နေ၀င်သွားတဲ့နောက် အမှောင်ရိပ်အနည်းငယ်သန်းနေတဲ့ ညနေခင်းမှာ ရိပေါ်က ပုံမှန်ခြေလှမ်းတွေနဲ့ လျှောက်လာတယ်။ ကျောင်းကနေ ပြန်တဲ့ အိမ်ပြန်လမ်းရဲ့ ညနေအခါက အနည်းငယ်တော့ အထီးကျန်ဆန်တယ်။
ဘောင်းဘီအိတ်ထဲ လက်ထည့်ရင်းသာ လျှောက်လာတဲ့ ရိပေါ်က air pod တပ်ထားရင်း အေးအေးဆေးဆေးရှိနေတယ်။
ရုတ်တရက်ခြေလှမ်းတွေက ရပ်တန့်သွားတယ်။ ကျောမလုံတဲ့ခံစားချက်နဲ့ တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလို ကြီးက သူ့အတွက် အဆင်မပြေဘူး။ တပ်ထားတဲ့ air pod တစ်ဖက်ကို ဖြုတ်ရင်း ခန္ဓာကိုယ်ကို အနည်းငယ် စောင်းကြည့်မိတယ်။
မြင်ကွင်းထဲ ဘာမှထူးခြားမှုမရှိတာကြောင့် လမ်းကိုသာ ဆက်လျှောက်ရင်း အိမ်ပြန်ဖို့သာ အာရုံစိုက်လိုက်တယ်။
....
ရက်အနည်းငယ်ကြာသွားတဲ့နောက် ကျောင်းရဲ့ သတင်းတချို့ငြိမ်ကြသွားပေမယ့် ကျောင်းက ခြောက်ကပ်ကပ်ဖြင့်ရှိနေတုန်းပင်။
ရိပေါ်ကတော့ ထိုင်နေကျ အတန်းရဲ့ နောက်ဆုံး ထောင့်မှာ ထိုင်နေတယ်။ လေတိုးလို့ လွင့်နေတဲ့ လိုက်ကာအဖြူလေးက မြင်ကွင်းထဲရောက်လာတော့ လက်နဲ့အသာ ဖယ်လိုက်တယ်။
အဖြူရောင်နေရာမှာ အနီရောင်လေးဖြစ်ရင် ပိုလှမှာ ဆိုတဲ့ အတွေးနဲ့ ဖယ်ချလိုက်တဲ့ လက်လေးမှာ အဆောင်ကြိုးနီလေးရှိနေတယ်။
အတန်းထဲဝင်လာတဲ့ ဆရာကို ရိပေါ်အကြည့်လွဲရင်း စာအုပ်တွေဆွဲဖွင့်လိုက်တယ်။
ဘယ်လိုလုပ်မလဲ ...။
ခင်ဗျားမှ မဟုတ်ရင် အခြားသူတွေကို မမြင်ချင်တော့တဲ့အထိပဲ။
ရူပဗေဒ နိယာမတစ်ခုကို အကြိမ်ကြိမ်အခါခါရှင်းပြနေတဲ့ ဆရာ့အသံကို လျစ်လျူရှုရင်း စာမျက်နှာအလွတ်ပေါ်မှာ မှင်နီနဲ့ လျှောက်ခြစ်နေလိုက်တယ်။
" အရာဝတ္တုတိုင်းမှာ အချင်းချင်း ဆွဲအားတွေရှိနေရင် ဘာကြောင့် ဆရာနဲ့ မင်းတို့ ပြေးမကပ်တာလဲ "
စာသင်နေတဲ့ ရူပဗေဒဆရာက တပ်ထားတဲ့ မျက်မှန်ကို ပင့်တင်ရင်း မေးတော့ ကျောင်းသားတွေက တိတ်ဆိတ်သွားတယ်။
" မသိကြဘူးလား "
" ကမ္ဘာမြေရဲ့ဆွဲအားက ပိုများလို့ "
တိုးတိုးလေးဖြေလိုက်ပေမယ့် တိတ်ဆိတ်နေတဲ့အခြေအနေကြောင့် ရိပေါ်အသံက အတန်းရှေ့က ဆရာအထိ ကြားနိုင်တယ်။
" ဟုတ်တယ် .. ၀မ်ရိပေါ် ဖြေတာမှန်တယ် "
ဆရာ့စကားအဆုံးမှာ ကျောင်းသားအချို့က နှာခေါင်းရှုံ့ တယ်။ ဆရာကတော့ စာကိုသာ ဆက်ရှင်းရင်း ကျောက်သင်ပုန်းပေါ်မှာ ပုံတချို့ဆွဲပြတယ်။ ရိပေါ်ကတော့ လက်ထဲက ဘောပင်အနီလေးကို လှည့်ရမ်းနေလိုက်တယ်။
.....
" ဆရာရှောင်း "
အတန်းချိန်တွေမရှိတာမို့ ရုံးခန်းထဲ ရှိနေတဲ့ ရှောင်ကျန့်ကို အသိဆရာမ တစ်ယောက်က လှမ်းခေါ်တော့ လက်ထဲက ဖိုင်တွဲတွေကိုချပြီး ဆရာမ ပြန်ပြောလာမယ့် စကားကိုပဲ အာရုံစိုက်လိုက်တယ်။
" အပြင်မှာ ဧည့်သည်ရောက်နေတယ် "
" ဟင် "
လာတွေ့စရာဧည့်သည်မရှိတာကြောင့် အတွေးတချို့နဲ့ပဲ ရှောင်ကျန့်် အခန်းပြင် ထွက်လာခဲ့တယ်။ မြင်လိုက်ရတဲ့လူကြောင့် အတွေးတွေ ရပ်တန့်သွားတယ်။
" ချန်းကော ... "
အနည်းငယ်အံ့သြသွားတာတော့အမှန်ပဲ။ ရှန်ဟိုင်းမှာရှိတဲ့ ချန်းက ပေကျင်းထိလာပြီး သူ့ကို လာတွေ့ရလောက်မယ့် အကြောင်းမရှိတာမို့။
" ရှောင်ကျန့်..."
ဘောင်းဘီအိတ်ထဲလက်ထည့်ရင်းကျောခိုင်းရပ်နေတဲ့ ချန်းက ရှောင်ကျန့်ခေါ်လိုက်တဲ့အသံကြောင့် လှည့်လာတယ်။
နှစ်ယောက်ကြား လေထုက ခဏတာ တိတ်ဆိတ်သွားတယ်။
" ဘယ်လို ...."
စာသင်ဆောင်အောက်ထပ်က လူရှင်းတဲ့ အုတ်ခုံတစ်ခုမှာ ထိုင်ရင်း ချန်းပြောလိုက်တဲ့ စကားကြောင့် ရှောင်ကျန့် မျက်ခုံးတွေကျုံ့ပြီး အံ့သြမိတယ်။
" မင်းတကယ် မသိဘူးလား ရှောင်ကျန့် "
" မသိဘူး ရှင်းနဲ့ မဆက်သွယ်ဖြစ်တာက တစ်ပတ်လောက်တော့ရှိပြီ ... ရှင်းက ဘာမှမပြောသွားဘူး "
" ဒါဆို ရှင်းက ဘယ်ရောက်နေတာလဲ "
ချန်းက မျက်နှာချင်းက ထိုင်နေတဲ့ ရှောင်ကျန့်် ရဲ့ မျက်ဝန်းအိမ်ထဲ မတော်တဆကြည့်မိတော့ မငြိမ်သက်နေတဲ့ မျက်စံနက်လေးတွေကို တွေ့တယ်။
" ငါ ရှင်း အိမ်ကိုလဲ စစ်ပြီးသွားပြီ ဘာမှ ခြေရာလက်ရာ မပျက်သလို ဘာသဲလွန်စမှ မတွေ့ဘူး "
ချန်းက စကားဆုံးတော့ သက်ပြင်းရှည်တစ်ခုကို ချတယ်။
စကားဆက်ပြောရင်းနဲ့ ရှောင်ကျန့်နဲ့ ချန်း က ကျောင်းဝန်းအပြင်ဘက်ထွက်ဖို့ ကော်ရစ်တာကနေ လမ်းလျှောက်လာကြတယ်။
" ကော ... "
" ရိပေါ် .. အတန်းမရှိဘူးလား "
မျက်နှာချင်းဆိုင်လျှောက်လာရင်း ရိပေါ်နဲ့ တွေ့တော့ ခြေလှမ်းတွေရပ်ရင်း ရှောင်ကျန့် က ပြောတယ်။
ခန္ဓာကိုယ်တစ်ခုလုံးကို ခေါင်းစခြေဆုံးကြည့်နေတာကြောင့် ရိပေါ်က ချန်းဘက် ခဏလှည့်ကြည့်လိုက်တယ်။
ပြီးမှ ရှောင်ကျန့်ဘက် ပြန်လှည့်ရင်း ပြုံးတယ်။
" PT ချိန်မို့ "
" အော်..ဟုတ်သားပဲ "
" ကော...ကျွန်တော် သွားတော့မယ် "
" အင်း...အင်း "
ရှောင်ကျန့်ဘေးက ချန်းက ရိပေါ်ရဲ့ လှုပ်ရှားမှုတိုင်းကို စိုက်သာကြည့်နေတယ်။
" ကောင်လေး...ခဏ ..."
ကျောခိုင်းထွက်သွားတဲ့ ရိပေါ်ရဲ့လက်ကို လှန်းဆွဲပြီး ချန်းက တားတယ်။ ရိပေါ်က လှည့်ကြည့်လာတယ်။ ရှောင်ကျန့်ကတော့ ရိပေါ် လက်ကို ဆွဲထားတဲ့ ချန်း လက်ကို ငုံ့ကြည့်နေတယ်။
" ကောင်လေး... ရှင်း ကို သိလား "
ရိပေါ်က ချထားတဲ့ မျက်လွှာကို လှန်ကြည့်ရင်း တည်နေရာကနေ ပြုံးပြတယ်။ ဘာကြောင့်မှန်းမသိ ချန်း အဲ့ဒီအပြုံးကို မနှစ်သက်တာတော့ အမှန်။
ရိပေါ်က ရှောင်ကျန့်ဘက်ကြည့်ရင်း အေးအေးဆေးဆေးပဲဖြေတယ်။
" ကောရဲ့ ကောင်မလေး မလား..."
" အတန်းရှိသေးလို့ ခွင့်ပြုပါအုန်း "
လက်ကိုဆွဲထားတဲ့ ချန်းရဲ့ လက်ကို ခပ်ကြမ်းကြမ်းတစ်ချက်ခါချလိုက်ရင်း ရိပေါ် အဲ့ဒီနေရာက ထွက်သွားတော့ ရှောင်ကျန့်နဲ့ ချန်း က တိတ်ဆိတ်နေရင်းနဲ့ပဲ ကျန်ခဲ့ကြတယ်။
....
" ရိပေါ်က ဘာလို့စေတန်ကို အားကျတာလဲ ..."
" သေစေချင်တဲ့ လူတွေကို အပင်ပန်းခံသတ်စရာမလိုတော့ဘူးလေ.."
သွေးအေးစွာနဲ့ပဲဖြေလာတဲ့ ရိပေါ်ပုံရိပ်....
" ကို...ဘာဖြစ်လို့လဲ "
အမှောင်ရိပ်တစ်နေရာက မြင်လိုက်ရတဲ့ကောင်လေး..
" အနီရောင်ရှိတဲ့ သွေးတွေကို ပိုကြိုက်တာ..."
ခပ်တိုးတိုးကလေးကြားခဲ့ရတဲ့ စကား...
" ရိပေါ်သေစေချင်တဲ့ လူရှိလို့လား ..."
" ခုနက မိန်းကလေး ..."
စကားဖြတ်ပြောလိုက်ပေမယ့် ဆက်စပ်သွားသလိုဖြစ်သွားတဲ့ စကား....
နောက်ပြီး မြင်ကွင်းထဲပေါ်လာတဲ့ စာသင်ဆောင်တွေ အနောက်ဘက်က CCTV မှာ မြင်ခဲ့ရတဲ့ ရိပေါ်...
ရက်ရက်စက်စက်သတ်ခံရတဲ့ ကျောင်းသူ....
ရှောင်ကျန့်က ထမင်းစားနားချိန် ကန်တင်းရဲ့ ထောင့်ဘက်ကျတဲ့စားပွဲတစ်ခုမှာဝင်ထိုင်နေရင်း စားပွဲခုံပေါ်က ကော်ဖီပူခွက်ကိုသာ စိုက်ကြည့်နေတယ်။ အတွေးတွေကတော့ ကော်ဖီငွေ့တွေလို လွင့်မျောနေဆဲ...။
" ကော ... "
ပျံ့လွင့်နေတဲ့စိတ်နဲ့ ကိုယ်က ပြန်ကပ်တော့မှ မျက်နှာချင်းဆိုင်က ထိုင်နေတဲ့ ရိပေါ်ရဲ့ခေါ်သံကို သတိထားမိတယ်။
" ကော...ဘာတွေအတွေးလွန်နေတာလဲ .."
" အင်း.. ဆောရီး ရိပေါ်.."
အနည်းငယ်တုန်နေတဲ့လက်တွေကို ထိန်းချုပ်ရင်း ကော်ဖီတစ်ငုံမော့သောက်ပြီး ခွက်ပြန်အချမှာ ရိပေါ်ဆီက စကားသံထွက်လာတယ်။
" ဘာကိစ္စရှိနေလို့လဲ ..ကော "
ရှောင်ကျန့်က သက်ပြင်းတစ်ချက်ချတယ်။နောက်တော့မှ ဖြေတယ်။
" ရှင်း ပျောက်နေလို့ .."
" ဟင်.. "
မျက်လုံးလေးအ၀ိုင်းသားနဲ့ အံ့သြသွားတဲ့ ရိပေါ်ကို ရှောင်ကျန့် ကြည့်ရင်း စိတ်ထဲမှာတော့ သက်ပြင်းအခါခါချနေမိတော့တယ်။
မဟုတ်ဘူး...ရှောင်ကျန့်
မင်းအတွေးတွေ လွန်နေတာ ..
ရိပေါ် မဟုတ်ဘူး..။
ကိုယ့်စကား ကိုယ်သာပြန်ကြားရင်း စိတ်ထဲကပဲ ကိုယ်ကိုယ်တိုင် အတွေးတွေ ရပ်တန့်လိုက်တယ်။ ဘာအကြောင်းပြချက်မှမရှိဘဲ ရိပေါ်ကို သူယုံနေမိတာတော့ လိမ်မရတဲ့ မသိစိတ်ဖြစ်တယ်။
.............................
ခေါက်ရမ်းပန်းတွေကြားက နှင်းဆီနီတွေက ယုံကြည်ခြင်း
ဆူးတွေရှိတယ်။ ကြွေလွင့်သွားတဲ့ အသက်ဓာတ်တွေကြား
ပျော်မွေ့တဲ့ စေတန်က အဖြူရောင်လေးကို သိပ်ချစ်တယ်။
.............................
နောက်အပိုင်းမှာ ချန်းက ဘယ်သူလဲ ဘာလဲ ဆိုတာ ဖော်ပြပေးပါမယ် ❤ Update ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်