ကော်ဖီအေး တစ်ဘူးလောက် ဝယ်ဖို့ အကြံအစည်နဲ့ ကျောင်းစာကြည့်တိုက် အရှေ့က အအေးစက်ရှေ့တွင် ရပ်လိုက်၏။ လက်ထဲမှာတော့ စာကြည့်တိုက်မှ ယူလာတဲ့ စာအုပ်အချို့ကလည်း ပွေ့ပိုက်လျက်သား။ ဂျင်းဘောင်းဘီ အိတ်ကပ် နှစ်ဖက်လုံးကို လက်နှိုက်ပြီး ရှာဖွေမှုရဲ့ အဆုံးမှာ အကြွေစေ့တို့က မပြည့်မစုံနှင့်။
ငွေစက္ကူကိုလည်း မသုံးချင်။ အကြွေစေ့ကလည်း မပြည့်တာမို့ သောက်ချင်နေသည့် အာသီသကို မျိုသိပ်ပြီး သဏ္ဍာန်ဆန်း လှည့်ပြန်ဖို့ လုပ်လိုက်စဉ် ...
"နင်ဘာသောက်ချင်တာလဲ ..."
သူ့အနားကို ရောက်လာသူက နီနီသစ်လွင်။ နီနီက သဏ္ဍာန်ဆန်းကို ပြုံးပြလိုက်ပြီး စက်ထဲသို့ အကြွေစေ့တွေ ထည့်နေ၏။
နီနီသစ်လွင်ရဲ့ အမေးကို ဆန်းက မဖြေ။ ပြုံးပြနေတဲ့ မိန်းမလှလေးကို သူက ဒီအတိုင်းပဲ ကြည့်နေသည်။
"ဘာသောက်မှာလဲလို့ ..."
စက်က ရွေးချယ်တဲ့ ခလုတ်ကို မနှိပ်ဖြစ်သေးဘဲ သဏ္ဍာန်ဆန်းရဲ့ အဖြေကိုသာ စောင့်နေတဲ့ နီနီ။
"နင်က ဘာလုပ်မလို့လဲ ..."
သဏ္ဍာန်ဆန်း အသံက ငြိမ်၏။ မလိုလားတဲ့ အသံလည်းမဟုတ်။ လိုလားတဲ့ အသံလည်းမဟုတ်။ မျက်နှာအမူအရာကလည်း ထို့အတူပင်။
"ငါဝယ်တိုက်မလို့လေ ..."
"ဘာအတွက်လဲ ..."
နီနီသစ်လွင်က သဏ္ဍာန်ဆန်းရဲ့ တုံ့ပြန်မေးခွန်းကြောင့် စက္ကန့်ပိုင်းတော့ အဖြေကို တွေးလိုက်ရ၏။
"ငါတို့က မေဂျာတူ ကျောင်းသားအချင်းချင်းပဲလေ... မိတ်ဖွဲ့တဲ့ အနေနဲ့ ဝယ်တိုက်တဲ့ သဘောပေါ့ ..."
နီနီ့ မျက်နှာက ပြုံးနေသော်လည်း စိတ်ထဲမှာတော့ သဏ္ဍာန်ဆန်းရဲ့ တုံ့ပြန်မေးခွန်းတွေ ထပ်မလာဖို့ မျှော်လင့်နေလျက်။
"မလိုဘူး ရတယ် ...ငါ သူများ ဝယ်ကျွေးတိုင်း မစားသောက်တတ်ဘူး ..."
ပြောပုံက တိတိကျကျ။ လူကလည်း ခြေလှမ်း ရွေ့ပြီး လှည့်ထွက်သွားတဲ့ သဏ္ဍာန်ဆန်း။ အအေးစက်ရှေ့မှာ ကြောင်ငေး၍ ကျန်ခဲ့သော နီနီသစ်လွင်။ ဒီအနား တဝိုက်မှာ လူရှင်းနေတာက နီနီ့အတွက် အဆင်ပြေသွား၏။ မဟုတ်ရင် နီနီ့ နှုတ်ခမ်းတွေ ဖွင့်ဟလျက်သား ရပ်ကျန်ခဲ့ပုံက လူရယ်စရာ ဖြစ်နေနိုင်ပါသည်။
"ငါ ဒီနေ့ မလှလို့လား ဆွဲဆောင်မှု မရှိဘူးလား ..."
ခပ်တိုးတိုး ရေရွတ်ရင်း အနီးနားက တံခါးမှန်ကနေ တဆင့် မြင်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်မိ၏။ ကျောလယ်ခန့် ဆံပင်အရှည် အခွေအလိပ်လေးတွေကို ချထားသည့် နီနီ။ အဖြူရောင် လက်ရှည် အင်္ကျီအပွလေးနဲ့ နီညိုရောင် ဆွဲသားဒူးကျ စကတ်က လှပတဲ့ ကိုယ်လုံးလေးမှာ လက်ရာ မြောက်နေသည်သာ။
"လှသားပဲ ငါ ...ဒါတောင် ငြင်းသွားတယ်ပေါ့ ..."
သဏ္ဍာန်ဆန်းကို နီနီ သိမ်းသွင်း နိုင်မှရမည်။ မဟုတ်ရင် ဟိုသုံးယောက်ရဲ့ လှောင်ရယ်မှုကို ခံရနိုင်၏။ အဲ့ဒီလိုတော့ အဖြစ်မခံနိုင်ပါ။
နီနီက စက်ကနေ တွေ့ကရာ အအေးအမျိုးအစားကို ခလုတ်နှိပ်ပြီး ထုတ်ယူလိုက်သည်။ ပြီးတော့ အအေးဘူးကို ဖောက်၍ တငုံသောက်လိုက်သေးသည်။ ပြောရတာ မောနေတာမို့။
ထို့နောက် ထွက်သွားတဲ့ သဏ္ဍာန်ဆန်း အနောက်ကို အပြေးလေး လိုက်ရပါတော့သည်။
"သဏ္ဍာန်ဆန်း..."
သူ့နာမည် ခေါ်တော့ ရပ်ပြီး လှည့်တော့ကြည့်ပါသည်။ ပြီးတော့ ကြည့်တဲ့ပုံစံက ဘာလုပ်စရာ ကျန်သေးလို့လဲ ဆိုတဲ့ အမူအရာမျိုး။
"ရော့ ..."
နီနီသစ်လွင် ကမ်းပေးသည့် မဖောက်ရသေးတဲ့ orange juice တစ်ဘူးကို ဆန်းက မယူပေ။
"မလိုဘူးလို့ ငါပြောတယ်လေ ..."
ဆန်းက ဆက်လျောက်သွားပြန်၏။ နီနီလည်း အလောတကြီးနဲ့ အနောက်ကနေ ဆက်လိုက်ရပြန်သည်။သို့သော် ခြေခလုတ် တိုက်သွားခဲ့ကာ လက်ထဲက ဖွင့်ပြီးသား အအေးဘူးမှ လိမ္မော်ရည်တွေက အဖြူရောင် အင်္ကျီလှလှလေး အပေါ်သို့။
"အမလေး ..."
နီနီ့ အသံလေးကြောင့် ဆန်းက လှည့်ကြည့်လာပါသည်။ ဒီလို ဖြစ်ဖို့က အစီအစဉ်ထဲမှာ မပါ။ ဒါက နီနီရဲ့ မတော်တဆမှု တစ်ခုသာ။
"သွားပါပြီ အကုန် စွန်းကုန်ပြီ ..."
ခလုတ်တိုက်ပြီး ကိုယ့်ရင်ဘတ်ပေါ် ပြန်လောင်းချလိုက်သလို ဖြစ်သွားတာ ဖြစ်သည်။ အဖြူရောင် ဖြစ်တာရော အင်္ကျီက အပါးသား ဖြစ်နေတာရောကြောင့် နီနီ့အဖြစ်က အမြင်ဆိုးသွားရသည်။
အခုအချိန်မှာတော့ ဒီနေရာက လူရှင်းပြီး ဖြတ်သွားဖြတ်လာ နည်းပေမယ့် ဒီပုံစံနဲ့ တခြားနေရာကို နီနီ ဘယ်လိုမှ သွားဖို့မလွယ်နိုင်ပါ။
သူများကို အကြံအစည်နဲ့ ချိန်ရွယ်ခဲ့ပေမယ့် ခံလိုက်ရတော့ ကိုယ်ဖြစ်နေသည်။ နီနီသစ်လွင်က အရှက်ကွဲရမယ့် အနေအထားမို့ စိတ်ရှုပ်နေစဉ် ...
"ရော့ ဒါယူလိုက် ..."
သူဝတ်ထားတဲ့ အပေါ်ထပ် လက်ရှည်အင်္ကျီ အစိမ်းကွက်လေးကို ကမ်းပေးလာသည့် သဏ္ဍာန်ဆန်း။
"ကျေးဇူးပါပဲဟာ ..."
နီနီက လှမ်းယူလိုက်ပြီး ကျေးဇူးတင်ကြောင်း ဆိုလိုက်၏။ ပြီးတော့ လက်ထဲမှာ ရှိနေတဲ့ အအေးဘူးနဲ့တကွ တခြားပစ္စည်းတွေကို ...
"ရော့ ငါ့ကို ဒါတွေ ခဏကိုင်ပေးထားဦး ...အင်္ကျီဝတ်မလို့ ..."
ခိုင်းတော့လည်း လုပ်ပေးနေသည့် သဏ္ဍာန်ဆန်း။ လုပ်ပေးချင်တာကြောင့်တော့ မဟုတ်ပါ။ ဒါက အရေးပေါ်အခြေအနေမို့။ ပြီးတော့ မိန်းခလေးတစ်ယောက် အခက်အခဲ ဖြစ်နေတာကို ကူညီလိုက်သည် ဆိုရုံပါပဲ။
နီနီသစ်လွင်က သူ့ကိစ္စ အားလုံးပြီးတော့ ဆန်းရဲ့ လက်ထဲက ပစ္စည်းတွေကို ပြန်ယူ၏။ ဒါပေမယ့် မဖောက်ရသေးတဲ့ အအေးဘူးကိုတော့ ချန်ထားခဲ့သည်။
"အဲ့ဒါက ကျေးဇူးတင်လွန်းလို့ တိုက်တာ ..."
"ကျေးဇူးတင်ဖို့ မလိုဘူး ငါ့အင်္ကျီကိုသာ လျှော်ပြီးရင် ပြန်ပေး ..."
နီနီသစ်လွင် လက်ထဲကို အအေးဘူး ပြန်ထည့်ပေးရင်း သဏ္ဍာန်ဆန်းက ပြောလိုက်သည်။
"အဲ့ဒါဆို ငါတို့ ထပ်တွေ့ ကြရဦးမှာပေါ့နော် ...ကောင်းပါတယ် အဲ့ဒါလည်း ..."
မထင်မှတ်ဘဲ ရင်းနှီးဖို့ လမ်းစရ၍ ကျေနပ်မယ်မှ မကြံသေး ...
"အင်္ကျီဖိုးပဲ ပေးတော့ အဲ့ဒါဆိုရင်..."
"ဟမ် ဘာဖြစ်လို့လဲ ..."
"ဒီအင်္ကျီကြောင့် ထပ်ဆုံနေရဦးမယ် ..."
သဘောက ထပ်မဆုံချင်ဘူး ဆိုတဲ့ ပုံစံမျိုး။
"ငါနဲ့ ထပ်မဆုံချင်ဘူး ဆိုရင်လည်း နင့်အင်္ကျီကို အဆုံးခံလိုက်ပေါ့ ဘာလဲ ပိုက်ဆံ ..."
"ငါက ပိုက်ဆံရှိတဲ့ကောင်မှ မဟုတ်တာ... နင့်ကို ဒီတစ်ထည် အဆုံးခံပြီး ပေးလိုက်တော့ ငါထပ်ဝယ်ရင် ပိုက်ဆံကုန်တယ်လေ ...အဲ့တော့ အင်္ကျီဖိုးပဲ ပေးတော့ ..."
ကပ်စီးနည်းတာမျိုးလည်း မဟုတ်။ သူ ပြန်မဝယ်နိုင်တာကို ပေါ်တင်ပြော၍ နောက် မပတ်သက်ချင်ကြောင်းလည်း ပွင့်လင်းစွာနှင့်။ သဏ္ဍာန်ဆန်းက တကယ့် အထူးအဆန်းလေး။ နီနီ့ ပြုံးမိသွားရ၏။ ဒီတစ်ခါတော့ ဟန်ဆောင်မှုတွေ မပါ။
"မိန်းခလေးတစ်ယောက်က ဒီလိုမျိုး မိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေတာကို ဒီလို လျစ်လျူရှု့တာက ရိုင်းရာ ကျမနေဘူးလား သဏ္ဍာန်ဆန်း ...ငါ့ကို အားမနာဘူးလား ..."
"နင်က ငါ့ကို တကယ် ခင်ချင်လို့ မိတ်လာဖွဲ့တာမှ မဟုတ်တာ ...ဘာကို အားနာရမှာလဲ ..."
"ဟမ် ...ဘယ်လို ..."
"ကိုယ့်ကိုယ်ကိုယ် သိတယ် မဟုတ်လား ..."
ဆန်းက နီနီ့ကို စိုက်ကြည့်ပြီး ပြောနေသည်။ နီနီသစ်လွင်က အကြံအစည်ကို ရိပ်မိနေတဲ့ သဏ္ဍာန်ဆန်းကြောင့် ချွေးပင် စို့ချင်လာ၏။
"မဟုတ်ပါဘူး ငါက ဒီတိုင်း ခင် ..."
"နင်တို့အကြောင်း ငါသိနေပြီးသားပဲ ငါ့ရှေ့မှာ ဟန်ဆောင် မနေပါနဲ့ ..."
"ဒါဆို ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့ ..."
ဘယ်အချိန်က ဘယ်လို ရောက်လာခဲ့သည် မသိတဲ့ မိုင်းဆီမှ အသံထွက်လာတာ ဖြစ်သည်။ မိုင်းက သူတို့နှစ်ယောက် ရပ်နေတဲ့ နေရာအနီးသို့ လျောက်လာခဲ့ပါ၏။
"မိုင်း နင်ဒီကို ဘယ်လို ရောက်လာတာလဲ ..."
"ကောင်းတို့က နင် သဏ္ဍာန်ဆန်းရှိတဲ့ စာကြည့်တိုက်ဘက်ကို သွားတယ်ဆိုလို့ ငါလိုက်လာတာ ..."
"ဟမ် ..."
မိုင်းကတော့ တကယ်ပဲ ဒဲ့ပင် ပြောချနေပါပြီ။
တကယ်ဆို သတင်းရလည်း လိုက်လာစရာက မလိုပါ။ သူလိုက်လာခြင်းက သဏ္ဍာန်ဆန်းရဲ့ တုံ့ပြန်မှုကို ကိုယ်တိုင် လာကြည့်တာ ဖြစ်သည်။ နီနီ့ကို ဘယ်လို ဆက်ဆံမလဲ မိုင်းသိချင်နေတာမို့။ ဒီရောက်တော့ မြင်လိုက်ရတာက ထင်ထားသည့်အတိုင်းပင်။
အင်္ကျီဖိုး တောင်းနေတဲ့ အချိန်ထဲက မိုင်း ရောက်နေတာ ဖြစ်သည်။ သဏ္ဍာန်ဆန်း ပြောသမျှ စကားတိုင်းကို ပြန်လည် မချေပနိုင်သည့် သူငယ်ချင်းမကို ကြည့်ပြီး မိုင်းလည်း မနေနိုင်တော့ဘဲ ဝင်ပါရတော့၏။
"မင်း ...ငါနဲ့ ခဏ စကားပြောရအောင် ..."
သဏ္ဍာန်ဆန်း အရှေ့မှာ မိုင်းက ပိတ်ရပ်လိုက်ပြီး မျက်ဝန်းတွေကို တည့်တည့်ကြည့်ကာ ပြောလိုက်၏။ သဏ္ဍာန်ဆန်း အရပ်က ပုတဲ့အထဲ မပါသော်လည်း မိုင်းနဲ့ ယှဉ်လိုက်တော့ သူ့ရဲ့ နားရွက်တွေအထိပဲ ရှိတော့သည်။
ခပ်လှမ်းလှမ်းက ဆိုရင်တော့ ပုံမှန်အတိုင်း ကြည့်လို့ရပါ၏။ အခုကျတော့ အနီးကပ်ကြီး ပိတ်ကာပြီး ရပ်နေတာမို့ ဆန်းက သူ့ကို ခေါင်းအနည်းငယ် မော့၍ ကြည့်နေရလေသည်။
"ပြောဖို့ လိုအပ်လို့လား ..."
မိုင်းမေးတာကို သူပြန်ဖြေပုံက ခေါင်းကို ပိတ်ထုချင်စရာပင်။
"စကားဆိုတာ ပြောဖို့ လိုအပ်မှ ပြောရတာမျိုး မဟုတ်ဘူးလေ ..."
"ငါကတော့ ပြောဖို့လိုမှ ပြောတာ ..."
သဏ္ဍာန်ဆန်းရဲ့ စကားကို စိတ်တိုပြီး မျက်နှာ ပျက်ရမယ့် အစား မိုင်းကတော့ ပြုံးနေပါ၏။ အဲ့ဒီ့အပြုံးက ဟိုတစ်ခါ အားကစားကွင်းထဲမှာ မြင်ခဲ့ဖူးတဲ့ အပြုံးတွေနဲ့ အနည်းငယ် ဆင်တူပါသည်။
"ပြောဖို့လိုအပ်တယ် ဒါကြောင့် မင်း မဖြစ်မနေ ပြောရမယ် ..."
"မင်းအတွက် ပြောဖို့လိုပေမယ့် ငါ့အတွက်က မလိုဘူးလေ ..."
ဆန်းက သူ့အရှေ့ကနေ ဖယ်ထွက်လိုက်ပြီး ဆက်သွားရန် ပြင်လိုက်ပေမယ့် ... မိုင်းက သူ့လက်ကောက်ဝတ် တစ်ဖက်ကို ဖမ်းကိုင်ထားလိုက်လေသည်။ ဆန်းက ချက်ချင်း ဆတ်ခနဲ ပြန်ရုန်းပစ်လိုက်ပြီး ...
"မင်း ဘာဖြစ်ချင်နေတာလဲ ...ဆီဇာနေရဇ္ဇ ..."
"မင်းနဲ့ ဖြစ်ချင်နေတာ ..."
သူ့နာမည်ကိုလည်း သိနေတဲ့ သဏ္ဍာန်ဆန်းကြောင့် မိုင်းစိတ်ထဲ အနည်းငယ်တော့ ကျေနပ်သွားသလို ရှိ၏။ ဘာကြောင့်မှန်းတော့ သေချာမသိပါ။ ဒါကြောင့် စကားတွေပင် ဘယ်လို ပုံစံပြောမိသွားမှန်း သတိမထားလိုက်မိ။ လွှတ်ခနဲ ပြောလိုက်မိတာမျိုး။
မိုင်းရဲ့ စကားကြောင့် သဏ္ဍာန်ဆန်းနဲ့ အနားက နီနီသစ်လွင်တို့ အကြည့်တွေ သူ့ဆီ ရောက်လာကြ၏။ နားလည်ရ ခက်ပြီး အံ့ဩနေတဲ့ အကြည့်တွေနှင့်။
"မဟုတ်ဘူး ငါပြောချင်တာက မင်းနဲ့ စကားပြောဖြစ် ချင်နေတာလို့ ဆိုလိုချင်တာ ..."
ရှင်းပြနေရတာက လိုရာခရီး မရောက်တဲ့ ကားပျက်ကြီးလိုပင်။
"မင်းတို့ အခု ငါ့ကို ဘာလုပ်ဖို့ ကြံနေကြတာလဲ ..."
"ဘာကိုလဲ ..."
"နီနီသစ်လွင်ကို ငါ့ဆီ လွှတ်ပြီး ရင်းနှီးအောင် လာလုပ်ခိုင်းတာ မဟုတ်လား ..."
"ဟင် နင်ဘယ်လိုသိတာလဲ ..."
နီနီဆီက အံ့ဩသံလေး ထွက်လာခဲ့၏။ မိုင်းကတော့ သိပ်မအံ့ဩပါ။ နီနီသစ်လွင် အကွက်က ဟာကွက်တွေ ရှိနေသလို သဏ္ဍာန်ဆန်း ပုံစံကလည်း မအူမလည် နုံအတဲ့သူလို မဟုတ်။
"နင် ငါ့ကို လာရောတဲ့ ပုံစံက အသိသာကြီးပဲလေ ...ကိုခန့်သော် ဆိုတဲ့ တစ်ယောက်ကိုလည်း ဒီလိုပုံစံနဲ့ ချဉ်းကပ်ပြီး လုပ်ကြံခဲ့ကြတာ မဟုတ်လား ...အဲ့ဒီ့အကွက်ကြီးက ငါသိထားပြီးသားပဲ...ပြီးတော့ ငါက မိန်းမလှလေးတွေနဲ့ ဖြားယောင်းလို့ ရတဲ့သူမျိုး မဟုတ်ဘူး ..."
"ဒါဆို ခန့်ညားချောမောတဲ့ ကောင်လေးတွေနဲ့ ဆွဲဆောင်မှ ရတာလား..."
မိုင်းက မျက်နှာချင်းဆိုင် ခြေတစ်လှမ်းချင်း ရှေ့တိုးလာပြီး ပြောနေသည်။ သူတိုးလာတိုင်း ဆန်းကလည်း အနောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်လိုက်လေ၏။ ဒီလိုနဲ့ သုံးလှမ်းမြောက်မှာ ရပ်သွားကြလေသည်။
ဆီဇာသူရဇ္ဇ ဆိုတဲ့သူရဲ့ ကျော်ကြားမှုက အလကား လေထဲမှ လွင့်လာတဲ့ ကောလဟလတွေ မဟုတ်။ သိပ်ချောပါသည် ဆိုတဲ့ သတင်းစကား မှတ်ချက်တွေ အတိုင်း အနီးကပ်ကြည့်လေ ပိုသိရလေပါပဲ။
ယောင်္ကျားလေးချင်းတောင် ချီးကျူး ပြောဆိုနေကြတဲ့ သူ့ရဲ့ ရုပ်ရည်ချောမောမှုက ဆန်းအတွက် သိပ်မထူးပေမယ့် မျက်ဝန်းတွေကတော့ ထူးပါသည်။ ဆီဇာသူရဇ္ဇ ဆိုတဲ့သူက ဒီမျက်ဝန်းတွေနဲ့ လူတိုင်းကို ဒီလိုပဲ ကြည့်တတ်တာမျိုးလား။ ဘာမှန်းမသိတဲ့ ဆွဲဆောင်မှုတချို့ကို အဲ့ဒီ့မျက်ဝန်းတွေကနေ သဏ္ဍာန်ဆန်း ရနေပါ၏။
"မင်း Gay လား ..."
"ဘာ ..."
သဏ္ဍာန်ဆန်းရဲ့ ရုတ်တရက် ထပြောလိုက်တဲ့ စကားလုံးက မိုင်းကို အလန့်တကြား ဖြစ်သွားစေသည်။
"ငါ့ကို ကြိုက်နေတာလား ..."
"ဘာရယ် ..."
ဒုတိယတစ်ခါ ထပ်ပြောလိုက်တဲ့ စကားကလည်း မိုင်းကို ဆွံ့အ,သွားစေပြန်သည်။ မိုင်းတင်မဟုတ်။ ဘေးက နီနီသစ်လွင်လည်း ထို့အတူပင်။
"ဂေးလည်း မဂေးဘူး ကြိုက်လည်း မကြိုက်ဘူးဆိုရင် ဒီလောက်ထိ အနားကပ်လာစရာ လိုလို့လား ..."
ဒီတော့မှ မိုင်းတို့ သဘောပေါက်တော့၏။ သူက တမင် အရွဲ့တိုက်ပြီး ပြောနေခြင်းသာ ဖြစ်သည်။ သူ့အနားကပ်တာ မကြိုက်၍ စကားနဲ့ ရိုက်ခြင်း ဖြစ်သည်။ မိုင်းလည်း အခုမှ အနောက်ကို ပြန်ဆုတ်၍ ခွာရပ်လိုက်လေ၏။ နီနီကတော့ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ခံလိုက်ရတဲ့ သူငယ်ချင်းဖြစ်သူအတွက် ကြိတ်ရယ်နေဆဲ။
မိုင်းက စကားကို ပြန်ဆက်လိုက်ပါသည်။
"မင်း အားလုံး သိနေပြီဆိုတော့ ဒဲ့ပဲ ပြောကြတာပေါ့ ...ဟုတ်တယ် မင်းထင်သလိုပဲ ငါတို့ မင်းကို တစ်ခုခု လုပ်ဖို့ ကြံစည်ထားတာ ..."
"မင်းတို့အကြောင်းကို ငါသိထားလို့ ငါ့ကို တစ်ခုခုလုပ်ဖို့ ကြံနေတာဆိုရင် ရပ်လိုက်တော့ ..."
"ပြောချင်တာက ..."
"ငါက မင်းတို့အကြောင်းကို လိုက်ဖွမယ့် သူမျိုးမဟုတ်လို့ စိတ်ပူမနေကြနဲ့လို့ ပြောချင်တာ ...ငါသူများတွေ အကြောင်းကို စိတ်မဝင်စားဘူး ...သူများတွေ အကြောင်း လိုက်ဖွ လိုက်ပြောရမှာကို ပိုပြီးတော့ စိတ်မဝင်စားဘူး ..."
"မင်းပြောတာကို ငါတို့က ဘယ်လို ယုံရမှာလဲ ...လူတစ်ယောက်ရဲ့ ပါးစပ်ပေါက်က ဘယ်လောက်ထိ လုံအောင် ပိတ်ထားနိုင်သလဲ ငါတို့ မသိနိုင်ဘူးလေ ..."
"ယုံအောင် သက်သေပြဖို့လည်း ငါစိတ်မဝင်စားဘူး ..."
"မင်းက ငါတို့အုပ်စုရဲ့ ပစ်မှတ်ဖြစ်လာမှာကို ကြောက်လို့ ရှောင်နေချင်တာလား ..."
မိုင်းရဲ့ ခပ်ချဉ်ချဉ် ရွဲ့သလို ပြောလိုက်တဲ့ စကားကိုကြားတော့ ဆန်းက တစ်ချက် လှောင်ရယ်လိုက်လေသည်။
"အဟက် ..."
မိုင်းမျက်ဝန်းကို သေချာကြည့်၍ ဆန်းက ထပ်ပြောလိုက်သည်။
"ကြောက်လို့ ဆိုတာထက် စိတ်ရှုပ်စရာ ကောင်းမယ့် အရာတွေကို အလိုမရှိလို့ တမင်မပတ်သက် ချင်တာ ဆိုရင်ရော ..."
"ငါတို့က မင်းအတွက် စိတ်ရှုပ်စရာတွေပေါ့ ..."
"အင်း အဲ့ဒီ့လို သဘောပဲ ...မင်းတို့ဘာသာ ဘယ်လို အမှောင်ဘက်အခြမ်း စရိုက်တွေ ရှိနေရှိနေ ငါနဲ့မဆိုင်ဘူး စိတ်လည်း မဝင်စားဘူး ...ဒါက ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ် ...ကိုယ်ရှင်သန်နေတဲ့ ဘဝအနေအထား ...အဲ့ဒါက မင်းတို့ လွတ်လပ်ခွင့်ပဲ ...ငါနဲ့ ဘာမှမဆိုင်ဘူး ...ဒါပေမယ့် ငါ့ကိုတော့ လာမရှုပ်ကြနဲ့ ...ငါက ရှင်းရှင်းလင်းလင်း သီးသန့်နေရတာကိုပဲ ကြိုက်တယ်..."
သဏ္ဍာန်ဆန်းရဲ့ စကားက မိုင်းနဲ့ နီနီ့ကို စိတ်ဝင်စားသွားစေသည်။ သူတို့တွေရဲ့ darksideတွေကို သိသွားသည့်တိုင် အပြစ်တင် ပုတ်ခတ်ခြင်း မရှိ။ဘာမှ မဖြစ်သည့် ကောင်လေး။ လွတ်လပ်ခွင့်ဆိုတဲ့ ရှု့ထောင့်ကနေ ကြည့်ပေးနေသော သူ။ တနည်းအားဖြင့် သူတို့ကို နားလည်ပေးခြင်း တမျိုးပဲ မဟုတ်လား။
ဆန်းကတော့ သူတို့နှစ်ယောက်ကို ထားခဲ့ပြီး ထွက်ခွာသွားလေပြီ။ ကျန်ခဲ့တဲ့ သူတွေကသာ အဲ့ဒီ့စကားတွေရဲ့ လွှမ်းမိုးမှုအောက်က ကြွေကျနေတဲ့ ပန်းပွင့်ငယ်တွေလို။
"လာမပတ်သက်နဲ့ လာမရှုပ်နဲ့လို့ ပြောမှ ပိုပြီးတော့ စိတ်ဝင်စားလာပြီ ..."
"ငါရော ..."
"ငါသူ့ကို သဘောကျသွားပြီ ..."
"ငါရော ..."
နီနီ ပြောသမျှကို အနောက်ကနေ "ငါရော" လုပ်နေသည့် မိုင်း။ နှစ်ယောက်သား တစ်ယောက် မျက်နှာ တစ်ယောက် ပြန်ကြည့်ပြီး နီနီ့ကို မိုင်းမေးလိုက်တာက ...
"နင်က ဘာကို စိတ်ဝင်စားပြီး ဘာကို သဘောကျတာလဲ ..."
"သဏ္ဍာန်ဆန်းကိုလေ ..."
"နင် သူ့ကို ချက်ချင်းကြီး ချစ်မိသွားတာလား ..."
"ဘယ်ကလာ ...အဲ့လို မဟုတ်ပါဘူး ဟဲ့ ..."
"ဒါဆို ဘယ်လိုလဲ ..."
"တခြား ယောင်္ကျားလေးတွေလိုမှ မဟုတ်တာ ငါ့ကိုလည်း စိတ်မဝင်စားဘူးလေ ...ပြီးတော့ ကူညီတတ်တဲ့ စိတ်ခံလည်း ရှိတယ် ...ငါတို့ အကျင့်တွေ သိနေတာတောင် သူက ဘာမှ မဖြစ်ဘူးတဲ့ ...ငါတော့ သူ့ကို တကယ်ခင်ချင်သွားပြီ ..."
နီနီပြောသမျှကို မိုင်းက ခေါင်းပဲ ညိတ်ပြီး နားထောင်နေ၏။ တုံ့ပြန်မှုတော့ မလာပေ။
"နင်ကရော ..."
"ဘာကိုလဲ ..."
"နင်ပဲ ငါပြောနေတဲ့ အနောက်ကနေ ငါရော ငါရောနဲ့ လိုက်ပြောနေတာလေ ..."
"အေးလေ ငါလည်း နင့်လိုပဲ လာမပတ်သက်နဲ့ဆိုမှ သွားပတ်သက်ချင်မိတယ် ...လာမရှုပ်နဲ့ဆိုမှ လိုက်ရှုပ်ချင်လာရော ...သူ့ကို သဘောကျတယ်..."
"နင်လည်း ငါ့လိုပဲ တကယ် ခင်ချင်သွားပြီ မို့လား မိုင်း ..."
"ငါက နင့်ထက်တော့ ပိုတယ် ငါက အပိုင်လိုချင်တာ ..."
"ဟမ် ဘာကို အပိုင်လိုချင်တာလဲ ...သဏ္ဍာန်ဆန်းကိုလား ..."
"အင်း ..."
"မိုင်း ..."
"ဘာလဲ ..."
"နင် ဂေးနေတာလား ငါတို့မသိအောင်လို့ ..."
နီနီ မေးနေပုံလေးက တအံ့တဩ အမူအရာလေးနှင့်။
"ဟာ ပေါက်ကရ ...ငါက ဘာလို့ ဂေးရမှာလဲ ..."
"နင်အခုပဲ ယောင်္ကျားလေး တစ်ယောက်ကို အပိုင်လိုချင်တယ်လို့ ပြောနေတာလေ ... ဂေးနေတာဆိုလည်း ကိစ္စမရှိဘူးနော် ငါတို့သုံးယောက်လုံးက LGBT ကိုလက်ခံတဲ့သူတွေ ငါတို့ သူငယ်ချင်း အတွက် အပြည့်အဝ ရပ်တည်ပေးမှာ ငါတို့ကို မဖုံးထားနဲ့ အမှန်တိုင်း ပြော ..."
"အရူးမရယ် နင် ဘာတွေ ပြောနေတာလဲ ...ငါသဘောကျမိရင် အပိုင်လိုချင်တယ်လို့ ပြောတတ်တာ အကျင့်ဆိုတာ သိရဲ့သားနဲ့ ..."
"ဒါပေမယ့် အရင်က အပိုင်လိုချင် ခဲ့တာတွေနဲ့ အခု အပိုင်လိုချင်တာက မတူဘူးလေ ..."
မိုင်းက နီနီ့ကို ဘာမှ ပြန်မဖြေတော့ပေ။ တစ်ယောက်ထဲ ထွက်သွားလေတော့၏။ နီနီသစ်လွင်က အနောက်ကနေ လျောက်လိုက်ရင်း ပြောနေသေးသည်။
"ဟဲ့ မတူဘူးနော် ...မတူဘူးလို့ ..."
အပိုင်လိုချင်တယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က ဘယ်အထိ ကျယ်ပြန့် နက်နဲနေသည်လဲ ...။
တစုံတခု တစုံတရာကို နှစ်သက်သွားမိပြီ။ သဘောကျပြီး ကြိုက်မိပြီဆိုရင် ရယူချင်တယ်။ ပိုင်ဆိုင်ချင်တယ်။ ဒါက လိုချင်တပ်မက်မှု တစ်ခုပဲ မဟုတ်လား။ လှတာလေးတွေ မြင်ရင် ကောင်းတာလေးတွေ မြင်ရင် ပိုင်ဆိုင်ချင်ကြတာ သဘာဝ။
ဒါဆိုရင် လူတစ်ယောက်ရဲ့ စိတ်နေ စိတ်ထားကို သဘောကျမိသွားလို့ ပိုင်ဆိုင်ချင်မိတာမျိုးကျတော့ ဘယ်လို ပိုင်ဆိုင်ခြင်းမျိုး ဖြစ်နိုင်မည်လဲ ...။
**** ***** ***** ***** *****