သူငယ်ချင်းတွေက ကျွန်တော့်ကို ဘာလို့ "မိုင်း" လို့ နာမည်ပေးထားကြလဲ သိလား ...။
"မိုင်း" ဆိုတဲ့အရာက အန္တရာယ် သိပ်ကြီးတဲ့ အရာပဲ ...။
သူ ပေါက်ကွဲပြီ ဆိုရင် ဘယ်အရာ မဆို ပျက်ဆီး လွင့်စင် သွားစေမှာ ...။
ကျွန်တော်က "မိုင်း" နဲ့ တူတယ်တဲ့ ...။
ဒါကြောင့် သူတို့က ဒီလို အမည်နာမကို မှည့်ခေါ်ကြတယ် ...။
အဲ့ဒီ့ နာမည်ကို အိမ်က ပေးထားတဲ့ နာမည်အရင်းထက် ကျွန်တော် ပိုသဘောကျတယ် ...။
ဘာလို့လဲ ဆိုတော့ ကျွန်တော်နဲ့ သိပ်ကို လိုက်ဖက်တယ်လေ ...။
***** ***** ***** ***** *****
လင်းထိန် လှပနေတဲ့ မီးရောင်စုံတွေနဲ့ ပါတီပွဲ ငယ်လေး တစ်ခု။
အဆင့်ဆင့် အထပ်ထပ်နဲ့ ကြီးမား ကျယ်ပြန့် လှပနေတဲ့ ရေကူးကန်ကြီး တစ်ခု။
ပြီးတော့ အဲ့ဒီ့ နေရာမှာ ရှိနေကြတဲ့ လူငါးယောက်။
နှစ်ယောက်က တစ်ယောက်လက်ကို တစ်ယောက် ဆွဲထားကြရဲ့။ ဒါပေမယ့် တယုတယ အနေအထား မျိုးတော့ မဟုတ်ဘူး။ ရေကူးကန် ဘောင် နှုတ်ခမ်းအနားမှာ နောက်ပြန် ယိုင်လဲနေတဲ့ သူအား ကျန်တစ်ယောက်က ပြုတ်မကျ သွားအောင် လှမ်းဆွဲ ထားတာမျိုး။
အနေအထားက တစ်မျိုးတော့ တစ်မျိုး။ ရေထဲ မကျသွားအောင် ပြန်လည် တည့်မတ် ပေး
ရမယ့် အစား နောက်ပြန် ယိုင်လဲနေတဲ့ သူကို ဒီတိုင်း လက်ဆွဲ ထားရုံသာ။ ကျန်တဲ့ သုံးယောက် ကလည်း အနားမှာ ရှိနေကြပေမယ့် ဝင်မကူပေ။ ရပ်၍သာ ကြည့်နေကြသည်။
"မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ် ..."
လက်ဆွဲထားတဲ့ သူက ရေကန်ဘက် နောက်ပြန် ယိုင်လဲနေတဲ့ သူကို ကြည့်ပြီး ပြောလိုက်တာပဲ ဖြစ်သည်။ ပြောလိုက်တဲ့ လေသံနဲ့ မျက်နှာ အမူအရာက ဘာကိုမှ ဂရုမစိုက်ဘဲ အရွဲ့တိုက်ချင်နေတာ သိသာလျက်။
"ငါနဲ့ တွဲမလား ... ဒါမှမဟုတ် ငါတို့ အဖွဲ့ထဲကို ဝင်မလား ..."
အမေးခံ လိုက်ရတဲ့ တစ်ယောက်က မကျေမနပ် အကြည့် တစ်ချက်နဲ့ အံကြိတ်လိုက်ပြီး ...။
"တစ်ခုမှ မရွေးနိုင်ဘူး ..."
ပြန်ဖြေပုံက တိတိကျကျ။ သူ့အဖြေကို ကြားတော့ လက်ဆွဲထားသူက မျက်ခုံး နှစ်ဖက် ခပ်ပါးပါးလေး စုကျုံ့လိုက်ပြီး စိုက်ကြည့်နေ၏။
"မင်းကို ငါ လက်လွှတ် လိုက်မယ် ဆိုရင်တောင်မှ ဒီအဖြေပဲလား ..."
"သေချာတာပေါ့ ..."
မေးနေတဲ့ သူက အရွဲ့တိုက် ချင်နေပြီး ဖြေနေတဲ့ သူကလည်း လက်လျော့ အရှုံးပေးမယ့်ပုံ မပေါ်ပါ။
"မိုင်း ဆိုတဲ့ ငါ့ကို စိန်ခေါ်တာမျိုးက လောကမှာ မလုပ်သင့်တဲ့ အရာပဲ သဏ္ဍာန်ဆန်း ..."
အဲ့ဒီ့ စကား တစ်ခွန်းနဲ့ အတူ သူပြုံးလိုက်တဲ့ အပြုံးတစ်ချက်က သဏ္ဍာန်ဆန်းကို ငေးခနဲ ဖြစ်သွားစေသည်။ ဒီအပြုံးတွေက သေစေနိုင်လောက်တဲ့ ညှို့ချက်တွေ အပြည့်နဲ့ နတ်ဆိုး တစ်ကောင်ရဲ့ အပြုံးမျိုး။ ဒီအပြုံးတွေ မြင်ရတိုင်း သဏ္ဍာန်ဆန်း ရင်ထဲမှာ အလိုမကျမှု ပေါင်းများစွာနဲ့။
"Good bye ..."
နှုတ်ဆက်ပြီး ကိုင်ထားတဲ့ လက်ကိုလည်း တကယ် လွှတ်ချ ပစ်လိုက်တဲ့ မိုင်း။
"ဝုန်း ..."
လူတစ်ယောက် ရေထဲ ပြုတ်ကျသွားတဲ့ အသံနဲ့ အတူ စင်ထွက် လာတဲ့ ရေစက်များ။ အနားမှာ ရပ်နေကြတဲ့ သုံးယောက် ကလည်း ရုတ်တရက်မို့ လန့်သွားကြပြီး ...။
"မိုင်း ဟေ့ကောင်..."
"ဟာ ... မိုင်း ..."
"ကွိုင်ပဲ ..."
ရေထဲမှာ ငုပ်ချည် ပေါ်ချည်နဲ့ ကြိုးစား ပမ်းစား အသက်ရှုနေရတဲ့ သဏ္ဍာန်ဆန်း ဆိုတဲ့ ကောင်လေး။ သူ့ အဖြစ်ကို ရေကူးကန် ဘောင်ပေါ်ကနေ ဒီတိုင်း ရပ်ကြည့် နေကြတဲ့ လူလေးယောက်။
"သူ ရေမကူးတတ်ဘူး ထင်တယ် မိုင်း ..."
တစ်ယောက်က သတိပေး လိုက်ပေမယ့် မိုင်းက အေးအေးဆေးဆေး ရပ်၍သာ ကြည့်နေဆဲ။
"မင်း သူ့ကို တကယ် သတ်ပစ်လိုက် မှာတော့ မဟုတ်ပါဘူးနော် မိုင်း ..."
"ဟေ့ကောင် သူ ရေမွန်း နေပြီဟ ..."
မိုင်းက သူငယ်ချင်းတွေရဲ့ စကားသံတွေကို ဂရုမစိုက်။ ရေထဲမှာ အသက်လုနေတဲ့ သူကိုသာ စိုက်ကြည့်ရင်း ပြုံးနေ၏။
"မင်း ငါ့ကို ဘယ်အချိန်ထိ အာခံနေမှာလဲ ...
ကယ်ပေးဖို့ တောင်းဆို လိုက်စမ်း သဏ္ဍာန်ဆန်း ..."
ရေထဲက သူ ကြားအောင်လို့ ပြောတာမျိုး မဟုတ်။ သူ့ဘာသာ ရေရွတ် နေတာမျိုး။
သဏ္ဍာန်ဆန်း ဆိုတဲ့ သူဟာ ရေထဲမှာ အသက်လု ကြိုးပမ်း နေခဲ့ရသော်လည်း ကယ်ပေးဖို့ တစ်ခွန်း မတောင်းဆို။
သူ့ရဲ့ နှာခေါင်းထဲကနေ တဆင့် ရေတွေဟာ အသက်ရှု လမ်းကြောင်းကို မွန်းကြပ် ပိတ်ဆို့တာတွေ ဖြစ်လာစေ၏။
ရေကူးကန် အပေါ်က လူတွေရဲ့ ပုံရိပ်တွေကို ဝိုးတဝါးသာ လှမ်းမြင်နေရပြီး သူ့ခန္ဓာကိုယ်ကြီးက ရေအောက်ထဲသို့ တဖြေးဖြေး တဖြေးဖြေး မြှုပ်၍ မြှပ်၍ ...။
သူသာ နတ်ဆိုးတွေရဲ့ darkside တွေကို မသိခဲ့ရင် ...
သူသာ နတ်ဆိုးတွေကို အာမခံခဲ့ရင် ...
သူဟာ အခုလို စိတ်ရှုပ်စရာ ကိစ္စရပ် များစွာနဲ့ ရင်ဆိုင်ခဲ့ရမှာ မဟုတ်ဘူး ...။
***** ***** ***** ***** *****