- လက်နက်တွေ ချိတ်ဆွဲထားတဲ့ ဝတ်ရုံအောက်က ကိုယ်တွင်းမှာ မင်းကို ချစ်မြတ်နိုးတဲ့ နှလုံးသည်းပွတ်ရှိနေတယ်ဆိုတာ မင်းနားလည်လိုက်ပါ...
ရာဝဏ ( လင်္ကာဒီပချစ်သူ )
~~~~~~~
Ring... ring
မွေးနေ့လက်ဆောင်ဟု ဆိုကာ ကိုလင်းထားခဲ့သည့် စားပွဲပေါ်မှ စာအုပ်ကို ဖတ်ရန်ပြင်နေသော အံ့မဟော်တစ်ယောက် ဖုန်းသံကြောင့် အာရုံပျက်သွားသည်။
"ပြော"
ပြန်ဖြေလိုက်သော ထူးသံက ကြည်လင်မှုတို့ ရှိမနေ။ စိတ်ရှုပ်မှုက မျက်နှာပေါ်ရှိ မျက်ခုံးကိုပါ ကြုတ်နေစေသည်။
"ရာသီဥတု မသာယာဘူးလား မဟော်၊ သုတော့ အနှောင့်အယှက် ပေးမိပြီထင်တယ်"
"သိရင် ဖုန်းချလိုက်တော့"
"ဟော... နေပါဦး၊ မဟော်သာယာမယ့် အချိန်ကိုသာ စောင့်နေရရင် အရိမေတ္တယျဘုရားကိုတောင် ဖူးခွင့်ရမလား မသိဘူး"
"ပြောစရာရှိရင်လည်း မြန်မြန်ပြော၊ မရှိရင် နောက်မှပြန်ဆက်၊ ငါအခုအားမနေဘူး"
ဖုန်းပြောနေပေမဲ့ စိတ်က စာအုပ်ဆီသို့သာ ရောက်နေသည်။ အချိန်အကြာကြီးနေမှ လက်ခံရရှိသော မွေးနေ့လက်ဆောင်ဆိုသည့် အရာ၏ အရသာကို သူမြန်မြန်သိချင်လှပြီ။
"သု အခု Harry's bar မှာ ရှိနေတယ်၊ မဟော်လာခဲ့ပေးပါ့လား၊ မဟော့်ကို အရမ်းတွေ့ချင်နေလို့"
"ဆောရီး... ငါမအားဘူးလို့ ပြောပြီးပြီ"
လေသံအေးအေးနှင့် ပြန်ပြောနေပေမဲ့ ထိုလေသံအေးအေးတွင် အလျင်လိုမှုတို့ မသိမသာကပ်ပါနေသည်ကို ကာယကံရှင် သူပဲ သိလိမ့်မည်။
"ဘာတွေလုပ်နေရလို့လဲ မဟော်၊ သုနဲ့မဟော် မတွေ့ရတာ အရမ်းကြာနေပြီလေ"
"နောက်မှ... ငါအခု စာဖတ်စရာရှိတယ်"
"ဘုရားရေ...မဟော်က စာလုပ်မလို့တဲ့လား၊ ဒီနှစ်ဆယ်တန်းအောင်စာရင်းထွက်ရင် သုတော့ အဓိဌာန်ဝင်ရမယ်ထင်တယ်"
"စာကျက်မလို့ မဟုတ်ဘူး၊ စာဖတ်မလို့..."
"စာဖတ်မလို့... ဘာစာအုပ်ကို ဖတ်မလို့လဲ၊ သု မဟော့်ကို တွေ့ချင်နေတယ်ဆိုတာထက် အဲ့စာအုပ်က အရေးကြီးလို့လား"
"မြူတစ်မှုန်စာတောင် မင်းမှာ နှိုင်းယှဉ်ခွင့် မရှိဘူး၊ စိတ်မကောင်းစရာပဲ"
ခပ်ပြတ်ပြတ်ပြောပြီး ဖုန်းကို ချလိုက်သည်။
စိတ်ဆိုးလည်း မတက်နိုင်ပါ။ ယခုလောလောဆယ် အရေးကြီးတာက ထိုစာအုပ်လေးကို ဖတ်ရဖို့သာ။ ကျန်တဲ့ကိစ္စတွေက သူ့အတွက် အသေးအဖွဲ ပမွှားသာ ဖြစ်သည်။
စာဖတ်ခြင်းအမှုသည် အလွန့်ကို ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အလုပ်ဟု မှတ်ယူထားသော အံ့မဟော်တစ်ယောက် လင်းသန့်မောင်ပေးခဲ့သော စာအုပ်လေးကို စိတ်ပါဝင်စားစွာဖြင့် တစ်မနက်လုံးဖတ်နေသည်။
ထိုစာအုပ်၏ အမည်ကား လင်္ကာဒီပချစ်သူ...
ကိုလင်းက ဆရာချစ်ဦးညိုရဲ့ စာအုပ်တွေထဲမှ သူအကြိုက်ဆုံးတစ်အုပ်ဟု ပြောပေးခဲ့သည်။
ကိုလင်းပြောလည်း ပြောချင်စရာပင်။
စာဖတ်ပျင်းတဲ့ သူတောင် ထိုစာအုပ်ထဲက ဇာတ်ကောင်တွေနှင့်အတူ အဆုံးထိ စီးမျောသက်ဝင်သွားသည်။ ဖတ်နေသည့် တစ်လျှောက်လုံး ထိုစာအုပ်ထဲရှိ စာလုံးတစ်လုံးချင်းစီသည် ဖတ်ရှုနေသည့် လူကို ရသအမျိုးမျိုးကို ပေးစွမ်းနိုင်သည်။
နောက်ဆုံးစာမျက်နှာရှိ နောက်ဆုံးစာလုံးကို ဖတ်ပြီးသည့် နောက်တွင် သူ့ရင်ထဲမှာ ဟာတာတာနှင့် ကျန်ခဲ့သည်။ ဘာကို ဒေါသထွက်လို့ ထွက်မှန်းမသိ။ တစ်စုံတစ်ခုကို အလွန်တရာမှ ခံပြင်းလှသည်။
ဒသဂီရိဟာ ဘာကြောင့် ရာမကို ရှုံးနိမ့်သွားခဲ့ရတာလဲ။ သီတာကရော ဘာလို့ ဒသဂီရိကို ပြန်မချစ်နိုင်ခဲ့ရတာလဲ။
ဖတ်လာသည့် တစ်လျှောက်လုံး ဒသဂီရိနေရာမှ ဝင်ရောက်ခံစားပြီး ဖတ်လာခဲ့သဖြင့် ရာမနှင့် သီတာဒေဝီကို ဒသဂီရိအစား မုန်းမိသည်။ နောက်တစ်ခေါက် ထပ်ဖွင့်မကြည့်ချင်လောက်အောင် ကိုလင်းရဲ့လက်ဆောင်က စွမ်းလှသည်။
ညနေရောက်တဲ့အထိ ဒသဂီရိဆိုသည့် အသားနီလူကြီးက သူ့စိတ်အာရုံကို စိုးမိုးနေသည်။ ဂိမ်းဆော့ခြင်းအမှုကိုလည်း မပြုနိုင်။
ဇာတ်သိမ်းမလှတဲ့ စာအုပ်တွေက ဒီလောက်တောင်ပဲ ဝမ်းနည်းစရာကောင်းသလား။ ဒါဆို အပြင်လောကမှာ ရှိတဲ့ တစ်ဖက်သတ်ချစ်ခြင်းမေတ္တာတွေကရော...ဘယ်အတိုင်းအတာအထိ ဆုပ်ကိုင်ထားတဲ့ လူကို ဝမ်းနည်းနာကျင်စေမှာလဲ။
"တစ်ဖက်သတ်တဲ့... အဆုံးမှာ သတ်တဲ့လူကပဲ ပြန်သေရတယ်၊ ဘယ်လောက်တောင် မတရားလိုက်သလဲ"
°°°°°°°
"သရက်သီးနံ့လေးက မွှေးလိုက်တာကွာ"
အခန်းပြတင်းပေါက်ကို ဖွင့်လိုက်သည့် အချိန်တွင် မိုးရနံ့ပါသော လေနှင့်အတူ သရက်သီးမှည့်နံ့သင်းသင်းကလေးက နှာခေါင်းဝသို့ လာရောက်ကလူကျီစယ်သည်။
"အံ့မဟော်... စာမသင်ခင် သရက်သီးသွားခူးရအောင်၊ အပြင်မှာ အလင်းကြီးရှိသေးတယ်"
"မခူးဘူး"
လင်းသန့်မောင်ရဲ့ အဖော်ညှိမှုကို အံ့မဟော်က ငြင်းဆိုလိုက်သည်။
"မင်းသရက်သီး မစားချင်ဘူးလား"
"စားချင်တယ်"
"ဒါဆို ဘာလို့မခူးဘူးလို့ ပြောရတာလဲ"
"သစ်ပင်မတက်တတ်လို့"
အံ့မဟော်နှင့် စကားပြောလျှင် လင်းသန့်မောင်မှာ စိတ်ကို အရှည်ဆုံးအထိ ဆွဲဆန့်ထားရသည်။ သစ်ပင်မတက်တတ်လို့ဟူသည့် နောက်ဆုံးအဖြေရဖို့အတွက် စိတ်ရှည်ရှည်နှင့် မေးခွန်းအဆင့်ဆင့်ကို မေးပေးရသည်။ ဘယ်တော့မှ အံ့မဟော်သည် အကြောင်းကိုမပြ၊ အကျိုးကိုသာ ပြသည်။
"လှေကားနဲ့ တက်ခူးမယ်ကွာ၊ တုတ်နဲ့ ရိုက်ချရင် အသံကြောင့် အန်ကယ်သိသွားလိမ့်မယ်"
"သိတော့ဘာဖြစ်လို့လဲ"
"ငယ်ငယ်တုန်းက သရက်သီးခူးရင်း မတော်တဆ သရက်သီးခေါင်းမှန်ပြီး ငါခေါင်းပေါက်ဖူးတယ်၊ အဲ့ကတည်းက အန်ကယ်က ငါတို့ကို သရက်သီးမခူးခိုင်းတော့တာ၊ မြန်မြန်လာ... သွားမယ်"
ပြောပြီးတာနှင့် ထွက်သွားသော လင်းသန့်မောင်နောက်ကျောကို ကြည့်၍ အံ့မဟော်ခေါင်းထဲသို့ အတွေးများ ဝင်လာသည်။
ငါတို့...
'တို့'ဆိုတဲ့ အများကိန်းက ဘယ်သူ့ကို ရည်ညွှန်းတာလဲ။
ငါတို့တဲ့...
ကိုလင်းနဲ့ ဘယ်သူနဲ့လဲ။
°°°°°°°°
"ဦးဘမောင်... ဦးဘမောင်"
"ဟေ... လူလေး"
"လှေကားလိုချင်လို့၊ ဘယ်မှာထားလဲ ဦးဘမောင်"
"ခြေရင်းဘက်မှာ လူလေးတို့ရဲ့... ဘာလုပ်မလို့လဲ"
"ကျွန်တော်တို့ သရက်သီးခူးမလို့ဗျ၊ အန်ကယ်တို့ကို ပြန်မပြောနဲ့နော်"
"အေးပါကွယ်... ခူး ခူး၊ အဘပြန်မပြောပါဘူး၊ သတိတော့ထားကြ လူလေးတို့ရေ"
"ဟုတ်ကဲ့ ဦးဘမောင်"
အိမ်ခြေရင်းဘက်တွင် ရှိသော လှေကားကို သူနဲ့အံမဟော် တစ်ယောက်တစ်ဖက်စီကိုင်ကာ ခေါင်းရင်းဘက်သို့ သယ်ကြသည်။
သူက သစ်ပင်တက်တတ်သဖြင့် ကိစ္စမရှိ။ လှေကားကို ထိန်းထားပြီး အံ့မဟော်ကို အရင်တက်စေသည်။ သရက်ပင်ပေါ်သို့ အံ့မဟော်ရောက်သွားသောအခါ လှေကားကို အဝေးသွားပို့ပြီး သရက်ပင်ပေါ်သို့ ခြေလက်များကို အသုံးပြု၍ တွယ်ဖက်တက်လိုက်သည်။
"အံ့မဟော်... သရက်သီးခူးလေကွာ၊ ဘာလို့ထိုင်နေတာလဲ"
သရက်ပင်ပေါ်သို့ သူရောက်ပြီးသည်အထိ အံ့မဟော်သည် သရက်သီးတစ်လုံးမျှ မခူးရသေးဘဲ အောက်ဆုံးအကိုင်းတွင်သာ ငုတ်တုတ်ထိုင်နေသည်။
"ကျွန်တော့်အနားမှာ သရက်သီးရှိနေတာ ခင်ဗျားတွေ့လို့လား"
"ရှိနေတဲ့ နေရာကို ရွှေ့ခူးလေကွာ၊ မင်းနောက်ဘက်မှာ သရက်သီးတွေ အများကြီးပဲ"
"ဘယ်လိုလုပ် ရွှေ့လို့ရမှာလဲဗျ၊ ဒီသစ်ကိုင်းလေးပေါ်တောင် မနည်းပြုတ်မကျအောင် ထိုင်နေရတာကို"
"ကောင်းရောပဲ၊ အဲ့တာနဲ့များ ဘာလို့တက်လိုက်လာသေးလဲကွာ၊ အောက်မှာပဲ စောင့်နေပါတော့လား၊ ငါ့မှာ လှေကားနဲ့ အပင်ပေါ်ရောက်အောင် တင်ပေးလိုက်ရတာပဲ အဖတ်တင်တယ်"
"လွယ်မယ်ထင်လို့ တက်လိုက်မိတာပေါ့၊ ကျွန်တော့်ကိုယ်ကျွန်တော် အလကားနေရင်း အပင်ပန်းခံမယ်လို့ ထင်နေတာလား"
"ဟုတ်ပါပြီ... မပြောတော့ပါဘူး.. နော်၊ အဲ့မှာပဲ ငြိမ်ငြိမ်ထိုင်နေ၊ မတော်တဆပြုတ်ကျရင် ငါ့ခေါင်းပေါ်ပဲ ပြဿနာလာလိမ့်မယ်"
ဝင်းဝါနေသည့် မန္တလေးရင်ကွဲသီးများက သရက်ပင်ပေါ်တွင် အခိုင်လိုက်ပြွတ်သိပ်ကာ သီးနေကြသည်။ တစ်ချို့အသီးတွေသည် ခူးပြီး အုပ်ထားစရာမလိုတော့ဘဲ အပင်ပေါ်တွင်သာ အဆင်သင့် မှည့်ဝင်းနေလေသည်။
"အံ့မဟော်၊ သရက်သီးမှည့်စားမလား"
ဝင်းမှည့်နေသည့် သရက်သီးတစ်လုံးကို မြှောက်ပြလိုက်ပြီး အံ့မဟော်ကို အပေါ်ကနေ လှမ်းမေးလိုက်တော့ မောင်မင်းကြီးသားက စားမယ်ဟု ခေါင်းငြိမ့်ပြသည်။
အပေါ်ကနေ လှမ်းပစ်ပေးလျှင် ဖမ်းရင်းပြုရင်း ပြုတ်ကျမည်စိုးတာကြောင့် အောက်သို့ ပြန်ဆင်း၍ အခန့်သားထိုင်နေသည့် အနှီကောင်ပေါက်ကို သူ့မှာ သွားဆက်သရသည်။
"သရက်စေးလောင်မယ်နော် ထိပ်ဖျားပိုင်းကိုပဲစား၊ အခွံကို ကိုက်ခွာလိုက်"
"အင်းပါ"
သတိပေးစကား ဆိုလိုက်သော်ငြား 'သိတယ် ဆရာမတက်နဲ့' ဟူသော အကြည့်နှင့် အံ့မဟော်က ပြန်ဖြေသည်။
"ငါပေးတဲ့စာအုပ်ကို ဖတ်ပြီးပြီလား"
သရက်ပင်ပေါ်မှ အကောင်းဆုံးသရက်သီးများကို ရွေးချယ်ခူးနေရင်း သရက်သီးမှည့်စားနေသော အံ့မဟော်ကို သူ လှမ်းမေးလိုက်သည်။
"အင်း"
"ဘယ်လိုနေလဲ"
"ခင်ဗျားကို စိတ်တိုတယ်"
"ဘာလို့လဲ၊ မကြိုက်ဘူးလား"
"မကြိုက်လို့ မဟုတ်ပါဘူး၊ ဇာတ်သိမ်းမလှတဲ့ စာအုပ်ကို ပေးခဲ့လို့"
"ဒသဂီရိအတွက် ဇာတ်သိမ်းမလှပေမဲ့ ရာမနဲ့သီတာအတွက်တော့ ဇာတ်သိမ်းလှခဲ့ပါတယ်"
"ရာမနဲ့သီတာ ဇာတ်သိမ်းလှတာကို ကျွန်တော်က ဘာလုပ်ရမှာလဲ၊ ကျွန်တော်က ဒသဂီရိတစ်ယောက်ထဲအတွက် ဒီစာအုပ်ကို ဖတ်ခဲ့တာ"
သူပေးခဲ့တဲ့ စာအုပ်ကို အံ့မဟော် စိတ်ဝင်တစားရှိတဲ့ပုံကြောင့် လင်းသန့်မောင်လက်ဆောင်က အချည်းနှီးတော့ ဖြစ်မသွားချေ။ ဒီကောင်လေး၏ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးလာဖို့ စာများများဖတ်ခိုင်းရမည်ဟူသော သူ့ရဲ့ရည်ရွယ်ချက်သည် ပထမအဆင့်တော့ အောင်မြင်ခဲ့လေပြီ။
"ဒသဂီရိ ဘာလို့ ဗီလိန်ဖြစ်ခဲ့ရလဲဆိုတာ ခင်ဗျားသိလား ကိုလင်း"
ထူးထူးဆန်းဆန်း စာအုပ်ဖတ်ပြီး စာကြောင်းပေကြောင်း ပြောလာသည့် အံ့မဟော်စကားကြောင့် လင်းသန့်မောင် ပြောပါဦးဟူ၍ မေးငေါ့ပြပြီး ငြိမ်သက်စွာ နားထောင်မိသည်။
"သီတာက ပြန်မချစ်လို့လေ၊ သီတာဒေဝီ ပြန်မချစ်တာ တစ်ခုတည်းကြောင့် ဒသဂီရိကို လူတွေက သူရဲကောင်းဆိုတာကို မသိကြတော့ဘဲ သူများချစ်ခြင်းကို ခွဲတဲ့ မုန်းစရာဗီလိန်လို့ သမုတ်လိုက်ကြတယ်၊ သီတာဒေဝီဆိုတာ သူ့ဘဝမှာ ပေါ်မလာခင် ဒသဂီရိဟာ အိန္ဒူမြောက်ဘက်တစ်လွှားမှာ သိပ်ကိုရဲရင့်ပြီး အစွမ်းထက်တဲ့ စစ်ဘုရင်တစ်ဦးဖြစ်ခဲ့တာ၊ ဒြာဝိဒိယန်မျိုးနွယ်တွေရဲ့ အမြင့်မားဆုံးဘွဲ့ကို ပိုင်ဆိုင်တဲ့ အရှင်သခင်၊ သူ့မှာရှိတဲ့ အားနည်းချက်ဆိုလို့ သီတာဒေဝီ မနှစ်သက်တဲ့ ကြမ်းတမ်းတဲ့ ရုပ်ရည်တစ်ခုပဲ ရှိခဲ့တာ"
"ဘာလဲ၊ ဒသဂီရိဖန်ဖြစ်သွားတာလား အံ့မဟော်"
"ဒသဂီရိဖန်လို့တော့ မဟုတ်ပါဘူး၊ ဒသဂီရိအစား ခံပြင်းလို့၊ အချစ်တစ်ခုအတွက်နဲ့ အရာအားလုံးကို ဆုံးရှုံးလိုက်ရတယ်၊ မိသားစုကိုရော သူသိပ်ချစ်တဲ့ လင်္ကာဒီပကိုရော"
"ဒါတော့ ငါသိပ်လက်မခံချင်ဘူး၊ ဒသဂီရိဟာ မင်းပြောသလို လက်ရုံးရည်နဲ့ ပြည့်စုံတာ မှန်တယ်၊ ဒါပေမဲ့ နှလုံးရည်အရာမှာ လိုအပ်ချက်တွေ ရှိနေတယ်၊ အကယ်၍ ဒသဂီရိသာ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံမယ်ဆိုရင် လင်္ကာဒီပကို သူဆုံးရှုံးရမှာ မဟုတ်ဘူး"
"အဲ့တာကလည်း သီတာဒေဝီကြောင့်ပဲလေ ကိုလင်းရဲ့၊ တကယ်တော့ ဒသဂီရိဟာ သူရာကို စွန့်လွှတ်ပြီး ဓမ္မိကတောင်ခြေရင်း စမ်းချောင်းဘေးမှာ တရားကျင့်ကြံပြီးကတည်းက သူ့ဘဝက တည်ငြိမ်သွားခဲ့ပြီ၊ စမ်းချောင်းထဲက သီတာဒေဝီရဲ့ ရုပ်ပုံလွှာကိုသာ မမြင်ခဲ့ရဘူးဆိုရင် လေးတင်ပွဲကိုလည်း သွားပြိုင်ဖြစ်မှာ မဟုတ်သလို ရာမကိုလည်း ရှုံးခဲ့ရမှာ မဟုတ်ဘူး၊ အာရိယန်တွေက နယ်မြေအတွက်ကြောင့် ဒြာဝိဒိယန်တွေကို တစ်ချိန်မဟုတ်တစ်ချိန် လာတိုက်မှာပဲ၊ ဒသဂီရိက နှလုံးရည်အရာမှာ လိုအပ်ချက်ရှိတယ်ဆိုရင်တောင် သူသိပ်အားကိုးရတဲ့ ဉာဏ်ပညာပြည့်စုံတဲ့ ညီတော်ဘိဘိသန ရှိနေတာပဲ၊ အသားဝါအာရိယန်တွေကို စစ်ပွဲမှာ ရှုံးမယ်လို့ ထင်သလား"
"ဆက်ပါဦး၊ မင်းကြည့်ရတာ ဒီစာအုပ်ကို တော်တော်လေးသဘောကျပုံရတယ်"
စာအုပ်ထဲမှာ ပါသည့် အကြောင်းအရာများအပြင် ဇာတ်ကောင်များနှင့် နေရာဒေသတွေကို အံ့မဟော်က ပြောလာတာကြောင့် လင်းသန့်မောင် ဝမ်းသာမိသည်။
"အချုပ်ပြောရင်တော့ဗျာ... ကျွန်တော့်အတွက်တော့ ဒသဂီရိက ဗီလိန်မဟုတ်ခဲ့ဘူး၊ ဒသဂီရိဘဝထဲက သီတာဒေဝီကိုသာ နှုတ်ကြည့်လိုက်မယ်ဆိုရင် နယ်မြေပေါင်းများစွာကို သူ့လက်အောက်ကို သိမ်းသွင်းနိုင်ခဲ့တဲ့ လေးစားစရာ စစ်သူရဲကောင်းတစ်ဦးပဲ၊ ချစ်ခြင်းမေတ္တာဆိုတဲ့အရာက သူ့ကို သတ်သွားတာ"
"ချစ်ခြင်းမေတ္တာက ငြိမ်းချမ်းပါတယ် အံ့မဟော်၊ တစ်ဖက်သတ်တဲ့ ချစ်ခြင်းမေတ္တာတွေကသာ ပူလောင်စေတာ"
ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း အံ့မဟော် ရယ်လိုက်မိသည်။
"နှစ်ဦးနှစ်ဖက်မဟုတ်လို့ ပူလောင်တယ်ဆိုရင် ချစ်ခြင်းမေတ္တာက သိပ်ကိုဘက်လိုက်တဲ့ တရားသူကြီးတစ်ယောက်လို့ ပြောရမှာပဲ"
"အချစ်ဆိုတာ နှလုံးသားထဲက သူ့အလိုလို ပေါက်ဖွားလာတာ၊ လုပ်ယူလို့မရဘူး၊ သီတာက ရာမကိုရွေးချယ်သွားတာကို အပြစ်ပြောလို့မရဘူး၊ ဘာလို့လဲဆိုတော့ အရာအားလုံးက ရေစက်ပါလာပြီးသား"
ရေစက်...
ဘာကို ရေစက်လဲ... အယုံအကြည်မရှိလိုက်တာ။
အံ့မဟော်က လက်တွေ့မှာ မမြင်ရတဲ့ အရာတွေကို သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ လူစားမျိုးမဟုတ်။
"ဒါဆို ခင်ဗျားနဲ့ကျွန်တော်ကရော... ရေစက်ဆိုတာကြောင့် တွေ့ဆုံနေရတာလား"
"ဒါပေါ့... အတိတ်က ကံတွေကြောင့် ရေစက်ရှိနေသ၍ သတ္တဝါတွေဟာ သံသရာမှာ လည်ပတ်ရင်းနဲ့ အချင်းချင်း တွေ့ဆုံနေရဦးမှာ"
အံ့မဟော် လင်းသန့်မောင်၏ မျက်နှာကို ပြုံး၍သာ ကြည့်နေလိုက်သည်။
"ကျွန်တော်က အဲ့လိုအယူအဆတွေကို မယုံဘူး ကိုလင်းရဲ့...၊ ကံဆိုတာကိုလည်း ကျွန်တော်ကပဲ လုပ်ယူမယ်၊ ရေစက်ဆိုတာကိုလည်း ကျွန်တော်ကပဲ ဖန်တီးယူမယ်၊ ဘယ်ဘုရားကမှ ကျွန်တော့်ဘဝ ကျွန်တော့်အနာဂတ်ကို ဝင်ရောက်ဖန်တီးပိုင်ခွင့်မရှိဘူး"
သရက်သီးစေ့ကို ခပ်ဝေးဝေးလွှင့်ပစ်လိုက်သော အံ့မဟော်ကို ကြည့်ရင်း လင်းသန့်မောင် သက်ပြင်းသဲ့သဲ့သာ ချမိသည်။
°°°°°°°