"ငါးပေါင်မုန့်စားမလား..?"
ဟင့်အင်း..ဒါကြီးက အဆင်မပြေသေးပါဘူး
"မောနေပြီလား..?"
အာ..ချွေးတွေပါရွှဲနေတဲ့လူကို ဒီလိုကြီးမေးလို့ အဆင်မပြေဘူးထင်တယ်
"ကျန်းရီရှင်း နေကောင်းလား..?"
ဒါကျ အရမ်းကြီး တိုက်ရိုက်ဆန်လွန်းသွားပြီ
"ရေသောက်မလား..ကျွန်တော်သွားဝယ်ပေးရမလား..?"
အခုဘယ်ရောက်နေမှန်းတောင်မသိတာ..တကယ်သွားဝယ်ပေးနေရဦးမယ်...နောက်တစ်ခု စဉ်းစား ဂင်ဂျွန်မြောင်ရေ...။
"အင်ဂျွန်းဆီက ကယ်ပေးတာ ကျေးဇူးတင်ပါတယ်။ အစ်ကိုသာမရှိရင် ကျွန်တော် တကယ် ဘာလုပ်ရမလဲ သိမှာမဟုတ်ဘူး"
ရယ်ဟွန်းဆီက စကားသံ ထွက်မလာခင်အထိ ဂျွန်မြောင် အတွေးထဲ တကယ် နစ်မွန်းနေခဲ့တာ။
"မလိုပါဘူး..မင်းက ရီရှင်းရဲ့ညီ မဟုတ်လား။ အချင်းချင်းတွေပဲ အစ်ကိုက ကယ်ပေးရမှာပေါ့"
"ရီရှင်းဆိုတာ ကျန်းရီရှင်းကိုပြောတာလား..?
"အင်းလေ..မင်းရဲ့ အစ်ကိုမလား..?
ဒါမှမဟုတ် ညီ..? မင်းတို့က ဘယ်လို တော် တာလဲ။ အစ်ကိုကတော့ ရီရှင်းမှာ ညီရှိတယ်မကြားမိပါဘူး။"
ဂျွန်မြောင့်လိုပင် ရယ်ဟွန်းကလည်း စိတ်ရှုပ်သွားပုံပင်။ အတန်ကြာစဥ်းစားပြီးမှ စကားသံသေးသေးလေးထွက်လာသည်။
"ကျွန်တော်လည်း ကျန်းရီရှင်းမှာ ညီရှိတယ်မကြားဖူးဘူး"
"ဒါဆို မင်းက ဘယ်သူလဲ? ဘာလို့ ရီရှင်းနဲ့ ဒီလောက်ဆင်နေတာလဲ "
"ကျွန်တော်က ရီရှင်းပဲလေ"
ရယ်ဟွန်းရဲ့ စကားအဆုံးမှာ ဂျွန်မြောင့် မျက်လုံးများ ပြူးကျယ်သွားသယောင်။
"အာ..ရယ်ဟွန်းက ကျွန်တော့် ကိုရီးယားနာမည်။အလယ်တန်းတက်တော့ တရုတ်နာမည်လက်မခံဘူးဆိုတာနဲ့ ဂျန်ရယ်ဟွန်းလို့ ပြောင်းလိုက်ရတာ။အစ်ကိုက ကျွန်တော့်ကို ဘယ်လိုသိတာလဲ..? မဟုတ်မှလွဲရော ဆူဟိုက လွှတ်လိုက်တာလား..? "
ဒီအရွယ်ထိ ဆူဟို(စောင့်ရှောက်သူ)ကို ယုံနေသေးသော ရီရှင်းလေးကိုကြည့်ပြီး ဂျွန်မြောင် အသည်းယားလာသည်။ ဂျွန်မြောင်ပင် မူလတန်းနောက်ဆုံးနှစ်အထိသာ ခရစ်စမတ်ဘိုးဘိုးကြီးကို ယုံခဲ့သည်လေ။
အထက်တန်းပထမနှစ်အထိ ဆူဟိုကို ယုံနေရအောင် ရီရှင်းလေးက ဘယ်လိုတောင် အချစ်ခံနေရတာမို့လဲ။ တကယ့်ကို ပိုချစ်ပေးမှ ဖြစ်တော့မယ်ထင်တယ်..။
စပါကလင်အမြှုပ်များကဲ့သို့ တလက်လက်တောက်ပနေသော ရီရှင်းမျက်လုံးများကြောင့် "အစ်ကိုက မင်းရဲ့ အနာဂတ်ရည်းစားလောင်းလေ" ဟု ပြောချင်စိတ်များကို မြိုသိပ်လိုက်ရသည်။
"ဒါပေါ့...ဟုတ်တယ် ဟုတ်တယ်..အစ်ကို့ကို ဆူဟိုက လွှတ်လိုက်တာလေ...ရီရှင်းလေးက တော်လိုက်တာ..ချက်ချင်းကို တန်းသိတာပဲ"
"အစ်ကိုကချောတာကိုး"
ရီရှင်းက မြေကြီးထဲစိုက်ဝင်မတက် ခေါင်းငုံ့ချရင်း ပြန်ဖြေသည်။ သေချာကြည့်ပါက နားရွက်ဖျားလေးတွေပင် နီနေလောက်သည်။
"အစ်ကိုက ချောတယ်မလား... ငါတို့ ရီရှင်းလေးကတော့ တကယ့်ကို မြင်တတ်တာပဲ..အစ်ကိုက ရီရှင်းအတွက် ငါးပေါင်မုန့်ဝယ်လာတာမို့ စားမယ်ဟုတ်..?"
ရီရှင်းက ခေါင်းငြိမ့်ရင်း ငါးပေါင်မုန့်ထုတ်ကို လှမ်းယူသည်။ ပြီးတော့ ဂျွန်မြောင့်ကို တစ်ခုလှမ်းပေးသည်။
ငါးပေါင်မုန့်ကိုင်ထားတဲ့ လက်ချောင်း ဖြူဖြူလေးတွေ..လှုပ်စိလှုပ်စိပါးဖောင်းဖောင်းလေး..၊ နစ်ဝင်သွားတဲ့ ပါးချိုင့်သေးသေးလေးတွေကို ကြည့်ရင်း ဂျွန်မြောင့်မှာ ဆွဲညှစ်ချင်စိတ်ကိုထိန်းမရ။
ရီရှင်းကို ကြည့်နေရင်းပင် ဖုန်းမြည်သံကြားလိုက်ရသည်။ကြည့်လိုက်တော့ ဂျွန်မြောင့်ကိုကိုပင်။
ညစာစားချိန်အမှီအိမ်ပြန်လာရန်နှင့် လာကြိုဖို့လိုမလိုမေးခြင်းဖြစ်မို့ အဲ့တော့မှပင် နေဝင်တော့မည်ဖြစ်ကြောင်း ဂျွန်မြောင်သတိထားမိသည်။
"ကဲ...အစ်ကိုတော့ ပြန်ရတော့မယ်။ ရီရှင်းက ဘယ်မှာနေတာလဲ။ အစ်ကို ပြန်လိုက်ပို့ပေးရမလား..?"
"ဟင့်အင်း..ကျွန်တော့်အိမ်က ဒီနေရာနဲ့ဆို အများကြီးဝေးသွားပြီ။ အဲ့အစား ကျွန်တော်ပြန်လိုက်ပို့ပေးမယ်လေ။ အစ်ကိုက ဘာနဲ့ပြန်မှာလဲ..?"
"ရထားနဲ့ ပြန်တာ ပိုကောင်းမယ်ထင်တာပဲ။ ဒီနားမှာ ဘူတာရုံရှိတယ်မလား..အဲ့ပဲသွားကြတာပေါ့"
ရီရှင်းက ခေါင်းငြိမ့်ရင်း ဂျွန်မြောင့်ကို လက်ကမ်းပေးသည်။ ဂျွန်မြောင်ဆွဲထူလိုက်တော့ အသာလေး ပါလာသည်။
ဒီကောင်လေးက တကယ့်ကို သေးသေးလေးပဲ..နောက်ဆို များများကျွေးရမယ်။
"ရီရှင်းက ဘယ်နားမှာနေတာလဲ။ အစ်ကိုလာလည်မယ်ဆို ရတယ်ဟုတ်?"
"ဆောဂူဘက်မှာ အစ်ကို။ ပုံမှန်ကတော့ ကျွန်တော်ပဲရှိတာရယ်..ဘွားဘွားဆုံးသွားထဲကလေ။ အစ်ကိုကရော ဒီက ပြန်ရင် ဘွားဘွားနဲ့ တွေ့ဖြစ်မှာလားဟင်..တွေ့ဖြစ်ရင် ရှောင်ရှင်းလေးက အများကြီး သတိရနေတယ်လို့ ပြောပေးပါနော်"
"အင်း..အစ်ကိုက ပြောပေးမှာမို့ ရီရှင်းလေးက လိမ်လိမ်မာမာနေရမယ်နော်..ဒါနဲ့ ခုနက အစ်ကိုကယ်မယ်ဆိုတာကို ဘာလို့ ငြင်းလိုက်တာလဲ..အစ်ကိုက အင်ဂျွန်းကိုမနိုင်ဘူးထင်လို့လား..?
သူ့လောက်ကတော့ အေးဆေးပါကွ"
ပြောနေရင်း လေထဲကို နှစ်ချက်သုံးချက်လောက် ခုန်ထိုးပြလိုက်တော့ ရီရှင်းကရယ်သည်။
မျက်လုံးလေးတွေ ပိတ်ကျသွားတဲ့အထိ ရယ်နေသော ရီရှင်းကြောင့် ဆူညံရှုပ်ထွေးနေသော ဘူတာရုံပင် တိတ်ဆိတ်သွားသယောင်..။
အတန်ကြာ ရယ်နေပြီးမှ ရီရှင်းက ပြန်ဖြေသည်။
"ကျွန်တော့်ကို ကူညီရင် အစ်ကိုပါ ဒုက္ခရောက်မှာစိုးလို့...သူတို့က နည်းနည်းအော်ရုံပါပဲ..ဘာမှ အများကြီးမလုပ်ပါဘူး"
ရီရှင်းက ဘာမှမဖြစ်သလို ပြန်ဖြေသော်လည်း အနိုင်ကျင့်ခံနေရသည်မှာ သေချာသလောက်ပင်။ မွေးစကနေ သေသည်အထိ ကျောင်းတွင်းအနိုင်ကျင့်ခံရမှုနှင့် မကြုံဖူးသော ဂျွန်မြောင့်မှာ ရီရှင်းကို ကောင်းကောင်းနှစ်သိမ့်နိုင်မည့် စကားပင်ရှာမရ။
ဒါကိုပင် ရီရှင်းက တစ်မျိုးထင်သွားပုံရသည်။ အဆင်ပြေသည်မို့ ဘွားဘွားကို ပြန်မပြောရန် ပြောလာသည်လေ..။
"အင်းပါ..အစ်ကိုက ဘွားဘွားကို ရီရှင်းလေးက လိမ္မာတယ်..တော်တယ်...စကားနားထောင်တယ်ဆိုတာတွေပဲ ပြန်ပြောမှာမို့လို့ နောက်တစ်ခေါက် သူတို့အဲ့လိုလုပ်ရင် အစ်ကို့ကိုခေါ်နော်..အစ်ကိုက ultramanလိုမျိုး ချက်ချင်းလာခဲ့မှာ..အစ်ကို့ကိုဖုန်းခဏပေး..အစ်ကို့ဖုန်းနံပါတ်ပေးမယ်"
ရီရှင်းက ဖုန်းထုတ်ပေးရင်း "အစ်ကိုက ကျွန်တော့်ကို ကလေးလိုမြင်နေတာပဲ"လို့ မကြားတကြားပြောသည်မို့ ဂျွန်မြောင့်မှာ ရယ်နေရသေးသည်။ ၃၂နှစ် ရီရှင်းကိုပါ ကလေးလေးလိုမြင်နေသေးမှန်းသိရင် ဒီကောင်လေး ဘယ်လိုနေမယ်မသိ။
ရောက်တတ်ရာရာပြောနေတုန်းပင် ရထားလာပြီမို့ ဂျွန်မြောင့်မှာ မပြန်ချင်ပြန်ချင်နှင့် ပြန်ခဲ့ရသည်။ မြင်ကွင်းမှ ပျောက်သည်အထိ လက်ပြနှုတ်ဆက်နေသော ရီရှင်းသည် လာဘ်ခေါ်ကြောင်ရုပ်လေးနှင့်ပင် တူလှသေးသည်။
"ကောင်းကောင်းပြန်ပါ ရီရှင်းလေး"လို့ ဂျွန်မြောင်စာပို့တော့ "ဟုတ်...အစ်ကိုရောပဲ"ဟု ရီရှင်းက ပြန်ပို့သည်။
သေချာတယ်...ဒီညတော့ အိပ်မက်တွေ လှနေတော့မှာ...။