက်၏။ ကောင်းကို တစ်ယောက်ထဲ လွှတ်ဖို့ မယုံကြည်ရသလို ရဝေ ကိုယ်တိုင်ကလည်း သဏ္ဍာန်ဆန်း အကြောင်း သိချင် သေးတာမို့။
"အိုခေ ...နှစ်ယောက်ဆိုတော့ ကောင်းကောင်း လေ့လာနိုင်တာပေါ့ ...ဒါနဲ့ မိုင်းက ဘာလို့ ငါတို့နဲ့ မုန့်လိုက်မစားတာလဲ ..."
"သူ ငါ့ကို ပြောသွားတာတော့ ကိစ္စရှိလို့ ကျောင်းရှေ့ ခဏသွားဦးမယ်တဲ့ ...လက်ထဲမှာလည်း အိတ်တစ်လုံးနဲ့ ထွက်သွားတာပဲ..."
ဒီနေ့ မိုင်းနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ သူက လင်းရဝေဖြစ်သည်။
"သူ သဏ္ဍာန်ဆန်းဆီကို သွားတာ ..."
အကြောင်းစုံ သိနေတဲ့ နီနီက မသိသေးတဲ့ နှစ်ယောက်ကို ပြောလိုက်လေသည်။
"ဘယ်လို ..."
"သူက ဘာသွားလုပ်တာလဲ ..."
"မနေ့က ငါယူထားတဲ့ သဏ္ဍာန်ဆန်း အင်္ကျီကို သွားပြန်ပေးတာ ..."
"ဟမ် ...အဲ့ဒါ နင့်အလုပ် မဟုတ်ဘူးလား ...သူက ဘာလို့ သွားတာလဲ ..."
"မသိဘူးဟေ့ အဲ့ဒီ့ အင်္ကျီကို မနက်ထဲက ငါ့ကို သူ့ဆီ ယူလာခိုင်းတာ ...သူသွားပေးမယ်တဲ့ ..."
"ဆီဇာနေရဇ္ဇ ...ဆီဇာနေရဇ္ဇ ...တစ်ခုခုတော့ တစ်ခုခုပဲ ..."
ကောင်းသစ်လွင်က ပြုံးစိစိနှင့် ပြောနေလေသည်။
"ငါ သူတို့ကို ship ရတော့မှာလား ..."
လင်းရဝေကလည်း ပတ်ဝန်းကျင်ကို တချက် ဝေ့ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်၏။
"Ship လိုက်တော့ ...ငါတို့ကောင်ကိုက တစ်ခုခု ဖြစ်နေတာ သေချာတယ် ..."
ကောင်းနဲ့ ရဝေ့ စကားတွေကြောင့် နီနီသစ်လွင်တစ်ယောက် ရယ်မိသွားတာ အသံပင် အနည်းငယ် ကျယ်သွားတော့သည်။ တခြားဝိုင်းက ကျောင်းသားအချို့ နီနီ့ကို လှမ်းကြည့်လာကြ၏။ အသံကို ပြန်လျော့၍ အပြုံးလှလှလေးနဲ့ နီနီက တုံ့ပြန် လိုက်ပါသည်။
ပြီးတော့ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြိတ်၍ ရယ်နေမိကြ၏။
"မိုင်း ဆန်း ... မိုင်း ဆန်း ..."
ဒါတောင်မှ လင်းရဝေက နာမည်တွဲ၍ စနောက်နေသေး၏။ သစ်လွင် အမြွှာနှစ်ယောက်ကတော့ လူသတိ မထားမိအောင် ခိုးရယ်နေကြ ရသည်။ လွယ်တော့ မလွယ်ကူပါ ...။
**** ***** ***** ***** *****
ကျောင်းဝင်း တစ်နေရာတွင် လုပ်နေတဲ့ Free Hugs Campaign တစ်ခုမှာ သဏ္ဍာန်ဆန်း ရှိနေ၏။ မိုင်းက သဏ္ဍာန်ဆန်းရဲ့ အတန်းဖော် ကြည်သာ့ကို မေးပြီး အဲ့ဒီ့နေရာကို ရောက်လာခဲ့တာ ဖြစ်သည်။
ကျောင်းဝင်းထဲက ဖြတ်သွား ဖြတ်လာ လူတိုင်းကို သဏ္ဍာန်ဆန်းက Free Hugs Campaign အတိုင်း ပွေ့ဖက် နှစ်သိမ့်ပေးနေ၏။ ကျောင်းသူ ကျောင်းသား ပါမောက္ခတွေ အပြင် ကျောင်းရဲ့ သန့်ရှင်းရေး လုပ်သားတွေ တခြားအလုပ်သမားတွေ အထိ အားလုံး။ ပြီးတော့ ကျောင်းဝင်းထဲ ခဏရောက်လာတဲ့ မည်သူမဆိုကိုလည်း ပွေ့ဖက် နှစ်သိမ့်ပေးနေပါသည်။
မိုင်းက သူ့ကို ခပ်လှမ်းလှမ်း တနေရာကနေ ကြည့်နေတာ ဖြစ်သည်။ သဏ္ဍာန်ဆန်းပုံစံက အခုလို ကျတော့လည်း ဂျစ်ကန်ကန် အကြောတင်းလေး ပုံစံမျိုး မဟုတ်တော့။ အားလုံးကို နူးနူးညံ့ညံ့ အပြုံးလေးနဲ့ နှုတ်ဆက်နေပါ၏။
သဏ္ဍာန်ဆန်းရဲ့ အမူအကျင့်တွေက နောက်ထပ် ဘယ်လောက်များများ ရှိနေသေးသည်လဲ။
တစ်ယောက်ထဲ သီးသန့် နေတတ်သည်။ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက် သူလုပ်ချင်ရာ လုပ်သည်။ အခုကျတော့လည်း လူတိုင်းနဲ့ အဆင်ပြေစွာ ပြုံးလို့ ရွှင်လို့။
Campaign မှာက တခြား လုပ်အားပေး လုပ်နေသူတွေလည်း အများကြီး ရှိပေမယ့် မိုင်းကတော့ သဏ္ဍာန်ဆန်းတစ်ယောက်ထဲကိုသာ မျက်လုံးထဲ ထူးထူးကဲကဲ ကွက်မြင်နေလေသည်။
ယောင်္ကျား မိန်းမ မရွေး ဘယ်သူ့ကို ဖြစ်ဖြစ် စိတ်လိုလက်ရ ပွေ့ဖက်နေတဲ့ ပုံစံလေးက တမူထူးနေသည်။ သူက မျက်ဝန်းတွေကို မှိတ်ထားပြီး ပွေ့ဖက်ထားသူ တစ်ယောက်ယောက်ကို ကျောပြင်လေးအား အသာအယာ ပုတ်ပေးနေသေး၏။ တကယ့်ကို အပေါ်ယံ ဆက်ဆံမှု မဟုတ်။ နွေးနွေးထွေးထွေး နှစ်သိမ့်ပေးနေတာမျိုး။
ခက်သည်။ မိုင်းက သဏ္ဍာန်ဆန်း လုပ်သမျှကို လိုက်လုပ်ချင်နေ၏။ နေရောင်ခြည် ခံယူတာမျိုး မိုးရေထဲ လမ်းလျောက်တာမျိုးတွေ အပြင် အခု ပွေ့ဖက် နှစ်သိမ့်ပေးတာကိုပါ လိုချင်လာပြန်ပြီ။
"ငါလည်း နှစ်သိမ့်ပေးတာ ခံချင်တယ် ..."
တစ်ယောက်ထဲ စိတ်ထဲကနေ ပြောလိုက်ပြီး ခြေလှမ်းတွေကတော့ Free Hugs Campaign အနားသို့။
"ဟာ ဆီဇာနေရဇ္ဇ ပဲ ..."
"ဟင် မိုင်း ..."
သူရောက်လာတော့ လုပ်အားပေးသူတွေက နာမည်ခေါ်၍ ကြိုဆိုကြ၏။ ဆန်းကလည်း နာမည်ကြားတော့ သူ့ကို လှည့်ကြည့်လာခဲ့သည်။
အားလုံးကို ပြန်ပြုံးပြလိုက်ပြီး ပွေ့ဖက်ဖို့ ကမ်းပေးနေတဲ့ လက်တွေကို အကုန် ကျော်ဖြတ်သွားသည့် မိုင်း။ သူခြေစုံ ရပ်လိုက်တာက သဏ္ဍာန်ဆန်းရဲ့ အရှေ့မှာပဲ ဖြစ်သည်။
ဆန်းက သူ့ကို မြင်တော့ အပြုံးတွေ ခဏဖွက်ထားလိုက်တဲ့ ပုံပါပဲ။ စောစောကလို မဟုတ်တော့။ မျက်နှာတည်တည်လေးနဲ့ မိုင်းကို ကြည့်နေ၏။ မလိုလားတဲ့ အမူအရာတော့မပြ။ သူရောက်လာလို့ အံ့ဩနေတာမျိုးလည်း မဟုတ်။
"ငါ့ကို နှစ်သိမ့် မပေးချင်ဘူးလား ..."
မိုင်း ကမ်းပေးထားတဲ့ လက်တွေကို သဏ္ဍာန်ဆန်းက ဒီအတိုင်း ရပ်ကြည့်နေတာမို့။
"လိုအပ်လို့လား ..."
"မင်းက လိုအပ်မှ လုပ်ပေးတတ်တာ ငါသိပါတယ် ...အခု ငါလည်း တကယ်လိုအပ်နေလို့ ..."
ဆန်းက သူ့ရဲ့ မျက်ဝန်းတွေကို သေချာလိုက်ကြည့်နေမိသည်။ ဆီဇာသူရဇ္ဇရဲ့ မျက်ဝန်းတွေထဲမှာ မွန်းကြပ်မှု အရိပ်အငွေ့တွေကို သူမြင်နေရ၏။ ဆန်းကို တမင် လာနှောင့်ယှက်ချင်လို့ ရောက်လာတာမျိုး မဟုတ်။ နှစ်သိမ့်မှုကို တကယ် လိုအပ်နေတာမျိုး။
ဆန်းက သူ့ရှေ့ကို ခြေတစ်လှမ်း တိုးလာ၍ မိုင်းရင်ခွင်ထဲကို ဝင်လာခဲ့လေသည်။ မိုင်းရဲ့ ပုခုံးတစ်ဖက် အပေါ်မှာ မေးဖျားလေး တင်ထားပြီး ကျောပြင်ကို ဖက်တွယ်ထားတဲ့ သဏ္ဍာန်ဆန်း။ ပြီးတော့ ဆန်းက ကျောပြင်လေးကို ခပ်ဖွဖွလေးလည်း ပုတ်ပေးနေသေး၏။
"အဆင်ပြေသွားမှာပါ ..."
သဏ္ဍာန်ဆန်းရဲ့ နှစ်သိမ့်မှု စကားသံ တိုးသဲ့သဲ့လေးက နားရွက်ဖျားတွေကနေ တဆင့် မိုင်းရဲ့ နှလုံးသားထဲသို့ စီးဝင်လာ၏။ ရင်ထဲမှာ တချက်လေး လှုပ်ခါ သွားခဲ့ပါသည်။ လူတွေ ပြောပြောနေကြတဲ့ ရင်ခုန်တယ်ဆိုတာက ဒါမျိုးများလားဟု သံသယဝင်သွားမိ၏။
အထိအတွေ့ကြောင့်လား ...။
နွေးထွေးတဲ့ နှစ်သိမ့်မှုကြောင့်လား ...။
ကြင်နာတဲ့ စကားသံလေးကြောင့်လား ...။
ဘယ်တစ်ခုကြောင့်မှန်း သေချာ ဝေခွဲရ ခက်နေစဉ်မှာပင် သဏ္ဍာန်ဆန်းက အနောက်ကို ပြန်ဆုတ်သွားခဲ့လေပြီ။
"မင်း သူငယ်ချင်း နီနီသစ်လွင်ကို ပြောလိုက်ပါ ...ငါ့ အင်္ကျီကို ပြန်ပေးမှာလား အင်္ကျီဖိုးကို ပေးမှာလားဆိုတာ ...မနေ့က ပိုက်ဆံမယူဖြစ်ဘဲ ငါထွက်လာမိလို့ ..."
မနေ့က မိုင်းနဲ့ စကားပြောရင်း ပိုက်ဆံမယူဖြစ်ဘဲ ပြန်လာမိသည့် ဆန်း။ အခု ကြုံလို့ ရသင့်တာကို မေးလိုက်မိတာ ဖြစ်သည်။
"ဒီမှာ မင်းအင်္ကျီ ..."
မိုင်းက အခုမှပဲ လာရင်းကိစ္စကို သတိရသွားပြီး လက်ထဲက အိတ်ကို လှမ်းပေးဖြစ်တော့သည်။
"ငါ မင်းနဲ့ စကားပြောချင်တယ် ..."
"ငါမအားဘူး ..."
အိတ်ကို လှမ်းယူလိုက်ပြီးနောက် စကားကို အပြတ်ပြောလိုက်သည်။ Campaign လုပ်နေရတာမို့ တကယ်လည်း သူ မအားပါ။
"ကောင်းပြီလေ နောက်မှ ထပ်တွေ့ကြတာပေါ့ ..."
"ငါနဲ့ လာမရှုပ်ကြနဲ့လို့ မင်းတို့ကို ပြောထားတယ်လေ ..."
နှစ်ယောက်သား ပြောနေကြတာက ဘေးလူတွေ မကြားအောင် အနီးကပ် ခပ်တိုးတိုးသာ။
"လိုက်နာတာ မလိုက်နာတာက ငါတို့ကိစ္စပဲ ..."
"ငါ့ကို လျော့မတွက်နဲ့နော် ဆီဇာနေရဇ္ဇ ..."
"အစထဲကလည်း မင်းကို လွယ်ကူမယ့် သူလို့ မထင်ဖူးဘူး ..."
"အဲ့ဒါဆို ငါနဲ့ လာမပတ်သက်နဲ့လေ ငါ့ဘာသာနေနေတာပဲ ...မင်းတို့လည်း ကိုယ့်ဘာသာနေပေါ့ ..."
"မနေနိုင်ဘူး မင်းနဲ့ကို ပတ်သက်ချင်နေတာ ..."
သဏ္ဍာန်ဆန်းရဲ့ မျက်ခုံးတန်းတွေသည် အလယ်ကို စုသွားကြ၏။ သူ့ရဲ့ မျက်မှောင်ကုတ်ပြီး စိတ်ရှုပ်နေတဲ့ မျက်နှာက မိုင်းကို သဘောကျသွားစေသည်။ ဆန်းရဲ့ အမြဲတမ်း တည်နေတဲ့ မျက်နှာအမူအရာထက် ပြုံးနေတာမျိုး၊ စိတ်ရှုပ်နေတဲ့ အမူအရာမျိုးတွေကို မိုင်းက ပို၍ သဘောကျ၏။ ဘာကြောင့်ရယ် မသိ။
"ငါ သွားပြီ နောက်မှ တွေ့မယ် သဏ္ဍာန်ဆန်း ..."
ပြုံးပြ၍ လက်ပြ နှုတ်ဆက်ပြီးတောင် ထွက်သွားတဲ့ မိုင်း။ သူ့ကို မျက်မှောင်ကုတ်၍ ရပ်ကြည့်ရင်း ကျန်ခဲ့တဲ့ သဏ္ဍာန်ဆန်း။
"ငါ့ကို စိတ်ရှုပ်အောင် လာဆွသွားပြီးတော့ ..."
တစ်ယောက်ထဲ စိတ်ထဲကနေ မကျေမနပ်တွေ ဖြစ်ကျန်ခဲ့ရသည်။ ပြုံးနေတဲ့ ဆီဇာနေရဇ္ဇ မျက်နှာကို သူ မနှစ်သက်။ ဒီအပြုံးတွေ မြင်တိုင်း စိတ်ထဲ အလိုမကျမှုတွေ ဖြစ်ဖြစ်နေခဲ့၏။ ဟန်ဆောင်မှုတွေ ရှိနေတဲ့ အတုအယောင် အပြုံးတွေမို့။
စောစောက မြင်လိုက်ရတဲ့ ဆီဇာနေရဇ္ဇရဲ့ မျက်ဝန်းတွေကတော့ အတုအယောင်တွေ ရှိမနေခဲ့။ ဒါကို ဆန်း နားလည်လိုက်သည်။ လူတစ်ယောက်ရဲ့ စိတ်အတွင်းကို မြင်နိုင်တဲ့ တံခါးပေါက်တွေဟာ မျက်ဝန်းတွေပါတဲ့။ ဒီစကားက မမှားပေ။
**** ***** ***** ***** *****
(Author's note)
ဒီအခန်းမှာ Author တစ်ခုပြောချင်တာ ရှိပါတယ်။ Free Hugs လှုပ်ရှားမှု အကြောင်းပါ။ တချို့ readerတွေက သိမှာပါ။ တချို့ မသိသူတွေ အတွက် ရည်ရွယ်ပြီး ရှင်းပြပါ့မယ်နော် 🤗
Free Hugs ဆိုတာက လူတန်းစား၊ လူမျိုးဘာသာ မခွဲခြားဘဲ တစ်ဦးနဲ့ တစ်ဦးကြားမှာ နွေးထွေးစွာ ပွေ့ဖက် နှစ်သိမ့်ပေးတဲ့ Campaign တစ်ခုဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ အာရှက တချို့နိုင်ငံတွေမှာတော့ အရမ်း လုပ်လေ့ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ လုပ်ကြပေမယ့် ရှားပါတယ်။ လုပ်တဲ့အခါလည်း တခါတလေ ဝေဖန်ခံရပါတယ်။ သူစိမ်း တစ်ယောက်ကို ဖက်ပေးတယ်ဆိုတာ မြန်မာနိုင်ငံ ယဉ်ကျေးမှုအရ မသင့်တော်ဘူးလို့ အများစုက မြင်ကြလို့ပါ။
တကယ်လိုအပ်နေတဲ့ သူတွေကို ပွေ့ဖက် နှစ်သိမ့်ပေးတဲ့အခါ ဒါက အရမ်းကို ကောင်းမွန်တဲ့ လှုပ်ရှားမှုလေး တစ်ခုပါပဲ။ အထိအတွေ့ အသားယူခြင်းမျိုး မဟုတ်ပါဘူးနော်။
ဇာတ်လမ်းအရ မိုင်းက ဆန်းကို ဖက်တဲ့အခါ အသားယူတယ်လို့ မမြင်စေချင်ပါဘူး။ ဒါက နှစ်သိမ့်မှုကို ရယူတာပါ။ အဲ့ဒီ့အနောက်မှာမှ သူ့ဟာသူ ရင်ခုန်သံတွေ ထွက်ပေါ်လာတာတော့ ကျွန်တော်လည်း မသိပါဘူး။ အဲ့ဒါ သူတို့ကိစ္စပါ 😁
**** ***** ***** ***** *****