Rich kids တို့ရဲ့ ထုံးစံအတိုင်း လုပ်ချင်ရာ လုပ်၍ စိတ်ကြိုက် ပျော်ပါးနိုင်တဲ့ နေရာတစ်ခု ကတော့ ရှိကြသည်သာ။ ဒီနေရာက KS group ရဲ့ ပိုင်ဆိုင်မှုတွေ ထဲက အပန်းဖြေ အိမ်ရာတစ်ခုဖြစ်သည်။ မိုင်းတို့ သူငယ်ချင်းတွေရဲ့ စုရပ်အဖြစ် အသုံးပြုတဲ့ အရပ်အဝန်းတစ်ခု။
ဒီနေရာမှာ သူတို့အတွက် ဘာကိုမှ ဟန်ဆောင် ဖုံးကွယ်နေစရာ မလို။ ပြီးပြည့်စုံတဲ့ image တွေကိုလည်း ခဏမေ့ထားနိုင်၏။ သူတို့ လေးယောက်ကလွဲရင် တခြား ဘယ်သူ့ကိုမှ ခေါ်လာလေ့ မရှိတဲ့ လျှို့ဝှက် ကမ္ဘာငယ်လေးနဲ့ ဆင်တူသည်။
တခါတလေ ဒီမှာ သူတို့ ပါတီပွဲငယ်လေးတွေ လုပ်တတ်သည်။ ပတ်ဝန်းကျင်တွေ လူတွေ နဲ့ အဆင်မပြေမှုတွေ အကြောင်း ပေါက်ကွဲကြသည်။ အိမ်နဲ့ အဆင်မပြေ ဖြစ်လာတိုင်း ဒီမှာ လာနေ တတ်ကြသည်။ ဒီနေရာမှာ သူတို့ရဲ့ အမှောင်ဘက် အခြမ်းကို မှော်ဆရာရဲ့ လှည့်ကွက်တွေ မပါဘဲ မြင်နိုင်၏။
ဒီညကတော့ ဝိုင်ပါတီလို့ ပြောရမည်။ နှစ်ချို့ဝိုင်ပုလင်းတွေနဲ့ စားပွဲအပြည့် စားသောက် ဖွယ်ရာများက အလယ်မှာ။ သူငယ်ချင်း လေးယောက်ကတော့ တစ်နေရာစီ ထိုင်နေကြလျက်။
"သူ့နာမည်က သဏ္ဍာန်ဆန်း တဲ့ ..."
ကောင်းသစ်လွင်က စုံစမ်းလို့ ရလာတဲ့ အချက်အလက်တွေအား ပြောပြဖို့ စကား စနေ၏။ သူက ဧည့်ခန်းစားပွဲ အနားမှ ဆိုဖာပေါ်တွင် ထိုင်နေတာ ဖြစ်သည်။
"နာမည် အကြောင်းကို ကျော်လိုက် ငါသိပြီးပြီ ..."
မိုင်းက လက်ထဲက ဝိုင်ခွက်ကို တချက် လှုပ်ပြီး မော့သောက်ရင်း ပြောလိုက်၏။ သူကတော့ ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားတဲ့ တန်ဖိုးကြီး ပန်းချီကား တစ်ချပ် အရှေ့မှာ ရပ်နေလျက်။
"မင်းက ဘယ်လိုသိလဲ ..."
"ဟိုနေ့က ကျောင်းခေါင်မိုး အပေါ်မှာလေ သူ့နာမည်ကို စီနီယာတစ်ယောက် လှမ်းခေါ်လိုက်တာ နင် မကြားဘူးလား ..."
Piano ခုံမှာ ထိုင်နေတဲ့ နီနီသစ်လွင်က လှမ်းပြောလိုက်တာ ဖြစ်သည်။ နီနီက piano တီးနေတာတော့ မဟုတ်။ ဒီနေ့ စိတ်မပါ၍ မတီးပြဘူးလို့ ပြောထားပေမယ့် အဲ့ဒီ့နေရာမှာ ဝိုင်တခွက်နဲ့ သွားတော့ ထိုင်နေပါ၏။
"ငါလည်း ကြားတယ် ..."
အိမ်ထဲမှာ ဂေါက်ကျင်း အငယ်လေးနဲ့ ဂေါက်ရိုက်နေတဲ့ လင်းရဝေ ကလည်း ဝင်ပြောလာ၏။
"ဒါဆို ငါ တစ်ယောက်ထဲ မကြားမိတာလား ..."
"မင်း နားလေးနေလို့ ဖြစ်မှာပေါ့ ..."
လင်းရဝေက ပြောပြီး ရီနေ၏။ ပြီးတော့ ဂေါက်သီးကို ချိန်ရိုက်ဖို့ ကြိုးစားလိုက်သည်။
"လွဲပါစေ ..."
ကောင်းသစ်လွင်ရဲ့ ကျိန်ဆိုမှုက ထိရောက်၏။ လင်းရဝေ ကျင်းမဝင်ဘဲ လွဲသွားလေသည်။
"ဒီလဒ ကတော့ ..."
ရဝေ ထဆဲတော့ ကောင်းသစ်လွင်က ပုခုံး နှစ်ဖက် မြှောက်ပြပြီး မျက်နှာပြောင်နေ၏။
"ကဲ မင်းပြောမှာကိုသာ ဆက်စမ်းပါ ကောင်းရာ ..."
မိုင်းရဲ့ စိတ်မရှည်မှုကြောင့် ကောင်းသစ်လွင်က စကားကို ပြန်ဆက်လိုက်လေသည်။
"သူ့အကြောင်းက ဘာမှ သိပ်ထွေထွေ ထူးထူး မရှိပါဘူး သာမန်ပဲ ...မိဘမဲ့ တစ်ကောင်ကြွက် ဘာကြောင့် မိဘမဲ့ ဖြစ်နေသလဲ ဆိုတာတော့ အဲ့အထိ ငါမစုံစမ်း လာခဲ့ဘူး ...မလိုအပ်ဘူး ထင်လို့..."
"အင်း ပြီးတော့ရော ..."
"အချိန်ပိုင်း အလုပ်တွေနဲ့ သူ့ဘဝ သူရပ်တည်တယ် ...အိမ်ပိုင်မရှိဘူး အဆောင်တစ်ခုမှာ ငှားနေတယ် ...အရင်းနှီးဆုံး သူငယ်ချင်း ဆိုတာလည်း မရှိဘူး ဒီအတိုင်း အတန်းဖော် သူငယ်ချင်းတွေ လောက်ပဲ ရှိတယ် ...သူက တစ်ယောက်ထဲ နေတာ ပိုများတယ် ...ဒါပဲ ..."
"ပြီးပြီလား ..."
"အေး ..."
"ဘာမှ စိတ်ဝင်စားစရာလည်း မရှိဘူး ..."
နီနီက ထိုင်နေရာကနေ ထလာပြီး ကောင်းရဲ့ ဘေးက ဆိုဖာခုံမှာ လာဝင်ထိုင်ရင်း ပြောလိုက်သည်။
"သူ့ဘဝ အကြောင်းကတော့ ဘာမှ စိတ်ဝင်စားစရာ မရှိဘူး ...ဒါပေမယ့် လူကတော့ ..."
"ဘာဖြစ်လဲ လူက ..."
မိုင်းက ပန်းချီကားဆီကနေ အကြည့်လွှဲ၍ ကောင်းကို လှည့်ကြည့်လာ၏။
"သူ့အပြုအမူတွေလေ ...မင်းတို့လည်း မြင်တာပဲ မဟုတ်လား ...သူက သာမန်မှ မဟုတ်တာ နည်းနည်း ရူးကြောင်ကြောင် နိုင်တယ် ..."
"အေး ဟုတ်တယ် ..."
"မှန်တယ် လူက နည်းနည်း ပုံမှန် မဟုတ်ဘူး ..."
နီနီနဲ့ ရဝေတို့က ထောက်ခံနေကြ သော်လည်း ...
"အံ့ဩစရာ ကောင်းတာပါကွာ ..."
မိုင်းက တမျိုး ရှု့ထောင့်နဲ့ ပြောလာ၏။
"လာပြန်ပြီ အံ့ဩစရာ ..."
"ဟုတ်တယ်လေကွာ ...သူ့လွတ်လပ်မှု အတွက် ဘာကိုမှ ဂရုမစိုက်ဘဲ သူလုပ်နိုင်တာ အဲ့ဒါ အံ့ဩစရာပေါ့ ..."
"အေးပါ ထားပါတော့ ...အခု ငါတို့က အဲ့ဒီ့ သဏ္ဍာန်ဆန်းဆိုတဲ့ အထူးအဆန်းလေးကို ဘယ်လို လုပ်ကြမှာလဲ ...ငါတို့ရဲ့ အကြောင်းကို သူက နည်းနည်း သိထားပြီးပြီ ဆိုတော့ ဒီအတိုင်း ထားလိုက်လို့တော့ မရဘူး..."
"မှတ်လောက် သားလောက် ဖြစ်အောင် ပညာပေးလိုက် ... nice ..."
လင်းရဝေက စကားပြောရင်း ဂေါက်ရိုက်လိုက်ချိန်တွင် ကျင်းဝင်သွားတာမို့။
"ပညာပေးလိုက်တော့မှ သူ့ကို ဆွပေး လိုက်သလို ဖြစ်သွားရင် မြားဦးက ငါ့တို့ ဘက်ကို လှည့်လာလိမ့်မယ် ...ငါတို့ကို မကျေနပ်လို့ ငါတို့အကြောင်းတွေ လိုက်ဖွနေမှာပေါ့ဟ ..."
"မိုင်း မင်းရော ဘယ်လိုထင်လဲ ..."
"နီနီ ပြောတာ မှန်တယ် ...ငါတို့ သူ့ကို သွားဆွလို့ မဖြစ်ဘူး ..."
မိုင်းက ငြိမ်ပြီး စဉ်းစားနေတာလား တွေဝေနေတာလား မသိ။ သွားဆွလို့ မဖြစ်ဘူးဟု ပြောပြီး အသံတိတ်သွားပြန်၏။
"ငါတို့ အဖွဲ့ထဲကို ခေါ်သွင်းမယ် ဆိုရင်ရော ..."
"ဘာ ..."
"ဘယ်လို ..."
"ဟမ် ...ဘာဖြစ်တယ် ..."
မိုင်းရဲ့စကားက သူတို့သုံးယောက်ကို အံ့ဩသွားစေ၏။ သုံးယောက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကာ ...
"သူ့ကို ဘာလို့ ငါတို့ အဖွဲ့ထဲကို ခေါ်မှာလဲ ...မဖြစ်နိုင်တာက..."
"ငါလက်မခံဘူး ..."
"ငါရောပဲ ..."
ဆန့်ကျင်မှုက သုံးယောက်သား အတိုင်အဖောက် ညီညီ။
"မင်း ဘယ်လို အတွေးနဲ့ သူ့ကို ခေါ်ချင်ရတာလဲ ..."
"မင်းတို့ စဉ်းစားကြည့်ကွာ သူ့ကို သွားဆွမိရင် ငါတို့အကြောင်း အဖွခံရမယ် ...အဲ့တော့ သူ့ကို မဆွဘဲ သူနဲ့ ရင်းနှီးအောင် လုပ်ပြီး အချိုသတ် ပေါင်းကြည့်မယ် ဆိုရင်ရော ..."
မိုင်းစကားက စဉ်းတော့ စဉ်းစားစရာပင်။ အချက်အလက် ညီမျှပြီး ဖြစ်နိုင်ချေ ရှိ၏။
"တကယ် မရင်းနှီးချင်ကြပေမယ့် အချိုသတ် ပေါင်းပြီး ငါတို့ အကြောင်း မပြောနိုင်အောင် အနီးကပ် စောင့်ကြည့်လေ မဟုတ်ဘူးလား ..."
"မိုင်းပြောတာ ဖြစ်နိုင်ချေ ရှိတယ် ..."
"ရင်ထဲက မပါဘဲ အချိုသတ် ပေါင်းရတာတော့ ငါတို့အကျွမ်းဆုံး အရာပဲ ..."
မှန်သည်။ သူတို့ အားလုံးရဲ့ တခြားသူတွေနဲ့ မိတ်ဆွေ ခင်မင်မှုတိုင်းသည် အပေါ်ယံ သက်သက်တွေသာ ဖြစ်၏။ သူတို့ဆီက တစုံတရာ အလိုရှိ၍ ချဉ်းကပ် လာသူတိုင်းကို သူတို့ကလည်း အတုအယောင် ဖော်ရွေမှုတွေနဲ့ပဲ ပြန်ဆက်ဆံတတ်သည်။ ဒါက ဖြတ်သန်းလာတဲ့ အချိန်တွေမှာ ကြုံခဲ့ရတဲ့ အယောင်ဆောင်မှုတွေ အကြောင်း။
"ဒါဆိုလည်း ကောင်းပြီလေ ...မိုင်းပြောသလိုပဲ လုပ်ကြတာပေါ့ ..."
"ဒါပေမယ့် နည်းနည်းတော့ ခက်မယ်ထင်တယ် ..."
မိုင်းက ပန်းချီကားရှေ့ကနေ လျောက်လာပြီး ဆိုဖာမှာ ဝင်ထိုင်ရင်း ပြောလိုက်တာ ဖြစ်သည်။
"ဘာလို့လဲ ..."
"အပေါင်းအသင်း နည်းတယ်ဆိုထဲက ပေါင်းရသင်းရ မလွယ်တဲ့ သူမျိုး ဖြစ်နိုင်တယ်လေ ..."
"ငါက ကျောင်းရဲ့ အလှနတ်ဖုရားမ နီနီသစ်လွင်ပါဟ...သူ ငါနဲ့တော့ ရင်းနှီးချင်မှာ အမှန်ပဲ ...ယောင်္ကျားလေးတွေရဲ့ အားနည်းချက်က မိန်းမလှလေးတွေတဲ့ ကြားဖူးကြတယ် မဟုတ်လား ဟွန့် ..."
ကွန်ဖီးဒန့် လယ်ဗယ်မြင့်နေတဲ့ နီနီရဲ့ စကားက မှားတာတော့ မဟုတ်။ ဒါပေမယ့် သဏ္ဍာန်ဆန်းလို လူက မိန်းမလှတွေရော စိတ်ဝင်စားပါ့မလားဟု မိုင်းကတော့ တွေးနေမိ၏။
"စောင့်ကြည့်ရသေးတာပေါ့ ..."
"ကြည့်လေ ကြည့်ပေါ့ ...ငါတချက် ရောလိုက်တာနဲ့ နင်တို့တောင် ကြိုးစားစရာ မလိုတော့ဘူး သူငါတို့ အဖွဲ့ထဲကို ရောက်လာလိမ့်မယ် ..."
"ဒါဆို အဲ့ဒီ့ သဏ္ဍာန်ဆန်းကို နင့်လက်ထဲ အပ်လိုက်ပြီနော် နီနီ ...အခုတော့ ကိစ္စလည်း ပြီးပြီဆိုတော့ အိမ်ပြန်ကြစို့ ငါ့အစ်မ ..."
ကောင်းသစ်လွင်က မိနစ်ခြားပြီး မွေးလာတဲ့ သူ့အမြွှာအစ်မ နီနီ့ကို တခါတရံမှသာ အစ်မခေါ်တတ်၏။
"ပြန်တော့ မလို့လား မင်းတို့ မောင်နှမ ..."
"အေး ပြန်တော့မယ် ..."
"အခုတလော ရွေးကောက်ပွဲ ကိစ္စတွေနဲ့ မင်းတို့အဖေ အလုပ်ရှုပ်နေတာ မဟုတ်လား ...မင်းတို့ အိမ်ကို စောပြန်ဖို့ လိုလို့လား..."
"လိုတယ်ဟေ့ လိုတယ် ..."
အစိမ်းရောင်ကြိုးရှည် ပိုက်ဆံအိတ်ကို ကောက်လွယ်၍ နီနီက ပြန်ရန် ပြင်ဆင်နေသည်။
"အဖေက အခုရက်ပိုင်း အိမ်ကို စောစော ပြန်ပြန်လာတယ် ဘာလို့လဲတော့ မသိဘူး ...သူအိမ်ပြန် မရောက်ခင် ငါတို့က အရင်ရောက်နေမှ ဖြစ်မယ် ..."
သစ်လွင် အမြွှာနှစ်ယောက်က ဖခင်ရဲ့ စည်းမျဉ်းတွေ အောက်မှာ နေရသူတွေ ဖြစ်သည်။ နိုင်ငံရေးသမား ဖခင်ရဲ့ imageကို ရိုက်ခတ်မှု မဖြစ်စေရန်အတွက် အမြွှာနှစ်ယောက်က အစစအရာရာ ဆင်ခြင်ပြီး နေထိုင်ရ၏။
ဒါပေမယ့် သူတို့ရဲ့ မကောင်းတဲ့ အကျင့်က အလွန်စပ်စုတတ်ပြီး ပြဿနာတွေ ရှာဖွေရတာ နှစ်သက်ခြင်းပင် ဖြစ်သည်။ အမြွှာတွေ ဆိုတဲ့အတိုင်း ရုပ်ရည်တင် ခပ်ဆင်ဆင်တူတာ မဟုတ်။ အမူအကျင့် စရိုက်တွေက အစ အကုန်တူကြ၏။
"မင်းတို့ နှစ်ယောက်ရော ဘယ်ချိန် ပြန်မှာလဲ ..."
"ငါက ညနက်မှ ပြန်မှာ ..."
ဂေါက်ရိုက်နေတဲ့ ရဝေက လှမ်းပြောလေသည်။
"ဂေါက်ရိုက်တာက တစ်ရက်ထဲနဲ့ မတော်လာနိုင်ဘူး လင်းရဝေ အဲ့လောက်ထိ ကြိုးစားမနေနဲ့ ..."
"တစ်ရက်ထဲနဲ့ မဖြစ်နိုင်ဘူး ဆိုတာတော့ သိတာပေါ့ကွ ...တစ်ရက်မှာ အကြိမ်ပေါင်းများစွာ လေ့ကျင့်နိုင်ရင်တော့ ရက်တိုတို အတွင်း ငါတော်လာနိုင်တာပဲ ..."
နောက်အပတ်မှာ လုပ်မယ့် ဂေါက်ရိုက်ပွဲ တစ်ခုအတွက် လေ့ကျင့်နေရတဲ့ လင်းရဝေ။ အဲ့ဒီ့ပွဲမှာ လင်းရဝေ ဖခင်ရဲ့ လက်အောက်က ကျောင်းအုပ်တချို့အပြင် ပညာရေးဝန်ကြီးဌာနက လူကြီးတချို့လည်း ပါလာမှာ ဖြစ်သည်။ လင်းရဝေက ဖခင်မျက်နှာ မပျက်စေဖို့ နိုင်အောင်ကြိုးစား ရပါမည်။ ဒါက သူ့ရဲ့ တာဝန်အဖြစ် ဖခင်မှ အမိန့်ပေးထားခြင်း။
ဒါသည် မိသားစုက တားမြစ်ထားသော အပျော်အပါးကိစ္စ မှန်သမျှကို ခိုးလုပ်တတ်တဲ့ ရွှတ်နောက်နောက် ကောင်လေး လင်းရဝေရဲ့ ဖိအားတွေပင်။
"မင်းလည်း သနားစရာပဲ ...မင်းမိဘတွေ သင်ခိုင်းသမျှ အကုန် လိုက်လုပ်နေရတာ ...ကျွတ်စ် ကျွတ်စ် ..."
"ငါ့ကို သနားမနေကြနဲ့ မင်းတို့သာ အိမ်အမြန်ပြန်ကြ တော်ကြာ နောက်ကျလို့ မင်းတို့အဖေ မိသွားရင် နှစ်ယောက်လုံး မုန့်ဖိုးတွေ အဖြတ်ခံနေရမယ် ..."
"နင် ပြောစရာ မလိုဘူး နင်သာ ကျင်းမဝင်နိုင်ရင် အဆူမခံရစေနဲ့ ..."
နီနီက ရဝေ့ကျောပြင်ကို ထု၍ ပြောလိုက်လေသည်။
"မိုင်း မင်းရော ..."
"သူ့ကို မေးမနေနဲ့ သူက ငါတို့လို မဟုတ်ဘူး အိမ်ကို ဘယ်ချိန်ပြန်ပြန် ပြောမယ့်သူ မရှိဘူး ..."
တကယ်ပဲ မိုင်းကို တားမြစ် ပိတ်ပင်သည့်သူ မရှိပါ။ အထက်တန်းကျောင်း မပြီးခင်မှာ မိခင်ဆုံးသွားပြီးနောက် မိုင်းတစ်ယောက် အိမ်ကပ်တဲ့ အချိန်တွေ သိပ်မရှိတော့။ ဖခင်ဖြစ်သူက စီးပွားရေးကိုသာ ဦးစားပေးပြီး မိုင်းကို ဘာချုပ်ချယ်မှုမှ မလုပ်။ မိုင်းဖြစ်ချင်တာ မိုင်းလုပ်ချင်တာ ဘယ်အရာမဆို အားလုံး ခွင့်ပြုထားသည်။ တစ်ခုပဲ။ အဲ့ဒါက ...
"မင်းရဲ့ လက်တုံ့ပြန် လက်စားချေတတ်တဲ့ အကျင့်ကို ဖျောက်စမ်း ဆီဇာ နေရဇ္ဇ ...
KS groupကြီးရဲ့ အနာဂတ် ဥက္ကဌလောင်းက ဒီလိုမျိုး အကျင့်တွေ ရှိနေတာ ...ရှယ်ယာရှင်တွေ မီဒီယာတွေ သိသွားကြည့်စမ်း ...မင်း အမွေဆက်ခံဖို့ လုံးဝမဖြစ်နိုင်တော့ဘူး ...အဲ့ဒါ မင်းနားလည်လား..."
သူ့ဖခင်ရဲ့ တားမြစ်ထားမှုက ထိုတစ်ခုပါပဲ။ မိုင်းအတွက် မဖြစ်မနေ လုပ်ရမှာက ဖခင်ရဲ့ အမွေဆက်ခံသူတစ်ယောက် ဖြစ်ရန်သာ။
"ငါ လင်းရဝေကို အဖော်လုပ်ပြီး နေလိုက်မယ် ... သိပ်မသေချာဘူး ငါဒီမှာ အိပ်ချင်လည်း အိပ်မှာ..."
"အွန်း အွန်း ...အဲ့ဒါဆို ငါတို့ ပြန်တော့မယ်နော် ..."
"အေး ..."
"ရဝေ ..."
"အေး အေး ..."
နာမည်ခေါ်ပြီး နှုတ်ဆက်တဲ့ သူတွေကို လင်းရဝေက လှည့်မကြည့်ဘဲ ပြန်ဖြေနေသည်။
သစ်လွင် အမြွှာနှစ်ယောက် ပြန်သွားတော့ ရဝေက မိုင်းကို မေးလာ၏။
"မိုင်း မင်း သူ့ကို အရမ်း သတိထားမိ နေတာ မဟုတ်လား ..."
"ဘယ်သူ့ကိုလဲ ..."
အစအဆုံး မရှိတဲ့ စကားမို့ မိုင်းက ပြန်မေးလိုက်လေသည်။
"သဏ္ဍာန်ဆန်း ဆိုတဲ့တစ်ယောက် ..."
"ဟုတ်တယ် သူ့ကို မြင်လိုက်တိုင်း မြင်ကွင်းတွေက အသစ်အဆန်း ဖြစ်ဖြစ်နေတယ် ...သတိထားမိ လောက်အောင်ကို အပြုအမူတွေက ထူးနေတာ ..."
"မဟုတ်ဘူး ငါပြောချင်တာက ...မင်း သူ့ကို အရမ်း အာရုံစိုက်မိနေတယ်လို့ ဆိုလိုချင်တာ ..."
မိုင်းက ဆိုလိုရင်းကို နားမလည်။ လင်းရဝေကို ပြန်ကြည့်နေခဲ့၏။ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားတော့မှ ရဝေက ...
"သူ့အပြုအမူတွေကို မင်းအာရုံစိုက်မိနေတာက မင်းသူ့လို လိုက်လုပ်ချင်နေတာ မဟုတ်လား ...ဘာကိုမှ ဂရုမစိုက်တဲ့ လွတ်လပ်မှုရဲ့ အရသာ အဲ့ဒါမျိုး ..."
လင်းရဝေက မိုင်းရဲ့ မျက်ဝန်းထဲက စာတွေကို ဖတ်နိုင်သူ တစ်ယောက်။ မိသားစုရဲ့ မျှော်လင့်ချက်အဖြစ် ပျိုးထောင်ခံထားရတဲ့ လင်းရဝေက အရိပ်အကဲ ကြည့်တဲ့နေရာမှာတော့ ထူးကဲလှ၏။
"အေး ဟုတ်တယ် ..."
မိုင်းက ဝန်ခံ၏။
"မင်း လိုက်လုပ်လို့ မဖြစ်နိုင်ဘူး ဆိုတာရော သိတယ်မဟုတ်လား ..."
"အင်း သိတယ် ..."
လင်းရဝေက ဘာစကားမှ ထပ်မဆို။ မိုင်းလည်း ဘာမှ ထပ်မပြောဖြစ်။ သူ့တို့ရဲ့ နေထိုင်မှုဟာ ဖြစ်ချင်သလို ဖြစ်ခွင့်ရှိတဲ့ လွတ်လပ်မှုတွေနဲ့ အလှမ်းကွာတယ် မဟုတ်ပါလား။ ဒါကို တစ်ယောက်က သတိပေးပြီး တစ်ယောက်က သူနားလည်ကြောင်း ပြောဖြစ်ကြရုံသာ။
မိုင်းက လက်ကျန် ဝိုင်အချို့ကို အကုန်သောက်ပစ်လိုက်ပြီး ထရပ်လိုက်၏။
"ငါ ဒီည ဒီမှာ အိပ်မယ် ..."
ပြောပြီး အပေါ်ထပ် အိပ်ခန်းရှိရာကို ထွက်လာခဲ့သည်။
"အခု သွား အိပ်တော့ မလို့လား ..."
"အင်း ရေချိုးပြီး အိပ်တော့ မလို့ ..."
"ငါပြန်ရင် လာမနှုတ်ဆက်တော့ဘူးနော် အဲ့ဒါဆို ..."
"အေး ..."
မိုင်းက ရဝေ့ကို လှည့်မကြည့်ဘဲ နောက်ပြန် လက်ပြ၍ ပြန်ဖြေလေ၏။
ခြေလှမ်းတို့က ဖြေညှင်း လေးကန်စွာ လှေကားထစ်တွေပေါ်မှာ ပြီးတော့ အိပ်ခန်းထဲသို့။ အဝတ်အစားတွေ အကုန်ချွတ်၍ ရေချိုးခန်းထဲ ဝင်လာမိသည်အထိ အေးစက်စက် ခပ်ကျဲကျဲ ခြေလှမ်းတွေက ဒီအတိုင်း။
ရေပန်းကို ဖွင့်လိုက်ပြီး ကျလာတဲ့ ရေစက်တွေ အောက်မှာ ရပ်လိုက်၏။ ပြီးတော့ မျက်နှာမော့ပြီး ရေစက်တွေကို ခံယူကြည့်သည်။ ပိတ်ထားတဲ့ မျက်ဝန်းတွေထဲမှာ အပြုံးတွေနဲ့ ဖြူဖြူသွယ်သွယ် ပုံရိပ်လေးက ဝင်ရောက်လာခဲ့၏။
"ငါမင်းကို သိပ် အားကျတယ် သဏ္ဍာန်ဆန်း ..."
တစ်ယောက်ထဲ ရေရွတ်ရင်း မျက်နှာပေါ်က ရေတွေကို လက်ဝါးနဲ့ပွတ်ချ ပစ်လိုက်သည်။ ကျောင်းခေါင်မိုးထပ်မှာ သူ့ကို စိုက်ကြည့်သွားတဲ့ မျက်ဝန်းတွေကို ပြန်မြင်ယောင်လာတော့ ...
"ငါမကြိုက်ဘူး မင်းရဲ့ အဲ့လို အကြည့်တွေကို ...မိုင်း ဆိုတဲ့ကောင်ကို ဒီလို မကြည့်သင့်ဘူး ...ဒါက စစ်ကြေငြာနေသလိုပဲ ..."
သဏ္ဍာန်ဆန်း အကြောင်းကို တွေးမိလာတာနဲ့ မိုင်းရဲ့ စိတ်တွေ ရှုပ်လာခဲ့ရ၏။ ဒါက ဝိုင်ရဲ့ ယစ်မူးမှု ကြောင့်လား။ သဏ္ဍာန်ဆန်းဆိုတဲ့ အထူးအဆန်းလေး ကြောင့်လား။
**** ***** ***** ***** *****