AN- စာလုံးအစောင်းတွေနဲ့ရေးထားတာ အတိတ်ကာလကိုရေးထားတာပါ ❤
ဝင်သက်ထွက်သက်မရှိတော့တဲ့ ရှင်းက ခုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းလျက်ရှိတယ်။ မွေ့ယာခင်းအဖြူပေါ်ကသွေးနီကွက်တွေက လှပေမယ့် အကျည်းတန်တော့ဆန်တယ်။
ရိပေါ်က ဘေးစားပွဲပေါ်က ကျောပိုးအိတ်ကိုယူရင်း စားပွဲခုံပေါ်က ဓာတ်ပုံမှန်ဘောင်လေးကို သတိထားကြည့်မိတယ်။
မှန်ဘောင်ထဲက ဓာတ်ပုံထဲမှာ ရှောင်ကျန့်နဲ့ ရှင်းက ဘေးချင်းယှဉ်လျက် မတ်တပ်ရပ်ရင်း ပြုံးရယ်နေကြတယ်။
ရိပေါ်က ဓာတ်ပုံထဲက ရှောင်ကျန့်မျက်နှာလေးကို ထိတွေ့လိုက်တော့ လက်က သွေးနီတွေက ဓာတ်ပုံမှန်ဘောင်ပေါ်စွန်းထင်ကုန်တယ်။ သိပ်တော့ ကိစ္စမရှိဘူး...
ရိပေါ်က ပြန်သုတ်ပေးဖို့ စိတ်ကူးရှိတာမို့။
အဲ့ဒီဓာတ်ပုံဘောင်ကို စားပွဲပေါ်ပြန်ချလိုက်တော့ ရိပေါ်အကြည့်တွေက အနောက်နားက သုံးခေါက် မှန်ဘောင်တစ်ခုဆီရောက်တယ်။
မှန်ဘောင်ထဲမှာ ဓာတ်ပုံသုံးပုံ က ငြိမ်ငြိမ်သက်သက်လေးနဲ့ ရှိနေတယ်။ မိသားစု ဓာတ်ပုံလို့ ထင်ရတဲ့ ဓာတ်ပုံလေးက ပထမနေရာမှာရှိနေတယ်။
ရှင်းရဲ့မိဘတွေလို့ထင်ရတဲ့လူနှစ်ဦးနဲ့အတူ ရှင်းအပြင် အခြားတစ်ယောက်ပါ ပါဝင်နေတယ်။ မှတ်မိလွယ်တဲ့ မျက်နှာနဲ့ အဲ့ဒီလူက ရဲဝတ်စုံကိုဝတ်ထားပြီး ရှင်းနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံက ဒုတိယမြောက်ပုံဖြစ်တယ်။
အဲ့ဒီလူလက်ထဲက သင်တန်းဆင်းလက်မှတ်နဲ့ ၀တ်စုံကြောင့် သင်တန်းဆင်းပွဲတစ်ခုမှာ ရိုက်ထားမှန်း ရိပေါ် တန်းသိတယ်။
တတိယပုံကတော့ ရှင်းတစ်ယောက်တည်းပုံဖြစ်တာကြောင့်ရိပေါ်စဉ်းစားမနေတော့ဘူး။
မနက်မိုးလင်းတော့မယ့် မိုးသောက်ချိန်မှာ ရိပေါ်က ရှင်း
အိမ်ရဲ့ ခြံဝန်းထဲမှာရှိနေတယ်။ လက်ထဲက ဖုန်းကို ကျင်းတစ်ခုထဲပစ်ချလိုက်ရင်း ရိပေါ်ကပြောတယ်။
" Contact တွေအတွက် ကျေးဇူး ... "
.....
ခြံတံခါးဘေးက လျှိုဝှက်နှိပ်နေရင်း ရိပေါ်က အနောက်ဘက်ကို လှည့်ကြည့်တယ်။ ဘယ်သူမှရှိမနေပေမယ့် တစ်စုံတစ်ယာက် သူ့အနောက်က လိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကတော့ ပျောက်မသွားဘူး။
အိမ်ထဲကိုသာ ၀င်လာလိုက်ရင်း အပေါ်ထပ်က သူ့အခန်းဆွကိုသာ ဦးတည်ဝင်သွားလိုက်တယ်။
ထိုင်ချပစ်လိုက်တဲ့မွေ့ယာက အိဝင်သွားတယ်။ ဘောင်းဘီအိတ်ထဲက ဖုန်းကို နှိုက်ထုတ်လိုက်ရင်း ခုတင်ပေါ် လှဲချလိုက်တယ်။
လက်ချောင်းဖြူဖြူလေးတွေ အနည်းငယ်လှုပ်ရှားပြီးတဲ့နောက် Weibo Acc တစ်ခုမှာ ရပ်တယ်။
Profile ကတော့ သိပ်မထူးဆန်းတဲ့ ကောင်းကင်ပြာတစ်ခုဖြစ်ပေမယ့် တင်ထားတဲ့ ပုံတွေကနေ ဘယ်သူလဲဆိုတာ သိနိုင်တယ်။
ရဲဝတ်စုံနဲ့ သင်တန်းဆင်းလက်မှတ်ကိုင်ထားတဲ့လူနဲ့ ရှင်းရဲ့ ပုံကို ရိပေါ် ဒုတိယအကြိမ် မြင်ဖူးခြင်းဖြစ်တယ်။
အနည်းငယ်သာ ပြုံးနေတဲ့ ရှင်းဘေးနားက လူရဲ့ မျက်နှာကို ရိပေါ် စိုက်ကြည့်ရင်း နှုတ်ခမ်းဖျားတွေ ကွေးရုံပြုံးတယ်....။
" ချန်း ... "
ဖုန်းကို ခုတင်ပေါ်ချခဲ့ပြီး ကျောင်းဝတ်စုံ ကြယ်သီးတွေကိုဖြုတ်ရင်း ရေချိုးခန်းဆီ သွားတဲ့ ရိပေါ်က ခေါင်းတွေခါရင်း ရယ်နေတယ်။ တစ်ယောက်ယောက်သာ မြင်ရင် အရူးလို့ သတ်မှတ်ခံရမယ့် ပုံစံနဲ့။
.....
ပုံမှန်အရှိန်နဲ့ မောင်းနှင်လာတဲ့ ကားက ရှင်းရဲ့ အိမ်ရှေ့မှာ ထိုးရပ်တယ်။ ကားပေါ်က ဆင်းလာတာတဲ့ ရှောင်ကျန့်က ခြံထဲဝင်လာရင်း သိနေပြီးသားဖြစ်တဲ့ တံခါး password ကို နှိပ်ရင်း အိမ်ထဲဝင်လိုက်တယ်။
တိတ်ဆိတ်နေတဲ့ အိမ်ထဲက လေထုတွေက အေးစက်နေတယ်။ ရှောင်ကျန့်က လျှောက်လာရင်း အခန်းတွေဘေးက လျှောက်လမ်းလေးဆီရောက်တယ်။
ရှင်းအိမ်ကိုရောက်ဖူးတဲ့ ရှောင်ကျန့်က အိမ်အပေါ်ထပ်အခန်းတွေက စာကြည့်ခန်းနဲ့ စတိုခန်းဖြစ်တာကြောင့် အိမ်အောက်ထပ်ဆီမှာပဲရှိနေတယ်။
အခန်းဘေး လျှောက်လမ်းကလျှောက်လာတဲ့ ရှောင်ကျန့်ရဲ့ခြေလှမ်းတွေက တံခါးပွင့်သံတစ်ခုကြောင့် ရပ်တန်သွားတယ်။ ဘေးဘက်ကို လှည့်ကြည့်မိတော့ " ကျွီ " ဆိုတဲ့အသံနဲ့ အခန်းတံခါးက ပွင့်ဟသွားတယ်။
တံခါးလက်ကိုင်ဘုတုံးကို ကိုင်ရင်း တွန်းဖွင့်လိုက်တဲ့ တံခါးရဲ့ မျက်နှာချင်းဆိုင်က ဖွင့်ထားလျက်ဖြစ်နေတဲ့ ပြတင်းပေါက်ကို တွေ့တယ်။ ပြတင်းပေါက်က တိုက်လာတဲ့ လေတွေကြောင့် လော့ခ်ျမချထားတဲ့ အခန်းတံခါးက ပွင့်သွားခြင်း လို့ ရှောင်ကျန့်သိလိုက်ရတယ်။
အခန်းထဲဝင်လိုက်တော့ အဲ့ဒီအခန်းက ရှင်းရဲ့ အခန်းဖြစ်တယ်။ သေသပ်နေတဲ့ အနေအထားနဲ့ အိပ်ခန်းက ဘာမှ
ထူးခြားမနေပေမယ့် ရှောင်ကျန့်က စားပွဲခုံပေါ်က ဘာဓာတ်ပုံမှ ရှိမနေဘဲ ထောင်ထားတဲ့ ဓာတ်ပုံဘောင်ကို သတိထားမိတယ်။
လှမ်းယူကြည့်မိတော့ အဲ့ဒီဓာတ်ပုံဘောင်က ရှောင်ကျန့် ရှင်းကို လက်ဆောင်ပေးထားတာဖြစ်ပြီး ထည့်ပေးခဲ့တဲ့ သူနဲ့ရှင်းရဲ့ ဓာတ်ပုံကို မတွေ့တာမို့ အနည်းငယ် စိတ်ရှုပ်သွားတယ်။
ရှင်းက ထုတ်ပြီး တစ်နေရာရာမှာ သိမ်းထားတာများလားလို့ တွေးနေတဲ့ အချိန်မှာပဲ ကုတ်အင်္ကျီအိတ်ကပ်ထဲက တုန်ခါမှုနဲ့အတူ မြည်လာတဲ့ ဖုန်းသံကြောင့် အလန့်တကြားနဲ့ လက်ထဲက ဓာတ်ပုံဘောင်လေးက ပြုတ်ကျတယ်။
" ဟယ်လို ... "
မိနစ်အနည်းငယ်ကြာ ဖုန်းပြောပြီးတော့ ရှောင်ကျန့် သက်ပြင်းချတယ်။ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်ပေမယ့် စာတော်တဲ့ကျောင်းသားတွေအတွက် သီးသန့် ခွဲမယ့် အတန်းတွေကိစ္စ ကြောင့် ပေါ်လာတဲ့ အစည်းအဝေးကို သွားရအုန်းမည်ဖြစ်တာကြောင့်။
အစည်းအဝေးက နောက်တစ်နာရီမှာစမှာဖြစ်တာမို့ ဒီနေရာကနေ ပြန်လိုက်ဖို့ ရှောင်ကျန့် စိတ်ကူးတယ်။ ပြုတ်ကျသွားတဲ့ ဓာတ်ပုံဘောင်ကို ပြန်ကောက်ဖို့ ခါးကိုင်းကာ လှမ်းလိုက်ရင်း ခုတင်ခြေထောက်နဲ့ နံရံကြားက အရာတစ်ခုကို တွေ့တယ်။
ုပြုတ်ကျသွားတဲ့ ဓာတ်ပုံဘောင်နဲ့အတူ ရှောင်ကျန့်လက်ထဲမှာ ငွေရောင်ကြယ်သီးတစ်လုံးပါလာတယ်။
ကြယ်သီးမျက်နှာပြင်မှာ တြိဂံတစ်ခုရှိတယ်။ တြိဂံအတွင်းမှာတော့ ကြယ်တစ်လုံးရှိနေတယ်။ ရှပ်အင်္ကျီတွေမှာ တွေ့ရတတ်တဲ့ ကြယ်သီးလို့ ရှောင်ကျန့် ထင်ကြေးပေးရင်း အိမ်ထဲက ခပ်သွက်သွက် ထွက်လာခဲ့တယ်။
အစည်းအဝေးကနောက်ကျလို့မဖြစ်ဘူး..။
....
မောနိတာရှေ့ ထိုင်ရင်း စီစီတီဗွီမှတ်တမ်းကို ကြည့်နေတဲ့ ချန်းရဲ့ဘေးမှာ စီစီတီဗွီမှတ်တမ်းခွေတွေက အထပ်လိုက်ရှိနေတယ်။
" ခဏနားပါအုန်း မင်းလဲ ပင်ပန်းနေရောပေါ့ "
ကော်ဖီတစ်ခွက်စားပွဲပေါ်ချပေးရင်း ပြောလာတဲ့ လူက အပြာနုရောင် ရဲယူနီဖောင်းကို ၀တ်ထားတယ်။ ချန်းက ကြည့်နေတဲ့ ဗီဒီယိုကို ခဏရပ်လိုက်ရင်း ပြောတယ်။
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပင်ပန်းမှာစိုးလို့်ပြောတာ နားလည်ပေမယ့် ချန်း မနားနိုင်ဘူး။ ရှန်ဟိုင်းကနေ ဒီထိ ရောက်လာရတဲ့ အကြောင်းအရင်းပဲ။ ချန်းရဲ့ စိတ်တွေကော ရင်တွေကော ပူနေရတယ်။
" ကျွန်တော် ဘယ်လိုစိတ်နဲ့ နားနိုင်မှာလဲ .. "
သက်ပြင်းရှည်တစ်ချက်ချရင်း ပြောလာတဲ့ ချန်းရဲ့ ပခုံးကို နှစ်ချက်ပုတ်ရင်း လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ခုနက ရဲဝန်ထမ်းက ပြောလာတယ်။
" အရမ်းကြီး စိုးရိမ်မနေပါနဲ့ ... မင်းရဲ့ ညီမလေးကို ပြန်ရှာတွေ့မှာပါ ..."
ချန်းက ခေါင်းညိမ့်ရင်းနဲ့ပဲ အခန်းထဲကျန်ခဲ့တယ်။ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်က ရပ်ထားတဲ့ စီစီတီဗွီမှတ်တမ်းကို ပြန်ဆက်ကြည့်လိုက်တယ်။
အမဲရောင်ဟူဒီနဲ့လူက ည ဆယ့်နှစ်နာရီ ဆယ့်လေးမိနစ်မှာ ရှင်းရဲ့ ခြံထဲကို ကျော်ဝင်သွားတယ်။ မနက် ၃ နာရီ ငါးဆယ့်ခြောက် မိနစ်မှာ ခြံပြင်ကို ပြန်ကျော်ထွက်လာတာကို ချန်း မြင်တယ်။
နောက်ထပ် မှတ်တမ်းတစ်ခုကို ထပ်ဖွင့်မိကြည့်တော့ ထူးဆန်းစွာပဲ မနက် ခုနှစ်နာရီအချိန်မှာ ရှင်းက ခြံပြင်ကိုထွက်လာတယ်။
ထွက်လာတဲ့ ရှင်းက ဖုန်းငုံ့သုံးနေတာကြောင့် ဆံပင်ရှည်တစ်ချို့က မျက်နှာကို အနည်းငယ်ကွယ်နေတယ်။ ဒူးလောက်ရှည်တဲ့ အနီရောင် စကတ်အင်္ကျီပေါ် ကုတ်အင်္ကျီထပ်ဝတ်ထားတယ်။ ဘာမှသံသယ၀င်စရာမရှိဘူး။
ရှင်းက တစ်ခါတစ်လေမှ ထုတ်တပ်တတ်တဲ့ ရွှေရောင်မျက်မှန်ကိုင်းလေးကို တပ်ထားတယ်။
စီစီတီဗွီက ခြံအပြင်မှာပဲ တက်ထားမှာမို့လို့ ခြံအပြင်ဘက်နေရာကိုသာမြင်ရတယ်။ ခြံထဲကထွက်လာတဲ့ ရှင်းက ခြံပြင်ဘက်မှာ ရပ်ထားတဲ့ကားပေါ်တက်ရင်း မောင်းထွက်သွားတာကို တွေ့တယ်။
ဗီဒီယိုကိုနောက်ပြန်ရစ်ရင်း ချန်းက ၀ိုးတိုးဝါးတားမြင်နေရတဲ့ ရှင်းလက်ထဲက ဖုန်းကို ကြည့်တယ်။
သိပ်အရည်အသွေးမကောင်းတာကြောင့် စီစီတီဗွီမှတ်တမ်းက အနည်းငယ်ဝါးနေတယ်။ ထိုင်နေတဲ့ စားပွဲအံဆွဲထဲက စာရွက်တစ်ရွက်ကို ချန်း က အလျင်အမြန်ပဲ ထုတ်လိုက်တယ်။
" ဖုန်းက အိမ်မှာကျန်ခဲ့တာ မဟုတ်ဘူးလား ... "
ချန်းရဲ့ လက်ထဲက စာရွက်ထဲ ရှင်းရဲ့ ဖုန်းတည်နေရာက ရှင်းရဲ့ အိမ်မှာလို့ ဖော်ပြထားတဲ့ အဖြေရှိတယ်။
အိမ်ထိသွားရှာပေမယ့် ဖုန်းမတွေ့ခဲ့ရသလို တကယ်လို့ ဖုန်းက ရှင်းနဲ့ ပါသွားရင် တည်နေရာက ဘာလို့ အိမ် လို့ပြနေရတာလဲ ....။
ချန်းက ဆံပင်တွေကို ထိုးဖွရင်း သက်ပြင်းထပ်ချတယ်။
ဆက်စပ်လို့မရတဲ့ အကြောင်းအရာတွေက သိပ်ခေါင်းစားစေတာမို့...။
.............................
မမြင်နိုင်တဲ့ အနာဂတ်ကို အနီရောင်လေး ခြယ်မယ်..
ပုံပြင်လေးရဲ့အဆုံးသတ်မှာတော့ စေတန်က အနီရောင် တွေ မရှိစေချင်ဘူး ...။
.............................