"ဪ... ဘာလိုလိုနဲ့ ငါတို့တောင် M5 ပြီးလို့ မကြာခင်မှာ အလုပ်သင်ဆရာဝန်တွေ ဖြစ်ကြတော့မယ်"
ဆေးရုံတွင် လက်တွေ့အတန်းပြီး၍ လူနာတွေ နားနေရာ ပန်းခြံတွင် လင်းသန့်တို့ သူငယ်ချင်းတစ်စု ထိုင်နေကြတုန်း ပိတောက်ဖူးက အဝေးတစ်နေရာကို ကြည့်ပြီး ခပ်ဆွေးဆွေး ပြောသည်။
"မကောင်းဘူးလား ဖူးဖူးရယ်၊ ငါတော့ ကျောင်းမြန်မြန်ပြီးလို့ အလုပ်ခွင်ဝင်ချင်နေပြီ"
ပန်းခြံထဲက ခုံပုလေးပေါ်တွင် အကျအနထိုင်ကာ ပို့စ်မျိုးစုံပေး၍ ဓာတ်ပုံရိုက်နေသော မေရူပါက ဖုန်းကို ခဏချကာ ပြောသည်။
"အမှန်အတိုင်းပြောရရင် နင်တို့တွေနဲ့ မခွဲချင်သေးဘူးဟာ၊ အရင်က သတိမထားမိပေမဲ့ ငါအူအတက်ပေါက်တုန်းက ညတွင်းချင်း ရန်ကုန်ကနေ မန္တလေးကို ချက်ချင်းရောက်ချလာတဲ့ နင်တို့ကြောင့် ငါ့သူငယ်ချင်းတွေက ငါ့အတွက် ဘုရားပေးတဲ့ ဆုပါ့လားလို့ တွေးမိတယ်"
"ဒါဆိုရင်တော့ အဲ့ဆုထဲမှာ ဟိုကောင်လင်းသန့် မပါတာ သေချာတယ်"
"ငါလိုက်လို့ ဘယ်လိုမှ အဆင်မပြေလို့လေကွာ၊ မင်းတို့ သွားတော့ ဒုက္ခတသီကြီးနဲ့ ကျန်ခဲ့တဲ့ ငါ့ကိုလည်း သနားကြပါဦး"
လင်းသန့်စကားကြောင့် နေမျိုးက ရယ်သည်။
"အေးပါဟယ်၊ ငါသိပါတယ် လင်းသန့်ရဲ့၊ နင့်ကို ငါအပြစ်မပြောပါဘူး"
"ငါတို့ မိုးကုန်ရင် ခရီးတစ်ခုလောက် ထွက်ကြမလား၊ နောက်ဆိုရင် တစ်ခါလောက် ဆိုင်အတူထိုင်ဖို့တောင် အတော်ခက်တော့မှာ"
"အေးဟဲ့... ငါလည်း အဲ့တာပြောချင်နေတာ၊ ကျောင်းပိတ်တုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် မထွက်ဖြစ်လိုက်ရဘူးလေ"
ဟန်သာ့စကားကို ပိတောက်ဖူးက ထောက်ခံသည်။
"မင်းတို့ ခရီးထွက်ချင်ရင် မနက်ဖြန်ထွက်ရမယ်၊ လိုက်မလား"
လင်းသန့် ဝင်ပြောလိုက်သောအခါ သူ့သူငယ်ချင်းတွေ၏ မျက်လုံးများ တောက်ပသွားသည်။
"ဘယ်ကိုလဲ လင်းသန့်၊ ငါတို့ကိုလည်း ကြိုပြောမထားဘဲ မင်းတစ်ယောက်တည်း ဘယ်သွားမလို့လဲ"
ဟန်သာ့မေးခွန်းကို မဖြေသေးဘဲ လင်းသန့်မောင် အရင်ပြုံးလိုက်သည်။
"ဧရာဝတီတိုင်းဘက်ကို သွားမှာ၊ အဲ့ဘက်က တချို့နယ်တွေမှာ မိုးကြီးတာကြောင့် လူနေအိမ်တွေ နစ်မြှုပ်ပြီး လူတွေ ဒုက္ခရောက်နေကြတယ်၊ မနက်ဖြန် ကိုကောင်းမြတ်တို့ လိုအပ်တာတွေ ထောက်ပံ့ဖို့ အဲ့ကို သွားကြမှာ"
"ကိုကောင်းမြတ်က တစ်ယောက်တစ်လက်ပရဟိတအဖွဲ့ကလား"
"အေး... လိုအပ်တာတွေက အကုန်အလှူခံပြီး စီစဉ်ပြီးနေပြီ၊ လိုနေတာက လူအားပဲ၊ မင်းတို့ ကူညီမလား"
သူ့စကားဆုံးသောအခါ အားလုံးက တိုင်ပင်စရာ မလိုဘဲ သူ့ကို ညီညီညာညာ သွားဖြီးပြကြသည်။
"ငါ ရေမကူးတတ်ဘူး ဟဲဟဲ၊ မင်းလည်း သိရဲ့သားနဲ့"
ဟန်သာက အရင်ဆုံး ထုချေလွှာတင်သည်။ ကျန်တဲ့လူများကလည်း ဘယ်လိုဆင်ခြေပေးရလဲဟု အသီးသီး ဉာဏ်နီဉာဏ်နက်မျိုးစုံ ထုတ်နေကြသည်။
"ငါနဲ့ဖူးဖူးက မိန်းကလေးတွေဆိုတော့ နင်တို့အတွက် တာဝန်ပိုတာပဲ အဖက်တင်မှာ၊ ကူညီမှာက နည်းနည်း ဝန်ထုပ်ဝန်ပိုးက များများဖြစ်မှာမို့လို့ အားနာနာနဲ့ပဲ မလိုက်တော့ဘူးနော် လန့်သင်း"
"ဟုတ်တယ် ဟုတ်တယ်"
မေရူပါရဲ့ လျှောက်လွှဲချက်ကို ဘေးမှ ပိထောက်ဖူးက ခေါင်းတငြိမ့်ငြိမ့်နှင့် အပြည့်အဝ ဝင်ထောက်ခံသည်။
နောက်ဆုံးကျန်တော့တာက နေမျိုးနှင့်ထွဋ်ခေါင်...
နေမျိုးကတော့ အကြံအိုက်နေသည့် ပုံံစံနှင့် ခေါင်းကို တဗြင်းဗြင်းကုတ်နေသည်။
ထွဋ်ခေါင်ကို ကြည့်လိုက်တော့ သူတို့စကားဝိုင်းတွင် အာရုံရှိဟန်မတူ။ လင်းသန့်ကို ကျော်၍ အဝေးတစ်နေရာကို စူးစူးစိုက်စိုက်ကြည့်နေသည်။
"ငါ့သဲလေး မလိုက်မှတော့ ငါလည်း နေကျန်ခဲ့တော့မယ်ကွာ၊ သဲလေးနဲ့ ငါ တစ်ရက်လေးတောင် မခွဲနိုင်ဘူး"
မလိုက်ချင်လို့ တမင်ဝေ့ဝိုက်ပြောနေသည့် သကောင့်သား သကောင့်သမီးတို့အား ကြည့်မရတာကြောင့် နေပေါ့ကွာဟု ခပ်ဆောင့်ဆောင့် ပြောလိုက်သည်။
ရုတ်တရက် တစ်ချိန်လုံး ငြိမ်နေသည့် ထွဋ်ခေါင်ထံမှ တောက်ခေါက်သံ ပြင်းပြင်းတစ်ခု ထွက်လာတာကြောင့် သူတို့အားလုံး ကြောင်အသွားသည်။
"နာမည်ကတော့ ခြူးသစ္စာ၊ လူကတော့ နာမည်နဲ့ လုံးဝကို ဆန့်ကျင်ဘက်၊ သစ္စာတရား မရှိတဲ့ မိန်းမ"
ထွဋ်ခေါင်၏ စကားသံအဆုံး သူတို့အားလုံး နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
ထွဋ်ခေါင်၏ ကောင်မလေးဖြစ်သည့် ခြူးသစ္စာသည် ယောင်္ကျားတစ်ယောက်နှင့် ရယ်မောကာ စကားပြောရင်း ကားပေါ်သို့ တက်သွားသည်။ သူမက သူတို့အဖွဲ့ကို မြင်ဟန်မတူ။
"ဘာလဲကွ... သူက"
ထိုကိစ္စအား သူတို့အားလုံး ဘာမှမသိသေးတာကြောင့် အချင်းချင်း မျက်စပစ်ရင်း မေးခွန်းထုတ်လိုက်ကြသည်။
"ငါ့ကို တမင်သက်သက် ကြောပြတာ၊ သူ့လိုမိန်းမကို ငါက လွမ်းဆွေးနေဖို့ အဝေးကြီး၊ ငါ့မာနကို လာထိခိုက်လို့ ခံပြင်းရုံပဲ၊ မင်းတို့ ခရီးထွက်မယ်ဆိုတဲ့ကိစ္စကို မြန်မြန်စီစဉ်ကြကွာ၊ ဒါမှ သူထင်တဲ့အတိုင်း ဖြစ်မလာပါ့လားဆိုပြီး အဲ့မိန်းမ ကြေကွဲသွားအောင်"
ခုချိန်ထိ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိသေးသော သူတို့မှာ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်၍ မင်းသိလား ငါသိလားနှင့် အချင်းချင်း အဖြေရှာနေကြသည်။
ခဏအကြာ ပိတောက်ဖူးဆီမှ အသံထွက်လာသည်။
"ကဲ... ငါရှင်းပြမယ် သူငယ်ချင်းတို့ရေ၊ ခြူးသစ္စာက တို့ရဲ့ထွဋ်ခေါင်လေးကို ညက ဖြတ်တယ်တဲ့၊ သူ့မှာ အစတည်းက လူကြီးချင်းသဘောတူထားတဲ့ လူရှိပြီးသား၊ အဲ့ကိစ္စကို ဖုံးကွယ်ပြီးတော့ ထွဋ်ခေါင်ကို တမင်တွဲတာ၊ ထွဋ်ခေါင် အရင်တွဲခဲ့ဖူးတဲ့ တစ်ယောက်က ခြူးသစ္စာရဲ့ သူငယ်ချင်းဆိုလား ဘာဆိုလား၊ ရုပ်ရှင်ထဲကလို သူ့သူငယ်ချင်းအတွက် လက်စားချေချင်လို့ တို့သူငယ်ချင်း အသည်းကို ခွဲတယ်ဆိုပါတော့ဟယ်"
ပိတောက်ဖူးရဲ့ အသံစာစာကို တစ်လျှောက်လုံး ငြိမ်သက်စွာ နားထောင်နေပြီး စကားဆုံးသောအခါ သူတို့အားလုံး ပတ်ဝန်းကျင်ကို မေ့ကာ ဝါးလုံးကွဲအောင် ထရယ်ကြတော့သည်။
ဟန်သာဆိုရင် အရယ်လွန်ပြီး ဗိုက်အောင့်သွား၍ ဗိုက်ကို နှိပ်နေရသည်။ ထွဋ်ခေါင်ကို ကြည့်လိုက်တော့ မှုန်ကုပ်ကုပ်နှင့် မျက်မှောင်ကြုတ်၍ သူတို့ကို ကြည့်နေသည်။
"ဟဲ့... ဆေးရုံကြီးမှာ ဆေးရုံကြီးမှာ၊ တော်ကြတော့... လူတွေဝိုင်းကြည့်နေပြီ"
အူတက်အောင် ရယ်နေကြသည့် သူတို့လေးယောက်အား ပိတောက်ဖူး သတိပေးမှ မနည်းအရှိန်သတ်ရသည်။
"နောက်ဆုံးတော့ တို့အဖွဲ့က ပလေးဘွိုင်းလေးရဲ့ အသည်းကို ရုပ်ရှင်ဆန်ဆန်ခွဲနိုင်ခဲ့တဲ့ မင်းသမီးလေး ပေါ်လာတာပေါ့နော်"
အရယ်မသတ်နိုင်သေးတဲ့ မေရူပါက တခွိခွိနှင့် ပါးစပ်ကို လက်နှင့်အုပ်ရင်း ဗလုံးဗထွေးပြောလာသည်။
"သူများကို သစ္စာမရှိဘူးလို့ မင်းခုနက ဘယ်လိုစိတ်နဲ့များ ပြောခဲ့တာလဲကွာ၊ မင်းဖြတ်ခဲ့တဲ့ ကောင်မလေးတွေ အရေအတွက်ကို ပြန်ကြည့်ရင် ခြေတွေရော လက်တွေပါ ထောင်လို့ လောက်ပါ့မလား"
သူ့အား လှောင်နေကြသည့် သူတွေ အကုန်လုံးကို ထွဋ်ခေါင် ယောင်္ကျားတန်မဲ့ မျက်စောင်းထိုးပစ်လိုက်သည်။
"ဟေ့ကောင်... ထွဋ်ကြီး၊ မင်းတကယ် ကွဲနေသလား၊ တကယ်ခံစားနေရတယ်ဆိုရင်တော့ ခုနက ငါတို့အူတက်အောင် ရယ်ခဲ့တာကို ပြန်ရုတ်သိမ်းတယ် သိလား"
တော်လိုက်သည့် သူငယ်ချင်းတွေ...
တစ်ယောက်တစ်ချက်စီ ဖနောင့်နှင့် လိုက်ပေါက်ဖို့ ကောင်းသည်။
"ဟိန်းထွဋ်ခေါင်ကျော်တို့ သမိုင်းမှာ အသည်းကွဲတယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့သလို အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်ဘူး၊ ငါက ခြူးသစ္စာကို တကယ်ချစ်တယ် ထင်နေရင် မင်းတို့ တိုင်နဲ့ခေါင်းနဲ့သာ ပြေးဆောင့်လိုက်၊ အခုဟာက အရင်ဇယားတွေနဲ့ မတူဘဲ သူက စဖြတ်သွားလို့ ခံပြင်းနေတာကွ"
"မင်းစိတ်ထဲမှာ ခံပြင်းနေရင် ငါနဲ့မနက်ဖြန်လိုက်ခဲ့ပါ့လား၊ မင်းစိတ်ထဲ ပေါ့သွားမှာ ကျိန်းသေတယ်"
တစ်ယောက်တစ်ပေါက် ထွဋ်ခေါင်အား ဝိုင်းနှိပ်ကွပ်ကြတော့မည့် ပါးစပ်တွေသည် လင်းသန့်မောင်စကားဆုံးတွင် သူတို့ဘက် မြားဦးလှည့်လာမှာစိုး၍ အသီးသီး ပိတ်လိုက်ကြရသည်။
"မပေါ့ချင်ဘူး၊ လေးလေးပင်ပင်နဲ့လည်း ငါအဆင်ပြေတယ်၊ဝင်စရာလေးရှိလို့ ငါပြန်နှင့်တော့မယ်"
ဘေးတွင် ချထားသော ကျောပိုးအိတ်ကို ကောက်လွယ်ကာ ထွဋ်ခေါင်က ချက်ချင်း ထပြန်တော့သည်။
စကားကြောရှည်ရင် ရှည်သလောက် စကားနှင့် ပြန်အချုပ်ခံမည့် အကွက်တွေကို လင်းသန့်နှင့် ပေါင်းလာသည့် တစ်လျှောက်လုံး သူတို့အကြိမ်ကြိမ် ခံခဲ့ရပြီးပြီလေ။
လင်းသန့်ကြောင့် ပိုက်ဆံအိတ်ပါးသည်အထိ အလှူခံထည့်ဖူးသည်။ ကိုယ်တွေလက်တွေ ကိုက်ခဲသည်အထိ လုပ်အားတွေလည်း အကြိမ်ကြိမ်ပေးဖူးသည်။ ခန္ဓာကိုယ်ထဲက သွေးတွေကိုလည်း အိတ်ပေါင်းများစွာ လှူဖူးသည်။
ထွဋ်ခေါင် ထသွားသည့်အခါ ကျန်တဲ့လူတွေလည်း ဟိုလိုလို သည်လိုလို အကြောင်းပေါင်းစုံပြ၍ အလျှိုလျှို ထပြန်ကြတော့သည်။
သူအတင်းခေါ်မည် စိုး၍ ဝေ့လည်ကြောင်ပတ်လုပ်နေကြသော သူငယ်ချင်းတွေအား လင်းသန့်မောင် တားမနေတော့။ ကိုယ့်ဟာကိုယ်ပဲ သွားတော့မည်ဟု ဆုံးဖြတ်ကာ ထိုင်ရာမှ ထလိုက်တုန်း လူတစ်ယောက်ကို ဦးနှောက်က်မှ ဖျတ်ခနဲ သတိရသွားသည်။
... အံ့မဟော် ...
°°°°°°°
"ကဲ...ကဲ... ပစ္စည်းတွေ စစ်မယ်၊ ခုနက တာဝန်ယူပြီး စစ်ဆေးခဲ့တဲ့ လူတွေ အကုန်လုံး ကျွန်တော့်ကို အကြောင်းပြန်ပေးပါ"
ရာသီဥတုက အုံ့မှိုင်းနေကာ မိုးဖြောက်ဖြောက်ရွာသွန်းနေသည်။ တိမ်ညိုတိမ်လိပ်တွေသည် ကမ္ဘာမြေကြီးပေါ်သို့ တစ်ညလုံး အညှိုးတကြီး အားရပါးရ ရွာချပြီး၍ မနက်လင်းတော့ အားပျော့သွားကာ ခေတ္တအနားယူနေဟန်။
အစိမ်းရောင် မိုးကာအင်္ကျီ ဆင်တူဝတ်ဆင်ထားသော လူတစ်စုသည် ခရီးသည်တင် ဘတ်စ်ကားသုံးစီးနှင့်အတူ အလုပ်ရှုပ်လျက်ရှိကြသည်။ ကားပေါ်သို့ ပစ္စည်းတင်သူများကတင် ချသူကချ ရွှေ့သူကရွှေ့နှင့် စုစုပေါင်း လူအယောက်သုံးဆယ်ခန့် ရှိသည်။ ထိုသူတို့သည် ရက်သတ္တပတ်ခန့်မျှ ဤကဲ့သို့ ရွာလိုက် အနားယူလိုက်လုပ်သော မိုးကြောင့် ရေဘေးဒုက္ခသင့်နေသည့် ပြည်သူတွေအား အကူအညီပေးရန် သွားကြမည့် တစ်ယောက်တစ်လက်ဟူသော ပရဟိတအဖွဲ့မှ လူငယ်များပင်ဖြစ်သည်။
ထိုသူတွေနှင့်အတူ အင်္ကျီဆင်တူဝတ်ထားသော်လည်း ကွဲပြားနေသည့် လူငယ်တစ်ယောက်သည် ခပ်လှမ်းလှမ်း တစ်နေရာတွင် လူအများကို လျစ်လျူရှုကာ နားကျပ်ကို တပ်၍ မျက်စိမှိတ်လျက် သီချင်းထိုင်နားထောင်နေသည်။
ဆူညံစွာ ယောက်ယက်ခတ်နေသည့် လူတစ်စုကြားမှာ ဤကဲ့သို့ အေးအေးဆေးဆေး မဆိုင်သလို ထိုင်နေခြင်းကို တစ်ချို့လူတွေက နှာခေါင်းရှုံ့ကြသည်။ မေးငေါ့ကြသည်။ အချင်းချင်း တီးတိုးပြောကြသည်။
တစ်စုံတစ်ယောက်က ဇွတ်မရမကခေါ်လာသောကြောင့် စိတ်မပါလက်မပါ လိုက်လာရသဖြင့် ထိုလူတွေအား အကူအညီပေးရန် သူစိတ်မဝင်စား။ ထို့အပြင် လူရယ်လို့ဖြစ်လာမှ အားလုံး ဒုက္ခကိုယ်စီနှင့်မို့ လက်တွေ့မှာ အကောင်အထည်မြင်နေရတာနဲ့ ဒုက္ခသည်ဟု သတ်မှတ်ခံထားရသည့် လူတွေကိုလည်း သူဟာ ထူးပြီးမသနား။
သူကား တခြားလူမဟုတ်။
တစ်မိုးအောက် အံ့မဟော်ပင်တည်း။
"အားလုံးအဆင်သင့်ဖြစ်ရင် ထွက်ကြမယ်ဟေ့၊ ကားပေါ်တက်ကြတော့၊ လိုအပ်တဲ့ ပစ္စည်းတွေ ယူခဲ့ဖို့လည်း မမေ့ကြနဲ့ဦး၊ အပျော်ခရီးထွက်တာ မဟုတ်လို့ အထုတ်အများကြီး သယ်လို့မရဘူး၊ နေရာအခက်အခဲရှိလို့ အိတ်တစ်လုံးပဲ သယ်ခွင့်ရှိမယ်၊ နောက်ကျနေပြီမို့လို့ ဟိုဘက်က အစွန်ဆုံးကားပေါ် မြန်မြန်တက်ကြပါ"
ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူငယ်တစ်ယောက်၏ ဆော်ဩသံအဆုံးတွင် ပရဟိတအဖွဲ့သားအားလုံး ကားပေါ်သို့ အထုတ်ကိုယ်စီနှင့် တက်ကြသည်။
လင်းသန့်မောင်လည် ထိုလူတွေနှင့်အတူ ကားပေါ်သို့ တက်ရန် ဟန်ပြင်ပြီးမှ အံ့မဟော်ကို သတိရသွားသည်။ လူအုပ်ကြားထဲမှာ ရှာကြည့်လိုက်တော့ အံ့မဟော်ကို မတွေ့။ ခမ်လှမ်းလှမ်းက ပိတောက်ပင်အောက်တွင် မျက်စိမှိတ်လျက် သီချင်းသံစဉ်တွင် စီးမျောနေသော အံ့မဟော်ကို မြင်တော့မှ လူအုပ်ကြားထဲမှ ပြန်တိုးထွက်လာရသည်။
ဒီကောင်ကတော့လေ...
လင်းသန့်မောင် အံ့မဟော်ရှိရာသို့ အမြန်ပြေးသွားလိုက်ပြီး နားကျပ်ကို ဆွဲခွာယူလိုက်သည်။
"ထတော့... ကားထွက်တော့မယ်"
"ကျွန်တော်စိတ်မပါတာကို ခင်ဗျား ဇွတ်ကို ဖိအားပေးနေတော့တာပဲနော်"
"ကဲပါကွာ... ဒီအထိတောင် ရောက်လာပြီးနေပြီပဲ၊ သွားရအောင်... ပရဟိတလုပ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ဆိုတာ မင်းမကြာခင် သိရတော့မှာပါ"
"ပရဟိတဆိုတဲ့ ကောင်းတဲ့အလုပ် လုပ်မယ့်သူတွေကို လှမ်းကြည့်လိုက်ပါဦး၊ နေရာမရမှာစိုးလို့ အချင်းချင်း အတင်းတိုးရှိုးနေလိုက်ကြတာ... ခင်ဗျားပြောတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်လက်တွေ့မြင်နေရတဲ့ အကြောင်းအရာနဲ့ အခုကတည်းက စလွဲနေပြီ ကိုလင်းရေ... ဟဟ"
သရော်လိုဟန် အနည်းငယ်ပါဝင်သည့် ရယ်သံနှင့်အတူ အံ့မဟော်သည် ကျောပိုးအိတ်ကို လွယ်၍ ရှေ့မှ ထထွက်သွားသည်။
တကယ်လည်း မျက်စိရှေ့မှ မြင်ကွင်းသည် အံ့မဟော်ပြောသလိုပင်။ ကိုယ့်အဖြစ်ကိုယ် မေ့နေကြကာ လက်ရှိ ရေတိုပန်းတိုင်လေးဖြစ်သည့် မိမိနေရာကောင်းရရေးအတွက် ဘာကိုမှ ဂရုမမူကြဘဲ တစ်ယောက်နှင့်တစ်ယောက် လုတိုးနေကြသည်။
သူတို့နှစ်ယောက် ကားပေါ်သို့ ရောက်သောအခါ လူတွေလိုက်ပါမည့် ဤဘတ်စ်ကားပေါ်တွင် နေရာလွတ်သည့် ခုံဟူ၍ တစ်လုံးမျှ မရှိတော့။ အားလုံး နေရာအသီးသီးယူပြီး၍ နောက်ဆုံးမှ ရောက်လာသည့် သူတို့နှစ်ယောက်အား ဘေးတွင် ကျပ်ကျပ်ညပ်ညပ် လာထိုင်မှာကို စိုးရွံ့နေကြဟန်။
"မျက်လုံးတွေထဲမှာ မြင်ရလားကိုလင်း၊ ဖုံးကွယ်ထားတဲ့ သူတို့ရဲ့ လူပီသမှုတွေကိုလေ"
အံ့မဟော်က သူ့နား အနားသို့ကပ်ကာ ခပ်တိုးတိုးပြောသည်။
အံ့မဟော်ကို ချွတ်ချင်၍ ဤခရီးသို့ ခေါ်လာကာမှ အံ့မဟော်က သူ့အား တရားပြန်ပြတာကို သူ့မှာ အောင့်သက်သက်နှင့် ခံနေရသည်။
လင်းသန့်မောင် အကျပ်ရိုက်နေတုန်း တစ်ယောက်တစ်လက်၏ ခေါင်းဆောင်ဖြစ်သည့် ကိုကောင်းမြတ် ကားပေါ်သို့ တက်လာသည်။ ဤအဖွဲ့အစည်းတွင် သူရင်းနှီးသည့်လူက ကိုကောင်းမြတ်တစ်ဦးတည်းသာ ရှိတာကြောင့် လင်းသန့်မောင် အားတက်သွားသည်။
"လင်းသန့် ဝင်ထိုင်ကြလေကွာ၊ ဘာလို့ အပေါက်ဝမှာ မတ်တပ်ရပ်နေကြတာတုန်း... ဪ ခုံလွတ်မရှိတော့တာလား၊ အဲ့တာမှ ခက်ပါလေရော ကိုယ့်လူရေ"
ကိုကောင်းမြတ်က သူ့ဟာသူ တစ်ယောက်တည်း ပြောရင်း လင်းသန့်တို့ကို 'နေဦး'ဟု ပြောကာ အမြန်ပြန်ဆင်းသွားသည်။
ခဏအကြာ ကိုကောင်းမြတ် သုတ်သုတ် သုတ်သုတ်နှင့် ပြန်ရောက်လာသည်။
"လင်းသန့်ရေ... ဟိုဘက်ကားကို လိုက်ခဲ့၊ ငါတို့သုံးယောက် ပစ္စည်းတွေ ရွှေ့ပြီး အဆင်ပြေသလို ထိုင်ကြမယ်၊ ကားဆရာရေ ထွက်လို့ရပြီဗျို့"
ကိုကောင်းမြတ်စကားပြောနေတုန်း မိုးက နောက်တစ်ကျော့ ရွာချလာပြန်သည်။ လင်းသန့်မောင်နှင့် အံ့မဟော်လည်း ကိုကောင်းမြတ်နောက်မှ အပြေးလိုက်၍ ပစ္စည်းတင်သည့် ဟိုဘက်ကားဆီသို့ မိုးရေထဲ အမြန်ကူးရသည်။
ရေသန့်ဘူးတွေနှင့် စက္ကူပုံးအချို့ကို အချင်းချင်းထပ်လိုက်တော့မှ သူတို့အတွက် ထိုင်ရန် ခုံနှစ်လုံးချဖို့ နေရာအနည်းငယ် ကားပေါ်တွင် လစ်လပ်သွားသည်။ ကိုကောင်းမြတ်သည် ကားသမားဘေးက စက်ဖုံးပေါ်တွင် ထိုင်မည်ဟုဆိုကာ ထိုနေရာကို သူတို့နှစ်ယောက်အတွက် ဖယ်ပေးသည်။
နေရာမှာ ထိုင်ပြီဆိုကတည်းက တစ်လမ်းလုံး နားကျပ်ကို တပ်၍ မျက်စိကို မှိတ်ကာ မပြောကောင်းမဆိုကောင်း အသေကောင်သဖွယ် လိုက်ပါလာသော အံ့မဟော်ကို လင်းသန့်မောင် မချီးကျူးဘဲ မနေနိုင်။ သူ့မှာသာ စိုစိစိအဝတ်အစားနှင့်အတူ ကားထဲမှ ကုန်ခြောက်အနံ့များကြောင့် လူက အန်ချင်သလို ဖြစ်လာကာ ဘယ်လိုမှ နေလို့ထိုင်လို့ အဆင်မပြေချေ။
ဒီကြားထဲ အိပ်ပျော်နေတာကြောင့် ကားမှန်ကို တဒုန်းဒုန်းသွားမိတ်ဆက်နေသော အံ့မဟော်ခေါင်းကို ဒီဘက်ပြန်၍ တည့်မတ်ပေးနေရတာကလည်း အလုပ်တစ်လုပ်။ ကြာတော့ လူကအိပ်ချင်လာတာကြောင့် မတက်နိုင်တော့။ အံ့မဟော်ခေါင်းနှင့် ကားမှန်ကြားတွင် အိတ်ထဲမှ အဝတ်တစ်ထည်ကို ထုတ်ကာ ခုပေးထားလိုက်သည်။
ကြိုက်သလောက် ဆောင့်စမ်း...
အခုမှ စိတ်ချသွားရတာမို့ ခရီးသွားရင် ဆောင်နေကျ ဖြစ်သော ခေါင်းမူးသက်သာသည့် ဆေးကို အမြန်သောက်ပြီး ဘေးက အံ့မဟော်လို ကုလားသေကုလားမော အိပ်ပျော်စေရန် မျက်လုံးတို့ကို ခပ်တင်းတင်းမှိတ်လိုက်တော့သည်။
ဘေးက သူအိပ်ပျော်နေသည်ဟု ထင်မှတ်နေသော ကောင်လေး၏ နှုတ်ခမ်းတို့ ကော့ညွှတ်နေသည်ကို အိပ်မက်ကမ္ဘာသို့ အလည်ရောက်နေသည့် လင်းသန့်မောင်တစ်ယောက် မသိခဲ့ချေ။
°°°°°°°