သုံးရက်ရှိသွားပြီ...
ကိုလင်း စာလာမသင်တာ။
ဒီလိုပါပဲ... ဘေးနားမှာ ရှိတဲ့လူတွေက အချိန်တန်ရင် သူ့ကို စိတ်ပျက်သွားကြတာချည်းပဲ။
ဆေးရုံမှာ မြင်ခဲ့ရတဲ့ ကိုလင်းအကြည့်ကို သူနားလည်တာပေါ့။ စိတ်ပျက်တယ်၊ စိတ်ကုန်စရာကောင်းတယ်လို့ အဓိပ္ပါယ်ရတဲ့ အကြည့်နဲ့ ကြည့်လိုက်တာ။ မာမီ့ဆီက အမြဲလိုလို ရနေကျ သူသိပ်ကို ရင်းနှီးတဲ့ အကြည့်မျိုး။
ရင်းနှီးနေကျဆိုပေမဲ့ မာမီ့ဆီက မဟုတ်ဘဲ ကိုလင်းဆီက မို့လို့လားမသိ။ ဖြေရှင်းချက်တွေ ပေးချင်မိသည်။ လက်ကိုင်ထားနေကျ လစ်လျစ်ရှုခြင်းတရားကို ဒီတစ်ခါ အသားမကျစွာ မျက်နှာလွှဲလိုက်ချင်မိသည်။ ဘာတွေက သူ့စိတ်ကို ဝေဝါးစေတာလဲမသိ။
မန္တလေးပြန်သွားတဲ့ ငယ်ငယ့်ကို သတိမရဘဲ ဘေးအိမ်က သူစိမ်းတစ်ယောက်ဆီကိုပဲ စိတ်တွေက ရောက်ရောက်နေမိသည်။ ဒါက အဓိပ္ပါယ်မရှိလိုက်တာ။
ဘာကြောင့်လဲ အံ့မဟော်။
အဲဒီ့လူက ဘာမို့လို့လဲ။
တစ်ကိုယ်ကောင်းဆန်တယ်တဲ့...။
ကိုလင်း နောက်ဆုံးပြောခဲ့တဲ့ တစ်ဖက်သတ် စွပ်စွဲချက်။
မမှားပါဘူး။
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။
ဒါပေမဲ့ အမှန်တရားဆိုတာလည်း အားနည်းချက်ရှိစမြဲပဲ။ ပြီးပြည့်စုံနေတဲ့ အမှန်တရားရယ်လို့ လောကကြီးမှာ မရှိဘဲ။ နေ့တိုင်းကြုံတွေ့နေရတဲ့ အရှေ့အရပ်က ထွက်ပြီး အနောက်အရပ်ကို ဝင်နေကျ နေလုံးကြီးတောင် တစ်ခါတလေ လနဲ့ လမ်းကြုံတွေ့ရင် နေကြတ်ခြင်းဆိုတဲ့ ဖောက်လွဲမှုတွေ ဖြစ်နိုင်သေးတာပဲမလား။
ကိုယ့်ကိုယ်ကိုယ်မှ မချစ်ရင် ကိုယ့်အတွက် ကြည့်ပေးမယ့်လူ တစ်ယောက်တလေတောင် မရှိတဲ့ လောကကြီးထဲမှာ သူလို တစ်ယောက်တည်းသမားက တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ဆန်းလို့လား။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အပြစ်တင်နေတက်တဲ့ ဒယ်ဒီနဲ့မာမီရဲ့ ရန်ပွဲတွေကြားထဲမှာ သူကြီးပြင်းခဲ့ရတာ။ ပန်းကန်ကွဲတွေနဲ့ ထမင်းဝိုင်းမှာ ကိုယ့်ထမင်းပန်းကန် ကိုယ်စားရင်း လစ်လျူရှုခြင်းပညာကို သူ့အလိုလို တက်မြောက်သွားခဲ့တာ။ ရန်ပွဲတွေ ပြီးဆုံးမှ သားကို တောင်းပန်ပါတယ်ဆိုတဲ့ အရေးမပါတဲ့ စကားတွေကြားထဲမှာ တစ်ကိုယ်ကောင်းဆန်ဆန် နေတတ်သွားခဲ့တာ။
ဘဝမှာ တစ်ကြိမ်တစ်ခါမှ အချစ်မခံခဲ့ရရင်လည်း အကောင်းသား။ အခုတော့ မစို့မပို့မေတ္တာလေးကို ငယ်ငယ်က ပိုင်ဆိုင်ဖူးခဲ့တော့ လူက အရသာသိပြီး လိုချင်နေမိရော။ မသိရင် နို့စို့နေရင်း နို့ပျောက်သွားတဲ့ ကလေးလို ဘယ်သူ့ကို အမေခေါ်ရမှန်းမသိ။ အခုလည်း သူစိမ်းတစ်ယောက်က နွေးနွေးထွေးထွေး ဆက်ဆံပေးလိုက်တာနဲ့ တစ်သက်လုံး တည်မြဲမယ်လို့ ထင်လိုက်မိသွားပုံ။
အသိဝင်စမ်းပါ အံ့မဟော်ရာ... သူလည်း လူတွေထဲက လူတစ်ယောက်ပါပဲ။
မင်းက လူတွေကို စိတ်ပျက်မယ် ဒါမှမဟုတ်ရင် မင်းကို လူတွေက စိတ်ပျက်မယ်။ ကြုံဖူးနေကျကို ဘာဆန်းလို့လဲ။ မင်း ကြုံဖူးနေကျပါပဲ...။
အတွေးတွေနှင့်အတူ ကုတင်ပေါ်တွင် ပက်လက်လှဲနေရင်း ခန္ဓာကိုယ်ကို တစ်ဖက်သို့ စောင်းလိုက်စဉ် နံရံပေါ်မှ ပြက္ခဒိန်ဆီသို့ မျက်လုံးက အကြည့်ရောက်သွားသည်။
ဒီနေ့ ဇွန်လ နှစ်ဆယ့်ငါးရက်နေ့...
အိပ်နေရာမှ ချက်ချင်းထကာ နံရံပေါ်ရှိ ပြက္ခဒိန်ကို ဒေါသတကြီး စုတ်ဖြဲပစ်လိုက်သည်။
ရောက်လာတော့မယ်...
သူ သိပ်မုန်းတဲ့ နေ့ သို့မဟုတ် သူ သိပ်ကြောက်တဲ့ နေ့။
°°°°°°°
"မောင်... အံ့မဟော်ကို စာသင်ပေးနေတယ်ဆို၊ ကျူးဖြင့် မောင် စာပြပေးတာ တစ်ခါမှလည်း မတွေ့မိပါ့လား"
"ဒီလိုပါပဲ ကိစ္စလေးတွေ ရှိလို့ ခဏရပ်ထားတာ၊ ခုရက်ထဲ အံ့မဟော်အခြေအနေ ဘယ်လိုရှိလဲ ကျူး"
"ကျူး အိမ်ကို ပြန်ရောက်တဲ့ သုံးရက်အတွင်း အဲ့ကောင်လေးနဲ့ ငါးမိနစ်ပြည့်အောင် မျက်နှာချင်းမဆိုင်ဖူးဘူး၊ တစ်ခါတစ်လေ အိမ်မှာ သူရှိတာတောင် မေ့တဲ့အထိပဲ"
ကျူးစကားအရဆို ဒီကောင်လေး အိမ်မှာမနေဘဲ တစ်နေကုန် အပြင်ထွက်နေတာပဲ ဖြစ်ရမည်။ သူမရှိတော့ ပိုလွတ်လပ်ပြီး စာလည်း လုပ်မည်မထင်။ စာမလုပ်တာက အရေးမကြီး... တော်ကြာ အပေါင်းအသင်းတွေနဲ့ ပြန်ချိတ်မိပြီး ဆေးတွေဘာတွေ ပြန်သုံးရင် ဒုက္ခရောက်မည်။ ပြတ်သွားတာက သိပ်မကြာသေးတော့ အချိန်မရွေးပြန်သုံးနိုင်သည်။
"မောင်က ဘာကိစ္စရှိလို့လဲ၊ စာတွေ အရေးကြီးနေပြီလား"
"မဟုတ်ပါဘူး၊ မောင် သူ့ကို ရေဘေးဒုက္ခသည်တွေဆီက ပြန်လာတုန်း လမ်းမှာ စိတ်ဆိုးစရာ ကိစ္စလေး ရှိလို့၊ သိတဲ့အတိုင်း အဲ့ကောင်လေးက ငဂျစ်လေ"
"ဘာများလဲလို့ မောင်ရာ... ဒီအသက်အရွယ်နဲ့ ကိုယ့်ထက် အငယ်ကို ပြန်စိတ်ကောက်နေရတယ်လို့... ဟင်းဟင်း၊ အံ့မဟော်က ငယ်သေးလို့ ဂျစ်ကန်ကန်လေး ဖြစ်နေတာပါ၊ မောင့်ကိုတောင် စိတ်ဆိုးအောင် လုပ်နိုင်တယ်ဆိုတော့ အံ့မဟော်ကို ကျူးတော့ ချီးကျူးရမယ်"
"စိတ်ကောက်နေတာ မဟုတ်ပါဘူးကွာ၊ စိတ်ခုနေလို့ မျက်နှာချင်းမဆိုင်သေးဘဲ နေနေတာ၊ အပြင်တွေ အရမ်းထွက်တယ်ဆိုရင်တော့ မဖြစ်ဘူး၊ ဆေးပြန်သုံးမှာ စိုးရတယ်၊ မောင် အံ့မဟော်ကို စာပြန်သင်ဖို့ ညကျရင် လာခဲ့မယ်"
°°°°°°°
"ခင်... မျက်နှာလည်း မကောင်းပါ့လား၊ ဘာဖြစ်လို့လဲ"
"ကျွန်မ နှစ်ရှည်လများ ကြည့်လာခဲ့ရတဲ့ လူနာတစ်ယောက် ဒီနေ့ ဆုံးသွားတယ် ကိုခန့်ရယ်"
"ဟုတ်လား... စိတ်မကောင်းစရာပဲ၊ လူဆိုတာ သေမျိုးပဲလေကွယ်၊ တရားနဲ့ဖြေနော် ခင်"
"အင်းပါ ကိုခန့်ရယ်၊ ဒီနေ့ ဘယ်နှစ်ရက်နေ့လဲ သိလား ကိုခန့်၊ ရက်လည်ဆွမ်းသွတ်ရင် ကျွန်မ သွားမလို့ ရက်မှတ်ထားရမယ်၊ မဟုတ်ရင် မေ့တတ်လွန်းလို့"
"ဒီနေ့ အင်္ဂလိပ်လို နှစ်ဆယ့်ခြောက်ရက်နေ့လေ၊ ရက်လည်ဆိုရင် နောက်လ တစ်ရက်နေ့ကို သွားကျမယ်၊ ပြက္ခဒိန်မှာ အမှတ်အသားလုပ်ထား ခင်"
"ဟုတ်ကဲ့ ကိုခန့်၊ ဟင်... ဘယ်လို၊ နှစ်ဆယ့်ခြောက်ရက်နေ့ ဟုတ်သလား"
ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သော ဒေါ်ခင်မျိုးမြတ်ကြောင့် ဦးခန့်သာ စာအုပ်ဖတ်နေရင်း အနည်းငယ် လန့်သွားသည်။
"ဘာဖြစ်တာလဲ ခင်၊ အလန့်တကြားနဲ့"
"မဟော်... မဟော့်ကို တွေ့မိလား ကိုခန့်"
"တွေ့တော့ မတွေ့မိဘူး၊ သူ့အခန်းထဲမှာ ရှိမှာပေါ့၊ ဒီအချိန် ဘယ်တုန်းက အောက်ဆင်းဖူးလို့လဲ ခင်ရယ်"
"ကျွန်မအပေါ်သွားကြည့်လိုက်ဦးမယ်၊ ဒီနေ့ မဟော့်မွေးနေ့ ကိုခန့်၊ နှစ်တိုင်း ဒီလိုနေ့ဆို မကောင်းတာ တစ်ခုခု ဖြစ်နေကျ၊ ကျွန်မ သတိမေ့သွားခဲ့တယ်"
ဒေါ်ခင်မျိုးမြတ် စကားကို အလျင်စလို ပြောပြီး အပေါ်ထပ်သို့ ခပ်သုတ်သုတ်တက်သွားသည်။ ခုနက ရင်ထဲတွင် ရှိနေသော တစ်ပါးသူအတွက် စိတ်မကောင်းခြင်းအား သားဖြစ်သူကို စိတ်ပူသည့် အပူက အနိုင်တိုက်သွားသည်။
ခဏအကြာ ဒေါ်ခင်မျိုးမြတ် အပေါ်မှ ပြန်ဆင်းလာသည်။
"တွေ့ခဲ့ရဲ့လား ခင်"
"မတွေ့ဘူး ကိုခန့်၊ မဟော် အခန်းထဲမှာ မရှိဘူး၊ ဒုက္ခပါပဲ..."
"အန်တီမျိုး ဘာဖြစ်လို့လဲ"
ဒေါ်ခင်မျိုးမြတ် နောက်မှ ဆင်းလိုက်လာသော ကျူးရင့်သာလည်း ပျာယာခတ်နေသော ပုံစံကြောင့် မေးကြည့်လိုက်သည်။
"မဟော့်ကို မတွေ့လို့ သမီးရယ်၊ ဒီနေ့ မဟော့်ရဲ့ မွေးနေ့၊ မဟော်က သူ့မွေးနေ့ရောက်ရင် တစ်ခုမဟုတ်တစ်ခု မကောင်းတာ ဖြစ်နေကျ၊ အန်တီ သူ့ကို စောင့်ကြည့်ဖို့ မေ့သွားတယ်"
"အံ့မဟော့် မွေးနေ့ ဟုတ်လား အန်တီမျိုး"
ထိုစဉ် အံ့မဟော်အား စာသင်ရန် လင်းသန့်မောင်တစ်ယောက်လည်း အချိန်ကိုက်ပင် ရောက်ရှိလာသည်။ တစ်ဆက်တည်း လွန်ခဲ့တဲ့နှစ်လက အံ့မဟော်ရဲ့ အဒေါ် ပြောခဲ့တဲ့ စကားတွေကို နားထဲမှာ ကြားယောင်မိသည်။ အံ့မဟော်က သူ့မွေးနေ့ကို သိပ်မုန်းသတဲ့။
"ဟုတ်တယ် မောင်လင်းသန့်ရယ်၊ ကိုခန့်... မဟော့်ကို ရှာပေးပါဦး၊ မနှစ်က ရန်ဖြစ်ပြီး အချုပ်ထဲရောက်သွားတယ်၊ အခုချိန်ဆို သူမဟုတ်တာ တစ်ခုခု လုပ်နေလောက်ပြီ"
"သားကို အရင်ဖုန်းဆက်ကြည့် ခင်"
ဦးခန့်သာစကားကြောင့် မဟော့်ဖုန်းကို သူမ အကြိမ်ကြိမ်ဆက်ကြည့်သော်လည်း တစ်ဘက်မှ ဖြေကြားခြင်း အလျဉ်းမရှိ။
"မကိုင်ဘူး ကိုခန့်၊ လုပ်ပါဦး"
"ကိုယ်အပြင်မှာ လျှောက်ရှာကြည့်လိုက်မယ် ခင်၊ မောင်လင်းသန့်လည်း အန်ကယ့်ကို ကူညီပေးပါဦး၊ သား ဆေးတွေဘာတွေ ပြန်သုံးမှာ အန်ကယ်စိုးရိမ်တယ်"
"ဟုတ်ကဲ့ အန်ကယ်၊ လွယ်တော့လွယ်မယ် မထင်ဘူး"
°°°°°°°
ရန်ကုန်မြို့ထဲမှာ လူတစ်ယောက်ကို ရှာရခြင်းသည် ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရတာထက် ပို၍ ခက်ခဲလှသည်ဟု ပြောလိုက်ချင်သည်။ တစ်နာရီခန့် ကားဖြင့် လျှောက်မောင်းပြီး ရှာဖွေနေသော်လည်း ထိုလူသား၏ အရိပ်အယောင်ကို တစ်စွန်းတစ်စတောင် မတွေ့ရသေး။
အံ့မဟော်... အံ့မဟော်... တော်တော် ဒုက္ခပေးတဲ့ကောင်။
သွားတတ်လာတတ်တဲ့ နေရာတွေကိုလည်း မသိတော့ ဘယ်အရပ်ကို ဦးတည်ပြီး ရှာဖွေရမလဲမသိ။ ဒီလိုပုံစံအတိုင်း ဆက်ရှာနေလို့ကတော့ အဆင်မပြေချေ။ ကားဆီကုန်ပြီး လူပင်ပန်းတာပဲ အဖက်တင်မည်။
ဒီကောင်လေး ဘယ်နေရာမှာ ရှိလောက်မလဲ စဉ်းစားစမ်း...
အာ...ဟုတ်သားပဲ။
အံ့မဟော်နဲ့ တစ်ခါဆုံခဲ့ဖူးတဲ့ ဘား...။
°°°°°°°
လေးဆယ့်နှစ်စက္ကန့်...
လေးဆယ့်သုံးစက္ကန့်...
လေးဆယ့်ငါးစက္ကန့်...
လေးဆယ့်ခြောက်စက္ကန့်...
"ဒီတစ်ခါ စောသားပဲ... ဆယ့်ငါးမိနစ်နဲ့ လေးဆယ့်ခြောက်စက္ကန့်"
မျက်စိရှေ့တွင် မြင်နေရသော ခြေထောက်တစ်စုံကို မော့မကြည့်သေးဘဲ လက်က နာရီကို ကြည့်ရင်း ခပ်ပြုံးပြုံးပြောလိုက်သည်။
"ဘာကို စောတာလဲ အံ့မဟော်"
လေးရက်ကြာ မကြားခဲ့ရတဲ့ အသံလေး...
နှုတ်ခမ်းပေါ်မှ အပြုံးက ထိုအသံလေးအဆုံးတွင်အသက်ဝင်သွားသည်။ ပြီးမှ ငုံ့ထားသော ခေါင်းကို ခပ်ဖြည်းဖြည်းမော့၍ အသံပိုင်ရှင်ကို ကြည့်လိုက်သည်။
"ခုနှစ်ဆယ့်ခြောက်နာရီ၊ သုံးဆယ့်ငါးမိနစ်နဲ့ လေးဆယ့်ခြောက်စက္ကန့်"
"ဘာတွေရွတ်နေတာလဲ"
မျက်စိရှေ့က အနှီလူသားကတော့ နားမလည်သလို သူ့ကို တစ်ချက်ကြည့်ပြီး ရှေ့က ခုံတွင် ဝင်ထိုင်သည်။
ဘာတွေမှ ရွတ်နေတာ မဟုတ်ဘူး။
ခင်ဗျားနဲ့ မတွေ့ရတဲ့ အချိန်အရေအတွက်ကို အတိအကျ ရွတ်ပြတာ။
နှုတ်မှ ထွက်မလာသော အဖြေကို ပခုံးတွန့်ပြခြင်းဖြင့် အစားထိုး အဖြေပေးလိုက်သည်။
"မှာထားတာ ရပါပြီ"
ဝိတ်တာတစ်ဦးက သူမှာထားသည့် spicy ခေါက်ဆွဲ သုံးပွဲကို ရှေ့မှာ စီစီရီရီ လာချပေးသည်။
"ဒီတစ်ခါ ဘယ်နှစ်မိနစ်ကြာလဲ မပြောတော့ဘူးလားဗျ"
"ဒီတစ်ခါ ရေမထားလိုက်မိဘူး"
ဆိုင်တစ်ခုခု ထိုင်တိုင်း မှာထားသည့် စားစရာမရောက်မချင်း နာရီကိုကြည့်ကာ အချိန်ထိုင်ရေတွက်နေတက်တာ သူ့ရဲ့အကျင့်။ အမြဲကြုံနေကျ ဝိတ်တာလေးက ဒီတစ်ခါ အချိန်အရေအတွက်ကို သူ မပြောသဖြင့် ထူးဆန်းသလို မေးလာခြင်း ဖြစ်မည်။
"အံ့မဟော်... မင်းပြောတော့ အစပ်မစားဘူးဆို၊ ဘယ်လိုဖြစ်လို့ spicy တွေ သုံးပွဲတောင် မှာထားရတာလဲ"
"အဲ့လိုမပြောပါဘူး၊ လိုအပ်ရင် စားနိုင်အောင် အကျင့်လုပ်မထားလို့ပဲ ပြောဖူးတာ ထင်တယ်ရော်"
ကြည့်နေပြန်ပါပြီ ထူးဆန်းသလို...
ထိုမျက်လုံးတွေဆီမှ မိမိအကြည့်ကို ပြန်လည်ဖယ်ခွာ၍ ခေါက်ဆွဲတစ်ပွဲကို ဆွဲယူပြီး စားလိုက်သည်။
ပူလောင်စပ်ဖျင်းနေသော အရသာကို လျှာပေါ်တင်လိုက်သည့်အခါ မျက်နှာအမူအယာက ဟန်မဆောင်နိုင်စွာ တစ်ချက်ပျက်ယွင်းသွားသည်။ မဆိုင်တာ သိပေမဲ့ အသက်ကို အောင့်ကာ အမြန်ကုန်စေရန် ရည်ရွယ်၍ သုံးလေးလုပ် အမြန်ပါးစပ်ထဲ ထည့်ပြီး မြိုချလိုက်သည်။ ဆိုးဝါးလှသည့် ထိုအရသာကြီးကို မိမိလျှာပေါ်တွင် အချိန်ကြာကြာ မထားနိုင်ပါ။
"ရော့... ရေ၊ မစားနိုင်ဘဲ ဘာလို့ ဇွတ်စားနေရတာလဲ"
ကိုလင်း ချပေးလာသည့် ရေကို မသောက်လိုသဖြင့် သူ လက်ကာပြလိုက်သည်။
"မျက်နှာက ချက်ချင်းရဲတက်လာပြီ၊ သောက်လိုက်"
"စပ်ချင်လို့ စားနေပါတယ် ဆိုကာမှဗျာ၊ ရေသောက်လိုက်ရင် ကျွန်တော်ကြိုးစားထားသမျှ အလကား ဖြစ်သွားမှာပေါ့"
"မင်းကလေ... အတော်ထူးဆန်းတဲ့ကောင်၊ ဘာလို့ မင်းမလုပ်နိုင်တဲ့အရာကို အပင်ပန်းခံပြီး အတင်းလုပ်ယူနေရတာလဲ"
"လိုချင်လို့လေ... သူ့ရဲ့အရသာကို ကျွန်တော်လိုချင်လို့၊ စပ်တာကို သိတယ်၊ ပင်ပန်းတာလည်း သိတယ်၊ ဒါပေမဲ့ ကျွန်တော်က လိုအပ်နေတာမို့လို့"
"ဘာလို့ လိုအပ်တာလဲ၊ မကောင်းတာမှန်း သိရက်နဲ့လေ"
"မကောင်းဘူးလို့ ဘယ်သူပြောလဲ၊ သူ့အရသာကိုသာ ကျွန်တော်မကြိုက်ရင် မကြိုက်မယ်၊ ခန္ဓာကိုယ်ထဲ သူရောက်သွားတဲ့အခါ လည်ချောင်းတစ်လျှောက်လုံး ပူတက်လာတာကို ကြိုက်တယ်၊ အစာအိမ်ထဲက အောင့်လာတာကိုလည်း သဘောကျတယ်၊ အဲဒီ့အကြောင်းပြချက်တွေက ကျွန်တော် လက်ရှိဖြစ်နေတဲ့ စိတ်ခံစားမှုတွေကို ခဏတာဖြစ်ဖြစ် မေ့သွားနိုင်စေတယ်၊ ပြောရရင် လူတွေ စိတ်ညစ်တဲ့အခါ အရက်သောက်ကြသလိုမျိုးပေါ့"
"ဒါဆို အရက်ပဲ သောက်လိုက်ပါ့လား၊ ကောင်းကျိုးမပေးတာချင်း အတူတူ အနည်းဆုံးတော့ မင်းဒီလို ဒုက္ခခံမနေရတော့ဘူးပေါ့"
"သေချာမကျက်သေးတဲ့ ဒဏ်ရာတစ်ခုပေါ်ကို ဆားနဲ့ ထပ်မပက်ချင်လို့၊ အသည်းကွဲတာက အတော်နာတာဗျ၊ အဲ့တာကြောင့် အစာအိမ်ကိုပဲ ပြောင်းပြီး အနာခံလိုက်တာ"
"အသည်းကွဲတယ်... မင်းကလေ"
"ချစ်ရတဲ့ လူတစ်ယောက်ကို အပြီးတိုင် ဆုံးရှုံးလိုက်ရတဲ့ အချိန်မှာ မချိမဆန့်ခံစားရတဲ့ ဝေဒနာကို ကျွန်တော်ကတော့ အသည်းကွဲတယ်လို့ ခေါင်းစဉ်တပ်ပစ်လိုက်တာပဲ"
နှုတ်ခမ်းတွေက ပြုံးနေသည်။
နှာခေါင်းလေးက နီရဲနေသည်။
နဖူးစပ်မှာ ချွေးစက်လေးတွေ စို့လို့နေသည်။
မျက်လုံးများက ရီဝေနေသည်။
တစ်နည်းအားဖြင့် နာကျင်နေသည်။
"ဒီနေ့ ကျွန်တော် အသည်းကွဲတဲ့ နှစ်ပတ်လည်နေ့ဆိုပါတော့၊ ဒယ်ဒီက ကျွန်တော့်ကို ဒီလိုနေ့မှာ ထားရစ်ခဲ့တယ်လေ... အပြီး"
ခပ်တိုးတိုး အဆုံးသတ်သွားတဲ့ အံ့မဟော်စကားအဆုံးတွင် သူ့မှာ ပြန်ပြောဖို့ရာ စကားစ ရှာမရဖြစ်နေသည်။
ဘယ်လိုစကားမျိုးနဲ့ နှစ်သိမ့်ပေးရမလဲ ကောင်လေး...
ငါ့နှုတ်က ဘယ်လိုစကားမျိုး ထွက်လိုက်ရင် မင်းရဲ့ နာကျင်မှုတွေကို သက်သာစေနိုင်မလဲ။
အမြဲလိုလို ကော့ညွှတ်နေတတ်တဲ့ နှုတ်ခမ်းတွေက မင်းရဲ့နာကျင်မှုတွေကို ကာကွယ်ထားတဲ့ ဒိုင်းတစ်ခုဆိုရင် ဟက်ခနဲ ထထရယ်တက်တဲ့ ရယ်သံတွေက ဝမ်းနည်းခြင်းကို တိုက်ထုတ်ပစ်နေကျ ဓားတစ်လက်လား။
"မြင်ဖူးပါတယ်ဆိုပြီး ကြည့်နေတာ ဘယ်သူများလဲလို့"
လင်းသန့်မောင် အံ့မဟော်ကို စိတ်မကောင်းစွာဖြင့် ဆိတ်ဆိတ်ကြည့်နေတုန်း ဘေးသို့ လူတစ်စုရောက်လာသည်။ ရုပ်ရည်ခပ်ကြမ်းကြမ်းတွေနှင့် တချို့က အကြမ်းပေါ် အကြမ်းဆင့်ပြီး တက်တူးများ ထိုးထားကြသည်။ ဤလူမိုက်ငါးယောက်ကို ကြည့်ရသည်မှာ သူတို့ဆီသို့ ကောင်းသောလာခြင်းဖြင့် လာရောက်နှုတ်ဆက်တာ မဖြစ်နိုင်။
"မင်းက အံ့မဟော်မလား၊ ဟိုတစ်ခါ ငါ့ဆီက ပစ္စည်းကို ဖြတ်ခုတ်သွားတဲ့ မလောက်လေးမလောက်စားလေး"
ထင်ပါတယ်... ဒီကောင် ရှုပ်ထားတဲ့ အရှုပ်တွေကိုး။
မျက်စိရှေ့က ဒုတိယမြောက် ခေါက်ဆွဲပန်းကန်ကို စားနေသော ကောင်လေးတွင် ဘေးမှာ ရပ်နေသည့် လူတွေကို ဂရုစိုက်သည့်ဟန် လုံးဝမရှိ။ သူနှင့်မဆိုင်သလို မကြားချင်ယောင်ဆောင်ကာ ခေါက်ဆွဲကိုသာ အတင်းနင်းကန်စားနေသည်။
"ဟေ့ကောင်... ဘာလဲ လုပ်တုန်းက လုပ်ထားပြီး အခုမှ ကြောက်နေတာလား၊ ဒီဘက်ကို မျက်နှာလေး လှည့်ပြပါဦး၊ တစ်ချက်လောက် ဆုံးမချင်လို့"
ကျစ်...
အံ့မဟော်၏ စုတ်သတ်သံနှင့်အတူ စားပွဲပေါ်သို့ တူကို ခပ်ပြင်းပြင်း ချလိုက်သည့်အသံက ပြိုင်တူထွက်ပေါ်လာသည်။
"အာရုံတွေပဲကွာ၊ ခေါက်ဆွဲစားရတာထက်စာရင် ဒီလူတွေရဲ့ ခေါင်းကို ခေါက်ရတာ ပိုလွယ်မယ်ထင်တယ်"
အံ့မဟော်စကားကြောင့် လင်းသန့်မောင် ပါးစပ်ထဲတွင် ဘာမှမရှိပေမဲ့ သီးချင်သလို ဖြစ်သွားသည်။
ဘာပြောလိုက်တယ်
ဒီလူတွေရဲ့ ခေါင်းကို ခေါက်ရတာ ပိုလွယ်မယ်ထင်တယ် ဟုတ်လား။
မင်းဘကြီးကို သွားလွယ်လိုက်...
မင်းမှာ မျက်လုံးမပါဘူးလား။
မင်းအဘတွေက ငါးယောက်ကွ ငါးယောက်။
မင်းမှာ အသက်အပိုပါလို့ အာကျယ်ရဲရင်လည်း တစ်ယောက်တည်း ရှိတဲ့အချိန်မှာ ကျယ်လေကွာ။
"ဇနဲ့ပါ့လား၊ ကြိုက်ပြီကွာ အဲ့တာမျိုးကို"
"အပြောမကြီးနဲ့၊ သတ္တိရှိရင် နောက်က လိုက်လာခဲ့"
ထပ်ပြီးတော့...
ထပ်ပြီးတော့ စိန်ခေါ်လိုက်ပြန်ပြီ။
အံ့မဟော်...
အစပ်လွန်ပြီး မင်း သွက်သွက်ခါအောင် ရူးသွားပြီးလား ဟမ်။
ထိုင်ခုံကို စောင့်တွန်းပြီး ရှေ့မှ ထွက်သွားသော အံ့မဟော်နောက်ကို ကားသော့ကို ယူ၍ သူအမြန်ပြေးလိုက်မိသည်။
ထို့နောက်...
အံ့မဟော်ရဲ့ လက်ကို ဆွဲ၍...
နောက်မှ လူတစ်စု၏ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံတွေကို လစ်လျူရှုလျက်....
ဤအရပ်နှင့် အဝေးဆုံးနေရာဆီသို့...
°°°°°°°
ကားလမ်းဘေးက မြက်ခင်းပြင်ပေါ်တွင် ဘေးချင်းယှဉ်၍ ပက်လက်လှဲနေသော ကောင်လေးနှစ်ယောက်။ မိုးရေစက်တွေသည် သူတို့ကိုယ်ပေါ်သို့ ခပ်ဖွဲဖွဲကျလျက်ရှိသည်။
နှစ်ယောက်စလုံး၏ ရင်ဘတ်တွေသည် နိမ့်လိုက်မြင့်လိုက်နှင့် မောပန်းတကြီး အသက်ကို ရှူနေကြရသည်။
အသားဖြူဖြူ ကောင်လေးက မျက်လုံးများကို မှိတ်ထားရင်း ရုတ်တရက် ထရယ်လေသည်။
"ခင်ဗျားဗျာ... ဟားဟားဟား"
"ဘာရယ်တာလဲ၊ ငါကယ်လို့ မင်းမသေတာမှတ်"
ပြန်ခံပက်လိုက်သော ကောင်လေးထံတွင်လည်း အပြုံးတစ်ခု ဆင်တူစွာ ရှိနေသည်။
ရယ်သံမှ လွဲ၍ သူတို့နှစ်ဦးကြားတွင် စကားသံတို့ ကင်းမဲ့နေသည်။ ရယ်သံတို့ ပျောက်ကွယ်သွားသောအခါ ဆိတ်ငြိမ်ခြင်းက အစားထိုး ဝင်ရောက်လာသည်။
အတန်ကြာသောအခါ ထိုဆိတ်ငြိမ်ခြင်းကို အံ့မဟော် ဖြိုခွဲလိုက်သည်။
"တကယ်တော့ ကျွန်တော် ဖျားနေခဲ့တာ၊ အဲ့တာကြောင့် ကိုကောင်းမြတ်ကို သွေးမလှူတာ၊ မလှူချင်လို့ မဟုတ်ဘူး"
"အဲ့တာကို ဘာလို့ အခုမှ ပြောရတာလဲ"
"ဒီတိုင်းပဲ... ခင်ဗျားကျွန်တော့်ကို စိတ်ဆိုးနေတာကို ကျွန်တော် သဘောမကျလို့"
"စောစောတည်းက ပြောခဲ့ရင် ငါမင်းကို စိတ်ဆိုးစရာကိစ္စ ရှိလာမှာတောင် မဟုတ်ဘူး"
"ကြိုးစားခဲ့သေးတယ် မအောင်မြင်ခဲ့တာ၊ အခုအချိန်မီသေးတယ်မလား"
"မင်းအပြစ်မှ မရှိတာကွာ၊ အထင်လွဲမိတဲ့အတွက် ငါကတောင် ပြန်တောင်းပန်ရဦးမယ်"
"ဒါဆို တောင်းပန်လေ"
"ဟမ်"
"တောင်းပန်ရမယ်ဆို"
"ဪ အေး တောင်းပန်တယ်၊ အမိုက်အမဲလေးမို့ ခွင့်လွှတ်ပေးပါနော်"
"စာပြန်လာသင်လေ၊ ဒါဆိုခွင့်လွှတ်မယ်၊ စာမေးပွဲမအောင်ရင် ခင်ဗျားကို မာမီအပြစ်တင်မှာစိုးလို့ ပြောတာနော်၊ တလွဲထင်မနေနဲ့ဦး"
"အေးပါကွာ"
ကိုလင်းစကားအဆုံးတွင် အံ့မဟော် နောက်တစ်ကြိမ်ထပ်ရယ်လိုက်မိသည်။
ပထမဆုံးပဲ...
စိတ်ပျက်စရာ မွေးနေ့မှာ အခုလိုမျိုး ရယ်နိုင်တာ။
တကယ်ကို ပထမဦးဆုံးပဲ။
°°°°°°°
We the Kings _ Sad Song (Ft-Elena Coats)
သီချင်းလေးနဲ့ တွဲပြီး ခံစားကြည့်ပေးကြပါနော် <3
---------------------------------------------------