ဖိုင်တွဲတစ်ခုပိုက်ရင်း ရှောင်ကျန့် ရုံးခန်းဆီပြန်လာသည်။
ကျန်တဲ့ ဆရာဆရာမများ ပါ ပြန်ဝင်လာတာကြောင့် ရုံးခန်းက လှုပ်ရှားသံတွေ စကားသံတွေနဲ့ အနည်းငယ် ဆူညံနေတယ်။
ရှောင်ကျန့်က ရုံးခန်းတစ်ဝိုက်ကို ဝေ့၀ိုက်ကြည့်ပေမယ့် ချန်းကို မတွေ့တာကြောင့် နေရာတွင် ၀င်ထိုင်ရင်း အနည်းငယ် ဖရိုဖရဲဖြစ်နေတဲ့ ဖိုင်တွေကို အသေအချာပြန်စီလိုက်တယ်။ အဆင့်လိုက်သတ်မှတ်ထားတဲ့ ကျောင်းသားမှတ်တမ်းဖိုင်ကို ရုံးခန်းထောင့်က ဗီရိုထဲ ထည့်ပြီး ပြန်အလှည့်မှာ ရုံးခန်းဆီပြန်ဝင်လာတဲ့ ချန်းကို တွေ့တယ်။
" ချန်းကော ... ကျွန်တော်က ပြန်သွားပြီထင်လို့ "
" အင်း သန့်စင်ခန်း ခဏသွားနေတာ "
ချန်းရဲ့စကားကို ရှောင်ကျန့်ခေါင်းငြိမ့်လိုက်ပေမယ့် ချန်းပြန်လာတဲ့လမ်းက သန့်စင်ခန်းသွားတဲ့လမ်းမဟုတ်တာကြောင့်
ရှောင်ကျန့်် တွေဝေသွားရင်း ပြုံးပြရင်းသာ အလုပ်ဆင်းဖို့ ပြင်လိုက်တယ်။
" အဲ့ဒါဆို အဲ့ဒီနေ့က ရှင်း အိမ်ကထွက်သွားပေမယ့် ဆေးရုံကို မရောက်ခဲ့ဘူးပေါ့ "
" အင်း "
ကျောင်းအပြင်ဘက်ကို လမ်းလျှောက်ထွက်လာရင်း ရှောင်ကျန့်နဲ့ ချန်း စကားပြောလာကြတယ်။ ရှင်းနေတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ခြေသံနှစ်ခုကို ကြားနေရတယ်။
" လမ်းမှာ ပျောက်သွားတာလား ချန်း ..."
ရှောင်ကျန့် စိတ်ပူမိတာတော့ အမှန်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်းနဲ့သူက သာမန်ရိုးကျ ဆက်ဆံရေးထက် အနည်းငယ် ပိုခဲ့ကြတဲ့ လူတွေပဲ။ ရှင်းကို ရှောင်ကျန့် သံယောဇဉ်ရှိခဲ့ပါတယ်။
ချန်းက သက်ပြင်းချရင်း ဆက်ဖြေလာတယ်။ လေးလံနေတဲ့စိတ်တွေအနည်းငယ်များ လျော့သွားလေမလားဆိုတဲ့အတွေးနဲ့။
" အိမ်ကထွက်သွားတာ ရှင်း ဟုတ်ရဲ့လားဆိုတာ မသေချာတော့ဘူး ရှောင်ကျန့် "
" ဟင် .. "
ခြေလှမ်းတွေရပ်တန့်မိတဲ့အထိ ရှောင်ကျန့် အံ့သြသွားရတာတော့အမှန်။ တကယ်ပဲ နားမလည်နိုင်တဲ့အခြေအနေတွေက သိပ်များလွန်းတယ်။
" ဘာကိုဆိုလိုတာလဲ ... ချန်း "
" ကော ... "
အနောက်ဘက်ဆီက ပေါ်လာတဲ့ ခေါ်သံက ရင်းနှီးနေတဲ့ အသံရှင်ဖြစ်တာကြောင့် ရှောင်ကျန့် လှည့်ကြည့်မိတယ်။
ချန်းလည်းပဲ လှည့်ကြည့်မိတယ်။
" ရိပေါ် ...မပြန်သေးဘဲ ဘာလုပ်နေတာလဲ"
ကျောင်းချိန်ပြီးသွားတာကြာနေပေမယ့် ရိပေါ်က ကျောင်းထဲမှာပဲရှိနေတာကြောင့် ရှောင်ကျန့်မေးလိုက်ခြင်းဖြစ်တယ်။
" စာအုပ်...ကျန်ခဲ့လို့ ပြန်လာယူတာ "
" ကျွန်တော်ပြန်တော့မယ် ကော "
" သေချာပြန်အုန်း "
" အင်း "
ပုံမှန်ခြေလှမ်းတွေနဲ့ ထွက်သွားတဲ့ ရိပေါ်ရဲ့ ခပ်သေးသေးကျောပြင်ကို ချန်း ကြည့်နေရင်း ဘေးဆီက ရှောင်ကျန့်က ခေါ်နေတာမို့ အကြည့်တွေရပ်ရင်း ရှောင်ကျန့်ဆီ အာရုံပြန်ရောက်တယ်။
" ရှောင်ကျန့် ... "
" အင်း "
" ခုနက ကျောင်းသားက မင်းနဲ့အရမ်း ရင်းနှီးလား "
နှစ်ယောက်ကြားအနည်းငယ်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ
ရှောင်ကျန့်က ပြုံးပြရင်း အင်း လို့သာဖြေတယ်။ တကယ်လည်း သူက ရိပေါ်နဲ့ ရင်းနှီးတာပဲ။
.....
စာရွက်စာတမ်းတွေကြား ချန်း ခေါင်းမဖော်နိုင်ဖြစ်နေတယ်။ ပျောက်နေတာ ရက်အတော်ကြာလာတာကြောင့် စိတ်ပူတာတွေရော စိတ်ညစ်တာတွေရောနဲ့ စိတ်ရှုပ်နေရတယ်။
မောနီတာစခရင်ပေါ်က စီစီတီဗွီမှတ်တမ်းကို ထပ်ခါတလဲလဲကြည့်နေမိတယ်။ အနီရောင်စကတ်ရှည်နဲ့ ရှင်းက ပုံမှန်မဟုတ်ဘူးလို့ ချန်းထင်နေတယ်။ ထိုင်နေတဲ့ ထိုင်ခုံကို ကျောမှီချလိုက်ရင်း မျက်လုံးတွေမှိတ်လိုက်ရင်း ခဏအကြာမှ ပြန်ဖွင့်ရင်း သက်ပြင်းချမိတယ်။
ဘေးနားက ပရင့်ထုတ်ထားတဲ့ စီစီတီဗွီမှတ်တမ်းက ဓာတ်ပုံကို ချန်း ယူကြည့်မိလိုက်တယ်။ ရှင်းရဲ့ နောက်ကို လိုက်နေတဲ့ လူတစ်ယောက်ရှိကြောင်း ချန်းသိပြီးနောက် ထုတ်ယူထားတဲ့ အဲ့ဒီဓာတ်ပုံထဲက လူရဲ့ မျက်နှာကို ဝေေ၀၀ါးဝါးမြင်ရတယ်။
" တကယ်ပဲ မင်းလား ... "
ချန်းက မျက်ခုံးတွေကျုံ့ရင်း စဉ်းစားတယ်။တွေးတောစရာတွေက သိပ်များတယ်။ ချန်းက ဖိုင်တစ်ခုထဲက ကိုယ်ရေးရာဝင်စာရွက်တစ်ခုကို ထုတ်လိုက်တော့ ခပ်တည်တည်မျက်နှာနဲ့ ကောင်လေးက ဓာတ်ပုံလေးထဲမှာ ရှိနေတယ်။
" တကယ်ပဲ မင်းဆို..အကြောင်းပြချက်က ဘာလဲ "
....
" ငါ့ဟာ .. "
အတန်းရှေ့မှာ မျက်မှန်ကိုင်းကို ပင့်တင်ရင်း ပြဌာန်းစာအုပ်ကို အာရုံစိုက် ငုံ့ဖတ်နေတဲ့ ရှောင်ကျန့်ကို ကြည့်ရင်း နောက်ဆုံးခုံက ရိပေါ်က ပြောတယ်။
တကယ်ပဲ အဲ့ဒီလူကို ရိပေါ်က သူ့အပိုင်အဖြစ် သတ်မှတ်ထားတယ်။
စာမေးပွဲနီးနေတာကြောင့် စာတွေရပြီလားဆိုတဲ့ ဆရာရှောင်းရဲ့မေးခွန်းကို တစ်တန်းလုံးက ဟုတ်ကဲ့ လို့ ညီညီညာညာဖြေတယ်။ သိပ်တော့မဆန်းဘူး။ ဒါက စာတော်တဲ့ ထိပ်ဆုံးအတန်းရဲ့ ထုံးစံပဲ။
စားပွဲပေါ်တင်ထားတဲ့ ရိပေါ်လက်ချောင်းလေးတွေက တုန်ရင်နေတယ်။ဘေးဘက်က ခန်းစီးလိုက်ကာစက လေဝေ့ဝေ့လေးမှာ လွင့်နေတယ်။ ရိပေါ်က ပြတင်းပေါက်ကနေ မြင်နေရတဲ့ ကျောင်းဝန်းအလယ်နေရာက မြက်ခင်းစိမ်းတွေကို အမှတ်မထင်ကြည့်မိတယ်။
နှာဖျားဆီဝင်လာတဲ့ လေထုက အတော်အတန်ကြာမျှ ပြန်ထွက်မသွား။ ရိပေါ်လက်တွေက ပိုတုန်လာတယ်။ နားနှစ်ဖက်ဆီကနေ စူးစူးဝါးဝါး အသံတွေ ကြားရတယ်။ မျက်လုံးနှစ်ဖက်စုံမှိတ်ချပြီး ခေါင်းကို ခါရမ်းလိုက်တယ်။
မြန်ဆန်နေတဲ့ အသက်ရှူသံတွေနဲ့ မျက်လုံးတွေကို ပြန်ဖွင့်ရင်း ကြည့်မိခဲ့တဲ့နေရာကို ပြန်ကြည့်မိတော့ ရိပေါ် သက်ပြင်း ပြင်းပြင်းချတယ်။
ဘာလို့ ခန္ဓာကိုယ်အနှံ့  နီရဲရဲသွေးတွေပေနေတဲ့ ရှင်း က ရိပေါ်ရဲ့ မြင်ကွင်းထဲ ပျောက်မသွားရတာလဲ....။
ရိပေါ်ရဲ့ လက်တွေက ပိုပြီး တုန်ရင်လာကြတယ်။
အတန်းချိန်ပြီးသွားတဲ့နောက် အတန်းတံခါး ဆွဲဖွင့်ပြီး ထွက်သွားတဲ့ ရှောင်ကျန့်ကို ကြည့်မိရင်း အတန်းအပြင်ဘက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကိုတွေ့တယ်။
ချန်း...အဲ့ဒီလူက ဘာလို့ ရှောင်ကျန့်နား ခဏခဏရှိနေတတ်တာလဲ။ သေချာတာကတော့ ရိပေါ် အဲ့ဒီလူကို သဘောမကျဘူး။
....
ကိုင်ထားတဲ့စာရွက်တချို့ကို ချန်းက စားပွဲပေါ်ချလိုက်တော့ စားပွဲတစ်ဖက်စွန်းက အပြာရောင်ရဲယူနီဖောင်းနဲ့လူက မော့ကြည့်လာတယ်။
" ကျွန်တော် ဒီကောင်လေးအကြောင်းသိချင်လို့ "
ရာထူးအနည်းငယ်ကြီးတဲ့ တစ်ဖက်လူ အရာရှိက ချန်းရဲ့ မျက်ဝန်းတွေထဲက အေးခဲမှုကိုတွေ့တယ်။ ဖိုင်တွဲထဲက အချက်အလတ်ကို ဆွဲယူဖွင့်ကြည့်ရင်း မျက်မှောင်ကျုံ့ရင်း တိုးညှင်းစွာ ရေရွတ်တယ်။
" ၀မ်..ရိ..ပေါ် "
အချက်အလတ်နဲ့ ကိုယ်ရေးရာဝင်ကြောင့်မဟုတ်ဘဲ ကောင်လေးရဲ့ မျက်နှာကို သေချာစွာမှတ်မိနေခဲ့တာက မနှစ်က ဖြစ်ပျက်ခဲ့တဲ့ အမှုကိစ္စကြောင့်ဖြစ်တယ်။
ဲ
မနေ့တနေ့ကအတိုင်းပင်။ လွန်ခဲ့တဲ့နှစ်က ဖုန်းထဲကတစ်ဆင့် ကြားခဲ့ရတဲ့ လေသံအေးအေးနဲ့ စကားတစ်ခွန်းကို
သူ ပြန်ကြားယောင်မိတယ်။
" ကျွန်တော့ မားမားက သူ့ယောက်ျားကို သတ်လိုက်လို့ ... "
.............................
တန်ခိုးရှင်တွေမလိုအပ်ခဲ့ဘူး
သူက သူ့ရဲ့ အိပ်မက်ဆိုးတွေကို
ကိုယ်တိုင် ချုပ်ငြိမ်းစေရင်း
စေတန် ဖြစ်လာခဲ့တယ် ...။
.............................